← Chapters

မင်းသားက ကြမ်းလိုက်တာ

Vol. 29 Ch. 395

မင်းသားက ကြမ်းလိုက်တာ

Vol. 29 Ch. 395

နေသင်္ဘောပေါ်ရှိ နေထိန်းကျောင်းသူများ လေပေါ် ပျံတက်လိုက်ကြပြီး နေရေတွင်းကို လွှမ်းခြုံထားသည့် ပေါင်းမိုးအား စစ်ဆေးကြည့်ရှုကာ စိုးရိမ်ပူပန်နေကြသည်။

နေရေတွင်း၏‌ ‌အကာအကွယ်ပေါင်းမိုးမှာ နေရေတွင်းမှ ဖြာထွက်လာသော အလင်းတန်းများဖြင့် ပန်းကန်လုံးမှောက်ထားသကဲ့သို့ အသွင်သဏ္ဍာန် ဖွဲ့တည်ထားခြင်းဖြစ်၏။ ၎င်းက နေရေတွင်းကို လွှမ်းခြုံကာ ကိုက်ပေါင်းရာချီ ကျယ်ဝန်းသော ကမ္ဘာတစ်ခုကို ဖန်ဆင်းထားသည်။

ချင်မူ နေရေတွင်းဆီသို့ တစ်ခါမှ မရောက်ခဲ့ဖူးသော်လည်း အလင်းပေါင်းမိုး ထင်းလင်းမနေအောင် ဖုံးကွယ်ထားသည့် လှည့်ကွက်တစ်ကွက်ရှိကြောင်း ရိပ်စားမိ၏။ မဟုတ်လျှင် မဟာမြို့ပျက်ထဲတွင် ဧရာမအလင်းလုံးကြီး တောက်ပနေသည်ဆိုသော သတင်းက ဟိုးလေးတကျော်ကျော် ပြန့်နှံ့နေလိမ့်မည်။

ဖုန်းတုသည်လည်း နေရေတွင်းနှင့် ဆင်သည်။ ဖုန်းတုက ညအခါတွင်သာ ပေါ်လာပြီး မည်သူမျှ ဖုန်းတုအား မမြင်နိုင်ပေ။ ကံတိုက်ဆိုင်မှသာ အထဲဝင်သွားနိုင်၏။

နေရေတွင်းလည်း အလားတူဖြစ်သည်။ မဟာမြို့ပျက်ထဲ၌ လိုက်ရှာလျှင်ပင်‌ နေရေတွင်းအား တွေ့ရမည်မဟုတ်ပေ။ မိစ္ဆာနတ်ဆိုးများအနေဖြင့် နေရေတွင်းကို ရှာတွေ့ရန် အင်မတန် အားထုတ်ခဲ့ရလိမ့်မည်။

နေရေတွင်း၏ ကောင်းကင်ပေါင်းမိုးက ရွှေခက်ရွှေရွက်များဖြင့် သွန်းလုပ်ဖန်တီးထားသကဲ့သို့ လင်းလက်တောက်ပနေသည်။ ရုတ်တရက် ပေါင်းမိုး၏အနောက်၌ ဧရာမမျက်နှာကြီးတစ်ဖက် ပေါ်လာပြီး တိုးဝင်လာ၏။ ၎င်းက နေရေတွင်းထဲ ကျူးကျော်ဝင်ရောက်ချင်နေဟန်တူသည်။

မျက်နှာကြီး၏ မေးစေ့က အလွန်တရာ ရှည်လျားပြီး ပါးစပ်ကလည်း ထိုမေးစေ့၏အောက်ခြေတွင် ရှိသည်။ မျက်နှာ၏အလယ်တည့်တည့်၌ အလွန်ကြီးမားသော မျက်လုံးကြီးတစ်ဖက်သာ ရှိ၏။ နှာချောင်းကြီး၏အပေါ်တွင်လည်း ခပ်လုံးလုံး ဘုကြီးရှိနေရာ အလွန်ထူးဆန်းလေသည်။

“ဒီမိစ္ဆာနတ်ဆိုးက ဘယ်ကမ္ဘာကလဲ”

