← Chapters

မင်းသား

Vol. 29 Ch. 393

မင်းသား

Vol. 29 Ch. 393

“ဖက်တီးနဂါး” ဟူလင်းအာ လှမ်းအော်လိုက်သည်။

နဂါးချီလင်က ဒက်ခနဲ သဘောပေါက်လိုက်၍ သူ၏ခန္ဓာကိုယ်ကို လှုပ်ခါကာ ပုံစံအစစ်အမှန် ပြောင်းလိုက်သည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်း သူ့ကျောပေါ် ခုန်တက်လိုက်သည့်အချိန်တွင် ယန်ကျင့်ကျင့်က ပြော၏။ “ဘိုးဘိုးခေါင်းဆောင်က ငါတို့နေထိန်းကျောင်းသူမျိုးနွယ်စုရဲ့  နေကျောင်းဆောင်မှာ။ အဲဒီအတိုင်း တည့်တည့်သွား။ အမြင့်ဆုံးနန်းဆောင်က နေကျောင်းဆောင်ပဲ”

နဂါးချီလင် တမုဟုတ်ချင်း အားကုန်ထုတ်၍ နေထိန်းကျောင်းသူများ နေစောင့်ရှောက်သူအသစ် ‌ရွေးချယ်နေသော နေရာဆီ ပြေးလိုက်သည်။

သူတို့ နေကျောင်းဆောင်ဆီ ရောက်သည့်အခါ တံခါးနှစ်ချပ်ပေါ်တွင် နေတစ်စင်း၏အတွင်း၌ ခြေသုံးချောင်းကျီးကန်းတစ်ကောင် ရှိနေသော သင်္ကေတကို မြင်လိုက်ကြရသည်။ လူ့ဘီလူးကြီးနှစ်ယောက်က ပုဆိန်ကြီးများကို ကိုင်ဆွဲထားပြီး တံခါးကို ရပ်စောင့်နေ၏။ သူတို့က အရွယ်ရောက်ပြီးသား နေထိန်းကျောင်းသူများ ဖြစ်သည့်အတွက် အလွန်အမင်း အရပ်မြင့်မားပြီး ကြံ့ခိုင်ကြသည်။ သူတို့၏ ပုဆိန်များက တံခါးအရှေ့တွင် ကန့်လန့်ဖြတ် တည်ရှိကာ အပြင်လူများ ဝင်မလာအောင် ဟန့်တားထားသည်။

“အပြင်လူတွေ ရပ်လိုက်စမ်း” နေထိန်း‌ကျောင်းသူနှစ်ယောက်က တင်းမာသောအမူအရာများ ရှိပြီး ခပ်ဩဩ အသံများဖြင့် အော်လိုက်ကြသည်။ “ကျောင်းဆောင်က အထွတ်အမြတ်မြေ။ အပြင်လူတွေ မဝင်ရဘူး”

ဟူလင်းအာ ခုန်ဆင်းကာ ပြောလိုက်သည်။ “ရှင်တို့ နေစောင့်ရှောက်သူက ကျွန်မတို့ကို လွှတ်လိုက်တာ။ ခေါင်းဆောင်ကို မြန်မြန်အကြောင်းကြပေးပါ။ ကိစ္စအကြီးကြီး ဖြစ်တော့မယ်”

“ခဏစောင့်”

နေထိန်းကျောင်းသူတစ်ယောက်က ကျောင်းဆောင်ထဲ ခပ်သုတ်သုတ် ဝင်သွားသည်။ တခဏကြာသော် သူက ထွက်လာပြီး လေးလေးစားစား ပြော၏။ “ခေါင်းဆောင်က မိန်းကလေးတို့ကို အထဲဖိတ်ခိုင်းလိုက်ပါတယ်”

သူတို့ ကျောင်းဆောင်ထဲ ဝင်လိုက်သည့်အခါ တမုဟုတ်ချင်း သေးငယ်သွားသလို ခံစားလိုက်ကြရ၏။ နေထိန်းကျောင်းသူ လူ့ဘီလူးကြီးများက မားမားမတ်မတ် ရပ်နေကြသည်။ လင်ယွိရှို့တို့မှာ သူတို့၏ဒူးသာသာ,သာ ရှိသည်။

