လှောင်အိမ်ထဲက ကမ္ဘာ
Vol. 29 Ch. 394
လင်ယွိရှို့တို့အားလုံး အံ့အားသင့်နေကြသည်။ နေထိန်းကျောင်းသူ တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြပြီး ဒူးတစ်ဖက်ထောက်ကာ အရှင်မင်းသားဟု ကျယ်လောင်စွာ နှုတ်ဆက်ဂါဝရပြုနေကြသည်။
နောက်ဆုံးတွင် နေထိန်းကျောင်းသူအားလုံး ရောက်လာခဲ့ကြပြီး လူ့ဘီလူးကြီးတစ်သိန်းခန့်က ဒူးတစ်ဖက်ထောက်၍ ခေါင်းများ ငုံ့ထားကြချေသည်။
နေထိန်းကျောင်းသူများအကြား၌ ဧကရာဇ်မင်း မရှိသည့်အပြင် နေထိန်းကျောင်းသူပင် မဟုတ်သော ချင်မူက အဘယ်သို့ပြု၍ တော်ဝင်မင်းသားတစ်ပါး ဖြစ်သွားရသနည်း။
“ချင်မူက မဟာမြို့ပျက်ရဲ့ မင်းသားလား။ ရွှင်ပျော်ပျော်ကျေးရွာရဲ့ မင်းသားလား။ နွားကျောင်းတဲ့ကောင်လေးက တကယ်ပဲ မဟာမြို့ပျက်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်နေမလား”
လင်ယွိရှို့ မစဉ်းစားတတ်တော့ပေ။ နွားကျောင်းသားတွင် ထိုကဲ့သို့နောက်ခံတစ်ခု ရှိနေသည်လော။
သူက အဘယ်သို့ပြု၍ နေသင်္ဘောကို ထိန်းချုပ်ပဲ့ကိုင်နိုင်သနည်း။
အခြားတစ်ဖက်တွင် ဟူလင်းအာမှာ အတန်ငယ် စိတ်ပျက်သွားသည်။ “သခင်လေးက အသိဉာဏ်ရှိသွားတဲ့ မြေခွေးထီးမဟုတ်ဘူးလား”
ချင်မူ တိုင်လုံးများအား လွှတ်လိုက်သည့်အခါ သူ၏သွင်ပြင်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ဖွဲ့တည်လာသော အပိုလက်နှစ်ဖက်လည်း ပျောက်ကွယ်သွား၏။ ထို့နောက် သူက ခေါင်းဆောင်အဘိုးအိုကို ကပျာကယာ ထူပေးကာ ပြောလိုက်သည်။ “ခေါင်းဆောင်၊ မျိုးနွယ်တွေကို မြန်မြန် ပြန်ထခိုင်းလိုက်ပါ”
“ကျေးဇူးတင်ပါတယ်၊ မင်းသား” ခေါင်းဆောင်အဘိုးအိုက ထရပ်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော်မျိုး မင်းသားရဲ့နောက်ခံကို မသိကျေးကျွန်ပြုမိလို့ ဗွေမယူဖို့ မျှော်လင့်မိပါတယ်”
သူက တစ်ဖက်လှည့်၍ လက်နှစ်ဖက်လုံးကို မြင့်မြင့်မြှောက်ကာ နေထိန်းကျောင်းသူများအား အော်ပြောလိုက်သည်။ “နေရေတွင်းကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ နေထိန်းကျောင်းသူတို့၊ ရွှင်ပျော်ပျော်ကျေးရွာရဲ့ မင်းသားလေး ဒီကို ရောက်လာခဲ့ပြီ။ ရွှင်ပျော်ပျော်ကျေးရွာ ငါတို့ မမေ့ထားခဲ့ဘူး။ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ဆင်းရဲဒုက္ခတွေ ခံပြီး အကြာကြီး စောင့်ပြီးတဲ့နောက်မှာတော့ ငါတို့ လုပ်နိုင်ခဲ့ပြီ။ နေရေတွင်း မကျဆုံးတော့ဘူး။ နေထိန်းကျောင်းသူတွေ မျိုးမတုံးတော့ဘူး”
နေထိန်းကျောင်းသူများ လှိုက်၍လှိုက်၍ ဝမ်းသာလာကြသည်။ သူတို့အားလုံး အားရဝမ်းသာစွာ ကြွေးကြော်အော်ဟစ်ပြီး စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်ကြ၏။ စစ်ပွဲကြောင့် နေ့စဉ်ရက်ဆက် စိတ်ဖိစီးခဲ့ရမှုများ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ အလျှင်းပျောက်ကွယ်သွားကြသည်။
မိစ္ဆာနတ်ဆိုးများက နေရေတွင်းအနားရှိ နေထိန်းကျောင်းသူများကို အမည်းရောင်အခိုးအငွေ့များဖြင့် လွှမ်းခြုံကာ ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။ တစ်မျိုးနွယ်လုံး မျိုးနွယ်၏ အနာဂတ်အတွက် အသက်နှင့်လဲကာ ပြန်တွန်းလှန်ခဲ့ကြသော်လည်း ကပ်ဘေးကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ချက်မရှိခဲ့ကြပေ။ စိတ်ဖိစီးမှုများ တစတစ ကြီးထွားလာခဲ့ပြီး မျိုးနွယ်၏အနေအထားမှာလည်း မလူးသာမလွန့်သာ ဖြစ်လာခဲ့သည်။
သို့သော် ချင်မူ ရောက်လာသည်နှင့် ပျောက်ကွယ်သွားခဲ့သော မျှော်လင့်ချက်များ ပြန်လည်ပေါက်ဖွားလာ၏။
လူ့ဘီလူးကြီးများ ပြေးလွှားအော်ဟစ်နေကြသည်။ တချို့က ပျော်လွန်း၍ ငိုနေကြပြီး တချို့က ကခုန်ကာ သီချင်းများ အော်ဆိုနေကြသည်။ တချို့က ဒဏ်ရာရနေသော စစ်သည်များနှင့် မနာကျန်းသော အကြီးအကဲများကို သွားရောက်အကြောင်းကြားကြပြီး တချို့က ဘိုးဘေးများကို အမွှေးတိုင်ထိန်းညှိ၍ ပူဇော်ကာ ကျေးဇူးတင်နေကြသည်။
“ခေါင်းဆောင် မှားနေတာလားမသိဘူး” ချင်မူ အောက်၌ ပျော်ရွှင်နေကြသော လူ့ဘီလူးကြီးများကို ကြည့်ကာ ဇဝေဇဝါ မေးလိုက်မိသည်။ “ကျွန်တော်က မင်းသားမဟုတ်ပါဘူး...”
