← Chapters

အစစ်အမှန် တိုက်ပွဲ

Vol. 1 Ch. 5

အစစ်အမှန် တိုက်ပွဲ

Vol. 1 Ch. 5

လေပြည်ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်နဲ့ ဓားသဘောသဘာဝကို ဖမ်းဆုပ်နိုင်ပြီးနောက် အစွန်းရောက် ဓားသိုင်းကို လေ့ကျင့်ရသည်မှာ လီဖူချန်းအတွက် တော်တော်လေး လွယ်ကူ သွားခဲ့သည်။ သူက အစွန်းရောက် ဓားသိုင်းကို ကိုးရက်တည်းနဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်။

အစွန်းရောက် ဓားသိုင်းရဲ့ ပြင်းထန်မှု အစွမ်းကတော့ သြချရလောက်တယ်။ ဓားတစ်ချက် ထုတ်လိုက်တာနဲ့ လူနှစ်ယောက် ဖက်ရလောက်အောင် ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ကို နှစ်ပိုင်းပြတ် သွားစေတယ်လေ။

ဒီဓားသိုင်းရဲ့ ပြင်းထန်မှုကို လေပြည်ဓားသိုင်းရဲ့ နှစ်ဆလောက် ရှိတာဖြစ်သည်။

လေပွေမုန်သိုင်း ခြေကန်ချက်နဲ့ လေပြည်ဓားသိုင်းက သဘာဝအားဖြင့်တော့ တူညီတာ ဖြစ်တယ်။ သိုင်းနှစ်ခုစလုံးက လေဓာတ်ကို အထူးပြုတာ ဖြစ်သည်။ ဒီခြေသိုင်းကိုတော့ သုံးရက်တည်းနဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို လေ့ကျင့်နိုင်ခဲ့တယ်။

“ငါ တကယ့် တိုက်ပွဲစစ်စစ်နဲ့ လေ့ကျင့်ဖို့ အချိန်ကျပြီထင်တယ်”

ကျင့်ကြံခြင်း၊ နည်းစနစ်နဲ့ သိုင်းပညာရပ် တွေဟာ သိုင်းသမား တစ်ယောက်ရဲ့ အခြေခံတွေ ဖြစ်သည်။ လူနှစ်ယောက်ရဲ့ အခြေခံတွေက ညီမျှနေပြီး လက်ညီနေတဲ့အခါ ကျရင်တော့ တကယ့်တိုက်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံတွေက စကားပြောလာမှာ ဖြစ်သည်။

ငယ်ရွယ်စဉ် အချိန်ကတည်းက အခုထက်ထိ လီဖူချန်းက တကယ့် သေရေးရှင်ရေး တိုက်ပွဲတွေကို တစ်ခါမှ မတိုက်ခိုက် ဖူးသေးဘူး။ ဒါကြောင့် သူဟာ သူ့အာနည်းချက်က ဒါပဲဖြစ်မယ် ဆိုတာကို သဘောပေါက်သည်။

ထို့ကြောင့် သူ့သံမဏိဓားကို ခါးမှာ ချိတ်ဆွဲပြီး မြူခိုး တောင်တန်းတွေ ရှိရာကို ထွက်လာခဲ့လိုက်သည်။

***

မြူခိုးတောင်ဟာ ဧရိယာ အတော်လေး ကျယ်ဝန်းတဲ့တောင် ဖြစ်သည်။ အဲဒီတောင်ရဲ့ နာမည်ဟာ ယုံဝူး( မြူခိုး) မြို့ကြောင့် ဖြစ်လာတာတော့ မဟုတ်ပါဘူး။ မြူခိုးတောင်တန်း နားမှာ အခြေချ နေထိုင်တဲ့ လူတွေက ယုံဝူးကလူတွေဟုခေါ်ဝေါ်ကြရင်းနဲ့ အချိန် ကြာညောင်း လာတဲ့အခါမှာ ယုံဝူးမြို့ ဖြစ်တည်လာတာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဒီတောင် ကြီးကြောင့် ယုံဝူး မြို့ဆိုတဲ့ အမည်တွင် လာရတာ ဖြစ်သည်။

