ကောင်းကင်တောင်ပေါ်တွင်
Vol. 004 Ch. 345
ကောင်းကင် တောင်အောက်မှ ရပ်လျက်က ကျူးကော့ဟွေက အပေါ်ကို မော့ကြည့်သည်။ ခေါင်းလောင်းသံ မြည်ပြီး နောက်ပိုင်း ဖိအားက ပိုမိုအားကောင်း လာသည်ကို ခံစားရသည်။
“ဒီတောင်က တကယ်ပဲ ဝိညာဉ်ရှိတာလား.... ဧကရာဇ်နှစ်ပါးရဲ့ အသိက တကယ်ပဲ နိုဘယ်တွေ တောင်ပေါ်ကို တက်မှာကို ဟန့်တား ထားတာလား....” ကျူးကော့ဟွေက ရေရွတ်သည်။
ကောင်းကင်တောင်မှ ခေါင်းလောင်းက မြည်ဟည်းကာ နိုဘယ်များအား ဖိနှိပ်သည်မှာ ရည်ရွယ်ချက် တချို့ ရှိရပေမည်။
“ဧကရာဇ်နှစ်ပါးရဲ့ အသိက တကယ်ပဲ ဒီမှာ ဆက်ရှိနေသေးရင် ဒီလိုလုပ်စရာ အကြောင်း မရှိဘူး....” ဂူတုံးလျိုကလည်း အပေါ်ကို မော့ကြည့်ကာ ပြောသည်။
အရှင် ဒွန်ဟောင်ကား ကောင်းကင်ဒေသ၏ အရှေ့ဘက်ကို အုပ်ချုပ်သူဖြစ်ရာ ကောင်းကင် တောင်ပေါ်သို့ တက်သော လူများ၏ တန်ခိုးအဆင့်ကို ဂရုစိုက်မည် မဟုတ်ပေ။
“ငါတို့လာတာ အလကား ဖြစ်ပြီ ထင်တယ်...” ရွှီယီနှင့် လျိုဖန်းတို့က သူတို့ အတွက် မျှော်လင့်ချက် မရှိသည်ကို မြင်လျှင် စိတ်ပျက် သွားကြသည်။
“ရှောင်ရှီ... ရှင်းအာ... ဖူရှင်း... ယူချင်း... မင်းတို့ သွားလို့ရတယ်...” လျိုဖန်းက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ နှင်းများက ပျင်းရဲပျင်းတွဲ ကျဆင်းနေကြကာ မြေပြင်မှ လူများအား ငွေနှင်းမှုန်များ ဖုံးလွှမ်းစေသည်။
ကော့တေးကသာ ထိုအရာကို ရိပ်မိသည် မဟုတ်ပေ။ ကျောင်းတော် အကြီးအကဲများ ကလည်း လူငယ်များကို အကြံပေး နေကြသည်။ ထို့အတူ ချင်ပြည်ထောင်မှ ချင်ယွီကလည်း သူ၏လူများကို ပြောနေသည်... “ချင်လီ... ကြည့်ရတာ မင်းတို့ပဲ သွားနိုင်တယ်...”
“ဟုတ်ကဲ့ အဖေ...”ချင်လီက ခေါင်းညိတ်သည်။
“မင်းက အခွင့်အရေး ရလာခဲ့ရင် လုံးဝ လက်လွှတ်မခံနဲ့....” ချင်ယွီက အေးစက်စွာ ပြောသည်။ ဂူတုံးလျိုက ချင်ဂီအား သတ်ခဲ့ခြင်းအပေါ် သူက လက်စားမချေရသေးပေ။
“သား နားလည်တယ်...” ချင်လီ၏ မျက်လုံးကလည်း အေးစက်သွားသည်။
သူတို့ဘေးမှ သခင်မယွီရှောင်က ဟွာချင်းချင်းအား ကြည့်ကာ ပြောသည်... “ချင်းချင်း... မင်း သွားသင့်တယ်...”
