တိုက်ခိုက်ရသည့် အကြောင်းပြချက်
Vol. 65 Ch. 891
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူ၏လက်ရှိ အခြေအနေမျိုးတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရန်မှာ မသင့်တော်ပေ။ သူ၏ ဝှက်ဖဲဖြစ်သည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သလို သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ဝိညာဉ်စွမ်းအင်များ ကုန်ခန်းနေပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ညာလက်ရုံး အကြီးအကဲကြီး သူ့ဆီသို့ ဦးတည်ပျံသန်းလာသည်နှင့် ချက်ချင်းဆိုသလိုပင် နောက်သို့ ပျံသန်းဆုတ်ခွာသွားလိုက်သောကြောင့် သူ၏ ပုံစံတူ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ထွက်ပြေးသွားသောအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏နောက်မှ ပြေးလိုက်လာ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ ပေသုံးရာ ပတ်လည်အတွင်းရှိ မြေပြင်ကြီးပေါ်တွင် ကမ္ဗည်းစာလုံးများ မရေမတွက်နိုင်လောက်အောင် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ ပေါက်ကွဲသွားကြကာ ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ညာလက်ရုံး အကြီးအကဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏။
ထိုဓားများမှာ လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ ညာလက်ရုံး အကြီးအကဲကြီးအား လွှမ်းခြုံသွားသည်။ ၎င်းတို့မှာ ညာလက်ရုံး အကြီးအကဲကြီးအား ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်နိုင်မည်မဟုတ်ပါသော်လည်း သူ၏ အရှိန်အား လျော့ကျသွားအောင် နှောင့်ယှက်နိုင်စွမ်းရှိနေဆဲပင်။
ထိုအချိန်တွင် မိုးကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး ညာလက်ရုံး အကြီးအကဲကြီး၏ မျက်နှာအမူအရာမှာ သုန်မှုန်သွား၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သက်တံ့ရောင် အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြတော့သည်။ ထို အလင်းတန်တစ်ခု ထွက်ပေါ်လာတိုင်း ကောင်းကင်ယံကြီးမှာ တုန်ရီသွားရပြီး သူ့ဆီသို့ ဦးတည်လာနေကြသည့် ဓားများအားလုံးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားရသည်။
ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးအား အပြည့်အဝ အသုံးချကာ အရှိန်ကုန်မြှင့်တင်၍ သူ၏ရန်သူနှင့် ပေငါးသောင်းအကွာသို့ ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ထပ်ဖော်ကာ မြေပြင်ကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ သူ၏ ပေငါးသောင်း ပတ်လည်အတွင်းရှိ မြေပြင်ကြီးမှာ အပြင်းအထန် တုန်ရီလာပြီး အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ အလင်းရောင်ပင်လယ်ကြီး တစ်စင်းကဲ့သို့ ဖြစ်သွား၏။ ညာလက်ရုံး အကြီးအကဲကြီးမှာ ထို မန္တန်အစီအရင်များကြောင့် ထပ်၍ အရှိန်လျော့ကျသွားရပြန်သည်။
