အခန်း(၇)
Vol. 1 Ch. 7
လီရှောင်ထန်က တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ပဲ လက်ကောက်ကို လက်လွှတ် လိုက်ရတယ်။ လီဖူချန်းက ဒေါသထွက်သွားပြီး လက်ပိုင်ရှင် ဘယ်သူလဲ ဆိုတာကို မော့ကြည့်လိုက်တယ်။
“ကောင်း မိန်"
သူ့ရဲ့ မြင်ကွင်းထဲကိုတော့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အပျိုဖော်ဝင်စ မိန်းမချောလေး တစ်ယောက်က ရောက်လာခဲ့တယ်။ ရုတ်တရက် ကြည့်လိုက်ရင် ကောင်းရှုနဲ့ အတော်လေး ဆင်တူနေတာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကြားမှာ မတူညီတဲ့ မာန လေးတွေ ရှိနေတာကြောင့် ခွဲခြားလို့ လွယ်ကူပါတယ်။ ဒီအနီရောင်ဝတ်စုံနဲ့ ကောင်မလေးက နှစ်လိုဖွယ် ရုပ်အဆင်းရှိပေမဲ့ မျက်လုံးတွေကတော့ မာယာများပြီး ကလိမ်ကျမယ့် ပုံပေါ်နေတယ်။
“ကောင်းမိန် ဒီလက်ကောက်လေးကို အစ်ကိုတို့က ဝယ်ပြီး သွားပြီလေ။ ဒီညီမလေးကို ပြန်ပေးလိုက်ပါလား” လီဖူချန်းက လေသံ နူးနူးညံ့ညံ့နဲ့ တောင်းဆိုလိုက်တယ်။ ဒီလက်ကောက်လေးက ကောင်းမိန် အတွက်ဆိုရင် သာမန် လက်ဝတ်ရတနာထက် မပိုပေမဲ့ လီရှောင်ထန် အတွက်ကတော့ ဒီလက်ကောက်လေးက လက်ဝတ်ရတနာ ဆိုတာထက် ပိုတယ် ဆိုတာကို သူသိတယ်လေ။
ကောင်းမိန်ကတော့ တစ်ချက် ကလေးတောင် မစဉ်းစားပဲ လီဖူချန်းရဲ့ တောင်းဆိုချက်ကို ငြင်းလိုက်တယ်။
“ဒီဟာကို ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ။ မင်းတို့ ဝယ်ခဲ့တာထက် ငါပိုပေးလိုက်မယ်လေ။
ဘယ်လိုလဲ ရမလား။ မင်းတို့ လီကလန်ကငွေဆို အရမ်းမက်တယ် မလား"
“ငါတို့ လီကလန်က ငွေ မက်တယ်"
လီဖူချန်းက အလွန်စိတ်ဆိုးဒေါသ ထွက်သွားတယ်။
"ဒီစက်ဆုပ်စရာ ကောင်းတဲ့ ကောင်းကလန်က လူတွေကတော့ကွာ”
ကောင်းကလန်ဟာ စေ့စပ်ပွဲ ဖျက်သိမ်းတုန်းကလည်း လူတွေက ကောင်းကလန်ကို ကတိပျက်တယ်လို့ သွားပုပ်လေလွင့် ပြောမှာစိုးလို့ လီကလန်က သူတို့ပေးတဲ့ မင်္ဂလာလက်ဖွဲ့ကို မတင်းတိမ်ပဲ လောဘကြီးပြီး ဒီပိုလိုချင်နေလို့ စေ့စပ်ပွဲ ဖျက်သိမ်း လိုက်ရတယ်လို့ ကောလာဟလ လွှင့်ခဲ့သေးတယ်။ ဒီ ကောလာဟလကြောင့် လီကလန်ကလူတွေကို လောဘကြီးတဲ့လူတွေဟု လူအများက သတ်မှတ်ခဲ့ကြသည်။
“ငါဒီတစ်ခါပဲ မင်းကို ထပ်ပြောတော့မယ်။ လက်ကောက်ကို ပြန်ပေးခဲ့စမ်း" သူ့ရဲ့ လေသံက အရမ်းကို ခက်ထန်နေသည်။