လူ့ဘီလူးကြီးများက စက်ဝန်းပုံသဏ္ဍာန်စင်မြင့်တစ်ခုကို ဝန်းရံလျက် ရပ်နေပြီး အဆိုပါစင်မြင့်ထက်တွင် နေစောင့်ရှောက်သူအသစ် ရွေးချယ်ပွဲ ကျင်းပနေသည်။ တအံ့တဩ ရေရွတ်သံများ တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ ဟူလင်းအာက အပေါ် ခုန်လိုက်ပြီး အခြေအနေကို ချောင်းကြည့်သော်လည်း လူ့ဘီလူးကြီးများ၏အရပ်အမောင်းက အလွန်မြင့်မားလွန်း၍ မည်သည်ကိုမှ မမြင်ရပေ။ သူမကိုယ်တိုင်မှာလည်း အရပ်ပုလွန်းသည်။ ဆယ့်ငါးကိုက်ကျော် ခုန်လိုက်လျှင်ပင် မြင်ရဦးမည်မဟုတ်ပေ။

ဟူလင်းအာ အမြီးလေးကို ခပ်မြန်မြန် လှုပ်ယမ်းလိုက်သည့်အခါ သူမခန္ဓာကိုယ်က စတင်မြောက်တက်လာသည်။ ထိုအခါမှ စင်မြင့်ကို သူမ ကြည့်နိုင်သွား၏။

စင်မြင့်ထက်တွင် လူငယ်လူရွယ်များအား ယောက်ျား၊ မိန်းမဟူ၍ အုပ်စုနှစ်စု ခွဲထားသည်။ စင်မြင့်၏ အလယ်၌ ‌တောင်ပံများအား ဖြန့်ကားထားသော ခြေသုံးချောင်း နတ်ဘုရားရုပ်တုသုံးရုပ် ရှိသည်။ သူတို့က ခါးကိုင်းကာ ဧရာမမီးဖိုကြီးတစ်ခုကို သယ်မထား၏။

မီးဖိုကြီးက သာမန်မီးဖိုကဲ့သို့မဟုတ်ဘဲ စက်ဝိုင်းသဏ္ဍာန် လုံးဝန်းကာ ဘေးတွင် အပေါက်များ ရှိသည်။ မီးဖိုထဲတွင် ဆေးစွမ်းအင်ကျောက်တုံးများလည်း မရှိပေ။

ခပ်ထွားထွား နေထိန်းကျောင်းသူလူငယ်တစ်ယောက်က သူ၏လက်ကောက်ဝတ်ကို လှီး၍ စက်ဝိုင်းသဏ္ဍာန်မီးဖိုထဲ သွေးများကျဆင်းစေလိုက်သည်။ ထို့‌နောက် အစစ်အမှန်နေမီးလျှံဖြင့် မီးဖိုကို ထွန်းလိုက်သည်။

မကြာခင် မီးလုံးတစ်လုံး ဖွဲ့တည်လာကာ တစတစ ကြီးထွားလာသည်။ ထိုအချိန်တွင် ‌မီးဖို၏ ဘေးအပေါက်များမှ မီးအလင်းတန်းများ တရှိန်ထိုး ထွက်လာ၏။

ကြောက်မက်ဖွယ်ရာ အားလှိုင်းများက မီးဖိုထဲမှ ဖြာဆင်းလာပြီး ဆန်းကြယ်သားရဲဟိန်းသံများ မြည်ဟိန်းလာသည်။

ပတ်ဝန်းကျင်ရှိ နေထိန်းကျောင်းသူများမှာ ဝမ်းသာသွားသော အမူအရာများ ရှိသော်လည်း မီးအလင်းတန်းများက ရုတ်တရက် မှိန်ကျသွားပြီး မီးဖိုထဲရှိ မီးတောက်များ ငြိမ်းသေသွား၏။

“နောက်တစ်ယောက်”

မယုံနိုင်ဖွယ်ကောင်းလောက်အောင် ဗလတောင့်သော မိန်းကလေးတစ်ယောက်က စင်မြင့်ပေါ် တက်၍ လက်ကောက်ဝတ်ကို လှီးလိုက်သည်။ သူမလည်း မအောင်မြင်ပေ။ သို့သော် သူမ၏မီးတောက်မီးလျှံများက ပထမလူငယ်ထက် ပိုမိုကောင်းမွန်သည်။ မီးဖို၏ မီးတောက်မီးလျှံများအတွင်း၌ မီးနဂါးတစ်ကောင်၏ ရုပ်သွင် အမှန်တကယ် ဖွဲ့တည်သွားခဲ့၏။ သို့ရာတွင် ကြာကြာမခံလိုက်ပေ။

ဟူလင်းအာ စင်မြင့်တစ်ဖက်ခြမ်းသို့ ကြည့်လိုက်သည့်အခါ ခေါင်းဆောင်အဘိုးအိုနှင့် နေထိန်းကျောင်းသူမျိုးနွယ် ဆံဖြူအဘိုးအိုများအား မြင်လိုက်ရသည်။ သူတို့က အောက်ရှိ စမ်းသပ်မှုကို စောင့်ကြည့်နေကြ၏။ ဟူလင်းအာ ရင်ထဲတွင် အတန်ငယ် လှုပ်ရှားသွားပြီး သူတို့ဆီ ပျံသန်းသွားလိုက်သည်။