ချင်မူ မှင်သက်နေသည်။ ထိုကဲ့သို့ မိစ္ဆာနတ်ဆိုးမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

လက်ရှိအချိန်၌ တဒုန်းဒုန်း ထုရိုက်သံများ ဆူညံနေသည်။ ကောင်းကင်ပေါင်းမိုးအား တိုးဝင်နေသော ထူးထူးဆန်းဆန်းမျက်နှာများ တစတစ များလာသည်ကို ချင်မူ မြင်တွေ့နေရသည်။ မျက်စိတစ်မှိတ်အတွင်း ပေါင်းမိုးတစ်ခုလုံး မျက်နှာများပြည့်သွား၏။

မျက်နှာများက အရွယ်အစားမျိုးစုံ ဖြစ်ပြီး တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့သော် မျက်လုံးတစ်လုံးတည်းက မျက်နှာအလယ်တည့်တည့်တွင် အချိုးအစားမကျစွာ ရှိနေခြင်း၊ ပါးစပ်က မေးစေ့ရှည်ကြီး၏ အောက်ခြေသို့ ရောက်နေခြင်းကတော့ တူသည်။

မျက်လုံးများက ပေါင်းမိုးအတွင်းရှိ လူများအား စိတ်ဝင်စားဖွယ်အရာများအလား ကြည့်နေပြီး အကျည်းတန်စွာ ပြုံးပြကြသည်။

ရုတ်တရက် မျက်လုံးအားလုံး လေလယ်၌ သံကြိုးများဖြင့် ချည်ထားသော နေလုံးကြီးကို ကြည့်ပြီး အံ့အားသင့်သွားကြ၏။

“အဲဒီကောင်တွေက ခန္ဓာပွားနတ်ဆိုးတွေပဲ“ခေါင်း‌ဆောင်အဘိုးအိုက အလေးအနက် ပြောလိုက်သည်။ “ဒီနတ်ဆိုးမျိုးနွယ်က တခြားနတ်ဆိုးတွေနဲ့ မတူဘူး။ စိတ်ညို့တဲ့နေရာမှာ ကျွမ်းတယ်။ သက်ရှိတစ်ကောင်ကို တွေ့ရင် သူတို့က စိတ်ညို့လိုက်ပြီး သူတို့ရဲ့မျိုးနွယ် ဒါမှမဟုတ် သူတို့ရဲ့ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း အဖြစ် ပြောင်းလဲပစ်လိုက်တယ်”

ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ ရန်သူကို စိတ်ညို့၍ တစ်မျိုးနွယ်တည်း သို့မဟုတ် ခန္ဓာတစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းပစ်သည်တဲ့လော။

ထိုမျှထူးဆန်းသောမျိုးနွယ် အမှန်တကယ် ရှိသည်လား။

“ခန္ဓာပွားနတ်ဆိုးတွေနဲ့ ပတ်သက်ပြီး အထူးဆန်းဆုံးက စိတ်ချင်းဆက်သွယ်နိုင်ကြတာပဲ” ခေါင်းဆောင်အဘိုးအို၏မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ လှစ်ခနဲ ပေါ်လွင်လာသော်လည်း သူက ကပျာကယာ ဖုံးကွယ်လိုက်သည်။ “သူတို့ သားကောင်ကို ဖမ်းမိသွားတာနဲ့ သားကောင်ရဲ့စိတ်ကို သူတို့စိတ်နဲ့ ဆက်သွယ်လိုက်တယ်။ ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီးတစ်ကောင်မှာ ခန္ဓာပွားနတ်ဆိုးသန်းနဲ့ချီပြီး ရှိတယ်။ ခန္ဓာပွားမိစ္ဆာနတ်ဆိုးရဲ့ စိတ်အာရုံက သိပ်အား‌ကောင်းလွန်းတယ်။ မင်းသား သူ့ရဲ့ခန္ဓာပွားနတ်ဆိုးတစ်ကောင်ကောင် လက်ထဲရောက်သွားရင် သူက မင်းသားရဲ့စိတ်ကို အလွယ်တကူ ဖျက်စီးပြီး သူတို့လိုဖြစ်သွားအောင် လုပ်ပစ်လိမ့်မယ်”

