နေလုံးကြီးကို ပြန်ထွန်းညှိခြင်း
Vol. 29 Ch. 392
နေသင်္ဘောအပေါ်တွင် သန့်စင်ယန်ချီက ပို၍ပင် သိပ်သည်းနေသည်။ သို့တိုင်အောင် မီးနှင့်အမြှိုက်ခံနေရသကဲ့သို့ ပူလောင်နေခြင်းမရှိဘဲ နွေဦး၏အနွေးဓာတ်ပမာ နေရထိုင်ရကောင်းသည်။
နေသင်္ဘောက လွန်စွာကြီးမားသည့်အပြင် ခမ်းနားထည်ဝါသော နန်းဆောင်ကြီးများကလည်း မြင့်မားမတ်စောက်လှသည်။ သို့ပင်ငြား နေထိန်းကျောင်းသူများအတွက်မူ နန်းဆောင်ကြီးများက ကြီးလှသည်မဆိုနိုင်ရာ။ သူတို့အားလုံးက ကိုယ်သုံးဆယ်ကျော် မြင့်မားသည့် လူ့ဘီလူးကြီးများမဟုတ်ပါလော။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ သူတို့ကို ကြည့်ရင်း တအံ့တဩ ဘုရားတမိလိုက်ကြသည်။ နေထိန်းကျောင်းသူမျိုးနွယ်၏ ကလေးများကပင် အရပ်အမောင်း ဆယ်ကိုက်ခန့် ရှိ၏။ သူတို့၏ခန္ဓာကိုယ်များတွင် ကြွက်သားများ ပြည့်နေပြီး အနည်းငယ်လှုပ်ရှားလိုက်တိုင်း ကြွက်သားအမြှောင်းမြှောင်း ထသွားသည်။
‘အဲဒီနေစောင့်ရှောက်သူကလည်း လူ့ဘီလူးကြီးဖြစ်လောက်ပါတယ်’ လင်ယွိရှို့ သူမဘာသာ တွေးလိုက်ပြီး စိတ်အေးလက်အေးဖြစ်သွားသည်။ ‘နွားကျောင်းသားက ပတ်ရှုပ်ဖို့ မဟုတ်ပဲ နေကို ပြန်ထွန်းဖို့ တကယ်လာတာပဲ။ လူ့ဘီလူးကြီးက သူ့လို လူသေးသေးလေးမှ မဟုတ်တာ။ ပြီးတော့ ယန်ကျင့်ကျင့်ကလည်း နတ်ဘုရားတစ်ပါးလေ။ နတ်ဘုရားမ ဆိုရင်တောင်မှ ကြွက်သားတွေနဲ့ သန်သန်မာမာကြီးနေမှာ။ ပြုံးလိုက်ရင်တောင် ကြွက်သားတွေ ထလာလောက်တယ်။ နွားကျောင်းသားရဲ့ အကြိုက်က ထူးဆန်းပေမယ့် အဲဒီလောက်ထိတော့ မထူးဆန်းလောက်ပါဘူး’
ချင်မူ ဘေးဝဲယာကို ကြည့်လိုက်သည်။ နေထိန်းကျောင်းသူများ နေထိန်းကျောင်းသူဟု အမည်တွင်ရခြင်းမှာ နေကို ထိန်းကျောင်းရ၍ဖြစ်သည်။
လထိန်းကျောင်းသူများလည်း အလားတူပင်။ သူတို့၏နာမည်ကလည်း လကို ထိန်းကျောင်းရခြင်းမှ လာသည်။
သူတို့က ထိန်းကျောင်းသူများဖြစ်သည့်အတွက် နေတစ်စင်းနှင့် လတစ်စင်းကိုသာ ထိန်းကျောင်းရခြင်းမဟုတ်နိုင်ပေ။ တစ်ခေတ်တစ်ခါတုန်းက နေထိန်းကျောင်းသူများသည် နေများစွာကို ထိန်းကျောင်းမောင်းနှင်ကာ အမှောင်ခွင်း၍ လင်းရောင်ဆောင်ကြဉ်းခဲ့လိမ့်မည်။ အမှောင်ထုကြီးအား အရှေ့အရပ်မှ အနောက်အရပ်သို့ မောင်းထုတ်ခဲ့လိမ့်မည်။
ညအချိန်ရောက်လျှင် လထိန်းကျောင်းသူများက လများကို ဆွဲထုတ်လာကာ မဟာမြို့ပျက်ထဲတွင် လှည့်လည်ခရီးနှင်ခဲ့လိမ့်မည်။
