နှုတ်ဆက်ခြင်း
Vol. 7 Ch. Chapter 17
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 17 - နှုတ်ဆက်ခြင်း
မက်ဒါနာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူ့အနားက မြင်ကွင်းတွေအားလုံး ပြောင်းလဲသွားပြီ။ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကမှ သူ့ငယ်သူငယ်ချင်း မိုးကြိုးလျှပ်စီးတွေထဲမှာ တစ်စစီပြိုကွဲသွားတာဖြစ်ပေမဲ့ အခုတော့ သူ(မ)က သူ့ရှေ့မှာရပ်နေတယ်။
"မင်းလွင်၊ ငါတို့ထပ်တွေကြပြန်ပြီ။" သူ့ကို မင်းလွင်လို့ ခေါ်လိုက်တဲ့အတွက်ကြောင့် မက်ဒါနာသူ့ကိုယ်သူငုံကြည့်လိုက်တယ်။ တကယ်ပဲ သူ့ခန္ဓာကိုယ်က မက်ဒါနာမဖြစ်ခင်က လူငယ်ကောင်လေးဖြစ်နေတယ်။ သေသေချာချာပြောရရင်တော့ မယ်လီကလည်း သူသိတဲ့ အထက်တန်းကျောင်းတုန်းက မယ်လီအတိုင်းပဲ။
"ငါတို့ ဘယ်ကိုရောက်နေတာလဲ။" မက်ဒါနာက ပတ်ဝန်းကျင်ကို လေ့လာနေရင်း မေးလိုက်တယ်။ ဒီတစ်နေရာလုံးက ကြယ်တွေမရှိတဲ့ ကောင်းကင်ကြီး အောက်မှာရှိနေတာ။ ကြယ်မရှိတဲ့ ကောင်းကင်ကို မက်ဒါနာ ရင်းနှီးပေမဲ့ အခုသူတို့ရပ်နေတဲ့နေရာက လမ်းလေးတစ်ခုပေါ်မှာပါ။ သူတို့ရပ်နေတုန်း သူတို့နားက ဖြတ်သွားတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ မယ်လီနဲ့သူကလည်း အဲဒီလမ်းပေါ်မှာရောက်နေတာ။
မယ်လီက ပြုံးလိုက်တယ်။ "နင်က အရင်ကနဲ့မတူဘဲ
အားလုံးအတွက် ရှေ့ထွက်ရပ်ပေးနိုင်တဲ့ အင်အားရှိနေပြီမလို့ ငါတကယ်ဝမ်းသာတယ်သိလား။"
မယ်လီက ပြောလိုက်ရင်း မင်းလွင်ကို ပခုံးပုတ်လိုက်တယ်။ မင်းလွင်ကတော့ မယ်လီကိုပဲ ငေးကြည့်နေမိတယ်။ အထက်တန်းကျောင်းတုန်းကလိုပဲပေါ့။ မယ်လီက ဆက်ပြီးပြောလိုက်တယ်။ "နင်အဲဲဒီတုန်းတည်းက ငါ့ကိုဖွင့်ပြောခဲ့သင့်တာ။"
ဒီစကားကြောင့် နဂိုကတည်းက ပြောစရာစကားရှိမနေတဲ့ မင်းလွင်တစ်ယောက် ပိုပြီးဆွံအသွားခဲ့တယ်။ ဒီတော့ သူတို့အထက်တန်းကျောင်းနေ့တွေတည်းက မယ်လီက သူ့ကိုသတိထားမိနေတယ်ပေါ့။
မယ်လီက မင်းလွင်ကို ကျောခိုင်းဖို့ပြင်လိုက်ပေမဲ့ မင်းလွင်က သူ့လက်ကို ဖမ်းဆုပ်ထားလိုက်တယ်။ "ဒါနဲ့ ငါတို့ဘယ်သွားရမှာလဲ။" လမ်းပေါ်မှာရှိနေတဲ့ မင်းလွယ်က တကယ်ပဲ ဘယ်ကိုသွားရမှန်းမသိဘူးဖြစ်နေတယ်။
မယ်လီက သူသွားဖို့လုပ်နေတဲ့နေရာနဲ့ ဆန့်ကျင်ဘက်တစ်နေရာကို လက်ညိုးနဲ့ညွန်ပြလိုက်တယ်။ "နင်က အဲဒီကိုသွားရမှာ၊ နင့်ကိုစောင့်နေတဲ့ လူတွေအားလုံး ရှိနေတဲ့နေရာပေါ့။"
