အရိုးတည်ဆောက်ပုံ
Vol. 1 Ch. 11
“မှန်းစမ်း ဒီ မိစ္ဆာသားရဲအမြုတေက ဘယ်အမျိုးအစား ထဲကများဖြစ်မလဲ" မိစ္ဆာ သားရဲ အမြုတေတွေက အရမ်းတန်ဖိုးရှိတာ ဖြစ်တယ်။ အဆင့်တစ် အနိမ့်စား အမြုတေကတောင် ရွှေပြား နှစ်ရာ သုံးရာလောက် ရနိုင်တယ်လေ။ အဆင့်တစ် အလယ်အလတ် မိစ္ဆာသားရဲ အမြုတေ ဆိုရင်တော့ ရွှေပြား ငါးရာလောက် ရမှာပါ။ အဆင့်တစ် ထိပ်တန်း အမြုတေဆိုရင် ရွှေပြား တစ်ထောင်လောက်တောင် ရနိုင်သေးတယ်။ ကောင်းကင်က လင်းလင်းထင်းထင်း ရှိနေသေးပေမဲ့ လီဖူချန်းက ဆက်မနေတော့ပဲ မြူခိုးတောင်ကနေ ပြန်ထွက်လာခဲ့တယ်။
***
ယုံဝူးမြို့……
လီဖူချန်းရဲ့ ဝင်ငွေက ဒီနေ့အဖို့ ရွှေပြားငါးရာတောင် ရှိလာခဲ့တယ်။ အဆင့်နိမ့် အဝါရောင် အမျိုးအစား ဆေးပင် ၁၄ ပင်နဲ့ အလယ်အလတ်တန်းစား ဆေးပင် ၃ပင် အတွက် ရွှေပြား၇၅ပြား
မိစ္ဆာသားရဲ ၅ ကောင်ရဲ့ သားရေတွေအတွက် ရွှေပြား၄၀။ အားလုံးထဲမှာ ဈေးအရဆုံးကတော့ အဆင့်တစ် အမျိုးအစား အလယ်အလတ်အဆင့် မိစ္ဆာသားရဲ အမြုတေပဲ။ ၄၂၀ ရွှေပြားနဲ့ ရောင်းလို့ ရခဲ့တယ်။
ဒါကြောင့် အားလုံး စုစုပေါင်း ၅၃၅ ရွှေပြားရခဲ့တယ်။ ရွှေပြား ၅၃၅ပြားကို ကိုင်ပြီးတော့ လီဖူချန်းက အနည်းငယ် မာန်တက်ချင်သလိုတောင် ဖြစ်သွားတယ်။ ဒီငွေက သူ့ရဲ့နှစ် နှစ်စာ ဝင်ငွေနဲ့ ညီမျှတယ်လေ။
ဒါပေမဲ့ နောက်ပိုင်း သူအဆင့်တက်လာရင် ကလန်ကပေးတဲ့ ထောက်ပံ့ငွေတွေက ပိုများလာမှာ ဖြစ်ပါတယ်။ လီဖူချန်းက ဒီလိုနဲ့ ရတနာဆိုင်ကို ရောက်လာခဲ့တယ်။ တစ်ခါတည်း အတွင်းခန်းထဲကို တန်းဝင်သွားရင်း “ငါ ဒီအပြာရောင် လက်စွပ်ကို ဝယ်မယ်" လီဖူချန်းက စကားကို တုံးတိပဲ ပြောလိုက်တယ်။
“မင်္ဂလာပါ သခင်လေး ဖူချန်း။ ကြိုဆိုပါတယ် ခင်ဗျာ" ဆိုင်ဝန်ထမ်းက လီဖူချန်းကို အရင်တစ်ခါလို အထင်မသေးရဲတော့ပဲ ရိုရိုသေသေ လာရောက် ကြိုဆိုရှာတယ်။ မျိုးဆက်သစ် လူငယ်တွေထဲမှာ ယန်ချီကို အနိုင်ယူနိုင်တဲ့ လူငယ်ဆိုတာ ရှားတယ်လေ။ လီဖူချန်းက သူ့ရဲ့ ရတနာကို ဝယ်ပြီး အပြင်ကို ရောက်တဲ့အခါမှာတော့ ပြဿနာ တစ်ခုက သူ့ကို စောင့်ကြိုနေပါတယ်။
သူ့ရဲ့လမ်းမှာ ပိတ်ရပ်နေတဲ့ လူငယ်ကတော့ ပခုံး ကျယ်ကျယ် ခြေတံရည်ရှည်နဲ့ ဖြစ်တယ်။ သူရဲ့မျက်လုံးအစုံက စူးရှနေပြီး သိမ်းငှက်တစ်ကောင် အမဲလိုက်နေတဲ့ အကြည့်မျိုးနဲ့ လီဖူချန်းကို ကြည့်နေလေတယ်။