၎င်းတို့မှာ... ဝမ်ပေါင်လဲ့တစ်ယောက် လွန်ခဲ့သည့် နှစ်ပတ်အတွင်း တရားထိုင်နေခဲ့စဉ်တုန်းက နေရာချထားခဲ့သည့် မန္တန်အစီအရင်များ ဖြစ်ကြပေသည်။ သူသည် ထိုအတောအတွင်း ဘာမှမလုပ်ခဲ့သည့်ပုံ ပေါ်ပါသော်လည်း သတိကြီးသူတစ်ယောက်ပီပီ ရှဲ့ဟေးရန်၏ တံဆိပ်ပြားအား ပုံအော၍ မယုံကြည်ရဲခဲ့ပေ။ ထို့ကြောင့် သူသည် ညာလက်ရုံး အကြီးအကဲကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရမည့် အချိန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားခဲ့၏။
အကယ်၍ ညာလက်ရုံး အကြီးအကဲကြီးသာ ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် သူ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ သူ၏ရှေ့ ပေတစ်သောင်းအကွာရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ခြင်းမရှိပါက ဝမ်ပေါင်လဲ့၏ မန္တန်အစီအရင်များမှာ ပို၍ပင် အားကောင်းနေမည်ဖြစ်သည်။
ထို မန္တန်အစီအရင် အများစုမှာ ကျောက်ယမုန့်၏ လက်ရာများဖြစ်ကြ၏။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများဖြင့် အားဖြည့်ထားသည်ဖြစ်ရာ ထို မန္တန်အစီအရင်များများမှာ ၎င်းတို့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်နိုင်စွမ်း ရှိနေတော့သည်။
ဝမ်ပေါင်လဲ့မှာ နောက်သို့ဆုတ်ခွာသွားနေရင်း မန္တန်လက်ကွက်များဖော်ကာ ကောင်းကင်ကြီးအား လက်ညှိုးထိုးလိုက်ပြန်သည်။ ထိုအခါ မိုးကောင်းကင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားပြီး အနက်ရောင် တိမ်တိုက်များ စတင်စုဝေးလာတော့သည်။ ထို့နောက် အနက်ရောင် လျှပ်စီးတန်းများမှာ မြေပြင်ပေါ်ရှိ အလင်းတန်းကြီးများ၏ ဆွဲငင်ခြင်းကို ခံနေရသည့်အလား မြေကြီးပေါ်သို့ ဆင်းသက်လာကြ၏။ ထို့ကြောင့် ကုန်မြေကြီးမှာ လျှပ်စီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ ဆင့်ခေါ်လိုက်သည့် အရာများ၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်နေခြင်းမရှိသလို ရပ်တန့်သွားခြင်းလည်း မရှိဘဲ နောက်သို့ ပေတစ်ရာတိတိ ထပ်၍ ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် နောက်ထပ် မန္တန်လက်ကွက်တစ်ခု ထပ်ဖော်ကာ မြေပြင်ကြီးအား လက်ညှိုးထိုး၍ မန္တန်အစီအရင် နောက်ထပ်တစ်သုတ်အား ထပ်၍ အသုံးပြုလိုက်သလို သူ၏ နတ်ဘုရားစိတ်ဆန္ဒကိုလည်း ငြိမ်းချမ်းရေးတံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်သည်။ သူသည် ထိုတံဆိပ်ပြားအား အကဲခတ်ကြည့်ရှုထားပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ၎င်း၏ အတွင်းပိုင်းအလုပ်လုပ်ပုံများကို အသေးစိတ်နားလည်ထားခြင်း မရှိသည့်တိုင်အောင် ၎င်းအား အသံလွှင့်အကြောင်းကြားစာများ ပေးပို့ရာတွင်လည်း အသုံးပြု၍ရကြောင်း သိထား၏။
" ရှဲ့ဟေးရန်။ ဒါ ဘာ ငြိမ်းချမ်းရေးတံဆိပ်ပြားကြီးလဲကွ။ ဘာမှလည်း အသုံးမဝင်ဘူး။ အခု ငါ့ရဲ့ ရန်သူတော်ကြီးက ငါ့ကို လိုက်ဖမ်းနေပြီကွ။ သူက အဲဒီ တံဆိပ်ပြားကို အသိအမှတ် မပြုဘူးတဲ့ " ဝမ်ပေါင်လဲ့မှာ ပျာယာခတ်ကာ ဒေါသထွက်နေသည့် လေသံ ပေါက်နေသည့်တိုင်အောင် မျက်နှာအမူအရာ တည်ကြည်နေဆဲပင်။ ထိုအချိန်တွင် ညာလက်ရုံး အကြီးအကဲကြီးမှာမူ အော်ဟစ်မြည်တမ်းကာ ခန္ဓာကိုယ်ပတ်ပတ်လည်၌ သက်တံ့ရောင် အလင်းရောင်များ ခြံရံလျက် ခပ်လှမ်းလှမ်းရှိ လျှပ်စီးပင်လယ်ကြီးနှင့် ဓားလေပြင်းမုန်တိုင်းကြီးထဲမှ ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေပြီဖြစ်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သဖြင့် တောင်တန်းကြီးများမှာ ကောင်းကင်ဘုံဆီသို့ တက်လှမ်းသည့် လှေကားထစ်များကဲ့သို့ ကမ္ဘာမြေကြီးထဲမှ ရုတ်တရက်ဆိုသလို မြင့်တက်လာကြသဖြင့် သူနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့၏ ကြား၌ အတားအဆီးများ ထပ်၍ ပေါ်ပေါက်လာတော့သည်။
" လုံနန်ကျစ် " ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီး၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့ ငြိမ်းချမ်းရေးတံဆိပ်ပြားအား ထုတ်ပြခဲ့စဉ်ကတည်းက စိတ်ဖိအားများ ခံစားနေခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုတွင် သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍အားကောင်းလာရပြီ ဖြစ်သည်။ ထိုအချိန်တွင် နေမင်းကြီးမှာ ရုတ်တရက်ဆိုသလို စူးရှတောက်ပသွားပြီး အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံထဲမှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်သဖြင့် ထိုတိုက်ကွက်ကြီးအား သီသီကလေး ရှောင်တိမ်းနိုင်သွားခဲ့သည်။ ထိုအချိန်တွင် ညာလက်ရုံး အကြီးအကဲကြီးမှာ လက်ဖဝါးနှစ်ဖက်ဖြင့် သူ၏နဖူးအား ရိုက်လိုက်သောအခါ မဟူရာချောက်နက်ကြီးထဲမှ ထွက်ပေါ်လာသည့်ပုံပေါ်သော အော်ဟစ်မြည်တမ်းသံကြီးတစ်သံမှာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် ညာလက်ရုံး အကြီးအကဲကြီး၏ နောက်တွင် ကြက်သွေးရောင် ဧရာမ ဝံပုလွေကြီးတစ်ကောင် ရုတ်တရက်ဆိုသလို ရုပ်လုံးပေါ်လာတော့သည်။ ထို့နောက် ၎င်းမှာ ညာလက်ရုံး အကြီးအကဲကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက ညာလက်ရုံး အကြီးအကဲကြီးမှာ အနီးရောင်အလင်းတန်းကြီးတစ်ခုနှင့် တူနေပြီး အားမာန်အပြည့်ဖြင့် ရှေ့သို့ ထိုးထွက်သွားနေပြီ ဖြစ်သည်။
သူ၏ရှေ့ရှိ မြေပြင်ကြီးထဲမှ ထိုးထွက်လာသော တောင်နံရံများနှင့် တောင်ထိပ်များမှာ သူ့အား ရပ်တန့်နိုင်စွမ်းမရှိကြပေ။ မာကျောမှုအပြည့်ရှိသော ကျောက်တုံးများပင်လျှင် တစ်စစီ ကြေမွပျက်စီးသွားရသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ အရှိန်ကုန်မြှင့်တင်ကာ ထွက်ပြေးနေဆဲဖြစ်ပြီး မန္တန်လက်ကွက်များဖော်၍ သူ နေရာချထားခဲ့သည့် မန္တန်အစီအရင်များကို ဖောက်ခွဲပစ်နေဆဲ ဖြစ်ပါသော်လည်း အချည်းနှီးပင်။ တစ်အောင့်ခန့် အကြာတွင် ညာလက်ရုံး အကြီးအကဲကြီးမှာ သူ့အား ချက်ချင်းဆိုသလိုပင် လိုက်မီသွားပြီး သူ၏ ပါးစပ်ကြီးအား ဟကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုရန် ပြင်လိုက်တော့သည်။
" သေပေတော့ "
