← Chapters

အကျိုးအမြတ်

Vol. 17 Ch. 238

အကျိုးအမြတ်

Vol. 17 Ch. 238

ဟန်မူယဲ့က လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းသည်။ နောက်တွင် ရှိနေသော ဧရာမဓားကြီးသည် တစ်ပေအရှည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့လက်ထဲသို့ ရောက်လာသည်။

သူက ဓားကျိုးကို သိမ်းလိုက်သောအချိန်တွင် လိုဏ်ဂူထဲသို့ လူတစ်ယောက်ရောက်လာ၏။

ထိုလူသည် သရဖူတစ်ခု ဆောင်းထားပြီး လက်စရှည်သောအင်္ကျီကို ဝတ်ဆင်ထားသည်။

သူက လက်နှစ်ဖက်ဖြင့် အနက်ရောင်ဓားတစ်ချောင်းကို ကိုင်ထားသည်။

ဟန်မူယဲ့က ထိုလူကို မြင်ဖူးသည်။

သူသည် ထိုလူအား အံ့ဖွယ်နေမင်းကိုယ်ရံတော် ရှရီ၏ ဓားပုံရိပ်များထဲတွင် မြင်ဖူးသည်။

သူသည် အလယ်ပိုင်းကုန်းမြေတွင်ရှိသော ရှုရှီမြို့၏ မြို့တော်ဝန်ဖြစ်သည်။

ဟန်မူယဲ့က ကွန်ဖျူးရှပ်တာအို၏ ထိုကျင့်ကြံသူကြီးကို ရှရီ၏ ဓားပုံရိပ်ထဲတွင် မြင်တွေ့ခဲ့ရသည်။ သူက လူများအတွက် မိုးရွာလာအောင် မန္တန်အတတ်ဖြင့် ဖန်ဆင်းခဲ့၏။

သူ့လက်ထဲတွင်ရှိသောဓားက တုန်ခါလာပြီး သိမ်းငှက်တစ်ကောင်အသွင်ပြောင်းကာ လေထုထဲတွင် ရစ်ဝဲနေသည်။

မြို့တော်ဝန်က ယန်ယင်ကို ဦးညွှတ်လိုက်သည်။

“ရှုရီမြို့တော်ဝန်စုကျီကျန်းက အကြီးအကဲယန်ယင်ကို နှုတ်ဆက်ပါတယ်”

သူက ဖြောင့်မတ်စွာပြန်ရပ်လိုက်ပြီး ပြောသည်။

“အကြီးအကဲယန်ယင်က ဒီတစ်ခေါက်မှာ နံရံပြိုကျသွားအောင်လုပ်ခဲ့တယ်။ နန်းမြို့တော်ကိုလိုက်လာပြီး အမတ်ချုပ်ကြီးဝမ်နဲ့ ဆုံတွေ့ဖို့လိုလိမ့်မယ်”

ထို့နောက် သူက ဟန်မူယဲ့၊ မူကျင်းနှင့် တခြားလူများကိုကြည့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“သူတို့လည်း လိုက်လာဖို့လိုမယ်”

ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ ခုခံ၍မရနိုင်သောအရှိန်အဝါများ ပေါ်ထွက်လာပြီး ဟန်မူယဲ့၊ မူကျင်းနှင့် တခြားလူများကို ဖိနှိပ်လိုက်သည်။

ထိုစွမ်းအားက သူ့ဝိညာဉ်မှ လာပုံရသည်။ ဟန်မူယဲ့၏ခေါင်းပေါ်တွင်ရှိသော အစိမ်းရောင်ဓားဝိညာဉ်က တုန်ခါသွားပြီး ဖိအားကိုခုခံရန် အစွမ်းကုန်ကြိုးစားနေသည်။

စုကျီကျန်းက ဟန်မူယဲ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။

“ငါ မင်းနဲ့လိုက်ခဲ့မယ်”

ယန်ယင်၏ မျက်နှာထားက ပြောင်းလဲမသွားဘဲ ဂရုမစိုက်စွာပြောသည်။

“ဒီကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ဘူး။ တစ်ခုခုဖြစ်လာရင် ငါတာဝန်ဘူမယ်။ ဝမ်မော့ရှန့်ကို ငါနဲ့ပဲ တွေ့ခိုင်းပါ”