“ဟုတ်ကဲ့...” ဟွာချင်းချင်းက ခေါင်းညိတ်သည်။ ကောင်းကင် တောင်ပေါ်သို့ သူမကလည်း တက်ကြည့်ချင်သည်။
လုနန်ထျန်းက သူမအား ညင်သာစွာ ကြည့်သည်။ သူက သူမ၏ အပြစ်အနာအဆာ ကင်းသော မျက်နှာလေးကို ထိတွေ့လိုဟန်ဖြင့် လက်ဆန့်တန်း သော်လည်း သူမအား ညစ်ထေးမည်ကို စိုးရိမ်သည့်အလား သူမ၏ ခေါင်းကိုသာ အသာအယာ ပုတ်ကာ ပြောသည်... “အန္တရာယ်နဲ့တွေ့ရင် အောက်ကို ပြန်ဆင်းလာခဲ့....” သူက ညင်သာစွာ ပြောသည်။
“အင်း...” ဟွာချင်းချင်းက ခေါင်းညိတ်သည်။
“ချင်းချင်းကို ဂရုစိုက်....” လုနန်ထျန်းက ဒွန်ဟွာကလန်မှ လူများကို အမိန့်ပေးသည်။
သူတို့ ခေါင်းညိတ်ကြသည်။ လုနန်ထျန်းက ဒွန်ဟွာကလန်၏ နောက်လာမည့် ခေါင်းဆောင်ဖြစ်မည်မှာ သေချာသလောက် ရှိနေသည်။ ဟွာချင်းချင်းက သခင်မ ဖြစ်နိုင်ပေသည်။ ချိန်ရှင်းမူက ပါရမီကောင်း သော်လည်း သူက လုနန်ထျန်းနှင့် ယှဉ်လျှင် များစွာ လိုပေသေးသည်။
ဟွာချင်းချင်းနှင့် ဒွန်ဟွာကလန်မှ လူများက စတင်၍ တောင်ပေါ်ကို တက်ကြသည်။ သခင်မယွီရှောင်က ရေရွတ်သည်... “ဒဏ္ဍာရီအရတော့ နှလုံးသား သန့်စင်တဲ့လူကမှာ ကောင်းကင်တောင်ကို တက်နိုင်တယ်တဲ့... ချင်းချင်းက ဖြူစင်သန့်ရှင်းတယ်... တစ်ယောက်ယောက်က တောင်ပေါ်ကို တက်နိုင်ရင် ဒါက ချင်းချင်းပဲ ဖြစ်လိမ့်မယ်....”
“ကျွန်တော်လည်း ဒီလိုပဲ ယုံကြည်တယ်...” လုနန်ထျန်းက သန့်စင်ကာ အပြစ်အနာအဆာ ကင်းသော နောက်ကျောအား ကြည့်လျက် ပြောသည်။ ချင်းချင်းက ကောင်းကင်တောင်၏ ရှုခင်းအား တွေ့မြင်နိုင်ရန် သူ မျှော်လင့်သည်။
ထိုအချိန်တွင် ဂူကျီချူက မှော်ကလန်၏ ခေါင်းဆောင်အား ပြန်ကြည့်သည်။ ထိုလူကြီးက ခေါင်းညိတ်ကာ သူ့အား ပြောသည်...“ကျီချူ... မင်းကပဲ တခြားလူတွေရဲ့ စိတ်မှာ မှော်နည်းလမ်းကို စိုက်ပျိုးနိုင်တယ်... ကောင်းကင်တောင်က မင်းကို မတားနိုင်ဘူး.... မဟာ ဧကရာဇ်တွေရဲ့ ခေါင်းလောင်းသံက မင်းကို ခေါ်တာပဲ....”