မင်းလွင်က မယ်လီညွန်ပြတဲ့နေရာကို ကြည့်လိုက်တယ်။ အဲဒီမှာ နောက်လမ်းသွယ်လေးတစ်ခုရှိနေပြီး သူတို့က လမ်းဆုံတစ်ခုပေါ်မှာ ရပ်မိနေမှန်းသိလာရတယ်။ မယ်လီညွန်ပြတဲ့လမ်းက မြူခိုးတွေကြောင့် ရှေ့ကိုသေချာမမြင်ရပေမဲ့ မင်းလွင်ရဲ့နှလုံးသားတွေထဲကနေတစ်ဆင့် တခြားသူတွေအားလုံး စောင့်နေတဲ့နေရာလို့ သူသဘောပေါက်တယ်။
"ဒါဆိုရင် နင်က ဘာဖြစ်လို့ အားလုံးကိုထားသွားရမယ့်လမ်းဆီကို ဦးတည်လျှောက်နေတာလဲ။" မင်းလွင်က မေးလိုက်တယ်။ မယ်လီက မင်းလွင်ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်ပြီး မင်းလွင်ရဲ့ရင်ဘတ်ကိုလက်ဝါးနဲ့ကပ်ကာ စမ်းသပ်လိုက်တယ်။
"တကယ်ပဲ လူသားတစ်ယောက်ရဲ့နှလုံးသားက ရူးမိုက်ပေမဲ့ နွေးထွေးနေတာပဲ။" မယ်လီက မင်းလွင်ရဲ့နှလုံးသားနားကို မျက်နှာကပ်နားထောင်ရင်း ပြောလိုက်တယ်။ မင်းလွင်ကလည်း မယ်လီလုပ်နေတာကို မနှောင်ယှက်ဘဲ ဒီအတိုင်းပဲငြိမ်သက်စွာနဲ့ရပ်နေပေးတယ်။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ မယ်လီက မင်းလွင်ရဲ့ရင်ခွင်ကနေ ခွာလိုက်တယ်။
"အဲဒီတုန်းက နင်ငါ့ကို ကယ်ဖို့လုပ်ခဲ့တာမဟုတ်လား။" မယ်လီက မြေအောက်ဂူထဲက ကိစ္စကိုစဥ်းစားရင်း ပြောလိုက်တယ်။ မင်းလွင်လည်း ပြုံးလိုက်ပါတယ်။
"ဘာမဟုတ်တဲ့ အရာတစ်ခုကြောင့် နင့်ရဲ့ဝိညာဥ်ပျောက်ဆုံးသွားမှာမဟုတ်ဘူးလို့ ငါယုံကြည်ခဲ့တယ်လေ။"
မယ်လီက မင်းလွင်ရဲ့စကားကိုကြားတော့ ရူးသွပ်နေသူတစ်ယောက်လိုမျိုး ရယ်မောလိုက်တယ်။ နောက်တော့ မင်းလွင်ကိုကြည့်ရင်း စိတ်ချသွားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။ "ဒီနေ့ကစပြီး နင်က ဒီကမ္ဘာကြီးရဲ့အကြီးမြတ်ဆုံး ဟီးရိုးတစ်ယောက်ဖြစ်လာမယ်လို့ ငါစိတ်ချလက်ချပြောရဲသွားပြီ၊ Silver Knight။ ကံမကောင်းတာက နင်နဲ့နောက်တစ်ခါ လက်တွဲပြီးမတိုက်နိုင်တော့တာပဲ။"
နောက်တော့ မယ်လီက မင်းလွင်ဆီကနေ ခွာလိုက်ပြီး ကျောခိုင်းကာ သူ့လမ်းသူစလျှောက်တယ်။ သူ့ရှေ့က မြင်ကွင်းကို လက်မခံနိုင်တဲ့ မင်းလွင်လည်း နောက်ကလိုက်ဖို့ကြိုးစားပေမဲ့ တစ်စုံတစ်ခုက သူ့ကိုဖမ်းဆွဲထားတဲ့ပုံစံနဲ့ ဆက်သွားလို့မရတော့ဘူး။ အဲဒီအစား သူ့ခန္ဓာကိုယ်က နောက်ကိုတဖြည်းဖြည်းရွေ့နေတယ်။ မယ်လီကတော့ လမ်းအတိုင်း ရှေ့ကိုသွားရင် တဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားတယ်။
"အဲဒီနှစ်ယောက်ကို ကျွန်မအစားဂရုစိုက်ပေးပါ၊ ကြီးမြတ်တဲ့ သူရဲကောင်းကြီးရေ။" မယ်လီက မင်းလွင်ရဲ့မြင်ကွင်းထဲကနေ လုံးဝပျောက်ကွယ်သွားတယ်။ မင်းလွင်ကိုယ်တိုင်လည်း သူ့နှလုံးသားထဲက အမှတ်တရတစ်ခု ပျောက်ကွယ်သွားတာကို ခံစားမိလိုက်ပေမဲ့ သူ့ကိုဘယ်လိုမှ ဖမ်းဆုပ်ဖို့မတတ်နိုင်ခဲ့ဘူး။
...