သူကတော့ ကောင်းမိန်ရဲ့အစ်ကို ကောင်းဖန် ဖြစ်တယ်။ ကောင်းကလန်ရဲ့ ဒုတိယအတော်ဆုံး ပါရမီရှင်လို့လည်း လူသိများကြတယ်။ အသက်၁၅ နှစ်မှာပဲ လူသားနယ်ပယ် အဆင့် ခြောက်ကို ရောက်ခဲ့တယ်။ အဲဒါထက် ပိုအရေးကြီးတာက သူမှာ ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ရှိတယ်လေ။
အရိုး တည်ဆောက်ပုံ ဆိုတာ ဘာလဲဆိုတော့ မွေးရာပါ ပါလာတဲ့အရာ ဖြစ်တယ်။
အရိုးတည်ဆောက်ပုံ ကောင်းတဲ့သူတွေဟာ သိုင်းလေ့ကျင့်ရာနဲ့ တန်ခိုး အတွင်းအား ကျင့်ရာမှာ သာမန်လူတွေထက် ပိုမြန်ကြတယ်။
ရိုးရိုးသာမန်လူ တစ်ယောက်နဲ့ ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ လူတစ်ယောက်ဟာ အတူတူ စလေ့ကျင့်မယ် ဆိုပါစို့။ ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ လူက ရိုးရိုးသာမန်လူ တစ်ယောက်ကို တစ်နှစ်အတွင်းမှာပဲ အနောက်မှာ ပြတ်ကျန်နေခဲ့အောင် လုပ်ဆောင်နိုင်တယ်။
ကောင်းရှုကို မိုးပြာရောင်ဂိုဏ်းက တပည့်အဖြစ် ကြိုတင် လက်ခံလိုက်ခြင်းမှာလည်း သူမရဲ့ အရိုး တည်ဆောက် ပုံကြောင့်ပဲ ဖြစ်တယ်။
သူမရဲ့ ကျင့်ကြံမှုနှုန်းကြောင့် ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ကောင်းရှုဟာ ကြယ်လေးပွင့် အဆင့် အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်တယ်။ ဒီ ကြယ်လေးပွင့် အဆင့် အရိုး တည်ဆောက်ပုံနဲ့ မွေးဖွား လာသူတွေ ပေါ်လာတာ နှစ်ရာပေါင်းများစွာ ရှိနေခဲ့ပြီ။ ယုံဝူးမြို့ရဲ့ မြို့စားမင်းတောင်မှ ကြယ်သုံးပွင့် အဆင့် အရိုးတည်ဆောက်ပုံပဲ ရှိတာလေ။
ကောင်းရှုရဲ့ ကျင့်ကြံခြင်း အဆင့်က နိမ့်နေရင်တောင် ဒီတစ်ချက်တည်းနဲ့ မိုးပြာရောင်ဂိုဏ်းက တပည့်အဖြစ် လက်ခံမှာ ဖြစ်တယ်။
လွန်ခဲ့သော တစ်နှစ်က လီဖူချန်းက ပါရီရှင်အဖြစ် ရှိနေတုန်းကတောင် သူ့ရဲ့ အရိုး တည်ဆောက်မှုက သာမန်ပဲ ရှိတယ်။ ဒါပေမဲ့ လီယွန်ဟိုင်ကတော့ ကြယ်နှစ်ပွင့် အရိုး တည်ဆောက်ပုံ ရှိတယ်။