ဒီနှင်းတွေ တဖွဲဖွဲကျနေတဲ့ တောင်တန်း တစ်လျှောက်ကိုတော့ အန္တရာယ် ကြီးလွန်းတဲ့ မိစ္ဆာ သားရဲတွေက ကြီးစိုးနေကြတာ ဖြစ်သည်။ တချို့နေရာတွေမှာ ဆိုရင် တကယ့်နတ်ဆိုး စစ်စစ်တွေနေ ထိုင်ကျတယ်။

အဆင့်တစ် အမျိုးအစား မိစ္ဆာ သားရဲတွေနှင့် နတ်ဆိုးတွေက လူသား နယ်ပယ်အဆင့်က စစ်သည်တော်များနဲ့ အဆင့်ချင်း တူညီကြတယ်။

တောင်ရဲ့ အလည်ဗဟို ဧရိယာကို နီးကပ်လာရင်တော့ အဆင့်နှစ် အမျိုးအစား မိစ္ဆာသားရဲတွေနဲ့ နတ်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်။ အဆင့်နှစ် အမျိုးအစား သားရဲတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်က စစ်သည်တော် တွေနဲ့ အဆင့်ချင်း တူညီကျတယ်။ အဆင့်နှစ် အထွတ်အထိပ် မိစ္ဆာသားရဲ တစ်ကောင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်ကိုးက စစ်သည်တော်တွေနဲ့ ဆယ်ခါတိုက်ခိုက်ရင် ကိုးခါလောက် အနိုင် ရနိုင်တာဖြစ်တယ်။

လီဖူချန်းက သူ့အသက်ကို အလဟဿအဆုံးရှုံး ခံဖို့ အစီအစဉ် မရှိတာ ဖြစ်တဲ့အတွက် အဆင့်တစ် မိစ္ဆာသားရဲတွေ ကျက်စားတဲ့ ဝန်းကျင်နားမှာပဲ လေ့ကျင့်ဖို့ အစီအစဉ် ချထားတယ်။

တောတွင်း တစ်လျှောက် လမ်းတွေကတော့ ယိုယွင်း ပျက်စီးနေသည်။ ထို လမ်းတစ်လျှောက် ကိုတော့ လီဖူချန်းက သူ့ရဲ့လေပွေ မုန်တိုင်း ခြေသိုင်းကို လေ့ကျင့်ရင်း ဖြတ်ကျော် လာခဲ့တယ်။

ဒါက သူ့အတွက်တော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်သလိုပဲလေ။ အချိန် နှစ်နာရီကြာပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မြူခိုးတောင်တန်း အစပ်ကို ရောက်လာခဲ့သည်။

“မြူခိုးတောင်က ကြားဖူးတဲ့ အတိုင်းပဲ အန္တရာယ်တော့ များမယ့်ပုံပဲဟ"

အန္တရာယ်ရှိသည့် နယ်မြေကို ရောက်လာပြီ ဖြစ်သည့်အတွက် လီဖူချန်းက သတိကြီးကြီးထားပြီး ခရီးဆက်နေသည်။

ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည့်အတွက် လီဖူချန်းရဲ့ တစ်ကိုယ်လုံး ကြက်သီး ထသွားတယ်။

“ရွှစ်"

သစ်ပင်တစ်ပင်ရဲ့အောက်က အစိမ်းရောင် အရိပ်တစ်ခုက မြားတစ်စင်း ပစ်လိုက်သလို သူ့ဆီကို တိုးဝင်လာတာကို မြင်လိုက်ရတယ်။ တကယ့်အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ သူ့ခန္ဓာကိုယ်က အလိုက်သင့် လှုပ်ရှားသွားပြီး အစိမ်းရောင် အရိပ်ကိုဖမ်းကိုင် ထားလိုက်တယ်။