သူ့ရဲ့လေသံထဲမှာ အတွင်းအား တချို့ကို ပေါင်းထည့်လိုက်တာ ဖြစ်တဲ့အတွက် ကောင်းမိန်က ကြောင်အအဖြစ်သွားပြီး လက်ကောက်က မြေပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
လီဖူချန်းက သူ့ခြေထောက်ကို ဆန့်လိုက်ပြီး လက်ကောက်ကို ချိတ်ယူလိုက်ကာ လီရှောင်ထန်ဘက်ကို မတင်ပေးလိုက်သည်။
"လီဖူချန်း။ ဝက်လိုကောင်။ မင်းက ငါ့ကို ရန်စရဲတယ်ပေါ့"
ကောင်းမိန်က အော်လိုက်သည်။
“သွားစို့ ရှောင်ထန်”
လီဖူချန်းက ကောင်းမိန်ကို အရေးမလုပ်ပဲ လီရှောင်ထန်ကို ထွက်ပေါက်ကို ခေါ်သွားလိုက်သည်။
“အဲဒီမှာ ရပ်လိုက်စမ်း"
ကောင်းမိန်က လီဖူးချန်းတို့ နောက်က လိုက်လာပြီး လမ်းပေါ် အရောက်မှာ အရှေ့ကနေ ပိတ်ရပ်လိုက်ပြီး လက်ဝါးဖြင့် လီဖူချန်းကို ရိုက်ချလိုက်သည်။ ကောင်းမိန်းရဲ့ပါရမီက သိပ်တော့မဆိုးဘူး။
လူသားနယ်ပယ် အဆင့်လေးကို ရောက်နေသူဖြစ်သလို သူမတို့ ကောင်းမိသားစု၏ ဖယောင်းလက်ဝါးဖြင့်ပါ ပေါင်းစပ် တိုက်ခိုက်လိုက်သောအခါ လီဖူချန်းကို ကောင်းကောင်း ယှဉ်နိုင်မယ်လို့ သူမက ထင်နေခဲ့တယ်။ သူမက လီဖူချန်းက သူ့ရဲ့ပါရမီတွေ ပြန်ရလာပြီ ဆိုတာကို သိပြီးသား ဖြစ်သည်လေ။
လီဖူချန်းကလည်း အလျင်အမြန် ခုခံလိုက်သည်။
“ဘန်း"
ကောင်းမိန်က အနောက်ကို တော်တော်များများ ဆုတ်သွားရပြီး ဟန်ချက်ပျက်ကာ နောက်သို့ လဲကျတော့မလို ဖြစ်သွားသည်။ သူမ လဲကျဖို့ သီသီလေးသာ လိုတော့သည့် အချိန်မှာတော့ လက်တစ်ဖက်က ရုတ်တရက် ပေါ်လာပြီး သူမကို အနောက်ကနေ ဟန်ချက်ညီအောင် ထိန်းသိမ်း လိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ ကောင်းမိန်လေး" သူမရဲ့ အနောက်နားမှာတော့ လီဖူချန်းနဲ့ ရွယ်တူလောက်ရှိသည့် ယောက်ျားလေး တစ်ယောက်က ရပ်နေသည်။ သူ့မှာ ယောက်ျားပီသတဲ့ ရုပ်ရည် ရှိသော်လည်း မျက်နှာတစ်ခုလုံးက မောက်မာမှု အပြည့်ရှိနေသည်။
“အစ်ကိုကြီးချီ ဒီကောင် ညီမရဲ့ လက်ကောက်လေးကို ခိုးသွားလို့" ထိုယောက်ျားပျိုကို မြင်လိုက်တာနဲ့ ကောင်းမိန်က ဝမ်းသာအားရ ဖြစ်သွားပြီး လှမ်းတိုင် လိုက်သည်။
ထို့နောက် ထိုလူငယ်က လီဖူရှင်းကို နှာခေါင်းရှုံ့လိုက်ပြီး “ယောက်ျား တစ်ယောက်ဖြစ်ပြီး မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်ရဲတယ်။ လီကလန်က ဘယ်လိုလုပ် မင်းလို စပ်ဆုပ်စရာ ကောင်းတဲ့ သူတစ်ယောက်ကို မွေးထုတ် လိုက်တာလဲ။ မင်းအရှက်တရားတော့ ရှိသင့်တယ်”
“ယန်ချီ မင်းပါးစပ်က ပေါက်ပန်းလေးဆယ်တွေ မပြောခင် ကျေးဇူးပြုပြီး အမှန်တရားကို တစ်ခါလောက် မေးမြန်းကြည့်ပါဦးလား"