အကြီးအကဲတစ်ဦး၏စကားသံကို သူမ ကြားလိုက်ရ၏။ “သန့်စင်ယန်ခန္ဓာက ရှားလွန်းတယ်။ ကျင့်ကျင့်က ဆယ်နှစ် တောင့်ခံပေးခဲ့ပေမယ့် ကျုပ်တို့ သန့်စင်ယန်ခန္ဓာနောက်တစ်ခု ရှာမတွေ့ရင် ဒီနေ့ညက နေရေတွင်း ကျူးကျော်ခံရမယ့် ညဖြစ်သွားလိမ့်မယ်”

အကြီးအကဲအားလုံး၏ မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှုတို့ ပေါ်လွင်လာသည်။ သန့်စင်ယန်ခန္ဓာမရှိသူအနေဖြင့် နေသင်္ဘော၏ ကြောက်မက်ဖွယ်ရာ အနှိုင်းမဲ့စွမ်းအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အတင်းအကြပ် ထိန်းချုပ်လျှင် လောင်ကျွမ်းပြာကျသွားလိမ့်မည်။

“သန့်စင်ယန်ခန္ဓာက နည်းလွန်းတာ ခက်တာပဲ” ခေါင်းဆောင်အဘိုးအိုက သက်ပြင်းချပြီး ပြောလိုက်သည်။ “ငါတို့ နောက်တစ်ယောက် မရှာနိုင်ရင် ငါ နေသင်္ဘောကို ထိန်းချုပ်ပြီး အဲဒီမိစ္ဆာနတ်ဆိုးတွေကို တိုက်ခိုက်မယ်”

သူ၏ဝိညာဉ်ခန္ဓာက သန့်စင်ယန်ခန္ဓာ မဟုတ်သော်လည်း ကျင့်စဉ်စွမ်းအင်က သိပ်သည်းသည့်အတွက် အချိန်အတိုင်းတာတစ်ခုအထိတော့ တောင့်ခံနိုင်မည်။

အောက်စင်မြင့်တွင် လူငယ်များမှာ နေမီးဖိုထွန်းလင်းအောင် ကြိုးစားနေကြသော်လည်း မအောင်မြင်ကြပေ။ ဤဖြစ်ရပ်က အကြီးအကဲများ၏အမူအရာအား လေးနက်လာစေသည်။

လင်ယွိရှို့တို့ ခေါင်းဆောင်အဘိုးအို ရှိသည့်နေရာဆီ ရောက်လာ၍ သူက လက်မြှောက်လိုက်သည်။ သူတို့အောက်၌ အစိမ်းရောင်ကျောက်ပြားတစ်ပြား ပေါ်လာပြီး သူတို့ကြည့်ရှုနိုင်အောင် အပေါ်ပင့်မြှောက်ပေးလိုက်၏။

“ခေါင်းဆောင်ရှင့်၊ လူသားဧကရာဇ်ချင်က နေကို ပြန်ထွန်းပေးဖို့ လုပ်နေပါတယ်။ သူ အောင်မြင်ရင် ပြာကျသွားလိမ့်မယ်” လင်ယွိရှို့ ကပျာကယာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး လူသားဧကရာဇ်ကို ခေါင်းဆောင် ကူညီပေးလို့ ရမလား”

လင်ယွိရှို့သည် အလွန်ထက်မြက်၏။ ချင်မူ၏ ကျန်အဆင့်အတန်းများက နေထိန်းကျောင်းသူမျိုးနွယ်၏ ခေါင်းဆောင်ကို လှုပ်ရှားစေမည်မဟုတ်၍ လူသားဧကရာဇ်အဆင့်အတန်းကို သုံးလိုက်ခြင်းဖြစ်သည်။

ခေါင်းဆောင်အဘိုးအိုက ခေါင်းယမ်းကာ ပြောလိုက်သည်။ “နေကို သူ ပြန်မထွန်းပေးနိုင်ဘူး။ နေက သေသွားတာ ကြာပြီ။ သန့်စင်ယန်ခန္ဓာရှိတဲ့ မီးနတ်ဘုရားတစ်ပါးပဲ ပြန်ထွန်းပေးနိုင်တယ်။ မပူပါနဲ့၊ မိတ်ဆွေလေးချင်က နေကို ပြန်ထွန်းနိုင်မှာမဟုတ်တဲ့အပြင် အနားတောင် ကပ်သွားနိုင်မှာမဟုတ်ဘူး။ နေက ငြိမ်းနေပေမယ့် နေစွမ်းအားက ပေါ့သေးသေးမဟုတ်ဘူး။ ပူနေသေးတယ်။ ကြည့်”