"သခင်မလေး၊ နောက်ဆုံးတော့ နိုးလာပြီပေါ့။" ခါတိုင်းဆိုရင် သတိပြန်ရလာချင်းချင်း မြင်ရမှာက မျက်နှာကျက်ဖြူဖြူဆိုပေမဲ့ ဒီတစ်ခါမြင်လိုက်ရတာက သူ့ရဲ့ညိုချောအိမ်စေလေးမျက်နှာပါ။ အေမီက သူမျက်လုံးဖွင့်တာနဲ့ တစ်ခါတည်းပြေးဝင်လာပြီး အိမ်ရာပေါ်ခုန်တက်တယ်။ နောက်တော့ ဆယ်နှစ်လောက် မတွေ့ရသေးတဲ့ အမေကိုပြန်တွေ့တဲ့ သမီးလေးတစ်ဖက်လို သူ့ခန္ဓာကိုယ်ကို အတင်းဖက်ထားတော့တာပဲ။
"မမလေးကို ကျွန်မထပ်မမြင်ရတော့ဘူးထင်နေတာ။" အေမီက အရင်လိုမဟုတ်ဘဲ ရုတ်တရက်ကြီး စကားများနေတဲ့အတွက် မက်ဒါနာအံ့ဩသွားပေမဲ့ ရုတ်တရက် သူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကနေ နာကျင်မှုကို ခံစားလိုက်ရတာကြောင့် အေမီကို သူ့ကိုယ်ပေါ်ကနေ အတင်းဆင်းခိုင်းရတော့တယ်။
"အားလားလား၊ အေမီ။ နင်လုပ်မှ ငါ့နံရိုးတွေ ထပ်ကျိုးတော့မယ်။"
"တောင်းပန်ပါတယ်၊ မမလေးရှင့်။" အေမီက ရှက်သွားတဲ့ မျက်နှာနဲ့ အိပ်ရာပေါ်ကနေ ဆင်းသွားပြီး တကယ့်အိမ်စေလေးတစ်ယောက်လိုမျိုး အခန်းထောင့်မှာ သွားရပ်နေသေးတယ်။ ခုမှမက်ဒါနာရဲ့ဦးနောက်လည်း သေချာအလုပ်လုပ်ပြီး အေမီကိုသေချာကြည့်နိုင်တော့တယ်။
"ဒါနဲ့အေမီရေ၊ နင်ဘယ်တုန်းက ပြန်ကောင်းသွားတာလဲ။"
မက်ဒါနာသတိထားမိသလောက် အခုအေမီက အင်တာနက်ကနေ ဖိုင်တွေခိုးကူးပြီး အစကနေပြန်သင်နေရတဲ့ အတိတ်မေ့အေမီမဟုတ်တော့ဘူး။ အေမီမှမူရင်းအေမီအစစ်။ အေမီက မက်ဒါနာရဲ့စကားကြောင့် ခေါင်းလေးကိုစောင်းပြီး သူ့ဆံစလေးတွေကို လက်ညိုးနဲ့ထိုးပြီး ကောက်ကြည့်လိုက်တယ်။ နောက်တော့
မက်ဒါနာကို ကိုယ်တိုင်တောင် ဟုတ်မဟုတ်မသေချာတဲ့ အဖြေတစ်ခုပေးလိုက်ပါတယ်။
"ဘယ်လိုပြောရမလဲ၊ အဲဒီနေ့တုန်းက ကျွန်မခေါင်းကို အုတ်ခဲနဲ့ရိုက်မိပြီး မှတ်ဉာဏ်တွေပြန်ပေါ်လာတယ်ထင်တာပဲ။"
"...." မက်ဒါနာ ဘာပြန်ဖြေရမှန်းမသိဘူး။ အတိတ်မေ့နေတဲ့ လူတစ်ယောက်က ခေါင်းကိုထိခိုက်မိလို့ ပြန်ကောင်းတာက ဇာတ်လမ်းတွေထဲမှာဖြစ်နိုင်ပေမဲ့လို့ အေမီက ဉာဏ်ရည်တုပါ။ အဲဒီလိုနည်းနဲ့ ပြန်ပြီးကောင်းအောင် လုပ်နိုင်တယ်ဆိုရင် အစကတည်းက အေမီကို မက်ဒါနာက တူကြီးကြီးနဲ့ထုပြီးနေလောက်ပြီ။
မက်ဒါနာရဲ့သံသယအကြည့်ကြောင့် အေမီလည်းရှက်သွားတဲ့ပုံပဲ။ သူက သူ့လက်ချောင်းလေးနှစ်ခုကို တစ်ခုနဲ့တစ်ခုတို့ကြည့်ရင်း ခေါင်းကိုငုံထားပြီး ပြန်ဖြေပါတယ်။
"တကယ်တော့ အဲဒီနေ့က ဘာဖြစ်သွားမှန်းမသိပေမဲ့
