← Chapters

ငါ့ခေါင်း အဝိုင်းလည်နေပြီ

Vol. 7 Ch. Chapter 18

ငါ့ခေါင်း အဝိုင်းလည်နေပြီ

Vol. 7 Ch. Chapter 18

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 18 - ငါ့ခေါင်း အဝိုင်းလည်နေပြီ

"FOX 5 NYကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ဒီနေ့ကတော့ သတင်းထူးတွေများလှတဲ့ တစ်နေ့တာပါပဲ။ ပထမဆုံး နယူးယောက်မြို့သားများကို တင်ပြမယ့်သတင်းကတော့ နယူးယောက်၊ ပန်ဆာဘေးနီးယား၊ အီလီနွိုက်၊ အင်ဒီယာနာ၊ မစ်ချီဂန် နဲ့အိုဟိုင်းယိုးပြည်​နယ်တို့ပါဝင်တဲ့ Rust Beltပြည်နယ်တွေနဲ့ Wild Westပြည်နယ်တချို့ပါဝင်တဲ့ ဆယ့်ငါးပြည်နယ်ပေါင်းစုအစိုးရတွေက သမ္မတဝဲလ်ဆင်ကို ဥပဒေအရဆန့်ကျင်သွားမယ့် ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်ပါပြီ။

ကျွမ်းကျင်သူတွေကတော့ အမေရိကဟာ ဒုတိယပြည်တွင်းစစ် ဖြစ်လုဖြစ်ခင် နှုတ်ခမ်းဝပေါ်မှာရှိနေတယ်လို့ဆိုပြီး ဝါရှင်တန်မှာရှိနေတဲ့ သမ္မတဝဲလ်ဆင်ကတော့ အတိုက်အခံအုပ်စုကို သစ္စာဖောက်တွေလို့ စွပ်စွဲထားပါတယ်။ ဖက်ဒရယ်ကောင်စီကတော့ မြူတန့်တွေအပေါ်မှာ ကန့်သတ်ထားတဲ့ဥပဒေအားလုံးကို ဖြေလျှော့ပေးဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။"

နောက်တော့ သတင်းမြင်ကွင်းက ပြောင်းသွားပြီး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်တွေကို ဒေါသတကြီးအော်ဟောက်နေတဲ့ ဝဲလ်ဆင်ရဲ့ဗီဒီယိုကို ပြသပါတယ်။

ဗီဒီယိုထဲမှာတော့ ဝဲလ်ဆင်က စားပွဲမှာထိုင်နေရင်းကနေ တုန်ရင်နေတဲ့လက်တွေနဲ့ တပ်ထားတဲ့မျက်မှန်ကိုချွတ်ပြီး သမိုင်းရုပ်ရှင်စိတ်ဝင်စားသူတချို့ ရင်းနှီးနေတဲ့ စကားလုံးတွေကို ပြောပါတော့တယ်။ "ဒါသစ္စာဖောက်မှုကွ၊ ဒါတိုင်းပြည်ကို သစ္စာဖောက်တာပဲ။ ဖက်ဒရယ်တရားရုံးကကောင်တွေအားလုံး ငါ့ကိုလိမ်နေတာ။ အခုဆိုရင် ပေါ်တင်တောင် ပုန်ကန်ကုန်ကြပြီ။ ဖက်ဒရယ်ကောင်စီက ​ကောင်တွေအားလုံး သူရဲဘောကြောင်တဲ့ သစ္စာဖောက်တွေ။ ဒီလိုမှန်းသိရင် မင်းတို့ကောင်တွေအကုန်လုံးကို အရင်ကတည်းက ကြိုးမိန့်ပေးပစ်ရမှာ။"

သတင်းတင်ဆက်သူက ဒီသတင်းကို ကြေညာပြီးတဲ့နောက် အလွန်တရာပျော်ရွှင်နေတဲ့ပုံစံနဲ့ ပြုံးလိုက်ပါတယ်။ သူလည်းလက်မှာ လက်ပတ်ဝါတပ်ထားရတယ်လေ။ နောက်တော့ သူ့ရှေ့မှာချထားတဲ့ ရေခွက်ကို ကောက်ယူကာ မော့ချလိုက်ပြီး သတင်းကိုရှေ့ဆက်ပါတယ်။