လင်ယွိရှို့၊ စစ်ယွင်ရှန်းနှင့် ကျန်ရှိသူများ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်။ ထိုကဲ့သို့ မိစ္ဆာနတ်ဆိုးတစ်ကောင်သာ မဟာမြို့ပျက်ထဲမှ ထွက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် နေ့ချင်းညချင်း ခန္ဓာပွားမိစ္ဆာနတ်ဆိုးမျိုးနွယ် ဖြစ်သွားလိမ့်မည်။

မည်သူက ထိုမျှအားကောင်းသော စိတ်ညို့မှုအား တောင့်ခံနိုင်မည်နည်း။

နေထိန်းကျောင်းသူ ခေါင်းဆောင်အိုကြီး ပြောခဲ့သည့်အတိုင်း နေထိန်းကျောင်းသူများ မျိုးတုံးပျောက်ကွယ်သွားလျှင် မဟာမြို့ပျက်၏ မိစ္ဆာနတ်ဆိုးများ လွတ်မြောက်သွားပြီး အပြင်လောကလည်း ပျက်စီးရလိမ့်မည်။

ရုတ်တရက် ကောင်းကင်ထဲရှိ မျက်နှာများ ပျောက်ကွယ်သွား၍ ခေါင်းဆောင်အဘိုးအို ကမန်းကတန်း ပြောလိုက်သည်။ “မင်းသား နေသင်္ဘောကို ထိန်းချုပ်တော်မူပါ”

ချင်မူ တိုင်လုံးများဆီ တမုဟုတ်ချင်း ပျံသန်းသွားပြီး တိုင်လုံးတစ်လုံးအား ဖမ်းဆုပ်လိုက်သည်။ နေသင်္ဘောထဲရှိ အနှိုင်းမဲ့စွမ်းအင်က သူ့ဆီသို့ အလုံးအရင်းလိုက် ဝင်ရောက်လာကာ သူ၏ရုပ်ခန္ဓာကို ကြောက်ခမန်းလိလိ ကြီးထွားလာစေ၏။ သူ၏အရှိန်အဝါလည်း တရှိန်ထိုး မြင့်တက်သွားပြီး ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်တံတားအဆင့်များကို တိုက်ရိုက်ကျော်ဖြတ်ကာ အမည်မသိအဆင့်တစ်ဆင့်သို့ ဝင်ရောက်သွားသည်။

အုန်း

သူ၏ကောင်းကင်ရတနာများ ဆက်တိုက်ပွင့်လာ၍ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သို့သော် အလွန်မြန်လွန်းသဖြင့် ‌‌ပေါက်ကွဲသံအကျယ်ကြီးတစ်သံသာ ထွက်လာ၏။

“အားကောင်းလိုက်တာ”

ချင်မူ့ပါးစပ်မှ ကမ္ဘာမြေတုန်ဟည်းသွားစေသော အသံကြီး ဟိန်းထွက်လာသည်။ ယခုတွင် သူက နေသင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်ပြီး နေမှလာသော စွမ်းအားက လသင်္ဘောမှစွမ်းအားထက် များစွာကြီးမား၏။ လသင်္ဘော၏ လမှာ ငြိမ်းသေပြီး ပျက်စီးခါနီးဖြစ်ခဲ့သော်လည်း နေသင်္ဘော၏ နေကိုမူ သူကိုယ်တိုင် ပြန်လည်ထွန်းညှိပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နေသင်္ဘော၏ စွမ်းအားက များစွာမြင့်တက်သွားခဲ့သည်။

သန့်စင်ယန်ချီစွမ်းအင်က မနှိုင်းသာလောက်အောင် ကြမ်းတမ်းပြင်းထန်သည့်အတွက် ချင်မူ့ရင်ထဲတွင် ရန်သူကို ဖျက်စီးပစ်လိုသော စိတ်ရိုင်းများ ထကြွ‌သောင်းကျန်းလာသည်။