ကျွန်မနှလုံးသားထဲမှာ နွေးထွေးတာတစ်ခုခုကို ခံစားခဲ့မိသလိုပဲ။"
အေမီရဲ့စကားက တိုက်ရိုက်အဖြေတစ်ခုမဟုတ်ပေမဲ့ မက်ဒါနာပြုံးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အေမီပြန်ကောင်းလာတာ ဝမ်းသာမိတယ်။ အတိတ်မေ့နေတဲ့ အေမီက ခိုင်းလို့ပိုကောင်းတယ်ဆိုပေမဲ့ပေါ့။
"ဒီတော့ ကျွန်မတခြားသူတွေကို မမလေးနိုးလာတဲ့အကြောင်း သွားသတိပေးလိုက်ပါဦးမယ်။"
အေမီက ပြောလိုက်ရင်း ရှပ်ပြာရှပ်ပြာနဲ့ ဆေးရုံခန်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာတစ်ယောက်ပဲ ဆေးရုံးခန်းထဲမှာ ကျန်ခဲ့ပါတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကိုကြည့်လိုက်တော့ သူ့အခန်းက မြေပြင်အထက် ပေအနည်းငယ်လောက်မြင့်ပုံရပြီး ဆေးရုံအလယ်က ပန်းခြံကိုမြင်နေရပါတယ်။ ပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ဘိုးဘိုးဘွားဘွားတွေရှိနေပြီး သူနာပြုဆရာမလေးတချို့လည်း ဟိုဒီသွားနေပါတယ်။
"ကြည့်ရတာ ဒီတစ်ခါတော့ ငါ့ကိုတကယ့်ဆေးရုံမှာ တင်ထားခဲ့ပုံပဲ။"
မက်ဒါနာက မျက်စိကစားကြည့်တော့ သူ့ရဲ့ကိုယ်ပိုင်တက်ပလက်ဖုန်းလေးကို ဆေးရုံကုတင်ဘေးစားပွဲမှာတွေ့ပြီး လှမ်းယူလိုက်တယ်။ ဖုန်းအနက်ရောင်မှန်ကနေတစ်ဆင့် သူရုပ်ဖျက်ထားတဲ့ ပေါ်လီယာနာရဲ့မျက်နှာကို မြင်နေရတယ်။
"နေပါဦး၊ ငါမေ့နေတုန်း သူတို့ရုပ်ဖျက်ထားပေးတယ်ဆိုပေမဲ့ မသိသာနေဘူးလား။" အဲဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး ဆရာဝန်ဝတ်စုံနဲ့လူတချို့နဲ့အတူ သူ့သူငယ်ချင်းတွေဝင်လာတယ်။ ဆရာဝန်က သူ့အခြေအနေကို စစ်ဆေးပြီးတဲ့နောက် အခုလိုမျိုး ကောက်ချက်ချပါတယ်။
"ဒဏ်ရာတွေပြန်ကျက်အောင် စောင့်ရဦးမှာဆိုပေမဲ့ တခြားတော့စိုးရိမ်စရာမရှိတော့ပါဘူး။ ဆေးရုံက ဆေးပညာမြူတန့်တွေက ဒဏ်ရာတွေမြန်မြန်ကျက်အောင် ကူညီပေးပါလိမ့်မယ်။"
နောက်တော့ ဆရာဝန်က သူတို့ချင်းစကားပြောရ လွတ်လပ်စေဖို့အတွက် ရှောင်ထွက်သွားတယ်။ ဖလေရာက မက်ဒါနာသူရုပ်ဖျက်ထားတာနဲ့ပတ်သက်ပြီး စိတ်ပူနေတဲ့အတွက် စိတ်ချရအောင် ပြောလိုက်တယ်။
"ဒီဆေးရုံက ဖရီးမေဆင်အသင်းရန်ပုံငွေနဲ့ထောင်ထားတာမလို့ ဘာမှမဖြစ်ဘူးလို့ ဂိုဏ်းမာစတာကိုယ်တိုင် လာပြောထားတယ်။"
မက်ဒါနာ မျက်လုံးကစားကြည့်လိုက်ပဲ တကယ်ပဲ သူ့သူငယ်ချင်းတွေနဲ့အတူ မေဆင်အသင်းဝတ်စုံနဲ့လူတစ်ယောက် အခန်းထဲမှာရှိနေတာကို သတိထားမိလိုက်ပါတယ်။ အဲဒီလူက ရှေ့ထွက်လာပြီး မက်ဒါနာကို ထုံးစံအတိုင်း ဦးညွှတ်လိုက်ပါတယ်။