"နောက်သတင်းကတော့ တစ်နှစ်နီးပါးဖျက်သိမ်းခံထားရတဲ့ မူလနယူးယောက်ဟီးရိုးအစည်းအရုံးကို ဖက်ဒရယ်ကောင်စီက တရားဝင်ရုံးပြန်ထိုင်ခွင့်ပေးလိုက်တဲ့သတင်းပါ။ လက်ရှိနယူးယောက်ဟီးရိုးအစည်းအရုံးဥက္ကဋ္ဌ Sonic Trainနဲ့တခြားဟီးရိုးတွေကိုတော့ တာဝန်မကျေပွန်မှုနဲ့ ကမ္ဘာ့ဟီးရိုးအစည်းအရုံးဆီတိုင်တန်းပြီး ဖြုတ်ချထားပါတယ်။ အစည်းအရုံးအတွက် ဥက္ကဋ္ဌရွေးကောက်ပွဲလုပ်ဖို့ရှိနေပြီး ယခင်ဒုဌာနမှူးဟယ်ရီက တစ်​ပြေးနေပါတယ်။"

ဗီဒီယိုကလစ်ထဲမှာတော့ နယူးယောက်က ထွက်​ပြေးနေတဲ့ ဟီးရိုးတွေအားလုံးကို ဟီးရိုးအစည်းအရုံးရှေ့မှာ တွေ့နိုင်ပြီးတော့ ဟယ်ရီကို အားလုံးကဝိုင်းမကာ မြှောက်ထားကြပါတယ်။ ဟယ်ရီကိုယ်တိုင်ကတော့ ငိုရမလိုလိုရယ်ရမလိုလို မျက်နှာထားမျိုးနဲ့ရှိနေပြီး ဖားလေးကိုတော့ ဘယ်နေရာမှာမှမတွေ့ရဘူး။

နောက်တော့ သတင်းကြေညာသူရဲ့မျက်နှာပေါ်လာတယ်။ ဒါပေမဲ့ ဘာသတင်းမှမကြေညာရသေးခင် တခြားလူတစ်ယောက်က အနားရောက်လာပြီး အမျိုးသမီးတင်ဆက်သူကို နားနားကပ်ပြောကာ လက်ထဲကို စာရွက်တချို့ထိုးထည့်ပေးသွားတယ်။ တင်ဆက်သူလည်း အတော်အံ့ဩနေပုံပဲ။ သူက လက်ထဲရောက်လာတဲ့ စာရွက်တွေကို မြန်မြန်ဆန်ဆန်ဖတ်လိုက်ပြီး တုန်ရင်နေတဲ့အသံနဲ့ စ​သတင်းကြေညာပါတော့တယ်။

"အထူး... အထူးကြားဖြတ်သတင်းပါရှင်။ ဖက်ဒရယ်ကောင်စီနဲ့ငြိမ်းချမ်းရေးမဟာမိတ်က အခုပဲ ပူးတွဲထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့ပါတယ်။ ယခင်အပတ်က ဖြစ်ပွားခဲ့တဲ့ နယူးယောက်မြို့တိုက်ပွဲမှာ မြို့ကိုအန္တရာယ်ပေးခဲ့တဲ့ မြူတန့်သားရဲက ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်မဟုတ်ဘူးလို့ဆိုပါတယ်။ ပြင်ပအသိဉာဏ်မြင့်အင်အားစုတစ်ခုဖြစ်တဲ့ ပိုးကောင်အင်ပါယာအမည်ရတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ကမ္ဘာကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ငြိမ်းချမ်းရေးမဟာမိတ်အဆိုအရ ရုရှားနဲ့ဩစတေးလျှမှာလည်း ပုံစံတူတိုက်ခိုက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းရေးမဟာမိတ်က ကျန်ရှိနေသေးတဲ့ ကမ္ဘာ့အင်အားစုအားလုံးကို တပ်လှန့်ပြီးပူးပေါင်းဖို့ ထုတ်​ပြန်လာပါတယ်။

ပိုးကောင်အင်ပါယာလှုပ်ရှားမှုရှိနေတဲ့ နိုင်ငံများစာရင်းကိုလည်း ထုတ်ပြန်ပါတယ်။ စာရင်းပါ နိုင်ငံများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

"ဩစတေးလျ၊ ဂျော့ဂျီယာ၊ ဘီလာရု၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ပိုလန်၊ ရိုမေးနီးယား၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ မော်ရိုကို၊ အီဂျစ်၊ ဂါနာ၊ တောင်အာဖရိက၊ ဆူဒန်၊ မာလာဝီ၊ ဆီးရီးယား၊ ဆိုမာလီယာ၊ မာဒါဂက်စကာ၊ ဘရာဇီး၊ အာဂျင်တီးနား၊ ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ကွာတီမာလာ၊ မက္ကဆီကို၊ ဖီလစ်ပိုင်၊ အင်ဒိုနီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂါးလားဒေ့ချ်၊ မော်ဒိုက်...."