သူ့ချိုင်းအောက်မှ လက်နှစ်ဖက်ထွက်လာပြီး ကျန်တိုင်နှစ်လုံးကို ဆုပ်ကိုင်လိုက်သည်။ ချင်မူ့ကိုယ်ထဲရှိ စွမ်းအင်မှာ တရှိန်ထိုး မြင့်တက်လာနေဆဲ ဖြစ်ကာ ရုတ်တရက် ဂျွတ်ခနဲ ကြားလိုက်ရ၍ သူ တအံ့တဩ နောက်လှည့်ကြည့်မိလိုက်သည်။ ကြွက်သားအမြှောင်းမြှောင်းထနေသော ခြေထောက်တစ်ချောင်းက သူ၏မြီးညှောင့်ရိုးမှ ထွက်လာ၏။

‘အာ မိန်းကလေးကျင့်လည်း တတိယခြေထောက် ပေါက်တာလား’ ချင်မူ သူ့ဘာသာ ကြိတ်တွေးလိုက်မိသည်။

ခြေသုံးချောင်းဖြင့် မြေကြီးပေါ် ရပ်လိုက်သည့်အခါ ချင်မူ အခြေခိုင်မာသွား၍ ယုံကြည်ချက်များ တမုဟုတ်ချင်း မြင့်တက်သွားသည်။ သူ ကောင်းကင်ပေါင်းမိုးဆီ လှမ်းကြည့်လိုက်သည်။

ပေါင်းမိုး၏ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။

ရုတ်တရက် အုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာပြီး မေးစေ့ရှည်ကြီးတစ်ခုက နေရေတွင်း၏ အကာအကွယ်ကို ထိုးဖောက်လိုက်သည်။ အပေါက်ပွင့်သွား၍ ခန္ဓာပွားနတ်ဆိုးများက ထိုအပေါက်ထဲမှ ပျံထွက်လာ၏။

ခန္ဓာပွားနတ်ဆိုးများက ပိုးကောင်များကဲ့သို့ အုံလိုက်ကျင်းလိုက် တရဟော ဝင်လာပြီး အနက်ရောင်တိမ်တိုက်ပမာ စုဝေးသွား၏။ တိမ်တိုက်ကြီးက ကြီးမားလာကာ အနက်ရောင်ပင်လယ်တစ်စင်း တရှိန်ထိုး စီးဆင်းလာသည့်နှယ် ရှိသည်။

ခန္ဓာပွားနတ်ဆိုးပင်လယ်ကြီးက နေသင်္ဘောအား အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့မှာ အပေါ်မော့ကြည့်ရင်း ခေါင်းကျိန်းနေကြသည်။ မရေမတွက်နိုင်သော ခန္ဓာပွားနတ်ဆိုးများက ရေလှိုင်းလုံးများသဖွယ် နိမ့်ချည်၊ မြင့်ချည် ရွေ့လျားနေကြ၏။

ကောင်းကင်ပေါင်းမိုးထဲ စိုက်ဝင်နေသော မေးစေ့ရှည်ကြီးက ခန္ဓာပွားနတ်ဆိုးများအား ထွေးထုတ်ပေးနေသည်။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့နှစ်ယောက်လုံးတွင် ဝံပုလွေအသိုက်နယ်မြေစစ်ပွဲမှ အတွေ့အကြုံရှိသည်။ ထိုစစ်ပွဲတုန်းက စစ်သည်အင်အား များပြားပြီး စွန့်ပစ်မြေပေါ်တွင် ‌ထောင်သောင်းချီသော စစ်သည်များ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များ၊ သားရဲကြီးများနှင့် လေသင်္ဘောများက တစ်ယောက်ကိုတစ်ယောက်၊ တစ်ကောင်ကိုတစ်ယောက်၊ တစ်စင်းကိုတစ်စင်း သတ်ဖြတ်ပစ်ချခဲ့ကြပြီး သွေးချောင်းသွင်သွင် စီးခဲ့ရ၏။

သို့ရာတွင် လက်ရှိစစ်ပွဲက မတူညီပေ။ နှိုင်းယှဉ်၍ပင် မရနိုင်။

“တိုက်”

နေသင်္ဘောပေါ်တွင် နေထိန်းကျောင်းသူများက စိတ်လှုပ်တရှား အော်ဟစ်ကြွေးကြော်ပြီး ဝိညာဉ်လက်နက်များ ထုတ်လိုက်ကြသည်။ သူတို့က လာတော့မည့်တိုက်ပွဲကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။