"တွေ့ရတာဝမ်းသာပါတယ် မစ်မက်ဒါနာ။ ခင်ဗျားရဲ့အကူအညီက ကျုပ်တို့အသင်းအတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ နယူးယောက်မြို့တိုက်ပွဲကြောင့် ကျုပ်တို့ရန်သူရဲ့သရုပ်မှန်ကို သိခွင့်ရခဲ့ပါတယ်။"
ဝတ်ရုံနက်က လက်ဖျောက်တီးလိုက်တယ်။ သူ့လက်ထဲက တုတ်ကောက်က သရီးဒီပရိုဂျက်တာပုံရိပ်တွေကို စတင်ထုတ်လွှင့်ပေးပြီး အားလုံးနားလည်ရလွယ်အောင် ရှင်းပြတယ်။ "အခုဆိုရင် ပိုးကောင်အင်ပါယာရဲ့ကျူးကျော်မှုကို ကျုပ်တို့နဲ့အဆင့်တူအဖွဲ့တွေအကုန်လုံး သတိထားမိနေပါပြီ။ မေဆင်အသင်းက အခုငြိမ်းချမ်းရေးမဟာမိတ်နဲ့ လက်တွဲဖို့ဆုံးဖြတ်ထားပါတယ်။ လက်ရှိပိုးကောင်အင်ပါယာက အမေရိကန်အစိုးရရဲ့အစိတ်အပိုင်းတော်တော်များများကို ပိုင်စိုးထားပြီလို့ ကျုပ်တို့သတ်မှတ်ထားတဲ့အတွက် လူသားမဟာမိတ်က လက်ရှိကျုပ်တို့ရဲ့ရန်သူပါပဲ။ ကမ္ဘာတစ်ဝှမ်းက မေဆင်အဖွဲ့ဝင်တွေက လက်ရှိကမ္ဘာ့အစိုးရတွေထပ်ပြီး ပိုးကောင်တွေရဲ့လွှမ်းမိုးမှုမခံရဖို့အတွက် စကာကွယ်နေကြပါပြီ။"
မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ "လောလောဆယ် ဒီကမ္ဘာရဲ့အင်အားက ပိုးကောင်အင်ပါယာကို ရင်ဆိုင်ဖို့အတွက် အသင့်မဖြစ်သေးဘူး။ ဝဲလ်ဆင်က အစားထိုးခံရတာဟုတ်မဟုတ် ရှင်တို့သေချာသိပြီလား။"
ဝတ်ရုံနက်က ခေါင်းခါလိုက်တယ်။ "လက်ရှိသမ္မတရုံးနားက ပိုးကောင်ပိုက်နက်ဖြစ်နေပြီ။ ကျုပ်တို့လည်း ဝင်လို့်မရတော့ဘူး။ ဒါပေမဲ့ လက်ရှိဝဲလ်ဆင်က အစားထိုးခံထားရတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျုပ်တို့မစ်ရှင်က မပြောင်းပါဘူး။ မင်းသမီးအနေနဲ့ ကျောင်းသားတွေကို ဦးဆောင်ပါ၊ သမ္မတနဲ့တွေ့ခွင့်ရအောင်လုပ်ပါ။ ဒါပေမဲ့ မစ်ရှစ်ရည်မှန်းချက်ကတော့ ပြောင်းသွားပြီ။ ကျုပ်တို့က ဒီနည်းလမ်းကိုသုံးပြီး ပိုးကောင်စစ်တပ်ရဲ့ထိပ်သီးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ကြိုးစားမှာပါ။"
နားထောင်ရတာ ရူးမိုက်ရာကျပေမဲ့ သူတို့မှာ တခြားရွေးစရာမရှိသေးဘူး။ သားရဲလေးကောင် အင်အားကြီးတာမှန်ပေမဲ့ လက်ရှိတိုက်ပွဲရလဒ်တွေအရ သူတို့အင်အားက တန်းတူပါပဲ။ ပြီးတော့ လူသားတွေမှာက ပိုးကောင်ကျူးကျော်မှုကို ခုခံကာကွယ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတွေ ရှိမနေသေးပါဘူး။