အဲအစိမ်းရောင် အရိပ်က မြွေတစ်ကောင် ဖြစ်နေပြီး သူ့ရဲ့ ဦးခေါင်းက လီဖူချန်းရဲ့ လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းကို ခံထားရသည်။

အဆင့် တစ် အမျိုးအစား အဆင့်နိမ့်မိစ္ဆာသားရဲ အမြီးစိမ်း မြွေ။ သူ့ရဲ့ ခွန်အားက လူသားနယ်ပယ် အဆင့်တစ်က စစ်သည်တော်တွေ ကိုတောင် မယှဉ်နိုင်ပေမဲ့လည်း သူ့ရဲ့အဆိပ်ကတော့ လူသားနယ်ပယ် အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်က စစ်သည်တော်တွေ ကိုတောင် တုန်းခနဲ လဲကျသေဆုံး သွားစေနိုင်တယ်။

“မြူခိုးတောင်တန်း ဆိုတာ တကယ့် အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ"

လီဖူချန်းက သတိကြီးကြီးထားပြီး အရှေ့ကို ဆက်သွားလိုက်သည်။ သူ့ရဲ့ အာရုံ ငါးပါးစလုံးကို အသုံးပြုလိုက်ပြီး သူ့အတွင်းအားတွေ ကိုလည်း တစ်ကိုယ်လုံးကို ဖြန့်ကြက် ထားလိုက်သည်။ မြက်ပင်လေးတစ်စ လှုပ်သွားတာကိုတောင် သူက အာရုံ ခံစားနေနိုင်ပြီဖြစ်သည်။

"ဟင် ဒါက ဆေးဖက်ဝင် အပင်ပဲ"

လီဖူချန်းက သူ့ရဲ့ အမြင်အာရုံကို ပို အားစိုက်လိုက်တဲ့အခါ မနီးမဝေးက တောင်ကုန်းလေး တစ်ခုပေါ်မှာ ပန်းပင်သေးသေးလေး တစ်ခုကို တွေ့လိုက်ရတယ်။ အဲအပင်က နဂါးသွဲ့ နှင်းစက်ပင်ဟု ခေါ်ပြီး ရွှေပြား နှစ်ထောင် တန်ဖိုးရှိတာ ဖြစ်သည်။ ရွှေပြားနှစ်ထောင် ဆိုတာ နည်းတဲ့ တန်ဖိုး မဟုတ်ဘူးလေ။

ရွှေပြား တစ်ပြားက ငွေပြား ဆယ်ပြား ဒါမှမယုတ် ကြေးပြား တစ်ထောင်နဲ့ တန်ဖိုးချင်း ညီတယ်။ ယုံဝူးမြို့က သာမန်အိမ်ထောင်စု တစ်စုရဲ့ တစ်နှစ်ပတ်လုံး ဝင်ငွေကရွှေပြား ဆယ်ပြားပဲ ရှိတာလေ။ လီဖူချန်းက ကလန် ခေါင်းဆောင်ရဲ့ သားဖြစ်ပေမဲ့ သူ့ရဲ့ တစ်လစာ အသုံးစရိတ်က ရွှေပြား ဆယ်ပြားပဲ ဖြစ်သည်။ လီဖူချန်းက နဂါးသွဲ့ နှင်းစက် ပန်းပင်ကို အမြစ်ပါမကျန် တူးယူလိုက်ပြီး ကျောက်စိမ်းသေတ္တာလေး တစ်ခုထဲမှာ သိမ်းထား လိုက်တယ်။ ဒီကျောက်စိမ်း သေတ္တာလေးက ငွေပြားဆယ်ပြားလောက်ပဲ တန်ပေမဲ့ ဒီဆေးပင်ကို မညှိုးနွမ်းသွားအောင် ထိန်းသိမ်း ထားနိုင်တယ်။