နိုင်ငံစာရင်းတွေကို ရေရွက်နေရင်း သတင်းတင်ဆက်သူရဲ့အသံပြာလာတယ်။ နောက်ဆုံးတော့ စာရင်းက အပိတ်နားရောက်လာပြီး "ရုရှားနဲ့ အမေရိကန်တို့ဖြစ်ပါတယ်။"

သတင်းတင်ဆက်သူက နိုင်ငံနာမည်တွေကို ရေရွတ်ပြီးတဲ့နောက် တိတ်ဆိတ်စွာနဲ့ စာရွက်ကို ငေးငိုင်ကြည့်နေတယ်။ သတင်းကိုကြည့်နေတဲ့ ​နျူရေလည်း သက်ပြင်းချလိုက်ပြီး တက်ပလက်ကိုပိတ်လိုက်တယ်။ ပုံမှန်ဆိုရင် ဒီလိုသတင်းမျိုးတွေက ထိန်ချန်ခံထားရမှာပေမဲ့ ဖက်ဒရယ်ကောင်စီကတော့ တမင်သက်သက်တောင် ဖြန့်ချီပေးနေတဲ့ပုံပဲ။

"ဒီလောက်ဆို ရလောက်ပြီထင်တာပဲ။" မက်ဒါနာက နျူရေရဲ့ဆိုင်ကယ်ကို စစ်ဆေးပေးရင်း ခေါင်းညိတ်လိုက်ပြီး ခလုတ်နှိမ်ကာ ကရိန်းက ပြန်ချလိုက်တယ်။

"အခုဆိုရင်နင့်ဆိုင်ကယ်က အလင်းဒြပ်စင်ဗဟိုချက်နဲ့ ကောင်းကောင်းအလုပ်နိုင်သွားပြီ။ အလင်းဒြပ်စင်လက်နက်တွေကိုလည်း သုံးလို့ရပြီ။"

နျူရေက မက်ဒါနာဆီက စကားကိုကြားတာနဲ့ တက်ပလက်ကို စားပွဲပေါ်တင်လိုက်ပြီး ဆိုင်ကယ်နားကို ချက်ချင်းပြေးလာတယ်။ မက်ဒါနာက နျူရေကိုအလင်းဒြပ်စင်အကြောင်း သီးသန့်သင်ပြပေးနေတဲ့အပြင် လက်တွေ့အနေနဲ့ သူ့ဆိုင်ကယ်ကိုပါ အဆင့်မြှင့်ပေးခဲ့တာ။

"ဒါက ပိုပြီးရှင်းလင်းတဲ့ မှတ်စုတွေ၊ နင့်ဘာသာအိမ်မှာလေ့လာဖို့။" မက်ဒါနာက နျူရေလက်ထဲ မှတ်စုစာအုပ်တစ်အုပ် ထည့်ပေးလိုက်တယ်။ ဒီကောင်မလေးက သူနဲ့ယှဥ်ရင်တော့ နည်းနည်းဒုံးဝေးတယ်ဆိုပေမဲ့ ကြိုးစားချင်စိတ်ရှိတာကြောင့် သေချာသင်ပြပေးမိတာ။

"ဒီလိုတန်ဖိုးရှိတဲ့နည်းပညာကို ဘာမှမဟုတ်တဲ့ကျွန်မကို သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။" နျူရေက မက်ဒါနာကို ဘယ်လိုကျေးဇူးတင်ရမှန်းကိုမသိတော့တာ။ မက်ဒါနာကလည်း ပြန်ပြုံးပြလိုက်ပြီး

"ကိစ္စမရှိပါဘူး၊ နင်ကလည်း ငါ့ကိုကာကွယ်ရေးစနစ်ဒီဇိုင်းအတွက် အများကြီးအကူအညီပေးခဲ့တဲ့ဥစ္စာကို"

နောက်တော့ နှစ်ယောက်လုံး စကားစပြတ်သွားပြီး နျူရေက စမ်းသပ်ခန်းထဲကနေ ဆိုင်ကယ်လေးကိုတွန်းပြီး အပြင်ထွက်သွားတယ်။ မက်ဒါနာကတော့ နျူရေချန်ထားခဲ့တဲ့ အိုင်ဒီယာကို တကယ်သုံးလို့ရအောင် ဆက်အဆင့်မြှင့်ဖို့ ကြိုးစားနေပါတယ်။ ခနနေတော့ အခန်းထဲကို ဖရက်ဝင်လာတယ်။ သူက မက်ဒါနာရဲ့လက်ထဲက ဒီဇိုင်းမူကြမ်းကို ကြည့်လိုက်ပြီး မှတ်ချက်ချလိုက်တယ်။

"ဒီတော့ Star Warsထဲကလိုမျိုး စွမ်းအင်ဒိုင်းကြီးတစ်ခုကို ဖန်တီးတော့မယ်ပေါ့။"