ယန်ကလန်က ယန်ချီကတော့ ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံရှိပြီး ပြိုင်ဘက်ကင်း ပါရမီရှင် ယန်ခိုင်ကတော့ ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံ ရှိတယ်။ လီဖူချန်းက သူ့မှာ သာမန် အရိုး တည်ဆောက်မှုပဲ ရှိပေမဲ့ အရိုးတည်ဆောက်ပုံ သာတဲ့လူတွေက သာမန်လူတွေကို သာတယ်ဆိုတဲ့ အယူအဆကို လက်မခံဘူး။ သူက ကျင့်ကြံခြင်းမှာ စိတ်တန်ခိုးကသာ အရေးပါတယ်လို့ ခံယူထားတယ်။
လီဖူချန်းက ကောင်းဖန်ကို အေးအေးဆေးဆေးပဲ စောင့်ကြည့်နေတယ်။
“ဒီကောင့်မှာ ကြယ်နှစ်ပွင့် အရိုး တည်ဆောက်ပုံ ရှိလည်း ဘာဖြစ်လဲ။ ငါ့မှာလည်း ရွှေရောင် လက်ဖွဲ့ အဆောင် စိတ်ဝိညာဉ် ရှိတယ်ကွ။ ငါ့ရဲ့မူလ စိတ်ဝိညာဉ်နဲ့ ပေါင်းလိုက်ရင် ငါ့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ”
“မင်းက လီဖူချန်းမလား။ ငါနဲ့ လိုက်ခဲ့စမ်း” ကောင်းဖန်က အထက်စီးကနေ လီဖူချန်းကို အမိန့်ပေးလိုက်တယ်။
“ငါက မင်းနောက် ဘာလို့ လိုက်ရမှာလဲ”လီဖူချန်းကလည်း လေသံ နည်းနည်းလေးမှ မလျော့။
ဘာလို့လဲဆိုတော့ မင်းက ငါ့ညီမကို စော်ကားခဲ့လို့ပဲ။ လီဖူချန်းက ရယ်လိုက်တယ်။
“မင်းညီမက ဘယ်လို အမျိုးအစားလဲ ဆိုတာ မင်းအရင် သိသင့်တယ်"
“မင်းရဲ့ စောက်ရေးမပါတဲ့ ဆင်ခြေဆင်လက်တွေ ငါ စောက်ဂရုမစိုက်ဘူး။ ငါ့ညီမကို စော်ကားတဲ့ သူတွေ လုပ်ဆောင် ရမယ့်ဟာက တစ်ခုပဲရှိတယ်။ အဲဒါက သူမ ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ကို တောင်းပန်ရမယ်”
“ငါမင်းကို အကြံဉာဏ် တစ်ခု ပေးလိုက်မယ်။ ငါကောင်းကောင်း ခေါ်နေတုန်းကို လိုက်ရင်လိုက်ခဲ့။ မဟုတ်ရင် မင်းကို ဒီမှာတင် ကျိုးပဲ့နေအောင် ရိုက်ပြီး ငါ့ညီမဆီ ခေါ်သွား ရလိမ့်မယ်။ မင်း ဒီနေရာမှာ အရှက်မကွဲချင်ဘူးလို့ ငါထင်တယ်”
“ခိ ခိ”
"မင်းတို့ ကောင်းကလန်က ကောင်တွေက တကယ့် ခေါင်းမပါတဲ့ ကောင်တွေပဲ။ ကျေးဇူးကန်း လိုက်တာ ကလည်း လွန်ရောပဲ။ ငါတို့ လီကလန်က မင်းတို့ ကောင်းကလန်ကို ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါ လို့တောင် တစ်ခါမှ မတောင်းဆိုဖူးဘူး။ ဒါပေမဲ့ မင်းတို့ကလန်က ကောင်တွေကတော့ တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတွေ သိတတ် ပြနေတာပါလား"
