တစ်ဖန်တောက်ပလာသော ပါရမီရှင်
Vol. 1 Ch. 8
“မြွေဟောက်လက်သီး"
ယန်ချီက သိုင်းကွက် ပြောင်းလိုက်ပြီး အသံစူးစူးနဲ့ အော်လိုက်ကာ လက်သီးတစ်လုံး ပစ်ထိုးလိုက်လေသည်။ ဒီတစ်ကြိမ်မှာတော့ ရိုးရိုးလက်သီး မဟုတ်တော့ဘူး။ ဒီလက်သီးမှာ မြွေဆိပ်လိုမျိုး ကြောက်စရာ ကောင်းတဲ့ အတွင်းအား ပါလာပြီး အရမ်း လျင်မြန်တယ်။
ယန်ချီက ထင်ထားတာက လီဖူချန်းက စိတ်ဝိညာဉ် ဆေးတချို့ကို စားထားလို့ အတွင်းအားနဲ့ အရိုးတွေက သန်မာလာပြီး သူ့ကို ပြန်ခုခံနိုင်တာလို့ ထင်ထားတယ်။ အဲဒီလိုဝိညာဉ် ဆေးလုံးတွေစားပြီး ကျင့်ကြံခြင်း အဆင့်တက်လာတဲ့ လူတော်တော် များများက လက်တွေ့ တိုက်ခိုက်ခြင်းမှာ အားနည်းပြီး အောက်ခြေလည်း မခိုင်တတ်ကြဘူးလေ။ သူ့ဆီဝင်လာတဲ့ လက်သီးချက်ကို ကြည့်ရင်းနဲ့ လီဖူချန်းက ဟာကွက် တော်တော် များများကို တွေ့လိုက်တယ်။ ဒါကြောင့် ကိုယ်ကိုရို့ပြီး အလှပလေး ရှောင်တိမ်း လိုက်တယ်။ လက်သီးချက် အားကုန်သွားတဲ့ အချိန်မှာတော့ အသားလေး လျှိုဝင်လိုက်တယ်။
ငါ့လက်ဝါးကိုလည်း မြည်းကြည့်ပါဦး "လီဖူချန်းရဲ့ လက်ဝါးက ယန်ချီရဲ့ လွတ်နေတဲ့ပုခုံးဆီ တိုးဝင်သွားတယ်။ သူ့လက်ဝါးအားက အရမ်းကို အားပြင်းထန် လွန်းတယ်။
“ရမလားကွ"
ယန်ချီက သူ့လက်မောင်းကို မြှောက်ပြီး ခုခံလိုက်တယ်။
“ဘန်း"
လီဖူချန်းရဲ့ ကျောက်ခွဲလက်ဝါးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်သဖြင့် လက်ဝါးအားက လွယ်လွယ်နဲ့ ခုခံဖို့ ခက်ခဲတယ်။ ယန်ချီက သူ့လက်မောင်း တစ်ခုလုံ ထုံကျဉ်သွားသလို ခံစားလိုက်ရပြီး အနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရတယ်။
“ယန်ချီကို အနောက် ဆုတ်သွားအောင် ရိုက်လိုက်တယ်။ ငါမြင်ရတာ ဟုတ်ကော ဟုတ်ရဲ့လား"
ရပ်ကြည့်နေတဲ့သူတွေက အုတ်အုတ်ကျတ်ကျတ် ဖြစ်သွားတယ်။ သူတို့ စိတ်ထဲမှာ ထင်ထားခဲ့တာက လီဖူချန်းက အာပလာကောင်ပါလို့လေ။ ဒါပေမဲ့ တကယ်လက်တွေ့မှာ ခံလိုက်ရတာကျတော့ ယန်ချီ ဖြစ်နေတယ်။ အားလုံးရဲ့ အထင်တွေက သောက်တလွဲစီပဲ။
“အစ်ကိုကြီး ချီ"
