မှော်ဆေးရည်ကန်
Vol. 1 Ch. 13
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ အပြာရောင် လက်စွပ်က လီဖူချန်းကို သိုင်းတန်ခိုး ကျင့်ကြံရာမှာ ပိုမြန်လာစေခဲ့တယ်။ လက်စွပ်မှာပါတဲ့ အဆင့်မြင့် စွမ်းအင်ကျောက်သလင်းရဲ့ အစွမ်းတွေပေါ့။
ဒီအပြာရောင် ကျောက်သလင်း လက်စွပ်ရဲ့ တန်ဖိုးအရှိဆုံးကတော့ ဒီလက်စွပ်မှာ စွမ်းအင်တွေကို သိုလှောင် သိမ်းဆည်းနိုင်တာပဲ။ လက်စွပ်ပိုင်ရှင်က အတွင်းအားတွေ ကုန်သွားခဲ့ရင် လက်စွပ်မှာ သိုလှောင်ထားတဲ့ အစွမ်းတွေကို စွမ်းအင် ကျောက်သလင်းတုံးကနေ ပြန်စုပ်ယူနိုင်တယ်လေ။ ဒီစုပ်ယူနိုင်တဲ့အစွမ်းက အတွင်းအား ပြန်ဖြည့်ပေးတဲ့ ဆေးလုံးတွေနဲ့ ညီမျှတယ်။ ပြီးတော့ ပိုအားသာတာက ဒီလက်စွပ်က စွမ်းအင်ပြန်ဖြည့်ပြီး သုံးလို့ရတာပဲ။
လီဖူချန်း တွက်ချက်ထားတဲ့အတိုင်းဆိုရင် သူက လူသားနယ်ပယ် အဆင့်ခြောက်ကို ရောက်ဖို့ လပေါင်းများစွာ လိုဦးမှာ ဖြစ်တယ်။ ဒီလက်စွပ်ကတော့ သူသတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ရောက်အောင် ကူညီနိုင်တယ်။ သူက သက်ပြင်းချလိုက်ပြီး သူ့ရဲ့ ကျောက်စိမ်းသေတ္တာထဲက ကျောက်စိမ်း အသည်းနှလုံးပင်ကို ထုတ်ယူလိုက်တယ်။ ကျောက်စိမ်း အသည်းနှလုံးပင်တွေက ကျင့်ကြံခြင်းမှာတော့ အကူအညီ မပေးနိုင်ပါဘူး။ ဒါပေမဲ့ သူတို့က အရိုးသိပ်သည်းဆကို မြှင့်ပေးနိုင်တယ်။
လူတစ်ယောက်မှာ အရိုးက အဓိက အခြေခံဖြစ်တယ်။ လူတွေက အမြဲတမ်း အရိုးတည်ဆောက်ပုံကိုပဲ အလေးပေးကြတယ်။ ဒါပေမဲ့ အချက်အလက်တွေအရ ဆိုရင် အရိုး သိပ်သည်းဆကလည်း အရေးကြီးတဲ့ နေရာကနေ ပါဝင်တယ်။ အရိုး တည်ဆောက်ပုံ ကောင်းမွန်တဲ့ လူတွေဟာ အရိုးသိပ်သည်းဆ မှာလည်း သာမန်လူတွေထက် မာကျောကြံ့ခိုင်တယ်။ တကယ်လို့ လက်ဝါးရိုက်ချက် တစ်ခုကို ခံလိုက်ရတယ်ဆိုပါစို့။ သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အရိုးတွေ ကျိုးသွားနိုင်ပေမဲ့ ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ လူတွေကိုဆိုရင်တော့ အက်ရာလေးတစ်ခု ထင်အောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့်မို့ အရိုးတည်ဆောက်ပုံ ကောင်းတယ်ဆိုတာ အရိုးမာတယ်လို့ ပြောတာနဲ့အတူတူပါပဲ။
“အင်း ငါ့အရိုးတွေ သိပ်သည်းပြီး မာကျောအောင် အရင်လုပ်တာပဲကောင်းမယ်"
လီဖူချန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်စိမ်း အသည်းနှလုံးပင်ကို စားသုံးလိုက်တယ်။