စုကျီကျန်းက ခဏတာမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။

“ရပါတယ်”

ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြန့်ကျဲနေသော သဘာဝစွမ်းအားများကို သူ့အင်္ကျီလက်စထဲသို့ စုပ်ယူလိုက်သည်။

သူက မူကျင်းကို ငုံ့ကြည့်ပြီး သူ့လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ကျဆင်းလာသည်။

“ဒီနေရာကို အလယ်ပိုင်းကုန်းမြေရဲ့ဝိညာဉ်စွမ်းအင်တွေက အားဖြည့်ပေးထားတယ်။ အနာဂတ်မှာ ဒီကနေ ဝိညာဉ်ဆေးပင်တွေ အများအပြားထွက်လာလိမ့်မယ်”

“ဒီနေရာကိုစောင့်ရှောက်ဖို့ ခင်ဗျားကိုတာဝန်ပေးလိုက်မယ်။ ဝိညာဉ်ဆေးပင် ၈၀%ကို ရှုရှီမြို့ဆီပေးရမယ်”

မူကျင်းက ကျောက်စိမ်းတံဆိပ်ပြားကိုယူလိုက်ပြီး ဦးညွှတ်သည်။

“မူကျင်း နားလည်ပါပြီ”

စုကျီကျန်းက ဟန်မူယဲ့ကိုထပ်ပြီး ခေါင်းညိတ်သည်။ ထို့နောက် လိုဏ်ခေါင်းထဲမှ ပျံထွက်သွားသည်။

ယန်ယင်က ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ပြောသည်။

“ကောင်လေး၊ ကောင်းကောင်းကျင့်ကြံထား”

ထို့နောက် သူသည် ဓားတစ်လက်အသွင်ပြောင်းပြီး လေထိုးခွဲသံများပေးလျက် ပျံသန်းသွားသည်။

“ဘုန်း ....”

လိုဏ်ဂူ၏ အပြင်ဘက်မှာ ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။

“ယန်ယင်၊ ဘာဖြစ်လို့လူသတ်တာလဲ”

စုကျီကျန်းက ဒေါသတကြီးအော်လိုက်သည်။

“လူသတ်ရတာ ကြိုက်လို့လေ”

ယန်ယင်၏အသံက ‌မောက်မာနေဆဲဖြစ်သည်။

ဟန်မူယဲ့သည် လိုဏ်ဂူထဲမှ ထွက်လာသောအခါတွင် ကျန်းကျီးသုန်း၊ လုလင်ကျီးနှင့် တခြားလူများအားလုံး အသတ်ခံလိုက်ရကြောင်း မြင်တွေ့ရသည်။

သူက ဖြူဖျော့နေသောမျက်နှာထားဖြင့် လော့ရှောင်ယွီကို လှည့်ကြည့်သည်။

လော့ရှောင်ယွီက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“အင်မော်တယ်ဟန်၊ တိုက်ခိုက်လိုက်ပါ”

ယန်ယင်က ဟန်မူယဲ့နှင့်တခြားလူများကို ကာကွယ်ရန်အတွက် လူသတ်လိုက်ခြင်းဖြစ်သည်။

သူက နှုတ်ပိတ်လိုသောကြောင့် ရက်စက်စွာပြုမူခဲ့သည်။

လော့‌ရှောင်ယွီသည် လင်တောက်တာအိုဂိုဏ်းမှ ဖြစ်သောကြောင့် သတ်ပစ်မှဖြစ်မည်။

လင်းရှန်၏ ခန္ဓာကိုယ်ထဲတွင် ဓားဆန္ဒများစုစည်းလာသည်။

မူကျင်း၏ လက်ထဲတွင်လည်း နွယ်ပင်များရှိနေသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“တာအိုရောင်းရင်လော့၊ ထွက်သွားပါတော့”

‘ထွက်သွားရမယ်’

လော့ရှောင်ယွီက အံ့အားသင့်သွားသည်။

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ကျုပ်တို့က တိမ်မြုံကမ်းပါးမှာ အတူတူတိုက်ခိုက်ခဲ့တာပဲလေ”