" ရှဲ့ဟေးရန်ရေ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားရပြီး ငြိမ်းချမ်းရေးတံဆိပ်ပြားအား စိုက်ကြည့်ကာ အော်ဟစ်လိုက်တော့သည်။ သူ၏ အော်ဟစ်သံ အလုပ်ဖြစ်သွားသောကြောင့်လား သို့မဟုတ် ငြိမ်းချမ်းရေးတံဆိပ်ပြားထဲမှ ဂုဏ်သတ္တိတစ်ခုခု ထွက်ပေါ်လာသောကြောင့်လားတော့ မသိပေ။ ညာလက်ရုံး အကြီးအကဲကြီး ဝမ်ပေါင်လဲ့အား ဝါးမျိုခါနီးဆဲဆဲ အခိုက်အတန့်မှာပင် ငြိမ်းချမ်းရေးတံဆိပ်ပြားထဲမှ အဖြူရောင် အလင်းရောင်များ ထွက်ပေါ်လာ၏။ ထိုအလင်းရောင်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံသွားကာ ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားပြီးနောက် ဧရာမ အလင်းစက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။
ထို စက်လုံးကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ညာလက်ရုံး အကြီးအကဲကြီး၏ ကြက်သွေးရောင် ဝံပုလွေကြီးမှာ ဆတ်ခနဲ ပြန်ပိတ်သွား၏။ ထိုအခါ လေထဲ၌ ဂျွတ်ခနဲမြည်သံတစ်သံ ပဲ့တင်ထပ်သွားပြီးနောက် နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် အော်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
တစ်စစီ ကြေမွသွားရသည့်သူမှာ ဝမ်ပေါင်လဲ့ မဟုတ်ဘဲ... ညာလက်ရုံး အကြီးအကဲကြီး အသွင်ပြောင်းလဲသွားခဲ့သည့် ကြက်သွေးရောင် ဝံပုလွေကြီး ဖြစ်ပေသည်။ ၎င်း၏ မေးရိုးမှာ တစ်စစီ ကြေမွပျက်စီးသွားရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျောသည့် ကျောက်တုံးကြီးတစ်တုံးအား ကိုက်မိသွားသကဲ့သို့ပင်။ ၎င်း၏ အစွယ်များမှာလည်း အက်ကြောင်းများ ထလာပြီး ၎င်း၏ အောက်မေးရိုးမှာလည်း ဟက်တက်ကွဲသွားရ၏။ ထို့နောက် ညာလက်ရုံး အကြီးအကဲကြီး၏ ဝံပုလွေပုံရိပ်ကြီးမှာ မှုန်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်သွားပြီနောက် သူသည် လူပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ဆွံ့အမှင်တက်နေသည့် အမူအရာဖြင့် နောက်သို့ အလောတကြီး ထွက်ပြေးဆုတ်ခွာသွားလိုက်၏။
ညာလက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်အကွာအထိ ရောက်သွားသောအခါမှ ရပ်တန့်သွား၏။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသလို ပါးစပ်ထဲမှလည်း သွေးများ စီးကျနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် တလက်လက်တောက်ပနေသည့် အလင်းစက်လုံးကြီးနှင့် ၎င်း၏ အတွင်းပိုင်းထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ မီးတောက်များ တောက်လောင်လာရတော့သည်။
ထို့နောက် ညာလက်ရုံး အကြီးအကဲကြီးမှာ ရှေ့သို့ ထပ်၍ ပြေးထွက်သွားလိုက််ပြီးနောက် သူ၏ ဝှက်ဖဲအား ထုတ်သုံးရင်း ထို အလင်းစက်လုံးကြီးဆီသို့ ဦးတည်သွားလိုက်၏။ ထိုအခါ ကောင်းကင်ယံထဲတွင် သက်တံ့ရောင် အလင်းရောင်များ ဖျတ်ခနဲလက်သွားပြီး လေထုထဲ၌ မိုးခြိမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ သို့သော် ထို အလင်းစက်လုံးကြီးမှာ ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။ သို့ရာတွင် ညာလက်ရုံး အကြီးအကဲကြီးမှာမူ သူ၏ တိုက်ကွက်များမှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် တန်ပြန်အားများကြောင့် နောက်ထပ် သွေးတစ်ပွက် အန်ထွက်လာရပြန်သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် အရဲစွန့်ကာ အစွမ်းကုန်ထုတ်ရန် ဆုံးဖြတ်လိုက်ပြီး နေမင်းကြီး၏ စွမ်းအားများအား နောက်ထပ်တစ်ကြိမ် ထပ်၍ အသုံးပြုလိုက်တော့သည်။ ထိုအခါ ကောင်းကင်ယံထဲမှ အလင်းတန်းတစ်ခု ကျဆင်းလာ၏။ သို့သော် ထိုတိုက်ကွက်မှာလည်း အလင်းစက်လုံးကြီးအား ထိခိုက်သွားအောင် မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ရူးသွပ်လုမတတ် ခံစားနေရပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာလည်း ရဲရဲနီနေ၏။