မက်ဒါနာက လက်ထဲမှာကိုင်ထားတဲ့ ဘောပင်ကို နှုတ်ခမ်းနဲ့တေ့ပြီး ခနစဥ်းစားကြည့်တယ်။ နောက်တော့ သူ့လက်ထဲက ပုံကိုပြန်ကြည့်လိုက်ပြီး ဖရက်ကိုရှင်းပြတယ်။

"အဲဒါနဲ့နည်းနည်းတော့ဆင်ပေမဲ့ ဒီစွမ်းအင်ဒိုင်းမှာက

သိသာတဲ့ ကွဲပြားချက်တချို့တော့ရှိတယ်။" မက်ဒါနာက ဒီဇိုင်းပေါ်မှာရှိနေတဲ့ တာဝါတိုင်လိုပုံစံလေးကို ဘောပင်နဲ့ထောက်ပြလိုက်တယ်။

"ဒါက တစ်မြို့လုံးကို အလင်းဒြပ်စင်တွေဖြန့်ပေးမယ့် Particle Projectorပဲ။ အနီးစပ်ဆုံးပြောရရင်တော့ ရေပန်းတစ်ခုလိုမျိုးအလုပ်လုပ်တယ်။ အလင်းဒြပ်စင်Coreကနေထွက်လာတဲ့ ဒြပ်စင်မှုန်တွေကို ပန့်တစ်ခုလိုမျိုးစုပ်ယူပြီး ပန်းထုတ်ပေးမှာ။ အဲဒီအလင်းမှုန်တွေက မြို့ရဲ့ကောင်းကင်ထက်မှာ အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး မြို့တစ်ခုလုံးကိုအုပ်မိုးပေးလိမ့်မယ်။"

ဖရက်က မက်ဒါနာရှင်းပြတာကို နားထောင်နေရင်းနဲ့ သူနဲ့တအားအနားကပ်လာတဲ့အတွက် မက်ဒါနာက ဝှီးချဲလေးကိုမောင်းပြီး ခပ်ဝေးဝေးခွာနေလိုက်တယ်။ နောက်တော့ လက်ထဲက ပုံကြမ်းကိုပြမယ့်အစား စမ်းသပ်ခန်းအလယ်က သုံးဖက်မြင်ပရိုဂျက်တာကို ဖွင့်ပြီး ဆက်ရှင်းပြပါတယ်။

"ရုပ်ရှင်ထဲက ဒိုင်းအကာက အပြင်က ပစ်ခတ်သမျှ လက်နက်တွေအကုန်လုံးကို တားဆီး​ပေးပြီး အတွင်းက ပစ်တာတွေကိုတော့ ဖြတ်သွားခွင့်ပေးတယ်။ ဒါပေမဲ့ ဒီစနစ်ကတော့ စွမ်းအင်စီးကြောင်းကြီးနဲ့ မြို့ကိုအုပ်မိုးလိုက်တာမလို့ အတွင်းကဘယ်အရာမှအပြင်မထွက်နိုင်သလို အပြင်ကလည်း ဝင်လာလို့မရတော့ဘူး။ ငါတို့တွက်ချက်ထားသလောက် နယူးယောက်မြို့ကို ကာကွယ်မယ့်စီးကြောင်းက တစ်ကုဗပေကို တန်ငါးရာလောက်လေးတဲ့ အလင်းစီးကြောင်းတိုက်စားတာလောက်ကိုပြင်းမှာ။ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်မဟုတ်ရင် တစ်စစီပျက်စီးသွားမှာပဲ။ ပိုးကောင်ဗိုလ်ချုပ်တွေတောင် အထဲဝင်ဖို့ခက်ခဲလိမ့်မယ်။"

ဖရက်က ခေါင်းညိတ်လိုက်ပြီး မေးကိုပွတ်တယ်။ ပြောရရင် သူက နည်းပညာနဲ့ပတ်သက်ပြီး နားလည်တာမဟုတ်ဘူးလေ။ ဒီတော့ သူ့မင်းသမီးလေးပြောသမျှကို ခေါင်းညိတ်ချီးကျူးဖို့ပဲတတ်တာပါ။

"ထင်ထားတဲ့အတိုင်းပါပဲ၊ မင်းသမီးလေးမှာ အရာရာတိုင်းအတွက် ဖြေရှင်းမယ့်နည်းလမ်း ရှိနေတော့တာပါပဲ။"

မက်ဒါနာကတော့ ရုတ်တရက် ကောင်လေးတစ်ယောက်ဆီက ချီးကျူးခံလိုက်ရတဲ့အတွက် မျက်နှာနီရဲသွားပြီး မျက်နှာကို ပုံကြမ်းနဲ့အုပ်ထားလိုက်တယ်။ နောက်တော့...