"ငြိမ်းချမ်းရေးမဟာမိတ် မစ်ရှင်အဖွဲ့ခေါင်းဆောင် ဖရာလီတာဆီကနေ ကျုပ်တို့သိရသလောက်တော့ ကျုပ်တို့မှာ ပိုးကောင်အင်ပါယာရဲ့အင်အားပြည့် ကျူးကျော်မှုကို မခံရခင် သုံးနှစ်အချိန်ရမယ်လို့ သိရပါတယ်။ ကျေးဇူးပြုပြီး ရတဲ့အချိန်အတွင်းမှာ ကျုပ်တို့လူသားမြို့တွေကို ကာကွယ်ပေးနိုင်မယ့် စနစ်ကိုတီထွင်ပေးဖို့တောင်းဆိုပါတယ်။"
ဝတ်ရုံနက်က မက်ဒါနာရှေ့မှာ ဒူးထောက်လိုက်တဲ့အတွက် မက်ဒါနာဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ဘူး။ ဒါပေမဲ့ မက်ဒါနာစိတ်ထဲမှာ သိနေတာတစ်ခုတော့ရှိပါတယ်။ အခုအချိန်ကနေစပြီး အမေရိကန်က တိုင်းပြည်နှစ်ခုဖြစ်သွားပါပြီ။
"ပိုးကောင်တွေမှာ အစိုးရအဖွဲ့တစ်ခုလုံးရှိနေတာ ရှင်တို့ဘယ်လိုလုပ်မယ်စဥ်းစားထားလဲ။" မက်ဒါနာက အကဲစမ်းတဲ့အနေနဲ့ မေးလိုက်တယ်။ ဝတ်ရုံနက်က သူ့ကိုဒူးထောက်နေရင်းနဲ့ ရယ်မောလိုက်ပါတယ်။
"ကျုပ်တို့ပြည်နယ်အစိုးရတွေကို အကာအကွယ်ပေးနိုင်နေသမျှ ဝဲလ်ဆင်ရဲ့ဥပဒေနဲ့အမိန့်တွေက သုံးစားမရပါဘူး။ ဖက်ဒရယ်တရားရုံးနဲ့ပြည်နယ်အစိုးရတွေက ကျုပ်တို့ဘက်မှာရှိနေလိမ့်မယ်။ ပြီးတော့ နယူးယောက်က အတိုက်အခံနိုင်ငံအတွက် မြို့တော်ဖြစ်လာလိမ့်မယ်။"
တစ်နည်းအားဖြင့် အမေရိကန်က ပြည်တွင်းစစ်ဖြစ်နေပြီဆိုတာပါပဲ။ စစ်မြေပြင်မှာ လူကိုယ်တိုင်မတိုက်ကြသေးတာပဲ ရှိတာပါ။ငြိမ်းချမ်းရေးမဟာမိတ်နဲ့ဖရီးမေဆင်ဦးဆောင်တဲ့အဖွဲ့က နယူးယောက်မြို့ကိုအခိုင်အလုံပြုပြီးနေတော့မယ်။ ဝါရှင်တန်မှာတော့ ရုပ်ပြသမ္မတဝဲလ်ဆင်နဲ့ပိုးကောင်တွေဆက်ရှိနေပြီး နှစ်ဖက်လုံးက ကမ္ဘာ့စူပါပါဝါနိုင်ငံအပေါ် အလုံးစုံထိန်းချုပ်နိုင်ဖို့လုပ်တော့မှာပါ။
"မင်းသမီးသတိလစ်နေတဲ့ တစ်ပတ်အတွင်းမှာ ကျုပ်တို့အဖွဲ့က ရဲတပ်ဖွဲ့ကိုအစားထိုးတာနဲ့ မြူတန့်ဌာနစိတ်ကို နှင်ထုတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ကျုပ်တို့ချုပ်ကိုင်ထားတဲ့ အစိတ်အပိုင်းတွေက ပြည်ထောင်စုထဲမှာပါနေတာကြောင့် ကျောင်းသားတွေပထမရရင် ဝဲလ်ဆင်ကိုတိုက်ရိုက်ထွက်တွေ့ဖို့ တောင်းဆိုနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ရမှာပဲ။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ သူကတော့
ဝဲလ်ဆင်ထက်စာရင် ပိုးကောင်ဘုရင်မဖြစ်နေတဲ့ ဥစာကီနဲ့ တိုက်ရိုက်တွေ့ချင်ပါတယ်။ ဆိုးတာက သူတို့လူသားတွေက ပိုးကောင်အင်ပါယာနဲ့ တိုက်ရိုက်စစ်ပြေငြိမ်းဖို့ တောင်းဆိုရလောက်အောင် အင်အားမရှိတာပဲ။ "ဆိုဖီယာပြန်ရောက်လာရင်တော့ တစ်ခုခုထူးမလားတော့ မပြောတတ်ဘူး။ လောလောဆယ်တော့ ငါလည်းခံစစ်စနစ်တစ်ခု တည်ဆောက်ဖို့လိုနေပြီ။" မက်ဒါနာက တွေးလိုက်တယ်။