နေသင်္ဘောမှာ ပို၍ပင် ပျက်စီးယိုယွင်းသွားပုံပေါ်သည်။ ချင်မူ ပထမဆုံး မြင်ခဲ့တုန်းက နေသင်္ဘော၏ကုန်းပတ်မှာ အတော်အသင့် ကောင်းမွန်နေသေး၏။ များပြားလှသော တိုက်ပွဲများမှ အမှတ်အသားများစွာ ကျန်ခဲ့သော်လည်း နေထိန်းကျောင်းသူများက သေသေချာချာ ရှင်းလင်းဖာထေးထားသည့်အတွက် ကြီးမားခန့်ညားသောအသွင်အပြင်ကို ထိန်းထားနိုင်ခဲ့သည်။
သို့သော် ယခုမူ ကျိုးပဲ့နေသော တံတိုင်းများ၊ ပြိုကျနေသော နံရံများ ရှိနေသည်။ ဒဏ်ရာရထားသည့် နေထိန်းကျောင်းသူမျိုးနွယ်များကိုလည်း မြင်တွေ့ရ၏။ သူတို့က ခေါင်းဆောင်အဘိုးအို ချင်မူတို့အုပ်စုအား ခေါ်လာသည်ကို မြင်လျှင် တမုဟုတ်ချင်း အသက်အောင့်လိုက်ကြသည်။ ချင်မူတို့ ခပ်ဝေးဝေး ရောက်သွားမှသာ ခပ်တိုးတိုး ညည်းလိုက်ကြသည်။ အသံတိုးနိုင်သမျှ တိုးအောင် အံတင်းတင်း ကြိတ်ထားကြ၏။
နေထိန်းကျောင်းသူများမှာ သူစိမ်းအရှေ့တွင် သိက္ခာမကျအောင် ကြိုးစားနေကြခြင်းဖြစ်သည်။
“ခေါင်းဆောင်၊ နေထိန်းကျောင်းသူတွေက ဒီကမ္ဘာပေါ်မှာ အရဲရင့်ဆုံး စစ်သည်တော်တွေပဲ” ချင်မူ လေးစားမှုအပြည့်ဖြင့် ပြောလိုက်မိသည်။
“နေထိန်းကျောင်းသူတွေကြားမှာ ငကြောက်တစ်ယောက်မှ မရှိဘူး” ခေါင်းဆောင်အဘိုးအို၏အသံက ဟိန်းထွက်လာသည်။
နေထိန်းကျောင်းသူများ၏ ဒဏ်ရာများမှ အမည်းရောင်အခိုးအငွေ့များ ထွက်နေသည်ကို ချင်မူ မြင်လိုက်ရသည်။ ထိုဒဏ်ရာများက မိစ္ဆာနတ်ဆိုးများကြောင့် ကျန်ရစ်ခဲ့သော မီးလောင်ဒဏ်ရာများ ဖြစ်၏။ နေရေတွင်း၏ သန့်စင်ယန်ချီက ထိုဒဏ်ရာများအား သန့်ရှင်းကုသပေးနေသည်။
များစွာမကြာလိုက်ဘဲ ပျက်စီးပြိုကျနေသော ကျောင်းဆောင်တစ်ခုဘေးမှ သူတို့ ဖြတ်သွားသည်။ တစ်ပိုင်းကျိုးနေသည့် ရဲတင်းလှံက ကျောင်းဆောင်၏ အလယ်တည့်တည့်သို့ စိုက်ဝင်နေသည်။ အမည်းရောင်အခိုးအငွေ့များက ရဲတင်းလှံ၏ ပတ်ပတ်လည်၌ လွင့်မျောနေပြီး တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများ ထွက်လျက်ရှိသည်။
“ဂိုဏ်းသခင်၊ အဲ့ဒါ မိစ္ဆာနတ်ဆိုးလက်နက်ပဲ” စစ်ယွင်ရှန်းက ခပ်တိုးတိုး ကပ်ပြောသည်။
ချင်မူ ခေါင်းညိတ်လိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ နံပါတ်တစ် မိစ္ဆာလမ်းစဉ်ဂိုဏ်းဖြစ်သော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်သည်နှင့်အညီ မိစ္ဆာနတ်ဆိုးလမ်းစဉ်နှင့် ချင်မူ မစိမ်းပေ။
ချင်မူက ပညာရပ်ကို လေ့လာပြီး သိထားသည့်အရာအား ပြန်အသုံးချခြင်းဖြစ်သည်။ မည်ကဲ့သို့ အသုံးပြုမည်ဆိုသည်မှာ သူ့စိတ်နှလုံးအပေါ်တွင် မူတည်၏။ လေ့လာခြင်း၊ စူးစမ်းခြင်း၊ တတ်မြောက်ခြင်းတို့တွင် လွတ်လပ်သော သဘာဝ၊ တာအို ကိန်းဝပ်နေသည်။