ဂူကျီချူက သူ၏ ဆရာအား ကြည့်သည်။ သူ လုပ်နိုင်ပါ့မလား။ အရှေ့မြေရိုင်း ဒေသ၏ ပါရမီ အကောင်းဆုံး လူပင်လျှင် ကောင်းကင်တောင်ပေါ်မှ မဟာဧကရာဇ်များ ရှေ့တွင် ယုံကြည်မှုများ ပျောက်ကွယ် သွားနိုင်ပေသည်။
“စီနီယာအစ်ကို... ရှင် လုပ်နိုင်ပါတယ်...”ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ ဂူကျီချူက ခေါင်းညိတ်သည်။ သူက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရှေ့ကို ဆက်လျှောက်သည်။
အဟံကလည်း တောင်ခြေကို ကြည့်သည်။ ဘုန်းတော်ကြီး တစ်ပါးက ထိုနေရာတွင် ရပ်ကာ တရားစာများ ရွကနေသည်။ အဟံကလည်း ထိုသို့လုပ်ကာ တောင်တက်လမ်းဘက်ကို လှည့်ကာ ထွက်သွားသည်။
ချီဟောင်ကား ဖူယွန်ဓားကလန်မှ လူများနှင့် အတူသွားနေသည်။ သူတို့အုပ်စုတွင် သတ္တမ တောင်ကုန်းမှ လူများသာ ပျောက်နေသည်။ ဓားဝိဇ္ဇာ ရီဝူချင်းက ကလန်မှ ထုတ်ပယ်ခံထား ရပေသည်။
လစန္ဒာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များ၊ တော်ဝင် ချန်ကျောင်းတော်၊ ကျမိသားစုနှင့် တခြားလူများက တဖြည်းဖြည်းဖြင့် တောင်ပေါ်သို့ စတင်တက်ကြသည်။ တချို့လူများက ယခင်ကတည်းက တောင်ပေါ်ကို တက်နှင့်နေပြီးသား ဖြစ်ကာ တော်တော်မြင့်မြင့် ရောက်နေကြပြီး ဖြစ်သည်။
“သွားစို့...” ရီဖူရှင်းက ပြောသည်။ ကော့တေး၊ ကျောင်းတော်နှင့် ဓားသခင်တောင်မှ လူများက အတူတူ သွားကြသည်။
“သူတို့နောက်က လိုက်သွား...” ကျူးကော့ဟွေက ရွှီယီနှင့် လျိုဖန်းကို ပြောသည်။ သူတို့နှစ်ယောက်က အစ်မနှစ်၏ သဘောကို နားလည်ကြကာ ရီဖူရှင်းတို့ နောက်မှ လိုက်ပါ သွားကြသည်။ သူတို့က တောင်ပေါ်ကို မတက်သော်လည်း သူတို့က ချင်ပြည်ထောင်မှ နိုဘယ်များနှင့် တခြား အုပ်စုများကို ရီဖူရှင်းတို့အား အန္တရာယ်ပေးခြင်းမှ ကာကွယ်ပေးရန် လိုပေသည်။ သူတို့က တောင်ပေါ်ကို မတက်နိုင်သော အချိန်ရောက်လျှင် ချင်ပြည်ထောင်မှ နိုဘယ်များကလည်း တောင်ပေါ်ကို တက်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက တောင်တက်လမ်းတွင် လစန္ဒာကလန်ကို မြင်သည်။ ကံမကောင်းသည်က ဂျီယူအားမတွေ့ရပေ။
“ဟိုင်း… စီနီယာ....” ရီဖူရှင်းက ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့သည်။ သူမကား ရှောင်ယွဲ့အိမ်တော်၏ တပည့်မဖြစ်ကာ ဟွာဂျီယူ၏ စီနီယာ အစ်မဖြစ်သူ ယွန်ရိုဖြစ်သည်။
ယွန်ရိုက ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ ကောင်လေးကား စကားပြော ချိုသာလှသည်။ သူမက ရီဖူရှင်းအား ဘာမှ မပြောပေ။ အရှေ့မြေရိုင်း ဒေသမှ အခြေအနေက ရှုပ်ထွေးနေကာ လစန္ဒာကလန်က မည်သည့်ဘက်ကိုမှ အလေးပေးလိုခြင်း မရှိပေ။
တောင်တက်လမ်းကား ကျယ်ပြောကာ စွမ်းအားမြင့် တန်ခိုးရှင်များက တက်ရောက် နေကြသည်။ နှင်းပွင့်နှင်းဖတ်များ ကလည်း တောင်အနီးတစ်ဝိုက်ကို အဆင်မပြတ် ကျဆင်းနေသည်။ ကောင်းကင်တောင် တစ်ခုလုံး အဖြူရောင် နှင်းများ ဖုံးနေ၏။
တချို့လူများက မြန်သည်။ တချို့က နှေးကွေးသည်။ ရီဖူရှင်းတို့ အုပ်စုက မြန်လည်း မမြန် နှေးလည်း မနှေးဘဲ ပုံမှန် သွားနေကြသည်။ သူတို့က အကောင်အထည်မဲ့သော ဖိအားကို ခံစားကြရကာ သူတို့က အပေါ်ကို ရောက်လေလေ မိစ္ဆာအသိက သူတို့အသိအား ဖုံးလွှမ်းလေလေ ဖြစ်သည်။
အကာနာအဆင့်မှ လူများက ဖိအားကို စတင် ခံစားလာရပြီ ဖြစ်သည်။
“တောင်က ဘယ်လောက် မြင့်တာလဲ...” ရီဖူရှင်းက ဓားသခင်တောင်မှ ဒူမင်ကို မေးသည်။
ဒူမင်ကား မိုရှီ၏ တပည့်ဖြစ်သည်။ စီနီယာအရ ရီဖူရှင်းက သူ့ထက် မျိုးဆက်နှစ်ခု နိမ့်ပေသည်။
“နောက်ပိုင်းနှစ်တွေမှာ ဘယ်သူကမှ တောင်ထိပ်ကို မရောက်ဖူးဘူး....” ဒူမင်က ပြန်ပြောသည်...”ဒါက ဘယ်လောက် မြင့်သလဲကိုလည်း ကျုပ်မသိဘူး.... တချို့ ပြောတာကတော့ ဒီတောင်က ကောင်းကင်လောက် မြင့်တယ်တဲ့... ဒီတောင်ကို တက်တာ ကောင်းကင်ကို တက်တာလောက် ခက်တယ်တဲ့...”