ခေါင်းဆောင်အဘိုးအိုက ခေါင်းယမ်းလိုက်၏။ “နေထိန်းကျောင်းသူမဟုတ်ဘဲ နေသင်္ဘောကို ထိန်းချုပ်နိုင်တဲ့နည်းက တစ်နည်းပဲ ရှိပါတယ်။ အဲ့ဒါက တော်ဝင်မျိုးနွယ်ဖြစ်နေဖို့ပဲ။ ကျစ်ချင်း ဧကရာဇ်ရဲ့အမိန့်တော်နဲ့ နေသင်္ဘောကို ဖန်ဆင်းခဲ့တုန်းက သန့်စင်ယန်ခန္ဓာရှိတဲ့ နေစောင့်ရှောက်သူအပြင် သူ ထိန်းချုပ်ခွင့်ပြုခဲ့တဲ့လူတွေက တော်ဝင်မျိုးနွယ်ပဲ ရှိပါတယ်။ မင်းသားက နေစောင့်ရှောက်သူမဟုတ်မှတော့ ရွှင်ပျော်ပျော်ကျေးရွာက တော်ဝင်မျိုးနွယ် ဖြစ်သွားတာပါ”
ချင်မူ ခေါင်းခါလိုက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာပါ။ လောကသခင်ခန္ဓာကလည်း သန့်စင်ယန်ခန္ဓာပဲ”
“လောကသခင်ခန္ဓာဟုတ်လား။ လောကသခင်ခန္ဓာက ဘာများပါလဲ” ခေါင်းဆောင် ကြောင်ကြောင်ငေးငေး ဖြစ်သွားသည်။ အောက်ရှိ လူ့ဘီလူးကြီးများ၏ ပျော်ပွဲရွှင်ပွဲက ပိုမိုစည်ကားလာနေသည်။ သူက သွေးတိုးစမ်း မေးကြည့်လိုက်၏။ “မင်းသား၊ လောကသခင်ခန္ဓာဆို တော်ဝင်သွေးကို ခေါ်တဲ့ နာမည်လား”
ချင်မူ သံသယဝင်သွားမိသည်။ လောကသခင်ခန္ဓာက တော်ဝင်မျိုးနွယ်အတွက် နာမည်ဖြစ်နေသည်လော။ သို့တိုင်အောင် ထိုမေးခွန်း၏ တစ်နေရာရာတွင် တစ်ခုခုမှားနေသယောင်ပင်။
လောကသခင်ခန္ဓာက တော်ဝင်မျိုးနွယ်အတွက် နာမည်ဖြစ်နေလျှင် ရှုရှန်းဟွာလည်း တော်ဝင်မျိုးနွယ်ဖြစ်မည်လော။
သူက တော်ဝင်မျိုးနွယ်ဆိုလျှင် ရွာလူကြီး ပြောခဲ့သည့် လောကသခင်ခန္ဓာအစစ်၊ အတုများက အဘယ်သို့ဖြစ်သွားမည်နည်း။ တော်ဝင်သွေးအတုလည်း ရှိနိုင်သည်လော။
လောကသခင်ခန္ဓာက တော်ဝင်သွေးကို ကိုယ်စားမပြုလျှင် သန့်စင်ယန်ခန္ဓာလော။
သန့်စင်ယန်ခန္ဓာဆိုလျှင် ချင်မူ အဘယ်သို့ပြု၍ လသင်္ဘောကို ထိန်းချုပ်နိုင်ခဲ့သနည်း။
သံသယများ သူ့နှလုံးသားထဲ၌ ပေါက်ဖွားလာသည်။ ရွာလူကြီးကို သွားရှာ၍ မေးလိုစိတ်များ ဖြစ်ပေါ်လာ၏။
သူက လောကသခင်ခန္ဓာဖြစ်သည်ဟု ချင်မူ အမြဲ ယုံကြည်ထားခဲ့သည်။ ထို့ကြောင့် ရွာလူကြီး၏စကားကို သူ အကြွင်းမဲ့ ယုံသည်။
သို့သော် နေထိန်းကျောင်းသူခေါင်းဆောင်၏ စကားက သူ့ကို သံသယဝင်လာစေသည်။