ထို့ကြောင့် သူက နတ်ဘုရား၊ မိစ္ဆာဟူသော ခွဲခြားမှုများအား ဂရုမစိုက်ခြင်းဖြစ်၏။
မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ အကောင်းဆုံးဥပမာဖြစ်သည်။ သိုင်းကျင့်သူ၏ နှလုံးသားထဲတွင် မိစ္ဆာစိတ် ငုပ်လျှိုးနေလျှင် မိစ္ဆာလမ်းစဉ်ပညာရပ်များကို မြင်မည်။ နှလုံးသားထဲတွင် နတ်ဘုရားစိတ် ကိန်းအောင်းနေလျှင် နတ်ဘုရားလမ်းစဉ်ပညာရပ်များကို မြင်မည်။ နှလုံးသားထဲတွင် ဗုဒ္ဓတည်နေလျှင် ဗုဒ္ဓလမ်းစဉ်ပညာရပ်များကို မြင်ရမည်။
နေထိန်းကျောင်းသူများ၏ ဒဏ်ရာများနှင့် မိစ္ဆာနတ်ဆိုးလက်နက်ကို ကြည့်ခြင်းအားဖြင့် နေရေတွင်းအား တိုက်ခိုက်ခဲ့သော အဆင့်မြင့်သိုင်းပညာရှင်များက မိစ္ဆာလမ်းစဉ်မှဖြစ်ကြောင်း သိသာထင်ရှားသည်။ သူတို့၏ အသိအမြင်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် သူ့ထက်ပင် မြင့်မားလောက်သည်။
‘လစောင့်ရှောက်သူက နယ်မြေခြား ကောင်းကင်နတ်ဆိုးတွေ တိုက်ခိုက်တာ ခံရတဲ့အချိန်မှာ ကိုယ်လွှတ်ရုန်း ထွက်ပြေးပြီး မိသားစုကို စွန့်ပစ်ခဲ့တယ်။ အခြားတစ်ဖက်မှာ နေစောင့်ရှောက်သူကတော့ မိသားစုကို အဖော်ပြုကာကွယ်ရင်း သေဆုံးဖို့ပဲ ရွေးချယ်ထားတယ်’
နေသင်္ဘောမှ စွမ်းအားစုပ်ယူမှုကြောင့် ခြေထောက်လေးများ ပိန်လှီနေသော လူကောင်သေးသေး မိန်းမငယ်လေးကို ချင်မူ မြင်ယောင်လိုက်မိသည်။ ထို့နောက် သူ့ဘာသာ တွေးလိုက်မိ၏။ “နေစောင့်ရှောက်သူရဲ့ စိတ်နေစိတ်ထားက လစောင့်ရှောက်သူထက် အများကြီးမြင့်မားတယ်”
သူတို့ အပျက်အစီးများကြားမှ ဖြတ်လျှောက်လာသည့်အချိန် ဧရာမရွှေခေါင်းလောင်းကြီးတစ်လုံးအား မြင်လိုက်ရသည်။ ခေါင်းလောင်းကြီးက ကိုက်ပေါင်းသုံးဆယ်ကျော် မြင့်မားပြီး တဒေါင်ဒေါင် မြည်သံများက တစ်ချက်တစ်ချက် ထွက်ပေါ်လာတတ်၏။ ခေါင်းလောင်းကြီး၏ အောက်ခြေမှ အမည်းရောင်အခိုးအငွေ့များ တထောင်းထောင်း ထနေသည့်အတွက် အင်အားကြီးမားသော တစ်စုံတစ်ခုကို အထဲတွင် ဖိနှိပ်ဖမ်းချုပ်ထားခြင်းဖြစ်လိမ့်မည်။ နေထိန်းကျောင်းသူတချို့က ခေါင်းလောင်းကြီး၏ ပတ်ပတ်လည်တွင် ရပ်ကာ အစစ်အမှန်နေမီးလျှံများ ထုတ်လွှတ်၍ ခေါင်းလောင်းထဲရှိ အဆင့်မြင့်သိုင်းပညာရှင်များအား သန့်ရှင်းပေးနေသည်။
ထို့အပြင် နေထိန်းကျောင်းသူတချို့က ထူးဆန်းသောအသွင်အပြင်များ ရှိသည့် မကောင်းဆိုးဝါးသတ္တဝါအလောင်းများကို စုပုံနေကြ၏။ သူတို့က အစစ်အမှန်နေမီးလျှံများဖြင့် အလောင်းများအား မီးသဂြိုဟ်နေရာ အနံ့အသက်က အော်ဂလီဆန်ဖွယ်ကောင်းလှသည်။