“မင်းရဲ့ဆရာ၊ ကျန်းဝမ့်ယွမ်က အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် အသက်စွန့်သွားတယ်လေ”

“ကျုပ်က မင်းကိုမသတ်ပါဘူး”

ထို့နောက် သူက လက်မြှောက်လိုက်ပြီး အနက်ရောင်ဓားအိမ်ဖြင့် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။

သူက ဓားကို လော့ရှောင်ယွီဆီပေးလိုက်ပြီး ညင်သာစွာပြောသည်။

“အလယ်ပိုင်းကုန်းမြေကိုသွားပါ”

အံ့ဖွယ်နေမင်းဓား…။

ထိုဓားဖြင့် ဆိုလျှင် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့သို့ ဝင်ရောက်နိုင်သည်။

လော့ရှောင်ယွီက ခေါင်းညိတ်သည်။ အံ့ဖွယ်နေမင်းဓားကိုယူပြီး ဟန်မူယဲ့ကိုဦးညွှတ်လျက် အလယ်ပိုင်းကုန်းမြေဆီသို့ ဦးတည်လိုက်သည်။

ယနေ့ဖြစ်ရပ်တွင် လော့ရှောင်ယွီတစ်ယောက်သာ အသက်ရှင်ခဲ့သည်။ သူမက လင်တောက်တာအိုဂိုဏ်းသို့ ပြန်သွားလျှင် အဖြစ်အပျက်အား ရှင်းပြနိုင်မည် မဟုတ်ပေ။

ထို့အပြင် မျက်နှာတစ်ထောင်သူတော်စင်၏ ကိုယ်ပွားမှာ ဤနေရာမှာသေသွားသောကြောင့် သူမအပေါ်မှာတွင်လည်း သက်ရောက်မှုများ ရှိလာလိမ့်မည်။

သူမ ပြန်သွားလျှင် အသက်မသေလျှင်ပင် ကြီးမားသော ပြစ်ဒဏ်ကို ခံယူရနိုင်၏။

အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်ခွာသွားခြင်းက ပိုကောင်းသည်။

လော့ရှောင်ယွီထွက်သွားသောအခါတွင် ဟန်မူယဲ့က မူကျင်းကို လှည့်ကြည့်သည်။

မူကျင်းက ပါးနပ်သည်။ စုကျီကျန်း၏ တံဆိပ်ပြားက သူမအတွက် အကာအကွယ်တစ်ခုဖြစ်သည်။

ထိုတံဆိပ်ပြားဖြင့်ဆိုလျှင် လင်တောက်တာအိုဂိုဏ်းကပင် သူမကို မည်သို့မျှ မလုပ်ရဲတော့ပေ။

“အကြီးအကဲက စပါးစိမ်းတောင်ကုန်းရဲ့ သခင်မဖြစ်သွားပြီးပေါ့”

ဟန်မူယဲ့က ပြုံးသည်။

မူကျင်းသည် စပါးစိမ်းတောင်ကုန်း၏ သခင်မတစ်ယောက် ဖြစ်သလို အလယ်ပိုင်းကုန်းမြေနှင့်လည်း အဆက်အသွယ်ရှိသွားသည်။ ထို့အပြင် စပါးစိမ်းတောင်ကို အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအင်များက ထောက်ပံ့ပေးထားသောကြောင့် ဝိညာဉ်ဆေးပင်များ၏ အရည်အသွေးက ပိုကောင်းလာလိမ့်မည်။

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် မူကျင်းက ခံစားချက်များနှင့်အတူ ခေါင်းညိတ်သည်။

“ဒီနေ့ဖြစ်ရပ်က အရမ်းအန္တရာယ်များလိမ့်မယ်လို့ ထင်မထားမိဘူး”

သူတို့က မြွေနက်ခေါင်းဆောင်၏ ရတနာကို လာရှာခြင်း ဖြစ်သော်လည်း အသက်ဆုံးလုနီးပါးဖြစ်သွားရသည်။

သူမက ဟန်မူယဲ့ကိုကြည့်သည်။

ဟန်မူယဲ့၏ ဓားချက်က အလွန်ကြောက်စရာကောင်းသည်။

သူက ယန်ယင်၏ စွမ်းအားကို ငှားရမ်းခဲ့လျှင်ပင် သူ့တွင် ထိုစွမ်းအားကို အသက်သွင်းနိုင်‌သော စွမ်းရည်ရှိသည်။