အလင်းစက်လုံးကြီးထဲတွင်မူ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ သူသည် အလင်းစက်လုံးကြီး၏ နံရံများကို ကျော်ဖြတ်၍ ညာလက်ရုံး အကြီးအကဲကြီးအား လှမ်းကြည့်နေသည်။ ထို့နောက် သူသည် ညာလက်ရုံး အကြီးအကဲကြီး သူ့အား စိုက်ကြည့်နေစဉ်မှာပင် ငြိမ်းချမ်းရေးတံဆိပ်ပြားအား ကိုင်မြှောက်ကာ အော်ခေါ်လိုက်ပြန်သည်။
" ရှဲ့ဟေးရန် "
ယခုအကြိမ်တွင်မူ ရှဲ့ဟေးရန်၏ စကားသံမှာ ထိုတံဆိပ်ပြားထဲမှ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။
" ညီကိုပေါင်လဲ့၊ ငါ ဒီကိစ္စကို ချက်ချင်းစုံစမ်းပြီးတော့ မင်းကို အဖြေတစ်ခု ပြန်ပေးပါ့မယ်။ ဟွန်း... ရှဲ့မိသားစုရဲ့ ငြိမ်းချမ်းရေးတံဆိပ်ပြားကို အသိအမှတ်မပြုတာက ငါတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို မေးခွန်းထုတ်တာနဲ့ တူတူပဲကွ " ရှဲ့ဟေးရန်မှာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်းနေသည့် လေသံကြီးဖြင့် ကြိမ်းဝါးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ ပြောစကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်တောက်ပသွားရသည်။ ထို့နောက် သူသည် ထို အသံလွှင့်အကြောင်းကြားစာအား အဆုံးသတ်လိုက်ပြီး ခေါင်းမော့ကာ အလင်းစက်လုံးကြီး၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ညာလက်ရုံး အကြီးအကဲကြီးမှာမူ မျက်နှာအမူအရာ သုန်မှုန့်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာမူ သူ့အား စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။
ညာလက်ရုံး အကြီးအကဲကြီးမှာ ရူးသွပ်လုမတတ် ခံစားနေရပြီ ဖြစ်သည်။ သူသည် ယခုလိုဖြစ်နေရသည့် အကြောင်းရင်းများကို မသိနိုင်လောက်အောင် ဖြစ်နေရ၏။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်ရန် အဘယ်ကြောင့် ယခုလောက်အထိ ခဲယဉ်း နေရပါသနည်း။ ပထမဆုံး အကြိမ်တုန်းက သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် ရှိနေခဲ့သောကြောင့်ဟု အကြောင်းပြချက်ပေး၍ ရပါသော်လည်း ယခုတွင်မူ သူသည် သူ၏ ပိုင်နက်ထဲတွင် ရောက်နေပြီ မဟုတ်ပါလော။ သို့သော်လည်း အတားအဆီး အနှောင့်အယှက်များ ပေါ်ပေါက်လာနေဆဲပင်။ ထိုမျှသာမက ဒဏ္ဍာရီလာ ငြိမ်းချမ်းရေးတံဆိပ်ပြားကြောင့်လည်း သူသည် စိုးရိမ်တကြီး ဖြစ်နေရပြီဖြစ်သည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ထို တံဆိပ်ပြားကို အသုံးပြု၍ အသံလွှင့်အကြောင်းကြားစာများ ပေးပို့နေသကဲ့သို့ လုပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားထဲမှ စိုးရိမ်စိတ်များမှာ ပို၍ပင် ကြီးထွားလာရ၏။