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့ မျက်မှောင်ကြုတ်နေသည်။
ရန်သူက မည်သည့်မျိုးနွယ်နည်း။၊ အဘယ့်ကြောင့် နေရေတွင်းကို တိုက်ခိုက်ခဲ့ကြသနည်း။ သူတို့မသိပေ။
“နေထိန်းကျောင်းသူတွေက မဟာမြို့ပျက်ရဲ့ စောင့်ရှောက်သူတွေပဲ။ အန္တရာယ်တွေကို ရှင်းလင်းပေးခဲ့တာက နေထိန်းကျောင်းသူတွေမှန်း လူတော်တော်များများကတော့ မသိကြဘူး။ ဧကရာဇ်အတိုင်ပင်ခံ မဟာမြို့ပျက်ကို ကျူးကျော်ခဲ့တုန်းကလည်း နေထိန်းကျောင်းသူတွေကြောင့် ပြန်ဆုတ်သွားခဲ့ရတာပဲ။ နတ်ဘုရားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်တွေ မဟာမြို့ပျက်ထဲ ကျူးကျော်လာရင်လည်း နေထိန်းကျောင်းသူတွေကို အရင်ကျော်ဖြတ်ရတယ်။ လထိန်းကျောင်းသူတွေကတော့ အကုန်သေသွားပြီ။ နေထိန်းကျောင်းသူတွေပဲ ကျန်တော့တာ” ချင်မူ ရှင်းပြလိုက်သည်။
လင်ယွိရှို့၏မျက်နှာလေး အတန်ငယ် ရဲသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မဟာမြို့ပျက်အား ကျူးကျော်ခဲ့စဉ်အခါက သူမလည်း ကင်းထောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ချင်မူနှင့် ရင်းနှီးခဲ့သောအချိန်ကလည်း ထိုအချိန်ဖြစ်၏။ ဧကရာဇ်အတိုင်ပင်ခံ မဟာမြို့ပျက်ထဲ အမှန်တကယ် ကျူးကျော်နိုင်ခဲ့လျှင် စောင့်ကြိုနေမည်က ဧကရာဇ်အတိုင်ပင်ခံအတွက် သေရာပါ သင်ခန်းစာဖြစ်သွားနိုင်သည်။
သူတို့ နေသင်္ဘော၏အလယ်သို့ ရောက်သည့်အခါ နေစောင့်ရှောက်သူအား တွေ့လိုက်ရသည်။
ယန့်ကျင့်ကျင့်၏ ခေါင်းနှင့် လက်များသာ အပြင်၌ ရှိသည်၊ သူမခန္ဓာကိုယ်မှာ နေသင်္ဘော၏ကိုယ်ထည်ထဲသို့ နစ်မြုပ်နေခဲ့ပြီဖြစ်သည်။ သို့သော် သူမ၏လက်လေးဖက်က တိုင်တစ်လုံးစီကို ဆုပ်ကိုင်ထားဆဲဖြစ်၍ ကြောက်မက်ဖွယ်ရာ နတ်ဘုရားမတစ်ပါး၏အသွင်အပြင် ရှိနေသေး၏။
ခေါင်းဆောင်အဘိုးအိုက သူမဘေးနားသွား၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ကျင့်ကျင့်၊ နယ်စပ်နဂါးမြို့က ချင်မူဆိုတဲ့ ကောင်လေး လာတွေ့တယ်”
“နွားကျောင်းတဲ့ကောင်လေး လာတွေ့တယ်လား” ယန်ကျင့်ကျင့်က တိုင်လုံးများကို လွှတ်လိုက်ပြီး နေသင်္ဘောထဲမှ ထွက်ရန် ကြိုးစားသော်လည်း သူမ၏ခန္ဓာကိုယ်မှာ သင်္ဘောကိုယ်ထည်နှင့် တစ်သားတည်း ဖြစ်နေသည့်အတွက် လှုပ်မရတော့ပေ။ သူမက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပြောလိုက်သည်။ “ငါ ထွက်လာလို့မရဘူး နင့်ကိုလည်း မမြင်ရဘူး။ ဒီနားလာခဲ့ပါလား”