ရီဖူရှင်းက ပြန်မပြောနိုင်တော့ပေ။ သူက လိပ်တောင်ကို တက်စဉ်က ထိုစဉ်က မည်မျှမြင့်သည်ကို ခန့်မှန်းနိုင်သေးသည်။ ယခုကား သူက ကောင်းကင် တောင်ပေါ်ကို ပျံသန်းနိုင် သော်လည်း မည်မျှမြင့်သည်ကို သူမသိပေ။ အပေါ်ကို မော့ကြည့်လျှင်လည်း မြူများ ဆိုင်းနေသည်။
“နည်းနည်း မြန်မြန် သွားရအောင်...” ရီဖူရှင်းက ပြောသည်။ လူတိုင်းက အရှိန်မြှင့်လိုက် ကြ၏။ သူတို့ ဆက်သွားလျှင် အော်သံ အနည်းငယ်ကို ကြားရသည်။ သူက အတောင်ပံများ ဖြန့်ထားသော သိမ်းငှက်နက်အား ကြည့်လိုက်သည်... “ဘာဖြစ်တာလဲ....”
သိမ်းငှက်က သူ၏ခေါင်းအား ငုံ့လိုက်သည်။ သူ၏ နှုတ်သီးက မြေပြင်အား ကျ၏။
“မင်း လုပ်နိုင်တယ်...” ရီဖူရှင်းက သိမ်းငှက်နက်၏ ခေါင်းအား သာအယာ ပွတ်သည်။ သိမ်းငှက်နက်၏ မျက်လုံးများက ထက်ရှသွားကာ ခေါင်းညိတ်သည်။ ထို့နောက် သူက ရီဖူရှင်းနှင့်အတူ အပေါ်ကို ဆက်တက်သည်။
သူတို့က ဆက်တက်လျှင် တဖြည်းဖြည်းနှင့် တောင်၏ ထက်ဝက်ခန့်ကို ရောက်လာသည်။ များစွာသော တောင်ကုန်းငယ်များ ဝန်းရံထားသော တောင်ခါးပြတ် တစ်နေရာသို့ ရောက်လာကြသည်။ ထူးခြားသော စည်းချက် တစ်ခုနှင့်အတူ ရီဖူရှင်း၏ နှလုံးက မြန်ဆန်လာသည်။ မိစ္ဆာခံစားချက်က ပိုမိုအားကောင်း လာသလို သိမ်းငှက်နက်၏ မျက်လုံးများကလည်း အနည်းငယ် နီရဲလာသည်။
လူအများအပြားက ထိုနေရာတွင် ရပ်နေကြသည်။
ရီဖူရှင်းတို့က ရှေ့ကို ဆက်လျှောက် သွားလျှင် အပေါ်ကို တက်သော ဂိတ်တံခါးအလား တောင်ကြားလမ်း တစ်ခုကို တွေ့ရသည်။ တောင်ကြားနံရံတွင် မိစ္ဆာငှက် ပုံရိပ်များကိုလည်း တွေ့မြင်ရသည်။ ပုံရိပ်တစ်ခုစီက လွန်စွာ အသက်ဝင်လှကာ အပြင်ကို ခုန်ထွက်တော့မည့် အလား ခံစားကြရသည်။ လမ်းကြားထဲတွင်လည်း များစွာသော အလောင်းများကို တွေ့ရသည်။ တချို့သော ခန္ဓာကိုယ်များက ရုပ်ပျက်ဆင်းပျက် ဖြစ်နေကာ အကြည့်ရ ဆိုးလှပေသည်။
ရီဖူရှင်းက နံရံအား တစ်ချက် ကြည့်မိလျှင်ပင် မိစ္ဆာငှက်က သူ၏ စိတ်ထဲကို ပျံသန်းလာသည်ကို ခံစားရသည်။ ချက်ချင်းပင် သူက နံရံမှ အကြည့်ကို လွှဲလိုက်သည်။
အဟံနှင့် ချင်းရွှီ ဘုရားကျောင်းမှ လူများက ယခု လမ်းကြား၏ အလယ်ကို ရောက်နေကြပြီ ဖြစ်သည်။ သူတို့ထံမှ ဗုဒ္ဓ အရောင်အဝါများ ထွန်းလင်းနေရာ မိစ္ဆာများ သူတို့ထံ မရောက်နိုင်ပေ။ မိစ္ဆာငှက်များက သူတို့အား ဖြတ်ကျော်သွားရန် ကြိုးစားကြသော်လည်း ဗုဒ္ဓအလင်းများအား ဖြတ်ကျော်နိုင်ခြင်း မရှိပေ။