ကောင်းမိန်ကလည်း ဆွံ့အသွားတယ်။ ဘာဖြစ်သွားတာလဲ ဆိုတာ သူမ မသိတော့ဘူး။ ဒီကောင်က လီဖူချန်းကော ဟုတ်ရဲ့လား။ အားလုံးထဲမှာ ရုပ်အပျက်ဆုံးကတော့ လီယွန်ဟီနဲ့ လီယွန်ဟိုင်တို့ ညီအစ်ကို နှစ်ယောက်ပဲ။ လီယွန်ဟိုင်က “ယန်ချီက ဓားသိုင်းကို အထူးပြု လေ့ကျင့်ထားတာ။ လက်သီးသိုင်းက သူ့အတွက် အကောင်းဆုံး ပညာရပ် မဟုတ်ဘူး။
လီဖူချန်းကတော့ သူ့သေတွင်း သူတူးတာပဲ” လို့ပြောလိုက်တယ်။
"လီဖူချန်း မင်းကတော့ သေဖို့ လမ်းရှာလိုက်တာပဲ"
ယန်ချီရဲ့ မျက်နှာက ရှက်ဒေါသတွေနှင့် နီရဲနေသည်။ သူက လူကြားထဲမှာ သူက လီဖူချန်းထက် ဘယ်လောက် တော်ကြောင်း၊ တတ်ကြောင်းကို ပြောထားတာလေ။ အခုတော့ လက်ဝါးတစ်ချက်နဲ့ အနောက်ဆုတ် သွားရတယ်ဆိုတော့ လူအများ တံတွေးခွက်ထဲမှာ သူ့နာမည် ရေစုန်မျှော ရတော့မယ်။
“ချွမ်"
ယန်ချီက သူ့ရဲ့ ခါးကဓားကို ထုတ်ပြီး လီဖူချန်းဆီ သိုင်းကွက်ခင်းပြီး ပြေးဝင်သွားတယ်။
ယန်ချီရဲ့ မြွေဟောက် လက်သီးသိုင်းက အကြိုပြီးပြည့်စုံခြင်း အဆင့်မှာဖြစ်ပေမဲ့ သူ့ရဲ့မြွေဟောက် ဓားသိုင်းကတော့ ပြီးပြည့်စုံတဲ့ အဆင့် ရောက်နေပြီ ဖြစ်သည်။ ဒါပေမဲ့ လီဖူချန်း ရဲ့ဓားသိုင်းနဲ့တော့ ယှဉ်ဖို့ မဖြစ်နိုင်သေးဘူး။ လီဖူချန်းက အဝါရောင်အဆင့် အလယ်အလတ် သိုင်းကျမ်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် အချိန်တိုအတွင်း လေ့ကျင့်ခဲ့တဲ့သူလေ။ ပြီးတော့ ဓားသဘော သဘာဝကိုလည်း အနည်းငယ် သဘောပေါက် ထားသေးတယ်။
"မင်းက ငါနဲ့ဓားချင်း ယှဉ်ချင်ရင်တော့ အမှားကြီး မှားသွားပြီ"
"ရွှမ်း"
လီဖူချန်းက သူ့ဓားကို ထုတ်လိုက်ပြီး လှလှပပ ဝှေ့ယမ်း လိုက်သည်။
“ချွင်ချွင် ချွမ် ချွမ် ထန်”
ယန်ချီက လီဖူချန်းဓားကို မြင်ပင် မမြင်လိုက်ရပဲ ဓားရိပ်တွေက သူ့ဓားကို ပင့်ကူအိမ်သဖွယ် လှောင်ပိတ် ထားတာကို ခံစားလိုက်ရတယ်။
“မင်း ရှုံးပြီ"
ဓားရိပ်တွေ ပျောက်သွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဓားထိပ်က ယန်ချီရဲ့ လည်ပင်းပေါ် ရောက်နေချေပြီ။
“ယန်ချီရဲ့မျက်နှာက လုံးဝဖြူဖွေးသွားပြီး အရှင်လတ်လတ် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ မျက်လုံးထဲမှာလည်း တိုက်ခိုက်လိုစိတ်တွေ မရှိတော့ဘူး။ လီဖူချန်းက ဓားကို ဓားအိမ်ထဲ ပြန်ထည့် လိုက်တယ်။ သူက ယန်ချီကို လှောင်ပြောင် စော်ကားချင်စိတ် မရှိဘူးလေ။