ချင်မူ ရှေ့လျှောက်သွားပြီး သူမအရှေ့၌ ရပ်လိုက်သည်။ ယန်ကျင့်ကျင့်၏မျက်နှာမှာ ကလေးမျက်နှာလေးသာ ရှိသေးသည်။ သူမက ပြုံးလိုက်၏။ “နင် တကယ်လာတာပဲ။ ငယ်သူငယ်ချင်းနဲ့ ပြန်တွေ့ရတာ သိပ်ကောင်းလိုက်တာ”
ချင်မူ သူမမျက်လုံးများအား အသေးစိတ် ကြည့်လိုက်သည်။ သူက နူးညံ့ညင်သာသောအသံဖြင့် ပြောလိုက်သည်။ “ကတိပေးထားတာပဲလေ။ ငါ နည်းနည်းထွားလာတယ်သိလား”
ယန်ကျင့်ကျင့်၏မျက်လုံးများက နေနှစ်စင်းကဲ့သို့ မီးတဟုန်းဟုန်း တောက်နေသည်။ အစစ်အမှန်နေမီးလျှံများ ပြည့်နေသည့်အတွက် မျက်လုံးများမှာ မမြင်နိုင်တော့ပေ။ သူမ၏မျက်လုံးအိမ်များအား မီးလျှံများက တိုက်စားသွားခဲ့ပြီဖြစ်သည်။
သူမက တိုင်လုံးများကို လွှတ်လိုက်ပြန်သည်။ သူမခန္ဓာကိုယ်က ကျုံ့သွားသော်လည်း နေသင်္ဘောကိုယ်ထည်လည်း ကျုံ့သွားပြီး သူမအား ပိတ်လှောင်ထား၏။
နေစောင့်ရှောက်သူတိုင်း ဤသို့ဖြစ်ပြီး လစောင့်ရှောက်သူလည်း ထိုအတိုင်း ဖြစ်ခဲ့သည်။
နေစောင့်ရှောက်သူ၊ လစောင့်ရှောက်သူဆိုသော တာဝန်ကို ထမ်းဆောင်လိုက်သည်နှင့် နေသင်္ဘော၊ လသင်္ဘောဖြင့် တဖြည်းဖြည်း ပေါင်းစည်းသွားပြီး သင်္ဘောအား အသက်ပေးအပ်ရသည်။ သင်္ဘောက သူတို့၏အသက်စွမ်းအားကို စုပ်ယူလိုက်ပြီး နောက်ဆုံးတွင် သင်္ဘောနှင့် ထာဝရပေါင်းစည်းကာ သေဆုံးရ၏။
ချင်မူ့မျက်နှာက တွေဝေရှုပ်ထွေးနေသောအမူအရာ ရှိသည်။ ရွာမှဘိုးဘိုးများကို လိုက်ရှာတုန်းက သူ လသင်္ဘောကို ထိန်းချုပ်မောင်းနှင်ခဲ့ဖူးသည်။ သို့သော် တခဏသာ ဖြစ်၍ ထိုမျှမပင်ပန်းခဲ့ပေ။
အခြားတစ်ဖက်တွင် ယန်ကျင့်ကျင့်မှာ နေသင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းနေပြီဖြစ်သည်။ သူမ လောကကြီးတွင် လမ်းပြန်လျှောက်နိုင်တော့မည်မဟုတ်ပေ။
နေသင်္ဘော၏စွမ်းအား များစွာကုန်ခမ်းသွားလျှင် သင်္ဘောက စောင့်ရှောက်သူနှင့် ပေါင်းစည်းကာ အသက်ဓာတ်ကို စားသုံးပစ်သည်။ ယန်ကျင့်ကျင့်၏ အသွေးအသားများမှာ နေသင်္ဘောနှင့် ခွဲမရအောင် ပေါင်းစည်းနေပြီဖြစ်သည်။ ချင်မူ နေလုံးကြီးကို ပြန်ထွန်းညှိလိုက်လျှင်ပင် သူမအား ကယ်နိုင်ဦးမည်လား မသေချာပေ။
တိုင်များကို လွှတ်လိုက်သောအခါ မိန်းမငယ်လေးမှာ ပိန်ချုံးအားနည်းသွားပြီး ကရုဏာသက်ဖွယ်ကောင်းသည်။ လည်ပင်းမှာ အလွန်သေးငယ်လွန်း၍ အချိန်မရွေး ကျိုးတော့မည့်အလား ထင်ရသည်။ သူမခေါင်းကိုပင်သူမ မမြှောက်နိုင်ပေ။
သူမက ချင်မူ့ကို သူမ၏ ငယ်သူငယ်ချင်းဟု ခေါ်ခဲ့သော်လည်း သူတို့နှစ်ယောက်မှာ တစ်ကြိမ်သာ တွေ့ခဲ့ဖူးသည်။ သို့တိုင်အောင် သူမတွင် ကစားဖော်ကစားဖက် မရှိ၍ ထိုစကားက မှန်နေသေး၏။