မူကျင်း၏ မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

ကျင့်ကြံခြင်းလောကမှာ ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုရသည်။

သူ့ဓားချက်ကြောင့် မူကျင်းက သူနှင့် ပိုမိုရင်းနှီးလာလိမ့်မည်ဟု ဟန်မူယဲ့ ယုံကြည်သည်။

“အကြီးအကဲ၊ ကျွန်တော်တို့ အနာဂတ်မှာ အတော်ကြာအောင် စီးပွားရေးလုပ်ရလိမ့်မယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီးပြောသည်။

သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်ရာ ပေါ်လာသည်။

မူကျင်းသည် သစ်မြစ်တစ်ခုမှလွဲ၍ တခြားရတနာများကို သိပ်မယူခဲ့ပေ။

ထိုအဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်ရာက သူမ၏ ကောင်းကင်ဘုံအဆင့်ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ပေးနိုင်သည်။

သူမက ပျော်ရွှင်သွားပြီး ဝိညာဉ်ကျောက်တုံးများအား သိမ်းလိုက်သည်။

မူကျင်း၏ နေရာသို့ ပြန်ရောက်လာသောအခါတွင် မူကျင်းက ဟန်မူယဲ့လိုအပ်သော ဝိညာဉ်ဆေးပင်များအားလုံးကို ရှာပေးခဲ့သည်။ ထို့အပြင် ဝိညာဉ်နယ်မြေထဲသို့ခေါ်သွားပြီး ဝိညာဉ်သစ်သီးများလည်း လက်ဆောင်ပေးခဲ့သည်။

လင်တောက်ဂိုဏ်းမှ မျက်နှာတစ်ထောင်သူတော်စင်၏ကိုယ်ပွားကို သတ်ဖြတ်ခဲ့သောကြောင့် သူမနှင့် ဟန်မူယဲ့က ရင်းနှီးသောမဟာမိတ်များ ဖြစ်လာခဲ့သည်။

ဟန်မူယဲ့ပြောသည့်အတိုင်း သူတို့က အချိန်အတော်ကြာအောင် စီးပွားရေးလုပ်ရဦးမည်။

ဟန်မူယဲ့က မရှုံးခဲ့ပေ။ သူရရှိလာသောဝိညာဉ်ဆေးပင်များက အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်ရာထက် ပိုတန်ကြေးရှိသည်။

မူကျင်းသည် လောလောဆယ်မှာ မရရှိနိုင်သောဆေးပင်များအတွက် နောက်ပိုင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပို့ပေးမည်ဟု သဘောတူခဲ့သည်။

ဟန်မူယဲ့တို့က မူကျင်းထံ၌ ကြာကြာမနေခဲ့ဘဲ သင်္ဘောပျံနှင့်အတူ ပြန်လာခဲ့သည်။

မူကျင်းသည် စပါးစိမ်းတောင်တန်းတစ်ခုလုံးကို စီမံနေရသောကြောင့် အလုပ်ရှုပ်နေသဖြင့် သူတို့ကို လိုက်မပို့နိုင်ခဲ့ပေ။

ဟန်မူယဲ့သည် သင်္ဘောအခန်းထဲတွင် ထိုင်နေပြီး အသက်ရှူနှုန်း ထိန်းညှိထားသည်။

သူသည် ယနေ့တိုက်ပွဲမှာ စွမ်းအင်အများအပြား ကုန်ဆုံးခဲ့သည်။

သူ့ဒန်ထျန်ထဲတွင်ရှိနေသော ဝိညာဉ်စွမ်းအင်များကုန်ဆုံးသွားရုံတင်မကဘဲ ချီပင်လယ်ထဲတွင်ရှိနေသော ဓားဆန္ဒဒါဇင်ကျော်မှာလည်း အားကုန်သွားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် ဝိညာဉ်လိပ်ပြာဓားကို မသုံးခဲ့ရပေ။

သူက လက်မြှောက်လိုက်သောအခါတွင် လက်ဝါးထဲတွင် အစိမ်းရောင်တောက်နေသော ဆေးလုံးတစ်လုံးပေါ်လာသည်။