"အဲလေ... တကယ်တော့ ငါက ဒီလောက်တော်တာမဟုတ်ပါဘူး။ ပြီးတော့ ဒီစနစ်မှာက အားနည်းချက်တွေလည်းရှိနေသေးတယ်။ စနစ်ကိုမောင်းနှင်ဖို့ လိုအပ်တဲ့စွမ်းအင်ပမာဏက များလွန်းလို့ မိနစ်တိုင်းမှာ ငါ့ဝတ်စုံကို ဆယ်ခါပြန်မောင်းနှင်နိုင်တဲ့ စွမ်းအားမျိုးလိုအပ်တယ်။ အလင်းဒြပ်စင် နျူကလီးယားပေါင်းစည်းCore အတွက် လိုအပ်တဲ့လောင်စာက ပတ်ဝန်းကျင်ကနေ စုပ်ယူရုံနဲ့တင် မလုံလောက်တာကြောင့် ရှေးဟောင်းနည်းအတိုင်း ယူရေနီယမ် ၂၃၅ကို သုံးဖို့လိုတယ်။ ဒါပေမဲ့ အများကြီးတော့ပိုစိတ်ချရတယ်။ မြို့တော်ကို ၈ နာရီကြာကာကွယ်ဖို့အတွက် ကုန်ကျစရိတ်ကတင် ဒေါ်လာသန်းနှစ်ရာကျော်နိုင်တယ်။ တပ်ဆင်စရိတ်ကတော့ ဒေါ်လာငါးဘီလီယံလောက်ရှိမယ်။"

ဖရက်က နည်းပညာအကြောင်းမသိပေမဲ့ ပိုက်ဆံအကြောင်းတော့ သေချာသိပါတယ်။ ဒေါ်လာငါးဘီလီယံဆိုတာကြားတော့ သူက ခပ်ဟဟရယ်လိုက်ပါတယ်။

"မင်းသမီးလေး​ပြောတဲ့အတိုင်းဆိုရင် ဒီစနစ်နဲ့မြို့တစ်မြို့ကို ကာကွယ်ဖို့လိုအပ်တဲ့ ကုန်ကျစရိတ်က မက္ကဆီကိုနယ်စပ်တံတိုင်းကာဖို့လုံလောက်တဲ့ စရိတ်ပမာဏပေါ့။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ပခုံးတွန့်ပြလိုက်တယ်။ "ပြီးတော့ အမေရိကန်မှာက မြို့ပေါင်းထောင်ဂဏန်းနဲ့ချီရှိနေတာလေ။ ​ဖက်ဒရယ်ကောင်စီဝင် ပြည်နယ်မြို့တော်တွေမှာ အရင်စတပ်မယ်ဆိုရင်တောင် အလုံးနှစ်ဆယ်လောက်တော့လိုမှာ။"

ဖရက်ကလည်း ပုံတွေကိုကြည့်ရင်း သံသယနဲ့မေးလိုက်ပါတယ်။ "မင်းသမီးလေးရဲ့စနစ်က အလုပ်ဖြစ်မှာသေချာပါတယ်။ ဒီနိုင်ငံက တစ်နှစ်တစ်နှစ်စစ်သုံးစရိတ် ဒေါ်လာတစ်ထီလီယံနီးပါးသုံးနေတာမလို့ သူတို့မှာနည်းလမ်းတော့ရှိမှာပါ။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်ရင်း သက်ပြင်းချတယ်။ "ပိုးဟပ်သုံးကောင်ပြောတာတော့ ပိုးကောင်အင်ပါယာက သူတို့ရဲ့သာလွန်အရေအတွက်ကိုသုံးပြီး ဂြိုဟ်တွေကိုသိမ်းလေ့ရှိတယ်ပြောတယ်။ ဒီစနစ်က မြို့တွေကို ပိုးကောင်အုပ်ဝိုင်းခံထားရတဲ့ အခြေအနေမျိုးမှာ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့ကို ပြန်တွန်းလှန်နိုင်မယ့် နည်းလမ်းမရှိရင်တော့ ​နောက်ဆုံးစွမ်းအင်ကုန်ဆုံးပြီး ကျရှုံးကုန်မှာပဲ။"

ဖရက်က သဘောတူညီတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ လက်ရှိမက်ဒါနာလုပ်နေတဲ့စနစ်က မြို့တွေကို အလယ်ခေတ်တံတိုင်းကာမြို့ကြီးတွေရဲ့အခြေအနေနဲ့ ပြန်တူသွားစေမှာပါ။ အလယ်ခေတ်မြို့တွေမှာ ကာရံထားတဲ့ တံတိုင်းတွေက ရန်သူကို အနိုင်ယူဖို့မဟုတ်ပါဘူး။ အဲဒီအစား စစ်ကူရောက်မလာခင် မြို့မကျအောင်ခုခံဖို့ပါ။ စစ်ကူရောက်မလာရင်တော့ တံတိုင်းခုနစ်ထပ်ရံလည်း ကျဆုံးရမှာပါပဲ။