(သူ့ပါရမီတွေ ပျောက်သွားတုန်းက စော်ကား ခံရတာတွေကို ကိုယ်ချင်းစာတယ်လေ) ပြီးတော့ သူဒီလို လူမျိုးနဲ့ သိပ်မဆက်ဆံချင်ဘူး။ နိုင်နေရင်တော့ လေတစ်လုံး မိုးတစ်လုံးနဲ့ ဘဝင်တွေမြင့်နေပြီး ရှုံးတဲ့အခါ ကျရင်တော့ ကောင်းကင်ကြီး ပြိုဆင်းလာသလို ဘဝပျက်သလို ခံစားနေမယ့် ကောင်မျိုးတွေလေ။
လီဖူချန်း လှည့်ထွက်သွားတဲ့ အချိန်မှာ ယန်ချီက အသိစိတ် ပြန်ဝင်လာပြီး “ငါ မရှုံးသေးဘူးကွ။ မင်းကငါ့ကို အထင်သေးရဲတယ် ဟုတ်လား။ သေစမ်း"
ယန်ချီက သူ့ရဲ့ ဓားကို ကိုင်ပြီး လီဖူချန်းရဲ့ နောက်ကျောကို ခုန်ထိုးလိုက်တယ်။
ဒီလိုအနောက်ကနေ တိုက်ခိုက်လိုက်တဲ့ လေတိုးသံကို ကြားလိုက်ရတဲ့ လီဖူချန်းက အရမ်း ဒေါသထွက် သွားတယ်။ သူ့ခန္ဓာကိုယ်က လေပွေလို တစ်ပတ် လည်သွားပြီး ခြေထောက်တွေက ယန်ချီရဲ့ ရင်ဘတ်ကို ကန်ကျောက် လိုက်တယ်။ ယန်ချီရဲ့ ပါးစပ်ထဲက သွေးတွေ အန်ကျလာပြီး မေ့လဲသွားတယ်။
“လူသတ်သမား” ကောင်းမိန်က အသံကျယ်ကြီးနဲ့ တစ်လမ်းလုံးကို ဖုံးလွှမ်းသွားအောင် အော်လိုက်တယ်။
“သူမသေသေးဘူး။ မင်း သောက်ပါးစပ်ပေါက်ကို ပိတ်ထားစမ်း" လီဖူချန်းက သွေးအေးပြီး ရက်စက်တဲ့ အကြည့်နဲ့ ကောင်းမိန်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ ဓားသွားလို အကြည့်က ကောင်းမိန် ရင်ထဲကို စိုက်ကြည့်နေသလိုပဲ။ ဒါကသူမ ဘဝမှာ ပထမဆုံး အကြည့်တစ်ချက်ကြောင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရတဲ့ အချိန်ပဲ။
“လီဖူချန်း မင်းက လီအိမ်တော်ကို ပြဿနာ ဖိတ်ခေါ်လိုက်တာပဲ။ မင်းအခု အခွင့်အရေး ရှိတုန်း ယန်ကလန်ကို သွားတောင်းပန် လိုက်စမ်း။ မင်းကိုယ်မင်း ကလန်ခေါင်းဆောင်သား ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား”
လီယွန်ဟိုင်က လီဖူချန်းကို အမိန့်ပေးလိုက်တယ်။
“ဒါက မဆင်မခြင် သူများကိစ္စမှာ ဝင်ပြီး သူရဲကောင်းလုပ်ချင်တဲ့ သူ့အတွက် သင်ခန်းစာပဲ။ ပြီးတော့ မင်းအဆင့်နဲ့ ငါ့ကို ဘာမှ လာပြီး အမိန့်ပေးနေစရာ မလိုဘူး"