ထိုဆေးလုံးက အခြေခံအုတ်မြစ်အဆင့်နှင့် ကမ္ဘာမြေအဆင့်ကျင့်ကြံသူများအတွက် အားဖြည့်ဆေးဖြစ်သည်။

အင်မော်တယ်အဆင့်ဆေးလုံး…။

ဟန်မူယဲ့က ဆေးလုံးကို မြိုချလိုက်ပြီး ဒန်ထျန်ထဲတွင် သန့်စင်နေသည်။

ဆေးလုံးက ဒန်ထျန်ထဲသို့ရောက်သွားသောအခါတွင် များပြားလှသော သဘာဝစွမ်းအားများကိုထုတ်လွှတ်၍ ခြောက်သွေ့လုနီးပါးဖြစ်နေသောဒန်ထျန်ကို အားဖြည့်ပေးလိုက်သည်။

ဘုံကိုးလွှာကလည်း စတင်တုန်ခါလာသည်။

အင်မော်တယ်အဆင့် ဝိညာဉ်အမြုတေဆေးလုံးသုံးလုံးကို ဆက်တိုက်သန့်စင်ပြီးသွားသောအခါတွင် ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး အသက်ရှူနှုန်း ထိန်းညှိရန် ချီစွမ်းအားများကို လှည့်ပတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် စပါးစိမ်းတောင်ကုန်းမှ အများအပြားရရှိခဲ့သည်။

အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များအပြင် အဖိုးတန်သော မဂ္ဂနိုလီယာသစ်သီးလည်း ရှိနေသည်။

သူက ဓားဆေးလုံးကိုအသုံးပြုပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာနှစ်ယောက်ကို သတ်ဖြတ်ခဲ့သောအခါတွင် ဓားဆေးလုံးများသည် မိစ္ဆာအမြုတေနှင့် သွေးချီများကို စုပ်ယူခဲ့ပြီး သူ့ရုပ်ခန္ဓာကျင့်ကြံခြင်းကို အဆင့်တစ်ဆင့်ထက်ပိုပြီး တိုးလာစေခဲ့သည်။

ကျောက်စိမ်းအရိုးဖြစ်တည်ခြင်းကလည်း ပိုမိုသန်မာလာ၏။

သို့ပေမဲ့ ထိုအရာများက တာအိုဓားနှင့် မယှဉ်နိုင်ပေ။

သူ့လက်ပေါ်မှာ အလင်းတစ်ခုလက်သွားပြီး တစ်ပေရှည်သောဓားကျိုးတစ်ချောင်း ပေါ်လာသည်။

တာအိုဓား…။

ဓမ္မရတနာအဆင့်ကို ကျော်ဖြတ်သွားသောရတနာတစ်ခု။ ကျိုးပဲ့နေ‌သောအစိတ်အပိုင်းဖြစ်လျှင်ပင် အလွန်အဖိုးတန်သည်။

ဤဓားကို အရည်ကျိုလိုက်လျှင် အမျိုးမျိုးသော ဝိညာဉ်ကုန်ကြမ်းများကို ရနိုင်သည်။

သို့ပေမဲ့ ဟန်မူယဲ့က ဝိညာဉ်ကုန်ကြမ်းများရရန်အတွက် ရတနာဓားကိုအရည်ကျိုပစ်ရ‌အောင် မတုံးအပေ။

ဤဓားကျိုးနှင့် ကျန်သောအစိတ်အပိုင်းများကို စုစည်းနိုင်လိမ့်မည်။

တာအိုဓားသည် အပြည့်အဝပြန်ကောင်းလာလျှင် မည်သို့ဖြစ်သွားမည်ဆိုတာကို မသိနိုင်ပေ။

ဤဓားသည် ဓားဘုရင်ယွမ်ထျန်း၏ ကောင်းကင်စက်ဝန်းဓားဝင်္ကပါကြောင့် ကျိုးပဲ့သွားသော်လည်း နှစ်ပေါင်းများစွာကြာသည်အထိ ပျက်စီးမသွားခဲ့ပေ။

ရုတ်တရက်ဆိုသလို ဓားကျိုးနှင့် ဆော့ကစားနေသောဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဓားကိုသိမ်းပြီး အခန်းထဲမှ ထွက်လာသည်။