လီဖူချန်းက ရန်ကို ရန်နဲ့ပဲ တုံ့ပြန်လိုက်တယ်။ ယန်ချီက ယန်ကလန်ရဲ့ တိုက်ရိုက် မျိုးဆက် ဖြစ်တယ်။ အသက် ဆယ့်ခြောက်နှစ် ဖြစ်ပြီး လူသား နယ်ပယ်အဆင့်ခြောက် ရောက်နေပြီးပြီ။ ယန်ကလန်ရဲ့ ပါရမီရှင် လေးယောက်ထဲက တစ်ယောက်ဖြစ်တယ်။
“အစ်ကိုကြီး ဖူချန်း။ သူတို့နဲ့ စကားမများနေနဲ့တော့။ ညီမလေးလည်း ဒီလက်ကောက်ကို မလိုချင်တော့ပါဘူး"
လီရှောင် ထန်လေးက လီဖူချန်းရဲ့ အင်္ကျီလက်ကို အနောက်ကနေ ဖြည်းဖြည်းလေး ဆွဲလိုက်ပြီး ပြောလိုက်တယ်။ သူမက ယန်ချီရဲ့ အကြောင်းကို ကြာဖူးတယ်လေ။ ပြီးတော့ လီဖူချန်းက ယန်ချီကို မယှဉ်နိုင်ဘူး ဆိုတာကိုလည်း သိတယ်။
လီဖူချန်းက သူ့အင်္ကျီလက်ကို ဆွဲထားတဲ့ လီရှောင်ထန်ကို အားပေးတဲ့ အပြုံးမျိုးနဲ့ ပြုံးပြလိုက်တယ်။
ယန်ချီက “လီဖူချန်း မင်းစိတ်ထဲမှာ ဘာကြံနေတာလဲ ဆိုတာကို ငါသိတယ်။ ကောင်းရှုက မင်းကို လက်မထပ်ချင်တဲ့အတွက် မင်းသိက္ခာ ကျခဲ့တာကြောင့် မင်းက ရှက်ရမ်း ရမ်းပြီး မင်းနိုင်မယ် ထင်လောက်တဲ့ သူ့ညီမလေး ကောင်းမိန်ကို အနိုင် လာကျင့်နေတာပဲ"
“ဒါပေမဲ့ မင်းဘာမှ ရှက်ရမ်း ရမ်းနေစရာ မလိုဘူးလေ။ မင်းအဆင့်နဲ့ ကောင်းရှုနဲ့ တန်လို့လား”
“ဟုတ်ပါပြီ။ ဒါပေမဲ့ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာမှ အကြောင်း အထွေအထူး မရှိဘူး ဆိုရင်တော့ ငါတို့ သွားတော့မယ်”
လီဖူချန်းက ရှောင်ထန်လေးရဲ့လက်ကို ဆွဲပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
"ငါမင်းကို သွားလို့ရပြီလို့ ပြောခဲ့လို့လား။ ကောင်းမိန်ကို ပထမဆုံး အရင် တောင်းပန်လိုက် ပြီးရင် လက်ကောက်ကို သူမကို စော်ကားမိတဲ့ အတွက် လျော်ကြေး အဖြစ်ပေးထားခဲ့။ ဒါပြီးရင်တော့ ငါကမင်းကို ညင်ညင်သာသာပဲ ဆုံးမပေးပါ့မယ်"
ယန်ချီက လီဖူချန်းကို တစ်ခါမှ မြင်ဖူးသူ မဟုတ်ချေ။ ဒါပေမဲ့သူက ကောင်းမိန်ကို ကြိုက် နှစ်သက်နေသူ ဖြစ်သောကြောင့် သူမရှေ့တွင် သူရဲကောင်း လုပ်ပြချင်သည်လေ။ လီဖူချန်းက မခိုးမခန့်ဖြင့် …
“မင်းလိုအဆင့်နဲ့ ကောင်က"
“အေး မင်းက ငါ့ကို ဒီလိုမလေးမစားနဲ့ ဆက်ဆံတဲ့ အတွက် ငါမင်းကို ဒီနေ့ ကောင်းကောင်းကြီး ဆုံးမ ပေးရတာပေါ့လေ”
“ပွဲဟေ့။ ပွဲဟ။ လီကလန်က လီဖူချန်းနဲ့ ယန်ကလန်က ယန်ချီတို့ စကား အချေအတင်ဖြစ်ပြီး တိုက်ကြတော့မယ်”