ပျော်ပွဲရွှင်ပွဲပြီးနောက် ခေါင်းဆောင်က နေစောင့်ရှောက်သူအသစ် ဆက်လက်ရွေးချယ်ရန် အမိန့်ပေးသဖြင့် နေထိန်းကျောင်းသူများ စိတ်ရှုပ်ထွေးသွားကြသည်။ သို့သော် အမိန့်အတိုင်း နေကျောင်းဆောင်ဆီသို့ ပြန်လိုက်ကြ၏။ ချင်မူလည်း လင်ယွိရှို့တို့ကို ခေါ်ကာ လိုက်သွားသည်။
နေကျောင်းဆောင်ထဲရောက်သည့်အခါ တော်ဝင်မျိုးနွယ် ချင်မူ့အား တလေးတစား နေရာပေးကြ၏။
ချင်မူ အောက်ငုံ့ကြည့်လိုက်ပြီး နေထိန်းကျောင်းသူလူငယ်များ နေမီးဖိုအား ထွန်းနေကြသည်ကို မြင်လိုက်ရသည်။ သို့သော် နေမီးဖိုမှာ ထွန်းပြီးလျှင်ချင်း တမုဟုတ်ချင်း ငြိမ်းသေသွား၏။ ကြာကြာခံလိုက်သည့်အချိန် မရှိပေ။
ပို၍ပင် ထူးဆန်းသည်က သူတို့ နေမီးဖိုကို ထွန်းညှိလိုက်သည့်အချိန်တွင် ဆန်းပြားသော ပုံရိပ်အသွင်များ ဖွဲ့တည်လာခြင်းဖြစ်သည်။ မီးနဂါး၊ မီးဖုန့်ဟွမ်ငှက်၊ မီးဓာတ်ရေနဂါး၊ မီးချီလင်ကဲ့သို့ ထူးဆန်းသောသတ္တဝါများ ဖြစ်တည်လာပြီး အံ့ဖွယ်ထူးကဲသောအသံများကို ပြုကြ၏။
လင်ယွိရှို့နှင့် ကျန်ရှိသူများ တစ်မျိုးတစ်မည် ခံစားလာရသည်။ စစ်ယွင်ရှန်း ခပ်တိုးတိုး ကပ်ပြောလိုက်မိသည်။ “မီးဖိုထဲက ပုံရိပ်အသွင်တွေက ဝိညာဉ်ခန္ဓာတွေနဲ့ တူပေမယ့် တူလည်း မတူပြန်ဘူး”
အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။ ဝိညာဉ်ခန္ဓာများက မီးငှက်၊ လိပ်နက်၊ နဂါးစိမ်းနှင့် ကျားဖြူဟူ၍ အဓိကအမျိုးအစား လေးမျိုးရှိသည်။ လူတစ်ယောက်တွင် မီးငှက်၊ လိပ်နက်၊ နဂါးစိမ်းနှင့် ကျားဖြူခန္ဓာမရှိလျှင် ဝံပုလွေအသိုက်နယ်မြေ၏ နဂါးဝံပုလွေဝိညာဉ်ခန္ဓာလည်း ဖြစ်နိုင်သေးသည်။ နဂါးဝံပုလွေဝိညာဉ်ခန္ဓာက နဂါးစိမ်းဝိညာဉ်ခန္ဓာမှ ခွဲထွက်သွားသော အသွင်ပြောင်းဗီဇကွဲ ဝိညာဉ်ခန္ဓာဖြစ်၏။
သို့ရာတွင် နေမီးဖိုထဲရှိ ပုံရိပ်အသွင်များအရ နေထိန်းကျောင်းသူများတွင် မီးနဂါးခန္ဓာနှင့် မီးဖုန့်ဟွမ်ငှက်ခန္ဓာများ ရှိနေဟန်တူသည်။ အကုန်လုံးက မီးငှက်ဝိညာဉ်ခန္ဓာမှ အသွင်ပြောင်းဗီဇကွဲများ ဖြစ်ပုံရသည်။
သို့သော် မီးငှက်ဝိညာဉ်ခန္ဓာက သန့်စင်ယန်ခန္ဓာမဟုတ်ဘဲ မီးဓာတ်သတ္တိရှိသော ဝိညာဉ်ခန္ဓာသာ ဖြစ်သည်။ နေထိန်းကျောင်းသူများ၏ ဝိညာဉ်ခန္ဓာများအား မီးငှက်ဝိညာဉ်ခန္ဓာအုပ်စုထဲ ထည့်မရပေ။