ထိုမြင်ကွင်းကို လူအများက မြင်လျှင် ချင်းရွှီဘုရားကျောင်းက တောင်ထိပ်ကို ရောက်ရန် များသည်ဟု တွေးကြသည်။
ချင်ပြည်ထောင်မှ လူများက လတ်တလောတွင် တောင်ကြား၏ အလယ်တွင် ဖြစ်သည်။ သူတို့က တော်ဝင်နဂါး နည်းစနစ်ကို အသက်သွင်း ထားကြကာ နဂါးစွမ်းအင်များ လှည့်ပတ် ကာကွယ်လျက် လျှောက်နေကြသည်။ သူတို့က တောင်ကြားမှ ထွက်သော်လည်း အပေါ်ကို ဆက်မတက်သေးဘဲ စောင့်နေကြသည်။ သူတို့က ရီဖူရှင်းတို့အုပ်စုအား ကြည့်ကြသည်။ မှော်ကလန်ကလည်း တောင်ကြားမှ ထွက်သွားနိုင်သည်။
ထိုအချိန်တွင် မိန်းမပျို တစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။ လူအများအပြားက သူမအား ကြည့်ကြသည်။ သူမကား ဟွာချင်းချင်း ဖြစ်သည်။ သူမက တစ်ယောက်တည်း တောင်ကြားကို ဖြတ်မည်လော။
“သခင်မလေး...” ချိန်ရှင်းမူနှင့် တခြား ဒွန်ဟွာကလန်မှ တပည့်များက ရှေ့ကို လျှောက်လာကြသည်။
“မလိုဘူး...” ဟွာချင်းချင်းက ညင်သာစွာ ပြောသည်။ ဂီတသင်္ကေတများက သူမ ခန္ဓာကိုယ်မှ ပျံ့နှံ့လာကာ မြင့်မြတ်သော အလင်းရောင် အလွှာတစ်ခု သူမအား ဖုံးလွှမ်းသွားသည်။ သူမက လမ်းလျှောက်လျှင် ဂီတသံစဉ်များပင်လျှင် ထွက်ပေါ်လာသည်။ ဂီတသံကား လွန်စွာ သန့်စင်လွန်းလှ၏။ မိစ္ဆာငှက်များက သူမကို ထိခိုက်ခြင်း မရှိဘဲ ဖြတ်ကျော် သွားကြသည်။
“ဒွန်ဟွာကလန်ရဲ့ သခင်မလေး ပီသပါပေတယ်...” ချင်လီက ချီးကျူးသည်။
“အဘိုးဆရာဦးလေး.... ခင်ဗျားတို့ကို ပို့ပေးရမလား....” ဒူမင်က မေးသည်။ ဒူမင်က မိုရှီ၏ တပည့်ဖြစ်ရာ သူက ရီဖူရှင်းထက် မျိုးဆက်နှစ်ခု နိမ့်သည်။
“သေချာတာပေါ့...” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဓားသခင်တောင်မှ လူများက အံ့အားသင့် သွားကြသည်။ သူတို့၏ အဘိုးဆရာဦးလေးကား မည်သို့ပင်ဆိုစေ ကော့တေးမှ ဖြစ်ပေသည်။ ဒူမင်က လေးစားမှုဖြင့် ပြောဆိုခြင်းမျှသာ ဖြစ်သော်လည်း ရီဖူရှင်းက အမှန်တကယ် လက်ခံခဲ့သည်။
“ဓားနှစ်လက် ဝင်္ကပါ...” ဒူမင်က ပြောသည်။ ဓားသခင်တောင်မှ လူများက ဓားဝင်္ကပါတစ်ခုအား တည်ဆောက် လိုက်ကြသည်။ ဓားအကာအရံများမှ ဖြစ်ပေါ်လာသော အလင်းများက သူတို့ကို ဖုံးလွှမ်းသွားသည်။
“ကော့တေးကလည်း ဒီလို နည်းလမ်းတွေ သုံးတာလား...” သရော်သံ တစ်ခုကို ကြားရသည်။
ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် ချီဟောင်နှင့် ဖူယွန်ဓားကလန်မှ လူများက ထိုနေရာတွင် ရပ်နေသည်ကို မြင်သည်။ သူတို့က ဓားအလင်းများအား စုစည်းကာ ကောင်းကင်သို့ ထိုးတက် ပျံသန်းသွားပြီး တောင်ကြားကို ဖြတ်သန်း သွားကြ၏။ သူတို့က တစ်ဖက်ကို ရောက်သွားလျှင် ရီဖူရှင်းတို့ အုပ်စုအား သရော်သော ပုံစံဖြင့် ကြည့်ကြသည်။
လူအများအပြားက သူတို့အုပ်စုကို ထူးဆန်းစွာ ကြည့်ကြသည်။ သူတို့က ကော့တေးမှ လူများ၏ စွမ်းဆောင်ရည်ကို မြင်လိုကြသော်လည်း တခြား အင်အားစုများက ထူးထူးခြားခြား လုပ်ပြနေစဉ် ကော့တေးက စိတ်ပျက်ဖွယ်ရာ ကောင်းနေသည်။
“ငါတို့ အထင်သေး ခံရတာလား....” ယိရှောင်ရှီက မေးသည်။
“ထင်တာပဲ...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“စီနီယာအစ်မနဲ့ငါက အရင်သွားမယ်... မင်းဘာသာ လုပ်...” ယိရှောင်ရှီက ရီဖူရှင်း၏ ပခုံးကို ပုတ်သည်။
ရီဖူရှင်းက သူ့အား စိုက်ကြည့်သည်... “မင်း အဲ့လို မလုပ်သင့်ဘူးလေ...”
ယိရှောင်ရှီက ဂရုမစိုက်ပေ။ သူကပြောသည်... “သွားစို့...”
“ကောင်းပြီ...” ဒူမင်က ခေါင်းညိတ်သည်။ ဓားနှစ်လက်ဝင်္ကပါက ကော့တေး အုပ်စုအား ကာကွယ်ကာ ခေါ်ယူသွားကာ ရီဖူရှင်း တစ်ယောက်တည်း ချန်ထားခဲ့သည်။ သိမ်းငှက်နက်ပင်လျှင် သူတို့နှင့် ပါသွားသည်။
“မင်းတို့ ဒါလည်း အဆင်ပြေတာပဲလား...” ရီဖူရှင်း ရေရွတ်ကာ ရှေ့ကို လျှောက်သွား လိုက်သည်။
သူက နံရံများ အကြားကို အေးအေးလူလူ လျှောက်သွားသည်ကို လူအများက ကြည့်နေကြသည်။ နံရံများ အကြားမှ ပုံရိပ်များက အသက်ဝင်လာကာ သူ့ထံ တိုးဝင်သွားကြ၏။
မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက အေးခဲသွားကြသည်။ သူက သည်အတိုင်း လျှောက်လာသည်လား။ ချင်လီနှင့် ချီဟောင်တို့က မျက်မှောင်ကြုတ် လိုက်ကြသည်။ သူက တမင် အသေခံနေသည်လား။
ကြောက်မက်ဖွယ် မိစ္ဆာငှက်များက သူ့ထံ တိုက်ရိုက် ဆင်းသက်လာရာ လူအများအပြားက ထိတ်လန့်စွာ မျက်လုံး မှိတ်လိုက်ကြသည်။
“အနှောင့်အယှက်တွေ...”
သူတို့က ရီဖူရှင်း၏ စကားကို ကြား၍ လှမ်းကြည့်လျှင် ရီဖူရှင်းကို ထိုပုံရိပ်များက ဖြတ်သွားသည့်တိုင် သူ့ကို သက်ရောက်ခြင်း မရှိသည်ကို တွေ့ရ၏။ သူကား မိစ္ဆာငှက်များ အကြားတွင် အေးဆေးစွာ လျှောက်သွား နေသည်ကို မြင်ရသည်။
***
စာစဉ်(၂၃)ပြီးပါပြီ
ဆက်ပါဦးမည်။
***