ဝတ်ရုံနက်ကတော့ အခန်းထဲကနေ ထွက်သွားတယ်။
ဖလေရာက ရှေ့တိုးလာတယ်။ ဒီတော့မှ မက်ဒါနာလည်း သူ့လက်ထဲမှာ ဇွန်ဘီမလေးကိုချီထားမှန်း သတိထားမိတော့တာ။
"ဒါနဲ့မက်ဒါနာရေ၊ ဒီချစ်စရာကောင်းတဲ့ ကောင်မလေးကို နင်တစ်ချိန်လုံး ဘယ်မှာဝှက်ထားတာလဲ။"
မက်ဒါနာလည်း လက်ထဲမှာ လိုလီပေါ့သကြားလုံးလေးကို ကိုင်ပြီးစားနေတဲ့ ဇွန်ဘီမလေးကိုကြည့်ပြီး ပြန်သတိရလာတယ်။ သူ့နဖူးကနေ ချွေးတွေတောင် စီးကျလာသေးတယ်။
"အဟားဟား၊ တကယ်တော့လေ ငါကောင်မလေးကို ကျောင်းမှာထူးဆန်းတဲ့ ကျောင်းသားတွေနဲ့တွေ့ပြီး တစ်ခုခုဖြစ်မှာစိုးတာနဲ့ ဝန်ထမ်းအဆောင် ရေခဲသေတ္တာထဲမှာ တစ်ချိန်လုံးပိတ်ထားခဲ့တာလေ။ မစ်ရှင်နေ့မှ ဟိုသုံးကောင်နဲ့ တွဲပေးလိုက်တာဆိုပေမဲ့ပေါ့။"
ဖလေရာက မက်ဒါနာကို သံသယနဲ့ကြည့်လိုက်ပါတယ်။ မက်ဒါနာပြောတဲ့စကားကို နည်းနည်းလေးမှ ယုံတဲ့ပုံမပေါ်ဘူး။ နောက်တော့ နှာမှုတ်လိုက်ပြီး အခုလို မှတ်ချက်ချလိုက်ပါတယ်။
"မက်ဒါနာရေ နင်က ထူးဆန်းတဲ့ကျောင်းသားတွေနဲ့တွေ့မှာစိုးလို့ ဝှက်ထားပေမဲ့ နင်က ညီမလေးကိုသူများတွေတွေ့မှာစိုးလို့ ဝှက်ထားတဲ့ ထူးဆန်းတဲ့ လိုလီကွန်းအစ်မကြီးနဲ့ ပိုတူမနေဘူးလား။"
"......" ဖလေရာရဲ့စကားကြောင့် မက်ဒါနာပြောစရာစကားမဲ့သွားတယ်။ ဒါပေမဲ့ သူက တခြားဆင်ခြေတစ်ခုကို တွေးမိသွားပြီး ပြောလိုက်ပါတယ်။
"တကယ်တော့ ဇွန်ဘီမလေးတစ်ယောက် ကျောင်းထဲမှာ လျှောက်သွားနေတာမြင်ရင် ကျောင်းသားတွေ ဇွန်ဘီကပ်ဘေးဖြစ်နေတယ်ထင်ပြီး ကောင်မလေးကို လိုက်ဒုက္ခပေးမှာစိုးလို့ပါ။"
ဒီတော့မှ ဖလေရာလည်း မက်ဒါနာကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတာကို ရပ်လိုက်ပြီး သက်ပြင်းချပါတယ်။ "ဒီလိုကျတော့လည်း အဓိပ္ပါယ်ရှိသားပဲ။"
နောက်ထပ်သူ့ကို စကားပြောဖို့ ရှေ့ထွက်လာတဲ့သူကတော့ ဖရက်ပါ။ ဖရက်က သူ့ဘောင်းဘီအိတ်ထဲကို နှိုက်လိုက်ပြီး လက်သီးလုံးလောက်ရှိတဲ့ အနက်ရောင် ကျောက်တုံးတစ်တုံးကို ထုတ်ပြလိုက်တယ်။
"မင်းသမီးလေး၊ ဒါက သစ်ဆွေးပိုးကောင်ရဲ့ဦးနောက်ထဲကနေ ကျန်ခဲ့တဲ့အရာပါ။ မင်းသမီးလေးအိပ်နေတုန်း ဖျက်ဆီးဖို့ကြိုးစားခဲ့သေးတယ်ဆိုပေမဲ့ တော်ရုံနဲ့ပျက်စီးမသွားခဲ့ဘူးလေ။ ဒါကြောင့် တစ်ခုခုထူးခြားမယ်ထင်လို့ သိမ်းထားတာပါ။"