“ယန်ချီနဲ့ လီဖူချန်း ဟုတ်လား။ လီဖူချန်းက ရူးသွားပြီလားဟ။
လီကလန်က လီယွန်ဟိုင်တော့ ယန်ချီနဲ့ ထိပ်တိုက်တွေ့ရဲတာ မဟုတ်ဘူး”
“ငါထင်တာတော့ ဒီကောင့်ဦးနှောက်ထဲက တစ်ခုခု ပျက်သွားပြီ ထင်တာပဲ။ ယန်ချီ ဆိုတာ ပြဿနာ သွားရှာလို့ ကောင်းတဲ့သူ မဟုတ်ဘူးလေ"
လမ်းမပေါ်မှာ လူတွေက မသိမသာနဲ့ များလာပြီးတော့ ထိုလူတွေ အားလုံးက လီဖူချန်းကို အရူးတစ်ယောက်ပမာ သဘောထား နေကြတယ်။
"အစ်ကိုကြီး။ ကြည့်ပါဦး။ ဟိုမှာ လီဖူချန်း”
လမ်းမရဲ့ အဆုံးနားလေးက ဆိုင်တစ်ဆိုင်ထဲကနေ လီယွန်ဟီနဲ့ လီယွန်ဟိုင်က ထွက်လာတယ်။ လီယွန်ဟီက ဘာဖြစ်နေတာလဲ ဆိုတာကို သတိပြုမိလိုက်တယ်။
“ဘယ်လောက် အကျိုးအကြောင်း ဆင်ခြင် နိုင်စွမ်း မရှိတဲ့ကောင်လဲ။ ယန်ကလန်က ယန်ချီနဲ့တောင် ရန်ဖြစ်ရဲတယ်ဆိုတော့" လီယွန်ဟိုင်ရဲ့ မျက်နှာမှာ လီဖူချန်းကို လုံးဝ အထင်အမြင် သေးနေပုံက အထင်းသား။ ယန်ချီရဲ့ ကျင့်ကြံမှု အဆင့်က သူနဲ့ အတူတူပင် ဖြစ်သည်။ သူ့ရဲ့ တကယ့်တိုက်ပွဲ အတွေ့အကြုံက ယန်ချီထက် ပိုများသော်လည်း ယန်ချီကို သူနိုင်မနိုင်ဆိုတာ မသေချာဘူး။ ဒါကြောင့်သူက မလိုအပ်ပဲနဲ့ ပြဿနာ သွားမရှာချင်ဘူး။
“လာခဲ့။ ငါတို့ တစ်ချက်လောက် သွားကြည့် ကြတာပေါ့”
လီယွန်ဟိုင်က လီဖူချန်း ရှုံးတာကို မျက်မြင်ကိုယ်တွေ့ မြင်ချင်သေးတယ်။ လီဖူချန်းက ယန်ချီကို ရှုံးခါနီးအချိန်မှာ သူက ဝင်တားလိုက်ပြီး လီဖူချန်းကို သူ့ထက်တော်တဲ့သူတွေ ရှိသေးတယ် ဆိုတာကိုလည်း သင်ခန်းစာ ပေးချင်သေးတယ်။
“ရှောင်ထန် အနောက်ကို နည်းနည်း ဆုတ်ပေးဦး"
လီဖူချန်းက ရှောင်ထန်ကို ညွှန်ကြားလိုက်ပြီး ယန်ချီ တိုက်ခိုက်တာကို စောင့်နေလိုက်တယ်။
“အစ်ကိုကြီး ဖူချန်း"
လီရှောင်ထန်က ငိုမဲ့မဲ့ဖြစ်နေသည်။ သူမက ဒီကိစ္စတွေ အားလုံးဟာ သူမကြောင့် ဖြစ်လာသည်ဟု ခံစားနေရသည်။
“ဘာမှ စိုးရိမ်မနေနဲ့ ရှောင်ထန်။ အစ်ကို ဒီကောင့်ကို အေးဆေးနိုင်တယ်။ အစ်ကိုကြီးကို ယုံလိုက်စမ်းပါ”
လီဖူချန်းက ယုံကြည်ချက် အပြည့်ဖြင့် ရှောင်ထန်ကို ပြောလိုက်သည်။
“ဒါဆိုလည်း သတိထားပါ အစ်ကိုကြီးဖူချန်း” ဟုဆို၍ ရှောင်ထန်က အနောက်ကို အနည်းငယ် ဆုတ်ပြီး လူအုပ်ကြားထဲကို င်လိုက်တယ်။ ယန်ချီက ဒီဖြစ်ရပ်ကို ကြည့်ပြီး အံ့သြနေတယ်။
“မင်းဒီလို ယုံကြည်မှုတွေ ဘယ်က ရလာတာလဲ ဆိုတာ ငါတကယ် မသိတော့ဘူး"
ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူးလေ။ ငါကမင်းကို ယန်မိသားစုက လူတစ်ယောက်ကို မခန့်မလေးစား ဆက်ဆံရင် ဘာဖြစ်မလဲဆိုတာ ပြပေးရတာပေါ့။
“အစ်ကိုကြီးချီ သူ့ကို ကောင်ကောင်း သင်ခန်းစာ ပေးလိုက်စမ်းပါ”
ကောင်းမိန်က အားပေးအားမြှောက် လုပ်လိုက်တယ်။
“လီဖူချန်း လဲကျလိုက်စမ်း"
ယန်ချီက အရင် စတင်လှုပ်ရှား လိုက်တယ်။ လီဖူချန်း အနားကို အလျင်အမြန် ကပ်သွားပြီး လက်သီးနဲ့ ထိုးချလိုက်တယ်။ ယန်ချီရဲ့ ခွန်အားနဲ့ဆိုရင် ထိလိုက်လို့ကတော့ လီဖူချန်းရဲ့ နံရိုးတွေ ကျိုးသွားနိုင်လေသည်။
လီဖူချန်းက မာန်သွင်း လိုက်ပြီးနောက်ကို တစ်လက်မမျှ ဆုတ်ဖို့ စိတ်မကူးပဲ သူ့လက်သီးဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။
“ဒုန်း"
ကျောက်တုံးကြီး နှစ်တုံး အချင်းချင်း ထုချလိုက်သည့်အလား အသံကြီးက မြည်ဟည်း သွားသည်။ လူအုပ်ကြီးက လီဖူချန်းက အနောက်ကို ခြေတစ်လှမ်းသာ ဆုတ်လိုက်ရပြီး ဘာမှ မဖြစ်တာကို မြင်တဲ့ အတွက် အံ့သြသွားကျသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယန်ချီက တီးတိုး ရေရွတ်လိုက်သည်။ သူမသိတာတာက လီဖူချန်းက ကျောက်စိမ်းနီ ကျင့်စဉ်ကို ပဉ္စအဆင့်ထိ ရောက်အောင် လေ့ကျင့်ထားတယ် ဆိုတာကိုပဲ။ ကျောက်စိမ်းနီ ကျင့်စဉ်ကရတဲ့ အတွင်းအားတွေက အင်မတန် သန့်စင်ပြီး သိပ်သည်း တယ်လေ။ ဒါကြောင့် သူ့လိုလူသား နယ်ပယ်အဆင့် ခြောက်က လူကို ယှဉ်နိုင်တာဖြစ်သည်။ တစ်ခု သိထားရမှာက အဝါအမျိုးအစား ထိပ်တန်း ကျင့်စဉ်တွေက အဆင့်ခုနစ်ဆင့် ရှိတယ် ဆိုတာကိုပဲ။ အဓိကကလန်ကြီး လေးခုက တပည့်တွေတောင် တတိယအဆင့် ဒါမှမဟုတ် စတုတ္ထ အဆင့်ထိပဲ ရောက်အောင် လေ့ကျင့်နိုင်ကြတယ်။
လီယွန်ဟိုင်တောင်မှ စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်ပဲ ရောက်သေးတာ။ ယန်ကလန်ရဲ့ အဝါရောင် အဆင့်မြင့် ကျင့်စဉ်ကို ငွေမြွေ နည်းစနစ်လို့ ခေါ်တယ်။ ယန်ချီကလည်း လီယွန်ဟိုင်လို စတုတ္ထ အဆင့် အထွတ်အထိပ်ထိ ရောက်အောင်ပဲ ကျင့်နိုင်သေးတယ်။ ခြွင်းချက်အနေနဲ့ ယန်ကဘန်ရဲ့ နံပါတ်တစ် ပါရမီရှင် ယန်ခိုင်ကတော့ ပဉ္စမ အဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်။ ဆဋ္ဌမ အဆင့်ကိုတော့ ကောင်းရှုက အဲဒီအဆင့်ထိ ရောက်အောင် လေ့ကျင်နိုင်တဲ့ တစ်ဦးတည်းသော သူတစ်ယောက်။
ဒါကြောင့် သူမကို မိုးပြာရောင်ဂိုဏ်းက ရွေးချယ်ပွဲမတိုင်မီ တပည့်အဖြစ် လက်ခံလိုက်တာ ဖြစ်သည်။
***