သူက တံတားတစ်စင်းပမာ ရှည်လျားလှသော သူ၏လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူတို့အောက်သို့ ညွှန်ပြကာ ပြောလိုက်၏။ “ငါတို့ နေထိန်းကျောင်းသူတွေ နေစောင့်ရှောက်သူ ရွေးချယ်တဲ့အခါ သန့်စင်ယန်ခန္ဓာနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ကို ရှာဖို့ နေမီးဖိုကို အသုံးပြုတယ်။ သန့်စင်ယန်ခန္ဓာရဲ့ သွေးနဲ့မှ နေမီးဖိုကို မီးထွန်းပေးနိုင်တာမလို့ပဲ။ နေမီးဖိုက သာမန်ရတနာတစ်ခုဆိုပေမယ့် မီးဖိုကို မီးထွန်းဖို့ကတင် အင်မတန် ခက်နေပြီ။ နေကို ပြန်ထွန်းဖို့ကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်”

“လူသားဧကရာဇ်ချင်မှာ နတ်ဘုရားမျက်လုံးရှိပါတယ်။ သူ လုပ်နိုင်လောက်....” လင်ယွိရှို့ ဒေါသများဖြင့် ပြောလိုက်မိသည်။

ခေါင်းဆောင်အဘိုးအိုက စကားဖြတ်ပြောလိုက်သည်။ “ငါတို့ နေထိန်းကျောင်းသူတွေလည်း နတ်ဘုရားမျက်လုံးတွေ၊ နတ်ဘုရားတွေ မရေမတွက်နိုင်အောင် လိုက်ရှာပြီး နေကို ပြန်ထွန်းကြည့်ခဲ့ပြီးပြီ။ တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး။ ဆက်မပြောနဲ့တော့”

လင်ယွိရှို့ စိတ်တိုသွားသည်။ “ကျွန်မတို့က ရှင်တို့ နေကို ပြန်ထွန်းပေးချင်တဲ့စိတ်နဲ့ အပြေးအလွှား ရောက်လာခဲ့ကြတာ။ ဒါတောင် ရှင်တို့က ကူညီကြမယ်မရှိဘူး။ ရှင်တို့နေထိန်းကျောင်းသူတွေရဲ့ လုပ်ရပ်က စိတ်ပျက်စရာမကောင်းလွန်းဘူးလား”

ခေါင်းဆောင်အဘိုးအို၏ အကြည့်က သူမအပေါ် ရောက်လာပြီး သူက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ငါတို့ နေထိန်းကျောင်းသူတွေက မကူညီတာမဟုတ်ဘူး။ နေစောင့်ရှောက်သူအသစ် ရွေးဖို့ကိစ္စက အရေးကြီးနေလို့ပဲ။ နေဝင်တာနဲ့ အမှောင်ထု ကျူးကျော်လာလိမ့်မယ်။ အဲဒီအချိန်ကျ နေစောင့်ရှောက်သူရဲ့ ဝိညာဉ်က နေသင်္ဘောနဲ့ ထာဝရပေါင်းစည်းသွားတော့မှာ။ သူ ထပ်မတောင့်ခံနိုင်တော့ဘူး။ နေစောင့်ရှောက်သူ မရှိတာနဲ့ ငါတို့ နေထိန်းကျောင်းသူမျိုးနွယ်က အဲဒီမိစ္ဆာနတ်ဆိုးတွေကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာမဟုတ်တော့ဘူး

“လထိန်းကျောင်းသူတွေလည်း မျိုးတုံးပျောက်ကွယ်သွားပြီ။ နေထိန်းကျောင်းသူတွေလည်း မရှိတော့ရင် မိစ္ဆာနတ်ဆိုးတွေ မဟာမြို့ပျက်ကို စိုးမိုးသွားလိမ့်မယ်။ မဟာမြို့ပျက်အပြင်က လူတွေရော မိစ္ဆာနတ်ဆိုးတွေကို ခုခံနိုင်မယ်ထင်လား။ အခု နေစောင့်ရှောက်သူအသစ် ရွေးချယ်ဖို့ကိစ္စက အရေးအကြီးဆုံးပဲ”

လင်ယွိရှို့ ပြောစရာစကား ကင်းမဲ့သွားသည်။

စစ်ယွင်ရှန်းက သရော်တော်တော် ပြောလိုက်၏။ “နေစောင့်ရှောက်သူအသစ် ရွေးချယ်လိုက်တော့ရော ဘာဖြစ်မှာလဲ။ နေသင်္ဘောနဲ့ ထာဝရပေါင်းစည်းပြီး သေရဦးမှာပဲမဟုတ်လား”