ဟူလင်းအာလည်း လူ့ဘီလူးကြီးများနည်းတူ စိတ်အားတက်ကြွလာပြီး သူမလက်သေးသေးလေးများကို မြှောက်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူမမျက်နှာမှာ နီရဲနေ၏။ သူမအသံက ကလေးအသံသာ ဖြစ်သော်လည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “တိုက်”

သူမအနောက်ရှိ ရေနဂါးများလည်း စိတ်လှုပ်ရှားလာကြပြီး လည်ပင်းများ ဆန့်လိုက်ကြကာ သတ်ဖြတ်ချင်လာကြသည်။ သူတို့က ပါးစပ်ဟကာ ဟိန်းလိုက်ကြ၏။ “မာ ဟာ”

ဟူလင်းအာက စိမ်းပုပ်ရောင်ရေနဂါး၏ ကျောပေါ် ခုန်တက်၍ သူမ၏ဓားသေးသေးလေးကို ထုတ်ကာ ကောင်းကင်သို့ ညွှန်လိုက်သည်။ သူမလည်း နဂါးအုပ်နှင့်အတူ အော်ဟစ်ကြွေးကြော်လိုက်သည်။ “မာ ဟာ”

နဂါးအုပ်မှာ ထူးထူးခြားခြား စိတ်လှုပ်ရှားလာကြပြီး စစ်ပင်မဖြစ်ခင် မြေခွေးလေးကို သယ်၍ ခန္ဓာပွားနတ်ဆိုးများဆီ ပြေးဝင်သွားလေသည်။

“လင်းအာ ဒီကောင်မလေးကတော့ ဂိုဏ်းသခင်လို အဆင်အခြင်မဲ့လိုက်တာ”

စစ်ယွင်ရှန်း ဒေါသထွက်သွားပြီး နဂါးချီလင်ပေါ် ကပျာကယာ ခုန်တက်ကာ ဟူလင်းအာနောက် လိုက်စေသည်။ နဂါးချီလင် ပျံတက်တော့မည့်အချိန်မှာပဲ လင်ယွိရှို့လည်း သူ့ကျောပေါ် တက်လိုက်၏။ မိန်းကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်တည်း အော်လိုက်ကြသည်။ “သတိထား”

ဝုန်း

နေသင်္ဘောက ခန္ဓာပွားနတ်ဆိုးများနှင့် ဝင်တိုက်ပြီး တဝုန်းဝုန်း တုန်ခါသွားသည်။ နေသင်္ဘောပေါ်တွင် အင်အားတစ်သိန်းခန့်သာ ရှိသော်လည်း ခန္ဓာပွားနတ်ဆိုးအရေအတွက်က သန်းနှင့်ချီသည်။

မရေမတွက်နိုင်သော မကောင်းဆိုးဝါးနတ်ဆိုးများက နေသင်္ဘောပေါ် ဆင်းလာပြီး တမုဟုတ်ချင်း တိုက်ပွဲပြင်းထန်သွားသည်။ နေထိန်းကျောင်းသူမျိုးနွယ် စစ်သည်တော်များက ငယ်ရွယ်စဉ်ကတည်းက သန့်စင်ယန်ချီကို ရှုရှိုက်ခဲ့ကြရ၍ ကျင့်စဉ်စွမ်းအင် အလွန်တရာ သိပ်သည်းပြီး သိုင်းစွမ်းအား မြင့်မားကြသည်။ သူတို့၏ရုပ်ခန္ဓာခွန်အားကလည်း ကျန်မျိုးနွယ်များထက် များစွာသန်မာပြီး ဆယ်ကိုက်၊ ဆယ့်ငါးကိုက်အရပ်ရှိသော ‘ကလေးများ’၌ပင် နတ်ဘုရားအဆင့်ခွန်အား ပိုင်ဆိုင်ထားကြသည်။