***

အချိန်တွေ ကြာလာတာနဲ့အမျှ ဆက်သွားစရာ လမ်းမရှိတော့သည့် အတွက် လီဖူချန်းက သစ်ပင်တွေပေါ်ကနေ ခရီးဆက်နေရတယ်။ သူက သစ်ပင်ကြီး တစ်ပင်ရဲ့ ထိပ်ဆုံးပေါ်ကို တက်လိုက်ပြီး ရှေ့ဆက်သွားမယ့် ခရီး လမ်းကြောင်းကို ရှာဖွေလိုက်သည်။ လီဖူချန်း တက်နေသည့် သစ်ပင်ကြီးနှင့် မနီးမဝေး ချုံပုတ် တစ်ခုရဲ့ အနောက်မှာ ရက်စက်ကြမ်းကြုတ်ပုံ ပေါ်သည့် သားရဲကြီး တစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထို မိစ္ဆာ သားရဲကြီးက ညိုညစ်ညစ် အရောင်ရှိနေပြီး သူ့အမြီးကနေ ခေါင်းအထိ ဆိုရင် နှစ်မီတာခွဲလောက် ရှည်တယ်။ သူ့မျက်လုံးတွေက သွေးအေးပြီး ရက်စက်တတ်သည့်ပုံ ရှိသည်။

အဲဒီကောင်က အဆင့်တစ် မိစ္ဆာသားရဲဖြစ်သည့် သံမဏိအရိုး ခွေးအပင်ဖြစ်သည်။ လူသားနယ်ပယ် အဆင့်ငါးက စစ်သည်တော်တွေနှင့် ခွန်အားချင်း ညီပြီး သူ့ရဲ့ အားနည်းချက် နေရာတွေကိုသာ ထိအောင် မတိုက်ခိုက်နိုင်ပါက လူသားနယ်ပယ် အဆင့်ခြောက်က စစ်သည်တော်တွေတောင် အသေသတ်ဖို့ မလွယ်ကူတဲ့ သားရဲတစ်ကောင် ဖြစ်တယ်။

“ဒါက တကယ့် သံမဏိအရိုး ခွေးအကြီးဟ"

လီဖူချန်းက နဖူးတွန့် သွားတယ်။ ဒီ သံမဏိ အရိုး ခွေးအကို သတ်ဖြတ်ရတာက သူ့အတွက် အလွန် လက်ဝင်မှာဖြစ်သည်။ ဒါကြောင့် စိတ်မသက်မသာ ခံစားနေရတယ်။ ခွေးအကလည်း လီဖူချန်းရှိနေတာကို သတိပြုမိသွားပြီး သူရှိနေသည့်နေရာကို ရန်လိုသည့် အကြည့်တွေဖြင့် လှမ်းကြည့်နေသည်။

ကလေးတစ်ယောက် အော်ငိုနေသလို စူးစူးရှရှ အူလိုက်ပြီး သံမဏိအရိုး ခွေးအကြီးက လီဖူချန်း ရှိနေသည့် သစ်ပင်ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာပြီး သစ်ပင်ကြီးကို လက်သည်းဖြင့် ပုတ်လိုက်လေသည်။

“ဘန်း"

သစ်ပင်ကြီးက တုန်ခါသွားပြီး သစ်ရွက်တွေကလည်း တဖြုတ်ဖြုတ် ကြွေကျ လာလေသည်။ လီဖူချန်းကလည်း ကိုယ်နေဟန်ထား ပျက်သွားပြီး သစ်ပင်အောက်သို့ ပြုတ်ကျသွားတယ်။

“ငါ-ိုးမ စောက်ခွေးအ"