“ကိုယ့်မျိုးနွယ်နဲ့ မဟာမြို့ပျက်ကို ကာကွယ်ရင်း သေရတာ ဂုဏ်ယူစရာပါ” ခေါင်း‌ဆောင်အဘိုးအိုက အလေးအနက် ပြောလိုက်သည်။

“မိတ်ဆွေလေးတို့၊ စိတ်မပူပါနဲ့ ၊ မိတ်ဆွေလေးချင် ဘာမှမဖြစ်ပါဘူး။ သူ အနက်ရောင်နေအနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ အပူဒဏ်ကို သိလိုက်တာနဲ့ သူ ပြန်လာလိမ့်မယ်” အနားရှိ အကြီးအကဲတစ်ယောက်က ဝင်ပြောသည်။

ကျန်အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်သော်လည်း ထိုအချိန်မှာပဲ အလွန်အားကောင်းသော အပူလှိုင်းတစ်လှိုင်းက ကျောင်းဆောင်တစ်ခုလုံးကို ဖြတ်လျက် ဖြာဆင်းသွားသည်။ ခေါင်းဆောင်အဘိုးအိုနှင့် အကြီးအကဲတချို့၏ အမူအရာများ တမုဟုတ်ချင်း အကြီးအကျယ် ပြောင်းလဲသွား၏။ သူတို့က တအံ့တဩ ထရပ်လိုက်ကြသည်။ “ဒီလှိုင်းက ... နေကို ငြှိမ်းခဲ့တဲ့ လှိုင်း။ မကောင်းတော့ဘူး။ မိတ်ဆွေလေးချင်”

ဝုန်း

ခေါင်းဆောင်အဘိုးအိုနှင့် အကြီးအကဲများ ကမန်းကတန်း ပျံတက်ပြီး နေကျောင်းဆောင်၏ ခေါင်းမိုးကို ဖောက်ထွက်သွားကြသည်။ ဟူလင်းအာ လှမ်းအော်လိုက်၍ နဂါးချီလင်က သူတို့ကို သယ်ကာ လူ့ဘီလူးကြီး၏အနောက်မှ လိုက်ပျံတက်လိုက်သည်။ အပြင်ရောက်သည်နှင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။

နေရောင်ကား တဟုန်းဟုန်း တောက်ပနေသည်။

အနက်ရောင်လေလုံးကြီး ပျောက်ကွယ်သွားပြီး နေတစ်စင်းဖြင့် အစားထိုးခံလိုက်ရသည်။ ဝါဖျော့ဖျေ့ာနေလင်းတန်းများက အလျှံတညီးညီး ဖြာထွက်လျက် ပူပြင်းစွာ တောက်လောင်နေသည်။

“သခင်လေး ဘာမှမဖြစ်လောက်ပါဘူးနော် ဟုတ်တယ်မလား”

ဟူလင်းအာ နဂါးချီလင်ကို နေလုံးကြီးဆီ တမုဟုတ်ချင်း ပျံတက်ခိုင်းလိုက်သည်။ လင်ယွိရှို့လည်း အလွန်စိုးရိမ်နေ၍ နဂါးချီလင်ကို လောနေ၏။ စစ်ယွင်ရှန်းတစ်ယောက်သာ ကြိတ်ပျော်နေသည်။ ‘ငါတော့ လှပကြော့ရှင်းတဲ့ မုဆိုးမလေး ဖြစ်တော့မယ်’

သူတို့ လေပေါ် ပျံတက်လိုက်သော်လည်း ရုတ်တရက် နဂါးချီလင်က ဦးတည်ရာ ပြောင်းလိုက်သည်။ သူက အောက်ရှိ တိုင်လုံးများဆီ ပျံဆင်းလိုက်ရာ မိန်းကလေးများ မှင်သက်သွား၏။ သူတို့ ဟိုဟိုသည်သည် ကြည့်လိုက်သည့်အခါ လူနှစ်ယောက်နှင့် နဂါးအုပ်ကို မြင်လိုက်ရသည်။

နဂါးချီလင် ဆင်းသက်လိုက်လျှင်ချင်း မိန်းကလေးသုံးယောက်လုံး ကပျာကယာ ခုန်ဆင်းလိုက်ကြသည်။

နေသင်္ဘောထဲမှ ပိန်ပိန်လှီလှီ မိန်းကလေးကို ကြမ်းပြင်ပေါ် ချပေးနေသော ချင်မူ့အား သူတို့ တွေ့လိုက်ရသည်။

လင်ယွိရှို့ သူ့ဆီ အပြေးသွားလိုက်မိ၏။ “နွားကျောင်းသား နင်...”