သူတို့၏မှော်စွမ်းအင်သည်လည်း မနှိုင်းသာနိုင်အောင် သန့်ရှင်းပြီး မွေးကတည်းက သန့်စင်ယန်အစစ်အမှန်မီးနှင့် နေအစစ်အမှန်မီးကို ကျင့်ကြံခဲ့ကြရသည်။ သူတို့၏ကောင်းကင်နတ်သိုင်းများကလည်း ဆန်းကြယ်နက်နဲပြီး ခေါင်းလောင်း၊ ဒယ်ဇောက်အိုး၊ ဓားရှည်၊ အဆောက်အဦ၊ စေတီအစရှိသော ဝိညာဉ်လက်နက်မျိုးစုံကို ဖွဲ့တည်နိုင်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားသိုင်း၊ ဓားမသိုင်းနှင့် အလွန်ကွဲပြားချေသည်။

ခန္ဓာပွားနတ်ဆိုးများအနေဖြင့် သူတို့၏ရိုက်ချက်ကိုပင် ခံနိုင်ရည်မရှိနိုင်ပေ။ သို့ရာတွင် ရန်သူအင်အားက များပြားလွန်းသည်။ ရာပေါင်းများစွာသော နတ်ဆိုးများက ပျားအုံကို တုတ်နှင့် အထိုးခံလိုက်ရသကဲ့သို့ တရုန်းရုန်း ပျံဝဲနေကြပြီး နေထိန်းကျောင်းသူမျာအား တိုက်ခိုက်နေကြသည်။

ရွှစ် ရွှစ် ရွှစ်

ခန္ဓာပွားနတ်ဆိုးများ သူတို့၏မျက်လုံးများကို ဖွင့်လိုက်သည့်အခါ နတ်ဆိုးအလင်းတန်းများ ထွက်လာပြီး နေထိန်းကျောင်းသူတို့၏ခန္ဓာကိုယ်ကို ဇကာပေါက်သဖွယ် ဖောက်ထွင်းပစ်သည်။ ဒဏ်ရာရသွားသည်နှင့် နေထိန်းကျောင်းသူများအတွက် စိတ်အညို့မခံရအောင် ကြိုးစားရန် ခက်သွား၏။ နတ်ဆိုးများက အုံဖွဲ့စုဝေးလာပြီး နတ်ဆိုးအလင်းတန်းများက ဒဏ်ရာရသွားသော နေထိန်းကျောင်းသူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ ထိုအခါ ထိုလူ၏မျက်နှာမှာ ပုံပျက်ရှုံ့တွသွားပြီး သူတို့၏စိတ်များ အဆက်မပြတ် နှောင့်ယှက်ခံလိုက်ရလိမ့်မည်။ သူတို့မျက်နှာပင် ပျက်စီးသွားရ၏။

ထို့နောက် မျက်လုံးနှစ်လုံးက လျင်မြန်စွာ စုလာပြီး မျက်နှာ၏အလယ်တွင် ဖောင်းထွက်နေသော မျက်လုံးကြီးတစ်လုံးအဖြစ် ပေါင်းစည်းသွားလိမ့်မည်။ သူတို့၏ပါးစပ်များက အောက်ကျသွားပြီး မေးစေ့များ ရှည်သထက် ရှည်ထွက်လာကာ နောက်ဆုံးတွင် ခန္ဓာပွားနတ်ဆိုးတစ်ကောင် ဖြစ်လာကာ မိမိ၏မျိုးနွယ်ကို ပြန်တိုက်ခိုက်ကြလိမ့်မည်။

နေထိန်းကျောင်းသူခေါင်းဆောင်က အကြီးအကဲများဖြင့် အစွမ်းကုန်တိုက်ခိုက်နေ၏။ ခန္ဓာပွားနတ်ဆိုးမျိုးနွယ်အကြား၌ စိတ်ညို့ခံလိုက်ရသော အဆင့်မြင့်သိုင်းပညာရှင်များဖြစ်သည့် ကြောက်မက်ဖွယ်ရာပြိုင်ဘက်များ ရှိသည်။ သူတို့၏အစွမ်းအစက မနှိုင်းယှဉ်နိုင်အောင် အားကောင်းပြီး မိစ္ဆာနတ်ဆိုးလက်နက်များကိုပင် ကိုင်စွဲကာ တိုက်ခိုက်နေကြ၏။