လီဖူချန်းက ဒီ သံမဏိအရိုး ခွေးအရဲ့ တိုက်ခိုက်မှုက ဒီလောက် မြန်လိမ့်မယ် မထင်ထားတဲ့ အတွက် ဘာမှ ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားခဲ့ပေ။ ဒါပေမဲ့ သူက လျင်မြန်စွာနဲ့ပဲ သစ်ကိုင်းတွေကို ဖမ်းဆုပ်ပြီး ပြုတ်ကျတဲ့ အရှိန်ကို လျော့နည်းအောင် လုပ်လိုက်တယ်။

သံမဏိ အရိုးခွေးအကလည်း တစ်ချက် မာန်ဖီလိုက်ပြီး လေထဲကို ခုန်တက်လာပြီး လီဖူချန်းကို ခုန်အုပ်လိုက်တယ်။

“အောက်ပြန်ဆင်းစမ်း"

လက်တစ်ဖက်က သစ်ကိုင်းကို ဆုပ်ကိုင်ထားရင်းနဲ့ ကျန်လက်တစ်ဖက်က ဓားကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းက ခွေးအကြီးရဲ့ခေါင်းကို ခုတ်ချလိုက်တယ်။ ကြောက်စရာ ကောင်းလှတဲ့ အသံကြီးက ထွက်ပေါ်လာခဲ့တယ်။

ဓားချက်က ခွေးအကြီးရဲ့ မျက်နှာကို ထိသွားပြီး ဒဏ်ရာ ဖြစ်သွားစေခဲ့တယ်။ ဒါပေမဲ့ ခွေးအကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားစေလောက်တဲ့ အထိတော့ မဖြစ်စေခဲ့ဘူး။ ဒါပေမဲ့ လီဖူချန်းကို ခုန်အုပ်လိုက်တဲ့ သူ့ရဲ့ အရှိန်ကိုတော့ လျော့ကျ သွားစေခဲ့တယ်။

ယိမ်းခါနေတဲ့ သစ်ကိုင်းကို အားယူပြီး လီဖူချန်းက လက်မောင်းလောက် တုတ်သည့် သစ်ကိုင်း တစ်ခုပေါ်သို့ ခုန်တက်ပြီး မတ်တတ် ရပ်လိုက်သည်။ ဒီတစ်ကြိမ် မှာတော့ သူကသစ်ပင်ကို သေသေချာချာ ကိုင်ထားလိုက်တယ်။ ဒါမှ နောက်တစ်ခါ မပြုတ်ကျတော့မှာလေ။

“ဘန်း ဘန်းဘန်း"

သံမဏိ အရိုး ခွေးအက သစ်ပင်ကြီးကို တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ပင်စည်တစ်ခုလုံး တုန်ခါနေပြီး အမြစ်တွေ ကျွတ်ထွက်လာတဲ့အသံ ကို လီဖူချန်းက ကောင်းကောင်းကြီး ကြားနေရသည်။

နောက်ထပ် အနည်းငယ် ထပ်တိုက်တာ ခံလိုက်ရတာနဲ့ ဒီသစ်ပင်ကြီးက လှဲပြို သွားတော့မှာဖြစ်တယ်။

“မင်းက ဒီလောက် သေချင်မှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့ကွာ။

ငါ့ဓားက အလှပြဖို့ ချိတ်ထားတာ မဟုတ်ဘူးကွ"

လီဖူချန်းက ဓားကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ခွေးအကြီးဆီကို သစ်ပင်ပေါ်မှ ဇောက်ထိုး ဆင်းသွားပြီး တိုက်ခိုက် လိုက်လေသည်။ ခွေးအကြီးကလည်း တိုက်ပွဲ အတွေ့အကြုံ အတော်များသည့်ပုံပင်။ လီဖူချန်းရဲ့ဓားချက်ကို သူ့ရဲ့ လက်သည်းဖြင့် ပုတ်ထုတ် လိုက်လေသည်။ သို့ပေမဲ့ လီဖူချန်းရဲ့ မျက်စိထဲမှာ ခွေးအကြီးရဲ့ လှုပ်ရှားမှုတွေကို ကောင်းကင်ကနေ ကြည့်နေရသည့် အတိုင်း ရှင်းရှင်း လင်းလင်း မြင်နေရပြီး ဟာကွက်တွေကို တွေ့နေရလေသည်။