“ရှူး” ချင်မူက သူ့နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “သူ သတိလစ်သွားတာ။ စိတ်မပူပါနဲ့ ငါ မိန်းကလေးတွေကို ကောင်းကောင်းပြုစုတတ်ပါတယ်။ နတ်ဆေးသမားတော်လေးဆိုတဲ့ နာမည်က ပန်းပွင့်လမ်းကြားကနေ ရလာတာလေ”

လင်ယွိရှို့ သူ့ဗိုက်ကြောကို မညှာမတာ ဆွဲလိမ်ပြီး မကျေမနပ် ဆူလိုက်သည်။ “ငါ စိတ်ပူလွန်းလို့ သေတော့မလိုပဲ”

“အန္တရာယ်မရှိပါဘူးလို့ ငါ ပြောခဲ့သားပဲ။ မျက်လုံး နိုးထ” ချင်မူ ပြုံးရယ်လျက် ပြောလိုက်သည်။

သူ၏သူငယ်အိမ်ထဲတွင် ဝင်္ကပါအလွှာအထပ်ထပ် ဖွဲ့တည်လာပြီး အနီရောင်ကောင်းကင်မျက်လုံး ပွင့်လာ၏။ ထို့နောက် သူ လျှို့ဝှက်နဂါးထိန်းသံစဉ်ကို တီးမှုတ်ကာ ရေနဂါးတစ်ကောင်အား ခေါ်လိုက်သည်။ ရေနဂါးက သူ၏ခါးကို ရစ်ပတ်ပြီး သူ့ပခုံးပေါ် ခေါင်းတင်လိုက်သည်။

နဂါးချီကို ငှားယူလိုက်သည့်အခါ ချင်မူ၏ ကျင့်စဉ်စွမ်းအင်က တရှိန်ထိုး မြင့်တက်သွားပြီး သူ၏မျက်လုံးထဲတွင် ဝင်္ကပါအလွှာများ ထပ်မံဖွဲ့တည်လာသည်။ သူက ကောင်းကင်မျက်လုံးအလွှာကိုးထပ်လုံး ဖွင့်၍ ယန်ကျင့်ကျင့်၏ ခန္ဓာကို စမ်းသပ်စစ်ဆေးလိုက်၏။

တခဏကြာသော် လျှို့ဝှက်နဂါးထိန်းသံစဉ်ကို ရပ်လိုက်၍ သူ့မျက်လုံးထဲရှိ သူငယ်အိမ်အလွှာများ ပျောက်ကွယ်သွားသည်။ သို့သော် ရေနဂါးက သူ့ပခုံးပေါ်မှ မဆင်းဘဲ သက်တောင့်သက်သာ ငြိမ်နေသည်။

“မာ ဟာ” ရေနဂါးက ပါးစပ်ဟ၍ သမ်းလိုက်ပြီး မျက်လုံးများ မှေးစင်းလာသည်။

ဟူလင်းအာ ခပ်သွက်သွက် ပြေးလာပြီး ချင်မူ၏အင်္ကျီစကို ဆွဲ၍ ကုပ်ဖက်တက်လာသည်။ “ရှူး ရှူး အောက်ဆင်းစမ်း၊ တခြားနေရာ သွားအိပ်၊ ဒါ ငါ့နေရာ”

ရေနဂါးမှာ မည်သို့မျှမတတ်နိုင်၍ ပြန်ဆင်းသွားရသည်။

ဟူလင်းအာက ချင်မူ့ပခုံးကို ခွထိုင်ကာ ခြေထောက်နှစ်ချောင်းကို တွဲလောင်းချထားသည်။ သူမ၏ အမြှီးဖြူဖြူလေးများက ဂုဏ်ယူဝင့်ကြွားစွာ လှုပ်ယမ်းနေ၏။

ချင်မူ  သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ပြောလိုက်သည်။ “လင်းအာ၊ ငါ ဆေးညွှန်းဖတ်ပြမယ်၊ ဆေးပင်ထုတ်ပေး”

ဟူလင်းအာက မြေခွေးလေးအသွင် ပြန်ပြောင်းကာ သူ၏ထောင်ကျယ်အိတ်ထဲ ခုန်ဝင်သွားသည်။ ချင်မူက သူအလိုရှိသော ပရဆေးပင်နာမည်များကို ဖတ်လိုက်ပြီး လေပွေလေးတစ်ခုက ထောင်ကျယ်အိတ်မှ ထုတ်ပေးနေသည်။

လင်ယွိရှို့မှာ သူတို့နှစ်ယောက် အချိတ်အဆက်မိမိ အလုပ်လုပ်နေသည်ကို ကြည့်ရင်း မြေခွေးလေးကို အတန်ငယ် မနာလိုဖြစ်လာသည်။ သူမက စစ်ယွင်ရှန်းကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်၏။ “မုဆိုးမ မဖြစ်တော့ဘူးနော်”