ခေါင်းဆောင်အဘိုးအို မော့ကြည့်လိုက်သည့်အခါ ခန္ဓာပွားနတ်ဆိုးများအား သတ်ဖြတ်သုတ်သင်နေသော ဧရာမနဂါးကြီးများကို မြင်လိုက်ရသည်။ ရေနဂါးများက ခန္ဓာပွားနတ်ဆိုးများအကြားက အဆင့်မြင့်အကောင်များကို ရင်ဆိုင်နေကြသည်။

သို့သော် တရဟော ဝင်လာနေသော နတ်ဆိုးအရေအတွက်က များလွန်း၏။

‘မင်းသား ဘာလို့ မလှုပ်ရှားသေးပါလိမ့်’

ခေါင်းဆောင်အဘိုးအို တွေးမိလိုက်သည့်အချိန်မှာပဲ နေသင်္ဘော၏ ခြေထောက်များက ထရပ်ပြီး ကောင်းကင်ပေါင်းမိုးဆီ လျှောက်သွားသည်။ အမြန်နှုန်းက မြန်သထက် မြန်လာသည်။

ဧရာမသင်္ဘောကြီးမှာ မြေပြင်ပေါ်၌ တည်ဆောက်ထားသော မြို့ကြီးတစ်မြို့ တဟုန်ထိုး ပြေးလွှားနေသည်နှင့်တူ၏။

“မင်းသား ဘာလုပ်နေတာလဲ” ခေါင်းဆောင်အဘိုးအိုက အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကို ဒေါသတကြီး ဆွဲဖြဲလိုက်သည်။ သူက နေသင်္ဘော၏အလယ်သို့ ကမန်းကတန်း ပြေးသွားပြီး အော်လိုက်၏။ “မင်းသား မလုပ်နဲ့”

ဒုန်း

နေသင်္ဘောက ကောင်းကင်ပေါင်းမိုးကို ထိုးဖောက်၍ နေရေတွင်းကို လွှမ်းခြုံထားသော ဧရိယာအပြင်ဘက်သို့ တရှိန်ထိုး ထွက်သွားသည်။

အပြင်၌ ဧရာမခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီးတစ်ကောင် ဒူးထောက်နေသည်။ ၎င်းက လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ် တင်ထားပြီး မေးစေ့ကြီးအား နေရေတွင်း၏ ကောင်းကင်ပေါင်းမိုးထဲ ထိုးစိုက်ထား၏။ ၎င်း၏ခန္ဓာကိုယ်အနောက်တွင် တဆတ်ဆတ် တုန်ခါနေသော အရိုးတောင်ပံနှစ်ဖက် ရှိသည်။ တောင်ပံ တစ်ချက်တစ်ချက် ထခတ်လိုက်သည့်အခါ အနက်ရောင်လေများ တိုက်ခတ်သွားတတ်သည်။

နေသင်္ဘော ကောင်းကင်ပေါင်းမိုးကို ဖောက်ထွက်လာလျှင်ချင်း မိစ္ဆာနတ်ဆိုးက ကပျာကယာ တောင်ပံခတ်၍ ပျံတက်ချင်သော်လည်း ချင်မူက သံကြိုးများကို ဆုပ်ကိုင်ကာ လေထဲရှိ နေလုံးကြီးအား အားကုန်လွှဲယမ်းလိုက်သည်။

‌ခေါင်းဆောင်အဘိုးအို ငေးကြောင်သွား၏။ ချင်မူက သူတို့နေထိန်းကျောင်းသူမျိုးနွယ်၏ နေလုံးကြီးကို လက်နက်သဖွယ် လွှဲ၍ ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီးကို ရိုက်ချကာ တစ်ချက်တည်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားစေလိုက်သည်။

“မြတ်စွာဘုရား...” ခေါင်းဆောင်အဘိုးအို၏ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။ “မင်းသားက ကြမ်းလိုက်တာ။ အခွင့်အရေးရတာနဲ့ ဘာကိုမှ ငဲ့ကွက်မှာမဟုတ်ဘူး”

All Chapters