ယန်ကျင့်ကျင့်သည် နေစောင့်ရှောက်သူ ဖြစ်၍ မျိုးနွယ်က သူမအား လေးစားသည်။ ကလေးငယ်များမှာ သူမကို လေးစားရိုသေကြ၍ မကစားဝံ့ကြပေ။ မျိုးနွယ်စုကို ကာကွယ်ရမည့် တာဝန်၊ မဟာမြို့ပျက်ကို စောင့်ရှောက်ရမည့် တာဝန်ဆိုသည့် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကြီးကို သူမ ငယ်ငယ်ကတည်းက တစ်ယောက်တည်း ထမ်းခဲ့ရသည်။
နယ်စပ်နဂါးမြို့မှာတုန်းက လူသားမျိုးနွယ် ချင်မူက သူမသင်္ဘောပေါ် တက်လာပြီး သူမနှင့်အတူ စကားပြောခဲ့၏။ ထို့ကြောင့် သူမ သူ့ကို ကစားဖော်ကစားဖက်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သတ်မှတ်မိခဲ့သည်။
ချင်မူအတွက်လည်း အလားတူဖြစ်သည်။
သူငယ်ငယ်ကတည်းက ကစားဖော်ကစားဖက် မရှိခဲ့ပေ။ ရွာမှ လူကြီးများကို အတုယူပြီး ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ရသည်။ သူနှင့်အတူ ကစားပေးမည့် သက်တူရွယ်တူ မရှိခဲ့ပေ။
သို့သော် ချင်မူ့တွင် အသေးအဖွဲကအစ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးသော လူကြီးကိုးယောက်ရှိသော်လည်း ယန်ကျင့်ကျင့်တွင်မူ သူမကို လေးစားရိုသေစွာ ဆက်ဆံသည့် လူကြီးများသာ ရှိသည်။
စစ်ယွင်ရှန်း၊ ဟူလင်းအာနှင့် လင်ယွိရှို့တို့လည်း ယန်ကျင့်ကျင့်ဘေးနား လျှောက်လာပြီး စိတ်မကောင်းဖြစ်နေကြသည်။ သူတို့၏အရှေ့ရှိ မိန်းကလေးမှာ သူတို့နှင့် ရွယ်တူခန့်ဖြစ်သော်လည်း သူမ ထမ်းထားရသည့် ဝန်က သူတို့၏တာဝန်ထက် အဆပေါင်းများစွာ ကြီးမားလေးလံနေ၏။
စစ်ယွင်ရှန်း မနေနိုင်တော့ဘဲ မေးမိလိုက်သည်။ “နေက ငြိမ်းသွားပေမယ့် နေရေတွင်းထဲမှာ နေတွေအများကြီး ရှိသေးတာပဲ။ ဘာလို့ နေ မပြောင်းလိုက်တာလဲ။ အနက်ရောင်နေကို တုပ်ထားတဲ့ သံကြိုးတွေနဲ့ နေအသစ်တစ်စင်း မဖမ်းနိုင်ဘူးလား”
“ဒီသံကြိုးတွေကို နတ်ဘုရားမျိုးနွယ် ကောင်းကင်ပန်းပဲဆရာတွေ သွန်းလုပ်ပေးထားတာ။ သူတို့က အခု မရှိကြတော့ဘူး” ခေါင်းဆောင်အဘိုးအိုက ပြောလိုက်သည်။ “ငါတို့ နေထိန်းကျောင်းသူတွေ အစစ်အမှန်နေမီးလျှံနဲ့ သွန်းလုပ်ထားတဲ့ သံကြိုးက တကယ့်နေလုံးကြီးရဲ့ အစစ်အမှန်နေမီးလျှံကို မခံနိုင်ဘူး။ အဲ့ဒါကြောင့် နေအသစ်တစ်စင်း မဖမ်းနိုင်ခဲ့တာပဲ။ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားခဲ့ပြီးပါပြီ”
ချင်မူ ရင်ထဲတွင် အတန်ငယ် လှုပ်ခတ်သွားပြီး နဂါးထိန်းဧကရာဇ် ရွှေအအား ပြောခဲ့သည့်စကားကို အမှတ်ရလိုက်သည်။ “အဲဒီလိုသံကြိုးမျိုး သွန်းလုပ်ပေးနိုင်တဲ့ ကောင်းကင်ပန်းပဲဆရာတွေ ဒီကမ္ဘာပေါ်မှာ ရှိပါသေးတယ်”