စစ်ယွင်ရှန်းက တခစ်ခစ် ရယ်ကာ ပြောလိုက်၏။ “ဂိုဏ်းသခင်က အသက်နဲ့ ကစားရတာ ကြိုက်တော့ အနှေးနဲ့အမြန် သေကိုသေမှာပါ။ ကျွန်မ လှပကြော့ရှင်းတဲ့ မုဆိုးမလေးဖြစ်လာနိုင်ခြေ များပါတယ်”

ချင်မူ စွမ်းအင်ဆေးလုံးများ ဖော်၍ သတိလစ်နေသော ယန်ကျင့်ကျင့်ကို ကျွေးနေသည်။ သူ ကျန်ဆေးလုံးများကို ခွဲနေသည့်အချိန်တွင် ခေါင်းဆောင်အဘိုးအိုက အကြီးအကဲများကို ခေါ်၍ ရောက်လာ၏။ သူတို့၏ကျယ်လောင်သောအသံများအား ခပ်လှမ်းလှမ်းမှ ကြားလိုက်ရသည်။ “မိတ်ဆွေလေးချင်ကို မတွေ့ဘူး။ သူ ပြာကျသွားပြီထင်...”

အကြီးအကဲ စကားပင်မဆုံးခင် ချင်မူ့အား မြင်လိုက်ရသည်။

လူအိုကြီးများ မအံ့ဩမိဘဲ မနေတော့ပေ။ ထိုအချိန်တွင် ချင်မူ ဆေးအချိုးအစား ခွဲပြီးသွားသည်။ “လင်းအာ၊ သူ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆေးတိုက်ရမယ်နော်။ ခေါင်းဆောင်၊ အောင်မြင်ခဲ့ပါတယ်”

ခေါင်းဆောင်အဘိုးအိုက ရင်တဒိန်းဒိန်းခုန်နေသည်ကို မြိုသိပ်ပြီး မေးလိုက်သည်။ “မိတ်ဆွေလေးချင် နေကို ဘယ်လိုထွန်းညှိခဲ့တာလဲ။ ဘယ်လိုလုပ် အသက်ရှင်ရက် ပြန်လာနိုင်ခဲ့တာလဲ”

ချင်မူ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ “သိပ်ရိုးရှင်းပါတယ်။ ကျွန်တော် လျှို့ဝှက်နဂါးထိန်းသံစဉ်နဲ့ မီးဓာတ်ရေနဂါးတွေကို ထိန်းချုပ်ပြီး သူတို့စွမ်းအားကို ငှားယူလိုက်တယ်။ ပြီးတာနဲ့ နေကျောက်စိမ်းမျက်လုံးရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ ညှိလိုက်ပြီး အနက်ရောင်နေလုံးကြီးဆီ ပစ်ပေါက်လိုက်တာ။ အဲဒီလိုထွန်းခဲ့တာပါ”

သူ့အဖြေက ရိုးရှင်းသော်လည်း ချင်မူ မည်မျှအနစ်နာခံခဲ့ကြောင်း‌ ခေါင်းဆောင်အဘိုးအို သိလိုက်သည်။ အနက်ရောင်နေလုံးကြီးကို ထွန်းပေးနိုင်သော ရတနာဆိုသည်မှာ နည်နည်ရရမဟုတ်ပေ။ သို့တိုင်အောင် ချင်မူက တွန့်ဆုတ်တွေဝေခြင်းပင် မရှိခဲ့။

ခေါင်းဆောင်အဘိုးအို လိပ်ပြာမလုံဖြစ်လာမိသည်။ ချင်မူက ကိုယ်ကျိုးမဖက်သည့်တိုင် သူကတော့ သူ့ကို ကူညီပေးလိုစိတ် မရှိခဲ့ပေ။ လုပ်ရပ်နှစ်ခုကို ယှဉ်မိသည့်အခါ သူ မျက်နှာမဖော်ဝံ့တော့။

“မိန်းကလေးကျင့်အနေနဲ့ ရက်ပိုင်းလောက် အနားယူဖို့ လိုတယ်။ ခန္ဓာကိုယ်က အားအင်တွေ ကုန်ခမ်းထားတဲ့အပြင် ကျွန်တော့်စွမ်းအင်ဆေးလုံးတွေကလည်း ချီစွမ်းအင်တချို့ပဲ ဖြည့်ပေးနိုင်တာ” ချင်မူ အလေးအနက်အမူအရာဖြင့် ထပ်ပြောလိုက်သည်။ “သူ့သက်တမ်းကိုတော့ ဆွဲဆန့်ဖို့ ခက်တယ်။ သက်တမ်းမလျော့အောင်ပဲ ကျွန်တော် ကုသပေးနိုင်ပါတယ်”