“ခေါင်းဆောင်၊ ကမ္ဘာပေါ်မှာ ဝိညာဉ်ခန္ဓာလေးခုပဲ ရှိတာမဟုတ်ဘူးလား” ချင်မူ မေးကြည့်လိုက်သည်။
“ဝိညာဉ်ခန္ဓာလေးခု ဟုတ်လား။ မင်းသားပြောတာက နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နဲ့ လိပ်နက်ဆိုတဲ့ ဝိညာဉ်ခန္ဓာလေးခုလား” ခေါင်းဆောင်အဘိုးအိုက ခေါင်းယမ်းကာ ပြောလိုက်သည်။ “သန့်စင်ယန်ခန္ဓာက ဒီဝိညာဉ်ခန္ဓာလေးခုထဲက မဟုတ်ဘူး”
“ထင်ထားတဲ့အတိုင်းပဲ”
အကုန်လုံး ရင်တဒိန်းဒိန်း ခုန်လာကြသည်။ အမှန်ပင် ဝိညာဉ်ခန္ဓာလေးခု မကပေ။ ကျန်ဝိညာဉ်ခန္ဓာများ ရှိသေးသည်။
“ဝိညာဉ်ခန္ဓာလေးခုဆိုတာ မဟာမြို့ပျက်အပြင်က လူတွေပြောတဲ့ အသုံး မဟုတ်လား” ခေါင်းဆောင်အဘိုးအို မေးလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ ဝိညာဉ်ခန္ဓာအမျိုးအစားက လေးခုမကဘူး။ သန့်စင်ယန်ခန္ဓာ၊ သန့်စင်ယင်ခန္ဓာအပြင် ပိုလို့တောင် အားကောင်းသန်မာတဲ့ ဝိညာဉ်ခန္ဓာတွေ ရှိသေးတယ်
“ကျွန်တော်တို့မျိုးနွယ်ရဲ့ မှတ်တမ်းတွေအရ အတိတ်တုန်းက ဝိညာဉ်ခန္ဓာတစ်ရာကျော် ရှိခဲ့တယ်တဲ့။ ဒါပေမဲ့ ကပ်ဘေးကြီးပြီးတော့ အများစု ပျောက်ကွယ်သွားကြတယ်။ နတ်ဘုရားတွေက မဟာမြို့ပျက်အပြင်ကလူတွေကို ကန့်သတ်ပိတ်လှောင်လိုက်လို့ ဝိညာဉ်ခန္ဓာလေးခုပဲ ကျန်တော့တာ”
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့၏မျက်ဝန်းများတွင် ထိတ်လန့်အံ့ဩမှုနှင့် တွေဝေငေးကြောင်မှုတို့ ပြည့်နှက်နေ၏။ ခေါင်းဆောင်အဘိုးအို၏စကားက သူတို့ကြားထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
မဟာမြို့ပျက်၏ စွန့်ပစ်ခံလူသားများက မဟာမြို့ပျက်၏အပြင် ထွက်မလာနိုင်အောင် ကန့်သတ်ပိတ်လှောင်ပြီး ကျိန်စာတိုက်ခံထားရသော လူသားများဖြစ်၏။ အပြင်သို့ ခြေတစ်လှမ်း ချသည်နှင့် အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ခံရမည်ဖြစ်သည်။
အဘယ်သို့ပြု၍ မဟာမြို့ပျက်အပြင်ရှိ လူများက ကန့်သတ်ပိတ်လှောင်ခံထားရသူများ ဖြစ်နေသနည်း။