မက်ဒါနာကလည်း အဲဒီကျောက်တုံးကို ဖရက်ဆီကနေ တောင်းပြီးတော့ အနီးကပ်လေ့လာကြည့်တယ်။ သာမန်ကျောက်တုံးတစ်တုံးနဲ့တူပေမဲ့ ဘာအခြစ်ရာလေးမှ ရှိမနေပါဘူး။ ဖရက်က ဒါကိုဖျက်ဆီးဖို့ကြိုးစားခဲ့သေးတယ်ဆိုတော့ ကျောက်တုံးရဲ့ခံနိုင်ရည်က ပုံမှန်မဟုတ်တာသေချာပါတယ်။
"အယ်၊ ဦးနောက်ထဲကနေ ထွက်လာတာဆိုတော့ သူတို့ရဲ့ဗီဇအသိဉာဏ်နဲ့များဆိုင်နေမလား။ မက်ဒါနာက မယ်လီပြောခဲ့တဲ့စကားတွေကို ပြန်သတိရသွားပြီး ပြောလိုက်တယ်။ ပိုးကောင်တွေမှာ အဲဒါမျိုးရှိတဲ့ပုံပဲ။"
"ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။ ဟိုပိုးဟပ်သုံးကောင်ကို စစ်မေးလိုက်ရမလား။" ဖရက်က ခပ်တည်တည်ပုံစံနဲ့ ပိုးဟပ်တွေကို တကယ်သွားနှိပ်စက်တော့မယ့်လေသံနဲ့ ပြောလိုက်ပါတယ်။ မက်ဒါနာကလည်း ဒီကိစ္စကို သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
"ဟုတ်သားပဲ၊ သူတို့ပဲ ပိုးကောင်တွေကိစ္စကို ပိုသိနိုင်မှာ။ ကြည့်ရတာတော့ အခုကနေစပြီး လူသားမျိုးနွယ်ကို ကာကွယ်နိုင်ဖို့အတွက် ငါအလုပ်များတော့မယ်နဲ့တူတယ်။"
အခုဆိုရင် မက်ဒါနာအနေနဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်တဲ့ ဝတ်စုံတစ်စုံအပြင် တိုက်ပွဲမှာမပါဝင်နိုင်တဲ့ ပြည်သူတွေကို ထိထိရောက်ရောက်ကာကွယ်ဖို့နည်းလမ်းကိုပါ ရှာဖို့လိုအပ်လာပါပြီ။ မက်ဒါနာက ကုတင်ပေါ်ကနေ ယောင်ပြီးဆင်းဖို့ကြိုးစားလိုက်ပေမဲ့ သူ့ဒူးတွေ လှုပ်ရှားလို့မရတာတွေ့တော့မှ အကူမပါဘဲ လမ်းလျှောက်လို့မရသေးတဲ့အကြောင်း သတိရလာပါတယ်။
"မမလေး၊ ကျွန်မကူညီပေးပါ့မယ်။" အေမီက ရှေ့ထွက်လာပြီး မက်ဒါနာကို ဝှီးချဲပေါ်တင်ပေးတယ်။ ဒဏ်ရာတွေက ပြန်မကျက်သေးပေမဲ့ မက်ဒါနာက တစ်ချိန်လုံး အိပ်ရာပေါ်မှာ လဲမနေချင်သေးပါဘူး။
"ဒါနဲ့ ငါသတိမေ့နေတုန်း ဖရာလီတာတို့ဘက်မှာရော ဘာထူးသေးလဲ။" မက်ဒါနာရဲ့စကားကြောင့် ဖရက်က ပြောလိုက်တယ်။
"ဖရာလီတာရဲ့အဖွားနဂါးပြာနဲ့ ကိုင်းတိုတို့ကိစ္စတစ်ခုကို အကြီးအကျယ်ဆွေးနွေးနေပြီလို့ပြောပါတယ်။ လီဆာကလည်း အခု S- rankစွမ်းအားကိုထုတ်ဖော်နိုင်နေပြီလို့ပြောပါတယ်။ သူတို့ဘာဆွေးနွေးနေလဲ အသေးစိတ်တော့ မသိပါဘူး။"
"ငါတို့ကျောင်းကရော..."
"ဟုတ်ကဲ့၊ ဒီတစ်ပတ်မှာလည်း အေမီနဲ့ဆရာမဘရီဆာက လက်တွေ့တိုက်ပွဲသင်ခန်းစာကို လေ့ကျင့်ပေးခဲ့ပြီး ကျောင်းသားတချို့သိသိသာသာတိုးတက်လာပါတယ်။"