"တကယ်တော့ ငါ့မှာတခြားအကြံတွေလည်း ရှိသေးတယ်။ ဖရာလီတာစမ်းနေတဲ့ စက်ရုပ်တပ်ဖွဲ့ကိုအရေအတွက်များများထုတ်ပြီး မြို့တော်ခုခံရေးစနစ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် သုံးလို့ရနိုင်တယ်။ ပုံမှန်တံတိုင်းတွေနဲ့ အလင်းဒြပ်စင်အမြောက်တွေလည်း ဆောက်သင့်တယ်ထင်တာပဲ။ Particle Projectorကတော့ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့သုံးရမှာမျိုးပေါ့။"

မက်ဒါနာက လူသားမျိုးနွယ်ကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေးဗျူဟာတွေကို စတင်တွေးတောနေပါပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ကတော့ ဝေးနေဆဲပါ။ ဖရက်စိုးရိမ်နေတာလည်း အဲဒါကိုပါ။

"မင်းသမီးလေး၊ ကျွန်တော်တို့ကမ္ဘာရဲ့လက်ရှိအခြေအနေနဲ့ သုံးနှစ်အတွင်း ခံစစ်ပြင်နိုင်မယ်လို့ထင်လား။"

မက်ဒါနာက ဖရက်ရဲ့မေးခွန်းကိုကြားတော့ ခေါင်းခါလိုက်တယ်။ "ငါတော့မထင်ဘူး၊ ဆယ်စုနှစ်နဲ့ချီပြီးလိုလိမ့်မယ်။ ဒါပေမဲ့ မမီဘူးဆိုပြီး မလုပ်လို့လည်းမဖြစ်ဘူး။ ငါတွက်ချက်ထားသလောက် ကျူးကျော်မှုစတာနဲ့ နယူးယောက်မြို့အပါအဝင် အမေရိကကုန်းမြေတိုက်က လူသားမြို့ကြီးတွေ နာရီပိုင်းအတွင်း တစ်စစီဖြစ်သွားမှာ။ လူဦးရေသန်းရာချီပြီးသေကုန်ကြလိမ့်မယ်။ ငါတို့စွမ်းအားနဲ့ ဘယ်သူ့ကိုမှ ကယ်တင်နိုင်မှာမဟုတ်ဘူး။"

ပိုးဟပ်သုံးကောင်ပြောပြတဲ့ အချက်အလက်တွေပေါ်မှာမူတည်ပြီး မက်ဒါနာက ပိုးကောင်တွေဂြိုဟ်သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ပုံစံကို သိထားပြီးနေပါပြီ။ ဒီတော့ အကြိမ်ကြိမ်ကြိုတင်တွက်စမှုမျိုးစုံလုပ်ခဲ့ပေမဲ့ လက်ရှိလူသားတွေရဲ့အခြေအနေက လုံးဝလုံလောက်မ​နေပါဘူး။

"သားရဲလေးကောင်ဘက်မှာတော့ တစ်ခုခုထူးခြားမှာပါ။" ဖရက်က မက်ဒါနာကို နှစ်သိမ့်တဲ့အနေနဲ့ ပြောလိုက်တယ်။ မက်ဒါနာကလည်း သက်ပြင်းချလိုက်ပြီး ဝှီးချဲနောက်မှီပေါ်လှဲလိုက်ပါတယ်။

"ဖရာလီတာကတော့ ကျောင်းစာသင်နှစ်ဝက်ပြီးရင် ငါ့ကိုဥရောပခဏလာဖို့ပြောထားတယ်။ သားရဲလေးကောင်က အဲဒီအချိန်လောက်ကျရင် ဆုံးဖြတ်ချက်ချမယ်လို့ပြောတာပဲ။ ဘယ်လိုကိစ္စမျိုးမလို့ သူတို့လိုလူတွေ ဒီလောက်အကြာကြီးဆွေးနွေးဖို့လိုနေတာလဲမသိဘူး။ ကံကောင်းတာက အဲဒီအချိန်လောက်ဆိုရင် ငါတို့လည်း မြို့ကာကွယ်ရေးစနစ်ရဲ့စမ်းသပ်ပုံစံကို မြင်ရလောက်ပြီထင်တာပဲ။"