“အပြင်မှာ ဝိညာဉ်ခန္ဓာလေးခုပဲ ရှိတယ်” ခေါင်းဆောင်အဘိုးအို ပြောလိုက်သည်။ “ဒါပေမဲ့ မဟာမြို့ပျက်မှာတော့ တခြားဝိညာဉ်ခန္ဓာအမျိုးအစားတွေ ရှိတယ်။ ဒါကြောင့် ကန့်သတ်ပိတ်လှောင်ခံထားရတာက အပြင်ကလူတွေပဲ။ နတ်ဘုရားတွေ ဖန်ဆင်းထားတဲ့ ကြယ်တာရာကောင်းကင်အတုနဲ့ လှောင်အိမ်ထဲမှာ နေနေရမှန်းတောင် မသိကြဘူး။ သူတို့က သနားစရာ ပိုးကောင်လေးတွေသက်သက်ပဲ”
လင်ယွိရှို့နှင့် စစ်ယွင်ရှန်း ပြောစရာစကားရှာမရ ဖြစ်နေသည်။ မဟာမြို့ပျက်၏ စွန့်ပစ်ခံလူများကို တွေ့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများက သူတို့အား ပိုးကောင်လေးများသဖွယ် သနားစရာကောင်းသည်ဟု မြင်ခဲ့ကြသည်။ သို့တိုင်အောင် မဟာမြို့ပျက်၏ စွန့်ပစ်ခံလူများ၏ မျက်လုံးထဲတွင် သူတို့က အမှန်တကယ် သနားစရာကောင်းသော ပိုးကောင်များဖြစ်နေသည်ဟု ထင်ထားကြမည်မဟုတ်ပေ။ မဟာမြို့ပျက်က လွတ်လပ်သည်။ ကောင်းကင်အစစ်ကို ပိုင်ဆိုင်ထားသည်။
ခေါင်းဆောင်အဘိုးအို၏ စကားများက သူတို့ကို တွေဝေရှုပ်ထွေးသွားစေ၏။
သို့ရာတွင် ချင်မူက နေ၊ လနှင့် ကြယ်များက အတုဖြစ်ကြောင်း ကောင်းကင်မဟာမိတ်အဖွဲ့ ရှာဖွေတွေ့ရှိခဲ့သောအချက်နှင့် ခေါင်းဆောင်အဘိုးအို၏စကားကို ဆက်စပ်စဉ်းစားကြည့်သောအခါ ခေါင်းဆောင်အဘိုးအို၏စကားက အတော်လေး သဘာဝကျသည်ဟု ခံစားမိလိုက်သည်။
ကန့်သတ်ပိတ်လှောင်ခံထားရသည်က မဟာမြို့ပျက်မဟုတ်၊ အပြင်လောက ဖြစ်သည်။
“ခေါင်းဆောင် ဒီကမ္ဘာမှာ လောကသခင်ခန္ဓာလည်း ရှိတယ်မလား” သူ ယုံကြည်ချက်အပြည့်ဖြင့် မေးလိုက်သည်။
ခေါင်းဆောင်အဘိုးအိုက ခေါင်းယမ်းလိုက်သည်။ “မင်းသား၊ လောကသခင်ခန္ဓာဆိုတာမျိုး ကျွန်တော် မကြားခဲ့ဖူးပါဘူး။ မျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲမှာ အဲဒီလိုခန္ဓာမျိုးမရှိပါဘူး”
ချင်မူ လက်ကာပြီး ပြုံးလိုက်သည်။ “ခင်ဗျားမသိတိုင်း မရှိတာမှမဟုတ်ပဲ။ ခင်ဗျားရဲ့ အသိအမြင်က တိမ်လွန်းတယ်။ အတွေ့အကြုံရှိပြီး ဗဟုသုတကြီးမားတဲ့ ကျွန်တော့်ဘိုးဘိုးရွာလူကြီးလို မဟုတ်ဘူး။ ခေါင်းဆောင်၊ ကျွန်တော်က တော်ဝင်မျိုးနွယ်ဆိုရင် နေမီးဖိုကို ထွန်းနိုင်မှာလား”