ခေါင်းဆောင်အဘိုးအိုက သူ့ကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။ “ကျန်တဲ့ကောင်းကင်ပန်းပဲဆရာအားလုံးက အခု ရွှင်ပျော်ပျော်ကျေးရွာမှာ။ မင်း ရွှင်ပျော်ပျော်ကျေးရွာကို ပြန်များရောက်ခဲ့ရင် ငါတို့ နေထိန်းကျောင်းသူမျိုးနွယ်ကို ကယ်ပေးနိုင်မယ့် ကောင်းကင်ပန်းပဲဆရာတစ်ယောက်ယောက် ခေါ်လာနိုင်လောက်ပါတယ်။ ဒါပေမဲ့ မင်းလည်း ရွာကို ရှာမတွေ့သေးဘူးမလား”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျွန်တော် ရွာကို ရှာမတွေ့သေးတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နေကို ပြန်ထိန်းညှိနိုင်အောင် ကူညီပေးဖို့ ဒီရောက်လာတာပါ။ နေကို ပြန်မထွန်းညှိပေးနိုင်ရင်တောင်မှ ကျွန်တော့်မှာ တခြားအစွမ်းအစတွေ ရှိပါသေးတယ်။ ကျွန်တော့်ကို ကောင်းကင်ပန်းပဲဆရာတစ်ယောက်က ပန်းပဲပညာသင်ပေးဖူးတယ်။ ဒါကြောင့် ဘိုးဘိုးတို့ နေအသစ်တစ်စင်း ဆွဲထုတ်နိုင်အောင် ကျွန်တော် သံကြိုးအသစ်တွေ သွန်းလုပ်ပေးနိုင်လောက်ပါတယ်” သူက တောက်ပစွာ ပြုံးလိုက်ပြီး မိန်းမငယ်လေးကို ပြောလိုက်သည်။ “ငါ ကတိတည်ဖို့လာတာ။ နင့်ကို ကတိပေးထားတာမလို့ ငါ ပြောပြီးစကား ပြန်မရုတ်သိမ်းဘူး”
သူ ထရပ်ပြီး ကောင်းကင်ထဲရှိ အနက်ရောင်နေလုံးကြီးကို မော့ကြည့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောလိုက်၏။ “ဒီနေလုံးကြီးကို ငါ ပြန်ထွန်းပေးနိုင်ရင် နင် လွတ်လွတ်လပ်လပ် နေနိုင်မယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်။ အခု ငါ ဒီနေကို ထွန်းပေးရင်ရော နင် နေသင်္ဘောထဲကနေ ရုန်းထွက်နိုင်လောက်သေးလား”
“ငါ မသိဘူး” မျှော်လင့်ချက်တို့ ပေါက်ဖွားလာသည့်အလား ယန်ကျင့်ကျင့်၏ မျက်လုံးထဲရှိ မီးတောက်မီးလျှံများက ပို၍ပင် တဟုန်းဟုန်း တောက်လောင်လာသည်။
နေထိန်းကျောင်းသူမျိုးနွယ်စု၏ ခေါင်းဆောင်အဘိုးအိုမှာတော့ ညှိုးငယ်နေသည့် အမူအရာရှိပြီး သူက ပြောလိုက်သည်။ “မိတ်ဆွေလေးချင်၊ မင်းက ရွှင်ပျော်ပျော်ကျေးရွာက ဆိုပေမယ့် ရွာကိုတောင် ပြန်မရောက်သေးဘူးလေ။ နေကို ပြန်ထွန်းနိုင်တဲ့အစွမ်းအစလည်း မရှိလောက်ပါဘူး။ ဒါပေမဲ့ နေကို ပြန်ထွန်းနိုင်ရင်တောင်မှ နေစောင့်ရှောက်သူက အသက်ရှည်ရှည်နေနိုင်မှာ မဟုတ်တော့ဘူး။ သူ့အသက်စွမ်းအားတွေ ကုန်ခမ်းနေပြီ။ သေခြင်းတရားက မီးအိမ်ဆိုရင် သူ့အတွက် လောင်စာဆီ ခမ်းပါတော့မယ်”