မက်ဒါနာက စကားပြောနေရင်း လေပူတွေကို မှုတ်ထုတ်လိုက်ပါတယ်။ နောက်တော့ သူက စမ်းသပ်ခန်းတစ်နေရာကိုသွားပြီး ဘူးလေးထဲထည့်ထားတဲ့အရာကို ထုတ်ယူလိုက်တယ်။

"နင်ပေးထားတဲ့ ကျောက်တုံးလေးကိုလည်း ငါလေ့လာနေတယ်။ တကယ်ပဲ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ဟာမျိုး ဖြစ်လိမ့်မယ်။ ဖွဲ့စည်းပုံကတော့ ဆိတ်တွေရဲ့သည်းခြေမှာ စုနေတတ်တဲ့ ဘီဇောလိုအလုံးအထွေးမျိုးပဲ။ ဒီထဲက ဒေတာတွေကို ဖတ်နိုင်မယ့်စက်တစ်ခုတော့ ငါထွင်ထားတယ်။"

မက်ဒါနာက စက်ကလေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး ကျောက်တုံးနဲ့ဆက်သွယ်ကာ စတင်စူးစမ်းပါတယ်။ သာမန်လူနားမလည်နိုင်တဲ့ ကုတ်တွေအများကြီး စက်ရဲ့မော်နီတာမှာပေါ်လာတယ်။ မက်ဒါနာက အဲဒီကုတ်တွေကိုကြည့်ပြီး ဖရက်ကိုမဲ့ပြလိုက်ပါတယ်။

"ဒါပေမဲ့ နင်တွေ့တဲ့အတိုင်းပဲ သူတို့မျိုးရိုးဗီဇကုတ်တွေက နားလည်ရတော်တော်ကိုခက်နေတာ။"

မက်ဒါနာ တကယ်အလုပ်စလုပ်တော့မယ်ဆိုတာကိုတွေ့တော့ ဖရက်လည်း မနှောင့်ယှက်ချင်တော့တာနဲ့ မက်ဒါနာကို ဦးညွှတ်ပြီးထွက်ခွာဖို့ပြင်တယ်။

"မင်းသမီးလေးကို အနှောင့်အယှက်မဖြစ်စေချင်တာမလို့ ကျွန်တော့်ကိုသွားခွင့်ပြုပါဦး။" မက်ဒါနာက ခေါင်းညိတ်ပြီး သွားခွင့်ပေးပြီးတဲ့နောက် ဖရက်လည်း စမ်းသပ်ခန်းထဲကနေ ထွက်ခွာလာပါတယ်။

...

ဝန်ထမ်းအဆောင်ကိုရောက်တော့ ဖရက်လည်း သူမြင်နေရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားပါလေရောလား။ သူ့ပါးစပ်ကနေ စကားလုံးတချို့ထွက်ကျလာတယ်။

"ဘယ်ကနေဘယ်လို မင်းသမီးလေးရဲ့အဆောင်က မူကြိုဖြစ်သွားတာလဲ။"

ဖရက်ပြောရင်လည်း ပြောချင်စရာပဲ။ ဖလေရာနဲ့ လင်ဒါတို့နှစ်ယောက်လုံး အဆောင်အခန်းတစ်ခုထဲမှာရှိနေပြီး ကလေးကစားစရာအရုပ်တွေနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေအများကြီးကလည်း အခန်းထဲမှာ ပြန့်ကျဲလို့နေတယ်။

ယာမီရဲ့ဇွန်ဘီမလေးက လောလောဆယ် သုံးဘီးစက်ဘီးလေးပေါ်မှာရှိနေပြီး လင်ဒါက ကလေးမလေးလဲမကျအောင် ဘေးကနေ ထိန်းပေးထားပါတယ်။ ဖလေရာကတော့ အပျော်တမ်းပရော်ဖက်ရှင်နယ် ကင်မရာလေးကိုကိုင်ပြီး ကလေးမလေးစက်ဘီးစီးနေတာကို ဓာတ်ပုံရိုက်နေတယ်။

"ဟုတ်ပြီ၊ သမီးလေးပြုံးထားနော်။ သုံး... နှစ်... တစ်..."

ချလက်....