ခေါင်းဆောင်အဘိုးအိုမှာ စိတ်သက်သာရသွားပြီး ပြောလိုက်သည်။ “အသက်ကယ်ခဲ့တာနဲ့တင် ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ မိတ်ဆွေလေးချင်က နေကိုလည်း ပြန်ထွန်းညှိပြီး နေထိန်းကျောင်းသူမျိုးနွယ်ကို ကူညီပေးခဲ့ပါသေးတယ်။ ကျွန်တော် ဒီကျေးဇူးကို သေတဲ့အထိ မှတ်ထားပါ့မယ်။ မိတ်ဆွေလေးချင်၊ အခု ကျင်းအာက သတိလစ်နေတော့ ဒီနေ့ည ကျူးကျော်လာမယ့် မိစ္ဆာနတ်ဆိုးတွေကို ခုခံဖို့ နေစောင့်ရှောက်သူတစ်ယောက် လိုပါသေးတယ်။ မိတ်ဆွေလေးတို့ အခမ်းအနားကို လာ... မလုပ်နဲ့”

ချင်မူ့လက်ဝါးက တိုင်တစ်လုံးကို လှမ်းထိလိုက်၍ ခေါင်းဆောင်အဘိုးအို၏အမူအရာ ပြောင်းလဲသွားသည်။ သူ ချင်မူ့ကို တားရန် အပြေးလာလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားသည်။ ချင်မူက တိုင်လုံးကို ဖမ်းဆုပ်လိုက်ပြီဖြစ်သည်။

အနှိုင်းမဲ့သော စွမ်းအင်က တရှိန်ထိုး ပေါ်ထွက်လာပြီး ချင်မူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်လာသည်။ သူ မာန်အပြည့်ဖြင့် ဟစ်ကြွေးအော်ဟစ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က မီးစွဲလောင်နေသော လူတစ်ယောက်ကဲ့သို့ မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်လာသည်။ သူ၏ရုပ်ခန္ဓာက တစတစ ကြီးမားလာပြီး သူ၏ကျန်လက်တစ်ဖက်ကလည်း တိုင်လုံးတစ်လုံးအား ဆုပ်ကိုင်လိုက်သည်။

သူ၏ကြွက်သားများ ကျယ်ပြန့်လာပြီး ချိုင်းအောက်မှ လက်နှစ်ဖက်ထွက်လာကာ ကျန်တိုင်နှစ်တိုင်ကို ဖမ်းဆုပ်လိုက်သည်။ တစ်စက္ကန့်အတွင်း သူကား အစစ်အမှန်နေမီးလျှံများ တဟုန်းဟုန်း တောက်နေသော နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ချေပြီ။

နတ်ဘုရားတန်ခိုးလှိုင်း တစ်လှိုင်းပြီးတစ်လှိုင်း လိမ့်ထွက်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသဖြင့် လင်ယွိရှို့တို့အားလုံး ငလျင်လှိုင်းကြီးများအကြား ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ခေါင်းဆောင်အဘိုးအိုက ဟူလင်းအာ၊ လင်ယွိရှို့၊ စစ်ယွင်ရှန်းနှင့် နဂါးချီလင်တို့ကို ကာကွယ်ပေးလိုက်သည်။ သူ ကြောင်ငေးငေးဖြင့် ခေါင်းမော့လိုက်သည့်အခါ ကိုက်သုံးရာမြင့်မားသော လူ့ဘီလူးကြီးကို မြင်လိုက်ရ၏။ ရုတ်တရက် သူ သဘောပေါက်လိုက်၍ တမုဟုတ်ချင်း ဒူးတစ်ဖက်ထောက်ချလိုက်သည်။

သူက ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်၏။ “အရှင်မင်းသား”

သူ့အနောက်ရှိ အကြီးအကဲများလည်း ဒူးတစ်ဖက်ထောက်ကာ ခေါင်းငုံ့လိုက်ကြသည်။ “အရှင်မင်းသား”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ နေထိန်းကျောင်းသူ လူ့ဘီလူးကြီးများ တိုင်လုံးများရှိရာသို့ တိတ်ဆိတ်စွာ လျှောက်လာကြသည်ကို သူတို့ မြင်လိုက်ရ၏။ လူ့ဘီလူးကြီးအားလုံး ဒူးတစ်ဖက်ထောက်ချလိုက်ကြသည်။

“အရှင်မင်းသား”

စစ်ယွင်ရှန်းက လင်ယွိရှို့၏ နားအနား ကပ်ကာ တိုးတိုးပြောလိုက်သည်။ “မင်းသမီးရှို့၊ နွားကျောင်းသားရဲ့ ‌နောက်ခံက ရှင့်ထက်တောင် ပိုအင်အားကြီးတဲ့ပုံပဲ...”

All Chapters