ခေါင်းဆောင်အဘိုးအို ပြုံး၍ ပြောလိုက်၏။ “မင်းသားက တော်ဝင်မျိုးနွယ်ဖြစ်ရင်တောင်မှ နေမီးဖိုကို ထွန်းနိုင်မှာမဟုတ်ပါဘူး။ သန့်စင်ယန်ခန္ဓာက သွေးကိုပဲ အသုံးပြုပြီး အစစ်အမှန်နေမီးလျှံနဲ့ မီးဖိုကို ထွန်းရတာပါ။ သန့်စင်ယန်ခန္ဓာ မဟုတ်ဘဲ ထွန်းဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ နေထိန်းကျောင်းသူတွေက သန့်စင်ယန်ခန္ဓာကြောင့် ထင်ရှားကျော်ကြားပါတယ်။ ကျွန်တော်တို့ပဲ နေမီးဖိုကို ထွန်းပေးနိုင်တယ်။ တော်ဝင်မျိုးနွယ်တောင် မထိန်းနိုင်ပါဘူး”
ချင်မူ စင်မြင့်ပေါ် ခုန်ဆင်းလိုက်ပြီး နေမီးဖိုဆီ လျှောက်သွားလိုက်သည်။ “ဒါပေမဲ့ လောကသခင်ခန္ဓာရဲ့ သွေးကတော့ နေမီးဖိုကို ထွန်းပေးနိုင်တယ်”
သူ လက်ကောင်ဝတ်ကို လှီးလိုက်၏။ နီရဲသောသွေးစက်များက နေမီးဖိုထဲ တတောက်တောက် ကျသွားပြီး ချင်မူ အစစ်အမှန်မီးလျှံကို ထုတ်လွှတ်ကာ နေမီးဖိုအတွင်း တွန်းပို့လိုက်သည်။
ဝုန်း
နေတစ်စင်း ပေါ်ထွန်းလာသကဲ့သို့ နေမီးဖိုက ဟုန်းခနဲ ထတောက်ပြီး ပြင်းထန်သောအပူလှိုင်းများ ဖြာဆင်းလာသည်။ တစ်စက္ကန့်အတွင်း နေရောင်က နေကျောင်းဆောင်တစ်ခုလုံးအား လင်းထိန်သွားစေသည်။
နေမီးဖိုထဲတွင် မီးနဂါး၏ပုံရိပ်သော်လည်းကောင်း၊ မီးချီလင်၏ပုံရိပ်သော်လည်းကောင်း မရှိပေ။ လူပုံရိပ်အသွင်တစ်ခုသာ ရှိပြီး ကြီးမားသထက် ကြီးမားလာကာ နေမီးဖိုတစ်ခုလုံး ပြည့်နှက်သွား၏။ ထိုလူအသွင်က လမ်းလျှောက်ထွက်လိုက်ပြီး နေမီးဖိုကို ပိုက်လိုက်ရာ နေလုံးကြီးတစ်လုံးအား ရင်ဘတ်အရှေ့တွင် မြှောက်ထားသည်နှင့် တူနေသည်။
ချင်မူ အစစ်အမှန်မီးလျှံကို ရုတ်သိမ်းလိုက်သည့်အခါ နေမီးဖိုက တမုဟုတ်ချင်း ငြိမ်းသေသွား၏။ လူအသွင်လည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားကာ နေမီးဖိုက နတ်ဘုရားရုပ်တုသုံးခု၏ ကျောအပေါ် ပြန်လည်ကျဆင်းသွားသည်။
ချင်မူ၏ယုံကြည်ချက်များ တစ်ဖန် ပြင်းထန်လာပြီး သူက နောက်ဆုတ်လိုက်သည်။ အံ့ဩမှင်သက်နေသော နေထိန်းကျောင်းသူမျိုးနွယ်ခေါင်းဆောင်ကို သူ ပြုံးပြလိုက်၏။ “အခု ကျွန်တော်က လောကသခင်ခန္ဓာဆိုတာ ယုံပြီလား”