သို့ဖြစ်ရာ သူသည် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့သဖြင့် အသံကုန်အော်ဟစ်ကာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ရုတ်ခြည်းဆိုသလို နောက်သို့ ချာခနဲလှည့်သွားပြီး ကောင်းကင်ယံထဲသို့ ပျံတက်သွားလိုက်တော့သည်။ သူသည် လူလုပ် ထာဝရကြယ်ကြီးဆီသို့ ဦးတည်သွားနေခြင်း ဖြစ်၏။
သူသည် စိတ်ပိုင်းဖြတ်ပြီးသွားပြီ ဖြစ်သည်။ သူသည် လူလုပ် ထာဝရကြယ်ကြီးဆီသို့ ပြန်ကာ ၎င်း၏ စွမ်းများကို အသုံးပြု၍ သူ၏ လူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်အဆင့် ခေါင်းဆောင်ကြီးအား လှမ်း၍ ဆက်သွယ်တော့မည်ဖြစ်သည်။ ထိုသို့ ဆက်သွယ်လိုက်မည်ဆိုပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ကျရှုံးမှုများနှင့် သူ၏ ညံ့ဖျင်းမှုအား မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပါသော်လည်း ယခုတွင် သူသည် စိတ်ဖိအားများ ခံစားနေရပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုအချက်များကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်ထဲ၌ ခံစားနေရသည့် ဘေးအန္တရာယ်ကြီးကြောင့် သူသည် ဖြစ်ရပ်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည်ဟု အာရုံခံမိနေတော့သည်။
" တော်ပြီ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းဆီပဲ ပြန်တော့မယ်။ လုံနန်ကျစ်ကို သတ်ချင်ရင် ကိုယ့်ဟာကိုယ်ပဲ လာသတ်ကြတော့ " ညာလက်ရုံး အကြီးအကဲကြီးမှာ စိတ်ထဲတွင် ထိုသို့ ညည်းတွားလိုက်ပြီးနောက် အလျင်အမြန် လှုပ်ရှားကာ ဝမ်ပေါင်လဲ့၏ ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
အလင်းစက်လုံးကြီးထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ အဝေးသို့ ထွက်ခွာသွားနေသည့် ညာလက်ရုံး အကြီးအကဲကြီးအား လှမ်းကြည့်ရင်း မျက်လုံးများ မှေးသွား၏။
" ရှဲ့ဟေးရန်က ငါ့ကို မဟုတ်ဘဲ ညာလက်ရုံး အကြီးအကဲကြီးကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာပဲ... တကယ်လို့ သူသာ ငြိမ်းချမ်းရေးတံဆိပ်ပြားရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာ ပြားပြားဝပ်သွားခဲ့မယ်ဆိုရင် ငါ့ရဲ့ ပြဿနာကြီးက ချက်ချင်း ပြေလည်သွားမှာ။ သူ ငါ့ရဲ့ပြဿနာကို အဲဒီလို အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိနေတာကို ကြည့်ရင် ရှဲ့ဟေးရန်က ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ သိနိုင်တယ်။ သူက ကြွားလုံးထုတ်ဖို့ ကြိုးစားနေတာလားဟ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။
" တကယ်လို့ ညာလက်ရုံး အကြီးအကဲကြီးက ငြိမ်းချမ်းရေးတံဆိပ်ပြားကို ဂရုမစိုက်ခဲ့ရင်လည်း ရှဲ့ဟေးရန်က ဒီတိုက်ပွဲကြီးထဲမှာ ဝင်ပါဖို့ အကြောင်းပြချက်တစ်ခု ရသွားမှာလေ။ အဲတာဆိုရင်လည်း သူက ကြွားလုံးထုတ်နိုင်ဦးမှာပဲ " ထိုကဲ့သို့သော အတွေးများမှာ ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အလျင်အမြန် ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲရှိ ဓမ္မစစ်သင်္ဘောတစ်စင်းထဲမှ မြူခိုးလုံးတစ်လုံး ထွက်ပေါ်လာကာ အပြင်ဘက်၌ စုဝေးသွားပြီးနောက်... ဝမ်ပေါင်လဲ့ နောက်ထပ်တစ်ယောက်အဖြစ် ပြောင်းလဲသွား၏။