လီဖူချန်းက လေထဲမှာ တစ်ပတ်လည်အောင် လှည့်လိုက်ပြီး ရှောင်တိမ်း လိုက်တယ်။ ထို့နောက် ခွေးအကြီး၏ ညာဘက်နံစောင်းမှ တတိယမြောက် အရိုးနှင့် စတုတ္ထမြောက် အရိုးကြားထဲက နေရာလွတ်ကို ဓားဖြင့် ထိုးစိုက်လိုက်လေသည်။ ဓားသွားက နံရိုးကြားထဲ စိုက်ဝင်သွားပြီး အဆုတ်ကို ထိသွားသဖြင့် သွေးစိမ်းရှင်တွေက ရေပန်းအလား ပန်းထွက် လာလေသည်။ ဒါပေမဲ့ သူကခွေးအကြီး ရဲ့ ပြန်လည် တုံ့ပြန်နိုင်စွမ်းကို လျှော့တွက် ထားခဲ့လေသည်။ ခွေးအကြီးက သေလုနီးပါး ဒဏ်ရာ ရသွားသော်လည်း မသေသွားပဲနဲ့ သူ့ရဲ့လက်သည်းနဲ့ လီဖူချန်းကို ပြန်တိုက်ခိုက် ခဲ့သေးတယ်။

လီဖူချန်းက မထင်မှတ်ထားတဲ့ အတွက် အသည်းအသန် မြေပြင်ပေါ်မှာ လူးလိမ့်ပြီး ရှောင်လိုက်ရတယ်။ ထို့နောက် အလျင်အမြန် ခုန်ထလိုက်ပြီး “လေပြည်ဓားသိုင်း တတိယအကွက် ပန်းသတင်း လေညင်းဆောင်"

“ရွှမ်း"

သူ့လက်ထဲဓားက အရောင်တစ်ချက် လက်သွားပြီးနောက် ဦးခေါင်းတစ်လုံးက မြေပြင်ပေါ်ကို ပြူတ်ကျလာခဲ့တယ်။

***

ခွေးအကြီးကို သုတ်သင်ပြီး သွားတဲ့နောက်မှာတော့ လီဖူချန်းက ထိုနေရာမှာပင် ငြိမ်သက်နေပြီး ဒီတိုက်ပွဲမှာ သူဘယ်နေရာတွေ လိုအပ်သလည်း ဆိုတာကို ဆင်ခြင် သုံးသပ်နေတယ်။

ပထမဆုံး အချက်အနေနဲ့ သူက ရန်သူကို အနည်းငယ် ကြောက်ရွံနေခဲ့ပြီး သူ့ရဲ့ ဓားချက်ကို သူ ယုံကြည်မှု လွန်ကဲနေခဲ့တာကို သတိပြုမိတယ်။ ဒုတိယ အချက်အနေနဲ့ အသက်လု တိုက်ပွဲတွေမှာ ရန်သူကို သေအောင် အမြစ်ပြတ် တိုက်ခိုက်ရမယ် ဆိုတာပဲ။

သူ့အသိစိတ်ထဲက ရွှေရောင်အဆောင် လက်ဖွဲ့က သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲ စေခဲ့တယ်ဆိုရင်

ဒီတိုက်ပွဲက ရန်သူက ဘယ်လောက် ကြောက်စရာ ကောင်းနေပါစေ။ ကိုယ်တိုင်က မကြောက်မရွံ့နဲ့ ပြန်တိုက်ခိုက်မယ် ဆိုရင် နိုင်ဖို့ နည်းလမ်း ရှိတယ်ဆိုတဲ့ သင်ခန်းစာကို ပေးခဲ့တာပဲ။

***

All Chapters