ကျောက်စိမ်း အသည်းနှလုံးပင်က စားဖို့ ခက်ခဲတယ် ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လျှာပေါ် တင်လိုက်တာနဲ့ အရည်ပျော်ဆင်းပြီး ဗိုက်ထဲကို ရောက်သွားတယ်။ လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ်ရဲ့ အစွမ်းကြောင့် ဆေးပင်ဟာ အဖြူရောင် စီကြောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး အရိုးတွေထဲ စိမ့်ဝင်သွားတာကို ခံစားလိုက်ရတယ်။ ထို့နောက်မှာတော့ တစ်ကိုယ်လုံး ထုံကျဉ်သွားပြီး သူ့ရဲ့ အရိုးတွေထဲမှာ ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်တွေ သွားနေသလို ရွစိတက်နေတာကို ခံစားလိုက်ရတယ်။
အချိန်အတော်လေး အကြာမှာတော့ လီဖူချန်းဟာ မျက်စိကိုဖွင့်လိုက်တယ်။
“အရိုးသိပ်သည်းဆ”
လီဖူချန်းက သူ့လက်တွေကို ဆုပ်ချည်ဖြန့်ချည် လုပ်ကြည့်လိုက်တယ်။ အပေါ်ယံ ကြည့်လိုက်ရင်တော့ ဘာမှ ပိုမထူးခြားသွားပေမဲ့ လီဖူချန်းက သူ့အရိုးတွေက အရင်ကထက် နှစ်ဆလောက် ပိုမာကျောသွားတာကို ခံစားလိုက်ရတယ်။
“အဝါရောင် အဆင့်မြင့်ဆေးပင်က ငါ့အရိုးတွေကို နှစ်ဆလောက်ပို မာကျောသွားစေတယ်။ မြေကမ္ဘာအဆင့် ဆေးပင်တွေဆိုရင် ဘယ်လောက်များတောင် အစွမ်းထက်မလည်း မသိဘူး။ ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက်များ မာကျောသွားမလား မသိဘူး။ တစ်ချိန်ချိန်မှာ ငါလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ဆေးပင် မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူးလေ။
ဆေးပင်တွေက ကျင့်ကြံခြင်းမှာ အရေးပါတဲ့ အရင်းအမြစ်တွေပဲလေ။ တစ်ခါတုန်းက ဆိုရင် လူတစ်ယောက်က ဒဏ္ဍာရီထဲက နဂါးသွေး ဆေးပင်ကို ရခဲ့ဖူးတယ်။ ဆေးပင်ကို စားသုံးပြီးသွားတဲ့ အခါမှာတော့ ထိုလူရဲ့ ခန္ဓာကိုယ်က အရမ်းကို ကြံ့ခိုင်သန်မာ သွားပြီး မိစ္ဆာသားရဲတွေ ထက်တောင် သန်မာသွားတယ်။
နောက်ဖြစ်ရပ် တစ်ခုမှာတော့ လူတစ်ယောက်က နေမင်းရောင်ခြည်ဆေးပင် ရှာတွေ့သွားပြီး စားလိုက်တယ်။ နေစွမ်းအင်တွေက သူ့အရိုးတွေနဲ့ ပေါင်းစပ်သွားပြီး နေရောင်ခြည် အရိုးတည်ဆောက်ပုံ အဖြစ် မျိုးရိုးဗီဇ ပြောင်းလဲသွားတယ်။ အပူစွမ်းအင်ပါတဲ့ ပညာရပ်တွေမှာ သာမန်လူတွေထက် လေ့ကျင့်တာ ဆယ်ဆ မြန်သွားခဲ့တယ်။ လီဖူချန်းက အခုနောက်ပိုင်း သုံးရက်လျှင်တစ်ကြိမ် မြူခိုးတောင်ဘက်ကို သွားပြီးဆေးပင်ရှာလေ့ ရှိသည်။
***
“သေစမ်း”