လီဖူချန်းက တစ်ချက်မှ အလျှော့မပေးပဲ ပြန်ပြောလိုက်သည်။
“ဟားဟား"
“ကြည့်ရတာ ဒီ နိုင်ပွဲလေး တစ်ခုက မင်းကို မြောက်ကြွမြောက်ကြွ ဖြစ်သွားစေတယ်နဲ့ တူတယ်။ စကားပုံ တစ်ခုရှိတယ်ကွ။ တောင်တစ်တောင်ထက် မြင့်သော တောင်ဆိုတာ အမြဲရှိတယ်တဲ့။ မင်းရဲ့ ဒီ အစွမ်းအစလေးနဲ့ ဒီလောက် မောက်မာ နေတယ်။ တကယ်လို့ ကလန် စည်းမျဉ်းတွေသာ မရှိလို့ကတော့ ငါမင်းကို ကောင်းကောင်းကြီး ဆုံးမတယ်။
"သွားကြမယ် ရှောင်ထန်”
လီဖူချန်းက လီယွန်ဟိုင်ကို အဖက်မလုပ်တော့ပဲ ရှောင်ထန် လက်ကို ဆွဲကာထွက် သွားတော့တယ်။ လုူအုပ်ကြီးကတော့ ပါးစပ် အဟောင်းသားဖြင့် ကျန်နေခဲ့သည်။
***
လီဖူချန်း ထွက်သွား အပြီးမှာတော့ တစ်မြို့လုံးကို ဒီအကြောင်းက ပျံ့နှံ့သွားပြီး ယုံဝူးမြို့တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားတယ်။ အသုံးမကျတဲ့ လီဖူချန်းက ပါရမီတွေ ပြန်ရလာရုံသာမကပဲ အရက်ကတောင် အစွမ်းထက် လာသေးတယ်။ ယန်ကလန်က ပါရမီရှင်ကို တစ်ချက်တည်းနဲ့ အမှောက် ဆော်သွားတယ် လို့ပေါ့။ လူအားလုံးကလည်း ကောင်းကလန်က လီဖူချန်းနဲ့ စေ့စပ်ထားတာကိုဖျက်သိမ်း လိုက်တာ မှား မမှား ဆိုတာကိုလည်း ငြင်းခုံနေကြတယ်။
ညစာစားချိန် အရောက်မှာတော့ လီဖူချန်း မျှော်လင့်ထားတဲ့ အတိုင်းပဲ သူ့အဖေက နေ့ခင်းကဖြစ်တဲ့ ပြဿနာကို မေးလာခဲ့တယ်။ သူကလည်း အားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်တယ်။
လီရှန်းဟန်က “ဖူချန်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက် ရောက်နေပြီလဲ” လို့မေးလိုက်တယ်။ ယန်ချီဆိုတာ လွယ်တဲ့လူ မဟုတ်ဘူးလေ။ လီကလန်ရဲ့ လီယွန်ဟိုင်တောင်မှ သူနဲ့ လက်ရည်တူလောက်ပဲ ရှိတာ။
ဖြစ်စဉ်တစ်ခုလုံးကို ကြားပြီးနောက် ရှန်းယုရန်က သူ့သားအတွက် အရမ်းဂုဏ်ယူ နေခဲ့တယ်။ သူမရဲ့ သားက အရင်ကထက် ပိုလို့တောင် အစွမ်းထက် လာပြီလေ။ လီဖူချန်းက စွပ်ပြုတ် တစ်ဇွန်းကို အရသာခံပြီး သောက်လိုက်ပြီး "အဖေ၊ အမေ သားက လူသားနယ်ပယ် အဆင့်ငါးကို ရောက်သွားပြီ။