ယခုအချိန်မှာ သင်္ဘောပျံက စပါးစိမ်းတောင်ကုန်းမှ မိုင်ထောင်ချီအကွာသို့ ရောက်လာပြီဖြစ်သည်။

သင်္ဘောပျံ၏ရှေ့တွင် လူအများအပြားက လမ်းပိတ်ထားသည်။

လင်းရှန်သည် သင်္ဘောထိပ်မှာရပ်နေသည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော ဓားချီများက ချောက်နက်တစ်ခုကဲ့သို့ နက်ရှိုင်းနေပြီး ထိုလူများကို နီးကပ်မလာအောင် တားဆီးထားသည်။

“အဲဒါ သူပဲ…”

“ဟန်မူယဲ့၊ အင်မော်တယ်ဟန်”

“စပါးစိမ်းတောင်မှာ ဝိညာဉ်အလင်းတွေထွက်နေခဲ့တယ်။ သူ့မှာ သေချာပေါက် ရတနာတစ်ခုရှိတယ်”

“သူ့မှာ တိမ်မြူရွှေကြာပန်းစေ့တွေ အများကြီးရှိတယ်လို့ပြောတယ်”

ထိုလူများက တီးတိုးပြောနေပြီး လောဘများဖြင့် ဟန်မူယဲ့ကိုကြည့်နေသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“မင်းတို့ ဘယ်ဂိုဏ်းရဲ့တာဝန်ကို လက်ခံလာခဲ့လဲပြောပြစမ်း”

“ပြောပြရင် အသက်ချမ်းသာပေးနိုင်တယ်”

ထိုလူများအားလုံးသည် ကမ္ဘာမြေအဆင့်တွင်ရှိသော သွေးကြောဖွင့်အဆင့်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်မှာရှိနေသည်။ သူတို့အားလုံးက တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တူသည်။

သူတို့ကို လွယ်ကူစွာစုစည်းရန် မဖြစ်နိုင်ပေ။

ပန်းပွင့်ရွက်ကြွေခန်းဆောင်မှ လူများကဲ့သို့ သူတို့သည် သူ့ကိုသတ်ရန်အတွက် တာဝန်တစ်ခုလက်ခံခဲ့ခြင်းဖြစ်လိမ့်မည်။

“ဟားဟား၊ ငါတို့က အင်မော်တယ်ဟန်ကို အရူးမလုပ်နိုင်ဘူးပဲ”

မီးခိုးရောင်ဝတ်စုံဖြင့် လူအိုကြီးတစ်ယောက်က ပြုံးလိုက်ပြီး ပြောသည်။

“အင်မော်တယ်ဟန်က အခုတစ်လော အလုပ်ရှုပ်နေတာဆိုတော့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ပြောင်းလဲမှုတွေကို မသိသေးဘူးထင်တယ်”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တိုးတိုးလေးပြောသည်။

“ဖုန်းလင်ဂိုဏ်းခေါင်းဆောင်ကျန်းချန်က ဒဏ်ရာတွေပြန်ကောင်းလာပြီလေ”

ဖုန်းလင်ဂိုဏ်းခေါင်းဆောင်ကျန်းချန်၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တတိယမြောက် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ။

ထူစွန်းရှစ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားသောကြောင့် ကျန်းချန်၏ကျင့်ကြံဆင့်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားကျင့်ကြံသူများကြားတွင် အမြင့်ဆုံးဖြစ်နေသည်။

ဖုန်းလင်ဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဆက်ဆံရေးက သိပ်မကောင်းပေ။

“ဒါက ဖုန်းလင်ဂိုဏ်းရဲ့တာဝန်လား”

ဟန်မူယဲ့က ရှေ့မှာရှိနေသောလူတိုင်းကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲခြင်းမရှိဘဲ ပြောသည်။

“လင်တောက်တာအိုဂိုဏ်းက တားဖြစ်ချက်ထုတ်ထားတယ်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေက တိုက်ခိုက်လို့မရဘူး”

“ဖုန်းလင်ဓားဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နှစ်ပေါင်းတစ်ရာမတိုက်ခိုက်ဘူးလို့ သဘောတူထားတယ်”

All Chapters