သူက စိတ်အားတင်းကာ ပြောလိုက်သည်။ “အချိန်ကုန်ခံမနေပါနဲ့တော့။ ငါတို့ အခု နေစောင့်ရှောက်သူအသစ် ရွေးနေတာ။ ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်အနေနဲ့ နေစောင့်ရှောက်သူအသစ် ပေါ်ထွန်းလာမှာကို ကြည့်လို့ရပါတယ်။ ဒီနေ့ည၊ မိစ္ဆာနတ်ဆိုးတွေ ပြန်လာပြီး တိုက်ခိုက်ဦးမှာဆိုတော့ မတော်တဆတစ်ခုခု မဖြစ်ခင် နေစောင့်ရှောက်သူအသစ် ရွေးချယ်ဖို့လိုတယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “နေကို ထွန်းနိုင်သည်ဖြစ်စေ၊ မထွန်းနိုင်သည်ဖြစ်စေ၊ ကျွန်တော် ကြိုးစားကြည့်ရမယ်”
ခေါင်းဆောင်အဘိုးအိုက ခေါင်းတယမ်းယမ်းဖြင့် သူ၏မျိုးနွယ်များကို ခေါ်ကာ နေစောင့်ရှောက်သူအသစ် ရွေးချယ်ရန် ထွက်သွားသည်။
ချင်မူ နေကျောက်စိမ်းမျက်လုံးကို ထုတ်၍ မြေပြင်ပေါ် ချလိုက်သည်။ သူက အနက်ရောင်နေလုံးကြီးကို မော့ကြည့်ပြီး တခဏ စဉ်းစားခန်းဖွင့်နေပြီးနောက် နေကျောက်စိမ်းမျက်လုံးကြီးအား မြှောက်လိုက်သည်။ “ဒီမှာစောင့်ကြဦး၊ ငါ နေကို ထွန်းပြီးရင် ပြန်လာခဲ့မယ်”
လင်ယွိရှို့ ကပျာကယာ အော်ပြောလိုက်သည်။ “နေ ပြန်လင်းလာရင် နင် မီးလောင်သေသွားလိမ့်မယ်”
“မသေပါဘူး” ပုလွေသံ ထွက်လာပြီး မီးဓာတ်ရေနဂါးများက ကောင်းကင်ထက် ပျံတက်ကာ ချင်မူ့နောက် လိုက်သွားသည်။ သူက ခပ်ဝေးဝေးမှ ပြန်အော်လိုက်၏။ “ဒီနဂါးတွေနဲ့ဆို ငါ အသက်ရှင်တယ်”
“နေစောင့်ရှောက်သူ၊ နင့်ရဲ့နေက နေအတုလား၊ နေအစစ်လား” လင်ယွိရှို့ ကမန်းကတန်း မေးလိုက်မိသည်။
“နတ်ဘုရားတွေ ဖန်တီးခဲ့တဲ့ ရတနာတဲ့။ ဒီနေကို ကောင်းကင်နတ်ဘုရားမ ကျစ်ချင်း သွန်းလုပ်ပေးခဲ့တာလို့ ပြောတယ်” ယန်ကျင့်ကျင့် ပြောလိုက်သည်။
“ဒုက္ခပဲ”
လင်ယွိရှို့ ခေါင်းကျိန်းလာသည်။ နွားကျောင်းသားက မည်သည်ကိုမျှ မမေးမြန်းဘဲ ထွက်သွားချေပြီ။ ကောင်းကင်နတ်ဘုရား၏ ရတနာ ထွင်းလင်းလာပါက ကောင်းကင်နတ်ဘုရား၏ အင်အား ဖြာထွက်လာလိမ့်မည်။ နွားကျောင်းသားနှင့် သူ့နဂါးများ ပြာကျသွားနိုင်၏။
“ဒါဆို ငါ ဂိုဏ်းသခင်ဖြစ်တော့မှာလား” စစ်ယွင်ရှန်း၏မျက်လုံးများ တမုဟုတ်ချင်း တောက်ပလာသည်။
လင်ယွိရှို့ သူမကို မျက်စောင်းလှမ်းထိုး၍ စစ်ယွင်ရှန်း တခစ်ခစ် ရယ်လိုက်မိသည်။ “နောက်နေတာပါ။ ကျွန်မလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ မဖြစ်ချင်ပါဘူး။ သူတို့က နေစောင့်ရှောက်သူတွေဆိုတော့ နေရဲ့ ကောင်းကင်မီးလျှံကို ခံနိုင်လောက်မယ်ထင်တယ်နော်။ ဘိုးဘိုးခေါင်းဆောင်ကို သွားပြောပြီး ဂိုဏ်းသခင်ကို ကာကွယ်ပေးဖို့ တောင်းဆိုကြမလား”