ပြီးတော့ အဝါရောင် အလယ်အလတ်အဆင့် ဓားသိုင်း နှစ်မျိုးကိုလည်း အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားပြီးပြီ။ ပြီးပြည့်စုံခြင်းအဆင့် ကိုလည်း မကြာခင် ရောက်တော့မယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ သူက သူ့ဓားသိုင်းတွေကို ပြီးပြည့်စုခြင်း အဆင့် အထိ လေ့ကျင့်ပြီး သွားပြီလို့ သူ့အဖေကို ထုတ်မပြောရဲဘူး။ သူ့ခန္ဓာကိုယ် အတွင်းမှာ စိတ်ဝိညာဉ် နှစ်ခုဖြစ်နေတာကို ထုတ်ပြောဖို့ အချိန်မတန်သေးဘူးလို့ ထင်နေတယ်။
“ပြီးပြည့်စုံတဲ့ အဆင့် ရောက်တော့မယ်"
လီရှန်းဟန်နဲ့ ရှန်းယုရန်တို့ နှစ်ယောက်စလုံးက အရမ်း ပျော်သွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ သားဟာ ရာစုနှစ်တစ်ခု ကြာတိုင်းမှာ ပေါ်ပေါက်လာတဲ့ ပါရမီရှင် ဖြစ်ရမယ်လို့လည်း တွေးနေကြတယ်။ အဝါရောင် အလယ်အလတ်အဆင့် ဓားသိုင်းနှစ်ခုကို ပြီးပြည့်စုံတဲ့ အဆင့်ထိရောက်အောင် လေ့ကျင့်ဖို့ဆိုတာ မလွယ်ဘူးလေ။
“ကျောက်စိမ်းနီး အတွင်းအား နည်းစနစ်ကကော"
လီရှန်းယန်က မေးလိုက်တယ်။
လီဖူချန်းက မထူးဇာတ်ခင်းပြီး ထပ်လိမ်လိုက်တယ်။
“စတုတ္ထ အဆင့်အထွတ်အထိပ်”
လီရှန်းဟန်က သူ့အပျော်တွေကို မထိန်းထား နိုင်တော့ဘူး။
“ငါ့သား ကြိုးစားစမ်းကွာ။ မင်းက လီယွန်ဟိုင်ထက်ပိုပြီး မိုးပြာရောင်ဂိုဏ်းကို ဝင်ဖို့ အခွင့်အရေးများမယ်လို့ ငါထင်တယ်”
“အဖေ။ မိုးပြာဂိုဏ်းကို ဝင်ဖို့က ကျွန်တော့်အတွက် လွယ်လွန်းတယ်။
ငှက်ပျောသီး အခွံ ခွာတာကမှ ဒီထက်ခက်ဦးမယ်"
“သားငယ်လေး။ လာစမ်း ဒီအနားကို။ အမေမင်းကို ကြက်သား ခွံ့ကျွေးချင်လို့"
ရှန်းယုရန်ကလည်း အရမ်းပျော်နေတယ်။ ဒီကမ္ဘာမှာက အစွမ်းထက်တဲ့ လူတွေကပဲ စည်းမျဉ်းတွေကို လွန်ဆန်နိုင်တာလေ။ သူမကလည်း အစွမ်းထက်တဲ့ ကလန်ကြီးတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်သည်။ ယုံဝူးမြို့ကတော့ မဟုတ်ပေ။ သူမ အိမ်ကိုပြန်တဲ့ အခါတိုင်းမှာ တခြားမိဘတွေက သူတို့ကလေးတွေ အချင်းချင်း ယှဉ်ကျတဲ့အခါတိုင်း သူမက နှုတ်ဆိတ်ပြီး နေနေခဲ့ရတာ။ အခုတော့ သူ့သားဟာလည်း ထူးချွန်တဲ့ပါရမီရှင် တစ်ယောက် ဖြစ်တယ် ဆိုတာကို ကြွားဖို့ အခွင့်အရေး ရှိလာခဲ့ပြီ။
***