လီဖူချန်းက တစ်လက်မမျှပင် မရွေ့ပဲ ကောင်းဖန်ကို လှောင်လိုက်တယ်။ ကောင်းဖန်က လီဖူချန်းရဲ့ စကားကိုကြားပြီး ဒေါသ အရမ်း ထွက်သွားတယ်။ ကောင်းကလန်ရဲ့ မျိုးဆက်သစ်တွေက ကောင်းကလန်ဟာ လီကလန်ရဲ့ ထောက်ပံ့ပေးမှုကြောင့် ဒီနေ့လို အခြေအနေ ရောက်ခဲ့တယ်လို့ ပြောသံကြားရင် လုံးဝမခံနိုင်ဘူးလေ။ လီဖူချန်းရဲ့ စကားက ကောင်းဖန်ကို အနာပေါ် တုတ်ကျသွားသလို ခံရခက်စေတယ်။ လမ်းမထက်က လူအုပ်ကြီးကတော့ တီးတိုးတီးတို့နဲ့ ဝေဖန် နေလေကြသည်။
“ဘာဖြစ်လို့ အဓိက ကလန်ကြီးတွေရဲ့ သခင်လေးတွေက အမြဲတိုက်ခိုက်ချင် နေရတာလဲ မသိဘူး"
“အရက် တစ်ခေါက်တုန်း ကလည်း ယန်ချီ။ အခုတစ်ခေါက်က ကောင်းဖန်။
လီဖူချန်းက ဒီတစ်ခေါက် ဘယ်လို ဖြေရှင်းမလဲ မသိဘူး”
“ငါထင်တာကတော့ သူ အရှုံး ပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကောင်းဖန်က ကြယ်နှစ်ပွင့် အဆင့် အရိုး တည်ဆောက်ပုံ ရှိတယ်လေ။ ပြီးတော့ သူက ယန်ချီထက် ပိုတော်တယ်။
“အရာရာကို ပုံသေမတွက်နဲ့ကွ။ အရိုးတည်ဆောက်ပုံ အဆင့်က အရေးကြီး ပေမဲ့လည်း ဒါက အရာအားလုံးကို ကိုယ်စားပြုတာ မဟူတ်ဘူး"
လီဖူချန်းသူ့ရဲ့ အင်္ကျီကိုခါလိုက်ပြီး “မင်းတို့ ကောင်းကလန် မကောင်းကြောင်းကို လူတွေက ရဲရဲဝံ့ဝံ့ မပြောရဲပေမဲ့ ငါပြောလိုက်ဦးမယ်။ မင်းတို့ ကောင်းကလန်က ကျေးဇူးတရားကို မသိတတ်တဲ့အပြင် အရှက်ဆိုတာလည်း ရှိတာ မဟုတ်ဘူး။ ကောင်းကလန်ကို မုန်းတဲ့ လီဖူချန်းရဲ့အမုန်းက ယန်ကလန်ကို မုန်းတာထက်ကို သာသေးတယ်။ ယန်ကလန်က ခြင်္သေ့တစ်ကောင်လို ရဲရဲဝံ့ဝံ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ပေမဲ့ ဒီကောင်းကလန် ကတော့ မြေခွေးတွေလိုပဲ ကောက်ကျစ်ကြတယ်။
“ခွေးမသား လီဖူချန်း။ မင်အရမ်း လျှာစောင်းထက် နေတယ် ဟုတ်လား။ မင်းတို့ရဲ့ စုတ်ပြတ်နေတဲ့ လီကလန်ကိုလည်း ပြန်ကြည့်ပါဦး။ ဘယ်သူ သိနိုင်မှာလဲ။ မင်းတို့ကလန်က နောက်နှစ် အနည်းငယ်ကြာရင် ပျောက်ကွယ်သွားမယ် ဆိုတာ။ အခုတောင်မှ မင်းတို့ လီကလန်မှာ ထူးချွန်တဲ့ လူငယ်ရှိလို့လား။ မင်းပါးစပ်ကြီး ပိတ်ထားတာ ပိုကောင်းဦးမယ်"
ကောင်းဖန်က ခြေကို ကွေးကာ လီဖူချန်းရှိရာဆီ ခုန်ဝင်သွားပြီး လက်သီးနဲ့ အားကုန် ထိုးလိုက်တယ်။ သူသုံးလိုက်တဲ့ သိုင်းက ကောင်းမိန်းရဲ့ လက်ဝါးနဲ့ အတူတူပဲဖြစ်ပြီး သူက လက်သီးကို သုံးထားတဲ့အတွက် ပိုအားပြင်းနေတယ်။
***