နှစ်ယောက်လုံး မိုးမမြင်လေမမြင်ဖြစ်နေတဲ့အတွက်

ဖရက်အခန်းထဲဝင်လာတာတောင် သတိထားမိပုံမရဘူး။ ပြီးတော့ အေမီနဲ့ဘဏ္ဍာစိုးသုံးကောင်ကိုလည်း နေရာမှာမတွေ့ရပါဘူး။

ခနနေတော့ ဖလေရာက ဖရက်ရှိနေတာကို သတိထားမ်သွားပြီး ပြောလိုက်တယ်။ "ဟေး၊ ဝီစမစ်အငယ်ကောင်။ နင်အဲဒီမှာဘာရပ်လုပ်နေတာလဲ။"

ဖရက်က ဖလေရာသူ့ကို ဝီစမစ်အငယ်ကောင်လို့ခေါ်တဲ့အတွက် သိပ်ကျေနပ်ပုံမရပေမဲ့ အရုပ်တွေကို လက်ညိုးထိုးပြီး မေးလိုက်တယ်။ "ဒီကစားစရာတွေက ဘယ်ကနေရောက်လာတာလဲ။"

ဖလေရာက ဖရက်ကို မေးစရာလိုသေးလို့လားဆိုတဲ့ပုံစံနဲ့ စိုက်ကြည့်ရင်း ခပ်ချေချေလေသံနဲ့ပြောလိုက်လေရဲ့။ "နင်မြင်တဲ့အတိုင်းပဲ ဟောဒီက ကလေးမလေးအတွက် ဝယ်လာတာလေ။ မက်ဒါနာက သူ့ကိုတစ်ချိန်လုံး ရေခဲသေတ္တာထဲပိတ်ထားခဲ့တာဆိုတော့ ပျင်းနေရှာမှာပဲလေ။"

လင်ဒါကလည်း ဖရက်နားကိုရောက်လာကာ ကလေးမလေးမကြားအောင် တိုးတိုးလေး ဖြည့်ပြောလိုက်ပါတယ်။ "ပြီးတော့ ကလေးမလေး အသက်ရှင်နေတုန်းက အတော်ခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်လို့ ငါတို့ကြားတယ်။ ဒီတော့ ကလေးမလေးနေပျော်အောင်လုပ်ပေးနေတာ။" ဖရက်ကတော့ ငါးသေမျက်လုံးကြီးတွေနဲ့ လင်ဒါတို့နှစ်ယောက်ကို သေချာကြည့်လိုက်တယ်။ ဒီနှစ်ယောက်က တကယ်ရော သူ့ပြိုင်ဖက်တွေဟုတ်ပါတယ်နော်။

'ဒီနှစ်ယောက်လည်း တဖြည်းဖြည်းနဲ့ ကလေးခိုးပြီးမွေးစားဖို့ကြံနေတဲ့ ထူးဆန်းတဲ့အပျိုကြီးတွေနဲ့တူလာပြီ။' ဖရက်တွေးလို့ကိုမရတော့ဘူး။ သူ့ခေါင်းက အဝိုင်းလည်နေပြီ။

...

မက်ဒါနာကတော့ ကျောက်တုံးကို ဆက်ပြီးလေ့လာနေတယ်။ ဒေတာအချက်အလက်တွေက များလွန်းတဲ့အတွက် သူလေ့လာပြီး မသုံးသပ်နိုင်တော့ဘူး။ အတော်လေးအားကိုးရတဲ့ သူ့တက်ပလပ်တောင်မှ အဲဒါတွေကို ဘာသာပြန်မပေးနိုင်ပါဘူး။

"ဟုတ်သားပဲ၊ အေမီက စူပါကွန်ပျူတာလေ။" အေမီရဲ့လုပ်နိုင်စွမ်းကို သတိရသွားတဲ့ မက်ဒါနာက အေမီကို လိုက်ရှာဖို့ကြိုးစားလိုက်ပေမဲ့ ခနနေတော့ ကိစ္စတစ်ခုကို သတိရလာပြီး သူ့နဖူးသူ ထုလိုက်မိတယ်။

"ငါမေ့နေတာ၊ ကလေးတွေအတွက် နှစ်ဝက်စာမေးပွဲလုပ်ဖို့ သင့်တော်တဲ့မစ်ရှင်ရှိမရှိ သူ့ကိုရှာခိုင်းထားမိတာပဲ။" ကျောင်းစာသင်နှစ်ဝက်က ကုန်ဖို့နီးလာပြီဖြစ်လို့ မက်ဒါနာက နှစ်ဝက်စာမေးပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ကလေးတွေ မြန်မြန်ထူးချွန်လာဖို့ မက်ဒါနာက ယာယီီဟီးရိုးလိုင်စင်ထုတ်ပေးပြီး တကယ့်မစ်ရှင်တစ်ခု ဆောင်ရွက်ခိုင်းဖို့ အကြံရထားလို့ အေမီကို သွားကင်းထောက်ခိုင်းထားတာပါ။ ဒီတော့ အေမီကျောင်းမှာရှိမနေဘူး။

"ထားတော့၊ ငါ့ဝတ်စုံစနစ်နဲ့ပဲချိတ်ပြီး ဘာသာပြန်ကြည့်တော့မယ်။"

All Chapters