ခေါင်းဆောင်အဘိုးအို ကြောင်ငေးငေးဖြင့် ဇဝေဇဝါ ဖြစ်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “တော်ဝင်မျိုးနွယ်မှာလည်း သန့်စင်ယန်ခန္ဓာရှိနိုင်တာပဲ... ဒီလိုပဲဖြစ်ရမယ်”
ချင်မူ ခေါင်းယမ်းကာ ပြုံးလိုက်သည်။ “ဒါက လောကသခင်ခန္ဓာရဲ့ အင်အားပဲ” သူ ယုံကြည်ချက်အပြည့် ရှိနေ၏။ ‘ရွာလူကြီး ငါ့ကို မလိမ်ခဲ့ဘူး။ ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာ တကယ် ရှိတယ်’
သို့တိုင်တောင် သူ မသိသည်မှာ သူ၏ခန္ဓာကိုယ်က မည်သည့်ဓာတ်သတ္တိမှ မရှိသော သာမန်ခန္ဓာသာ ဖြစ်နေသည်ကိုပင်။ သူက စက္ကူဖြူတစ်ရွက်ပမာ ဖြစ်နေသည့်အတွက် အလိုရှိသော ဓာတ်သတ္တိကို ပြောင်းလဲနိုင်၏။ ဝိညာဉ်ခန္ဓာလေးခုအဖြစ် ပြောင်းလဲ၍ မီးငှက်၊ လိပ်နက်၊ နဂါးစိမ်းနှင့် ကျားဖြူချီတို့ကိုလည်း ထိန်းချုပ်နိုင်သည်။ သန့်စင်ယန်ခန္ဓာအသွင် ပြောင်း၍ သန့်စင်ယန်ချီကိုလည်း ခြယ်လှယ်နိုင်သည်။ လောကသခင်ခန္ဓာကြောင့် မဟုတ်ပေ။
ရွာလူကြီး လောကသခင်ခန္ဓာအကြောင်း ပြောခဲ့ကတည်းက ချင်မူ ကြိုးစားရုန်းကန်ပြီး အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့သည်။ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်လည်း မထင်မှတ်ထားဖွယ်ရာ ပြောင်းလဲသွားနိုင်၏။ သူက အခြားသူများထက် အဆတစ်ထောင် ကြိုးစားကာ သူ၏ခန္ဓာကိုယ်အား ထပ်တလဲလဲ ပြောင်းလဲခဲ့သည်။ ဤအခြင်းအရာကြောင့် သူ၏အနာဂတ်တွင် မှန်းမဆနိုင်သော ဖြစ်နိုင်ခြေများစွာ ရှိ၏။
ချင်မူက သူ့ကိုယ်သူ လောကသခင်ခန္ဓာဟု တထစ်ချ ယုံကြည်ကာ အပြင်းအထန် ကျင့်ကြံကြိုးစားခဲ့ရမှုများအား လျစ်လျူရှုထားသည်။
“ခေါင်းဆောင်၊ မိုးချုပ်တော့မယ်” နေထိန်းကျောင်းသူအကြီးအကဲတစ်ယောက်က အလေးအနက် ပြောလိုက်သည်။
ခေါင်းဆောင်အဘိုးအို ရင်ထဲတွင် တင်းကြပ်သွားပြီး ချင်မူ့ဆီ လှမ်းကြည့်၏။ “မင်းသား နယ်ခြေခြား မကောင်းဆိုးဝါးတွေ နောက်တစ်ကြိမ် ကျူးကျော်လာပါတော့မယ်။ မင်းသား ကျေးဇူးပြုပြီး ကူညီပေးတော်မူပါ”
ချင်မူ ခေါင်းညိတ်၍ အမှောင်ထုကြီး စိုးမိုးသွားသော နေရေတွင်း၏ ကောင်းကင်ပေါင်းမိုးကို ကြည့်လိုက်သည်။ ပေါင်းမိုးအတွင်း၌ လင်းထိန်တောက်ပနေသော်လည်း အပြင်မှာတော့ ပိတ်ပိတ်ပိန်း မှောင်မိုက်နေ၏။