သတ္တုလက်သည်း ဝံပုလွေတစ်ကောင်က လီဖူချန်း အနားကို ချဉ်းကပ်လာတယ်။ လီဖူချန်းကတစ်လက်မမှ မလှုပ်ဘဲ သူ့အနားကို ကပ်လာတာကို စောင့်လိုက်တယ်။ အနားကို ရောက်လာတာနဲ့ လီဖူချန်းက ဓားကို ဆွဲထုတ်လိုက်ပြီး တစ်ချက်တည်းနဲ့ အသေသတ်လိုက်တယ်။
လီဖူချန်းရဲ့ ယခုလက်ရှိ စွမ်းအားကို သူကိုယ်တိုင်တောင် မသိတော့ဘူး။
သူ့ရဲ့ တိုက်ပွဲဝင် ကျွမ်းကျင်မှုကို ဒီမြူခိုးတောင်ကို ပထမဆုံး လာတုန်းက တစ်အဖြစ် သတ်မှတ်မယ်ဆိုရင် အခုဆိုရင် ငါးလောက် ဖြစ်နေပြီ။ အဆင့်တစ် အလယ်အလတ် မိစ္ဆာသားရဲတွေတောင်မှ သူ့ရဲ့ဓားချက်တစ်ချက်ကို မခံနိုင်ကြတော့ဘူး။
“မိစ္ဆာ သားရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်တော့ ငါ့ ကျွမ်းကျင်မှုတွေက အရမ်းကို ကောင်းနေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ လူသားစစ်သည်တော်တွေနဲ့ တိုက်ရင် ဘယ်လိုနေမလဲတော့ မပြောနိုင်ဘူး။
ငါ့ရဲ့တိုက်ခိုက်ရေး ပညာ ပိုကောင်းလာဖို့ တကယ့် လူသား စစ်သည်တော်တွေနဲ့ လေ့ကျင့်သင့်ပြီ”
လီဖူချန်းက ရည်မှန်းချက်ကြီးမားတဲ့ သူတစ်ယောက် ဖြစ်လာတယ်။ သာမန်လူ တစ်ယောက်က သူ့လို တိုးတက်မှုတွေ ဖြစ်လာရင် သူတို့ ကိုယ်သူတို့ ကျေနပ်နေကြမှာပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ ဒီထက်ကိုပိုပြီး သန်မာလာချင်သေးတယ်။ ဒါတွေဟာ သူ့ရဲ့ မူလ ဆန္ဒလား ရွှေရောင်လက်ဖွဲ့ အဆောင်ကြောင့် ဖြစ်လာတာလား ဆိုတာတော့ သူကိုယ်တိုင်လည်း မသဲကွဲတော့ဘူး။
***
သူက ဒီတစ်ကြိမ် လီကလန်ကို ပြန်သွားတဲ့အခါမှာတော့ လီယွန်ဟိုင်နဲ့ တည့်တည့် သွားတိုးတယ်။ လီယွန်ဟိုင်က လီဖူချန်းကို အားငယ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။ လီဖူချန်းက ယန်ချီကို အနိုင်ယူခဲ့တုန်းကတော့ လီဖူချန်းကို အနိုင်ယူနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိသေးတယ်။ အခုတော့ လီဖူချန်းက ကောင်းဖန်ကိုပါ ထပ်အနိုင်ယူလိုက်ပြီ ဆိုတော့ သူ့အတွေးတွေ အားလုံးဟာ ပျက်ပြယ်သွားခဲ့ပြီ။ ကောင်းဖန်နဲ့ သူနဲ့က လက်ရည်တူပဲလေ။
“လီဖူချန်း မင်းက တိုက်ခိုက်ရေးမှာတော့ ထူးချွန်သားပဲ။ ဒါပေမဲ့ နှမြောစရာပဲ။ မင်းရဲ့ အရိုး တည်ဆောက်ပုံက သာမန်ပဲရှိနေတယ်လေ။ သုံးရက်အတွင်းမှာပဲ ငါတို့လီကလန်ရဲ့ ဆေးပေါင်းတစ်ထောင် ရေကန်က ဖွင့်တော့မယ်။ ဒါပေမဲ့ တစ်ယောက်ပဲ ဝင်ခွင့်ရမယ်။ မင်းလည်းသိပါတယ်။ ဘယ်သူက ဝင်ခွင့်ရဖို့ အားသာလည်းဆိုတာ။ ဆေးပေါင်းတစ်ထောင် ရေကန်အကြောင်း ပြောလိုက်မှ လီယွန်ဟိုင်က သူ့စိတ်ထဲမှာ နေလို့ ပိုကောင်းသွားတယ်။ သူက လီကလန်ရဲ့ တစ်ဦးတည်းသော ကြယ်နှစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဝင်ခွင့်ကို သူပဲရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အကြာကြီး မစဉ်းစားပဲနဲ့ လီဖူချန်းက ဂုဏ်ပြုလိုက်တယ်။
“မင်းအကောင်းဆုံး လုပ်ဆောင်နိုင်ပါစေ"
ဒီဆေးရည်တစ်ထောင် ရေကန်က လီကလန်ရဲ့ အရေးကြီးတဲ့ ရင်းမြစ်နေရာ တစ်ခုဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ခန့်က လီကလန်က အကြီးအကဲတွေဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှု မြှင့်ပေးတဲ့ ဆေးပင်အ မြောက်အမြားကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ရေကန်ထဲမှာ ရှိနေတဲ့ ဆေးရည်တွေဟာ အချင်းချင်း ဓာတ်ပြုပြီး သန့်စင်သွားပြီးနောက် ဒီဆေးရည်ကန်မှာ စိမ်တဲ့လူတွေကို ကီလိုဂရမ် တစ်ထောင်လောက်ကို မနိုင်စေတဲ့ ခွန်အားကိုပေးစွမ်းတယ်။
ဒါပေမဲ့ ဒီဆေးရည်တွေက နှစ်နှစ်ကြာမှတစ်ခါ ရေကန်ကို ပြည့်စေတာ ဖြစ်တယ်။ လီဖူချန်းက ဒီဆေးရည်ကန်ထဲ မဝင်ရလို့လည်း စိတ်မပျက်သွားပါဘူး။ လူသားနယ်ပယ်က စစ်သည်တော်တွေ တကယ့် အစစ်အမှန်တန်ခိုးတွေကို မသုံးနိုင်သေးတာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရမ်း အရေးကြီးတယ်လေ။ သူက ဆေးရည်ကန်ထဲကို ဝင်စိမ်ခွင့် မရှိပေမဲ့လည်း သူ့ရဲ့ ကျောက်စိမ်းနီ ကျင့်စဉ်က အဆင့်တက်တော့မယ်လို့ ခံစားမိနေတယ်။ သူသာ ကျောက်စိမ်းနီ ကျင့်စဉ်ကို ဆဌမ အဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်မယ် ဆိုရင် သူရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကလည်း နောက်တစ်ဆင့်ကို တက်သွားမှာပဲလေ။
“ဟဟ။ မင်းကိုကြည့်ရတာ အရမ်း တည်ငြိမ်နေသလိုပဲ။ မြို့တော်ရဲ့ ပါရမီရှင် ရွေးချယ်ပွဲက နောက်နှစ်လဆို စတော့မှာနော်။ ထိပ်ဆုံး ငါးယောက်ကိုပဲ မိုးပြာရောင်ဂိုဏ်းက တပည့်အဖြစ် လက်ခံမှာ။ မင်းရဲ့ အခုလက်ရှိ အစွမ်းနဲ့ ထိပ်ဆုံး ငါးယောက်ထဲဝင်ဖို့ ဖြစ်နိုင်ပေမဲ့ အရာရာကို ယတိပြတ် တွေးထားလို့ မရဘူးနော့"
လီယွန်ဟိုင်က လီဖူချန်း ဒေါသထွက်လာတာကို မြင်ချင်သဖြင့် ရန်စလိုက်တယ်။
“ငါ့ကိုဒေါသထွက်အောင် လုပ်ချင်တယ်ဟုတ်လား"
“ဆုတောင်းနေလိုက်"
လီဖူချန်းက လီယွန်ဟိုင်ရဲ့ထောင်ချောက်ထဲမဝင်ဘဲ လှည့်ထွက်သွားတယ်။
***