ရှဲ့ဟေးရန်၏ လှုပ်ရှားမှု
Vol. 65 Ch. 892
" သတိလို ပိုသည်မရှိတဲ့ " ယခုမှ ပေါ်ပေါက်လာသည့် ခန္ဓာကိုယ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်အစစ် ဖြစ်ပေသည်။ သူသည် ရှဲ့ဟေးရန်အား အပြည့်အဝ ယုံကြည်ခြင်း မရှိခဲ့သောကြောင့် ဒုတိယမြောက် ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့ပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်အား သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပေသည်။
သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်အား အဝေးတစ်နေရာ၌ ကွယ်ဝှက်ထားခြင်းမဟုတ်ဘဲ သူ၏ သိုလှောင်အိတ်ထဲ၌သာ သိမ်းဆည်းထားသည်ဖြစ်ရာ သူ၏ ရန်သူမှာ သူ့အား လိုက်လံရှာဖွေလိုက်မည်ဆိုပါက ထိုကိုယ်ပွားကိုသာ အရင်ဆုံး ရှာတွေ့သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ အလင်းစက်လုံးနှစ်လုံးအား တစ်လုံးပေါ်တစ်လုံး ထပ်ထားသကဲ့သို့ ဖြစ်နေ၏။ ပထမ အလင်းစက်လုံးမှာ ဒုတိယအလင်းစက်လုံးအား ကွယ်ဝှက်ပေးထားသလို ဖြစ်နေမည် ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်စွမ်းအင် တစ်ဝက်တိတိကိုပင် ထို ကိုယ်ပွားထဲသို့ ထည့်သွင်းခဲ့သည်ဖြစ်ရာ ၎င်းမှာ အစစ်နှင့် တူနေ၏။ သို့ဖြစ်ရာ ၎င်းမှာ သာမန်ကိုယ်ပွားများထက်လည်း ပို၍ အစွမ်းထက်ပေသည်။
သူ၏ ပရိယာယ်ကြီးမှာ ခြောက်ပစ်ကင်း သဲလဲစင်နေသည်တော့ မဟုတ်ပေ။ မည်သူမဆို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက တစ်ခုခုမှာ လွဲနေကြောင်း သတိထားမိသွားမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ညာလက်ရုံး အကြီးအကဲကြီး သူ၏ ပရိယာယ်အား မရိပ်မိနိုင်စေရန် ငြိမ်းချမ်းရေးတံဆိပ်ပြားကို ချက်ချင်းထုတ်ယူကာ သူ့အား အာရုံလွှဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကာ ညာလက်ရုံး အကြီးအကဲကြီးအား သူ၏နောက်သို့ လိုက်လာရန် မျှားခေါ်သွားခဲ့ပြီးနောက် သူ၏ မန္တန်အစီအရင်များကို အသုံးပြုခဲ့၏။ ထို့ကြောင့်လည်း သူသည် တစ်ချိန်လုံး သူ၏ သရုပ်မှန်အား ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ နဂိုမူလ အစီအစဉ်အရ အကယ်၍ သူ၏ကိုယ်ပွားမှာ တိုက်ပွဲထဲတွင် သေဆုံးသွားမည်ဆိုပါက ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို သေချာပေါက် ရှာဖွေစစ်ဆေးကြည့်ရှုမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို အခွင့်အရေးအား အမိအရ အသုံးချကာ ညာလက်ရုံး အကြီးအကဲကြီးအား အငိုက်ဖမ်း၍ တိုက်ခိုက်မည်ဖြစ်သည်။
သူတို့နှစ်ယောက်၏ ကြားမှ ကျင့်ကြံခြင်းအဆင့် ခြားနားချက်ကြောင့် သူသည် ထိုကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်နိုင်လျှင်တောင် ညာလက်ရုံး အကြီးအကဲကြီးအား သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သို့သော် သူသည် ထိုအကြီးအကဲကြီးအား ဒဏ်ရာရသွားအောင်လုပ်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ဖန်တီးနိုင်လောက်ပေသည်။ ထိုသို့သာဆိုပါက သူသည် အချိန်ထပ်ရသွားမည် ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ နဂိုမူလ အစီအစဉ်ဖြစ်ပေသည်။ သို့ဖြစ်ရာ အကယ်၍ ရှဲ့ဟေးရန်၏ ငြိမ်းချမ်းရေးတံဆိပ်ပြားမှာ အလုပ်မဖြစ်လျှင်တောင် သူသည် အသာစီးရနိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်သွားမည် မဟုတ်ပါလော။
သို့သော် ယခုတွင်မူ ထိုပြင်ဆင်မှုများအားလုံးမှာ အသုံးမဝင်တော့ပေ။
ဝမ်ပေါင်လဲ့မှာ သိုလှောင်အိတ် အပြင်ဘက်၌ ပေါ်ပေါက်လာပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ကိုယ်ပွားမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားခဲ့သော ပစ္စည်းများမှာလည်း အပြင်ဘက်သို့ ပျံထွက်လာကြပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာတော့သည်။
" ရှဲ့ဟေးရန်။ မင်းက မင်းရဲ့အစွမ်းအစတွေကို ထုတ်ပြဖို့ ပြင်နေမှတော့ ငါ မင်းဆီက သတင်းကောင်းတွေကို မျှော်နေပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် အောက်သို့ထိုင်ချကာ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ စောင့်ဆိုင်းနေလိုက်တော့သည်။
သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ သူ အောက်သို့ထိုင်ချလိုက်စဉ်မှာပင် စကြဝဠာကြီးထဲသို့ ထွက်ပြေးဆုတ်ခွာသွားသည့် ညာလက်ရုံး အကြီးအကဲကြီးမှာ လူလုပ် ထာဝရကြယ်ကြီးဆီသို့ ပြန်လည်ရောက်ရှိသွား၏။ သို့သော် သူ ထို လူလုပ် ထာဝရကြယ်ကြီး၏ စွမ်းအားများကို အသုံးပြုကာ သူ၏ လူမှုအဖွဲ့အစည်းထဲမှ ခေါင်းဆောင်ကြီးအား လှမ်း၍ မဆက်သွယ်နိုင်ခင်မှာပင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာတော့သည်။
ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။ သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ သူသည် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကြီးထဲတွင် ပေါ်ပေါက်လာသည့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများကို စိုက်ကြည့်နေရင်း လူတစ်ယောက် တည်နေရာပြောင်းရွှေ့ခြင်း အပေါက်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုပုဂ္ဂိုလ်မှာ ဆံပင်တိုပြီး အသက်ငယ်ရွယ်သေးသည့်ပုံ ပေါ်ပေသည်။ သူသည် သာမန် အရပ်အမောင်းတစ်ခုကို ပိုင်ဆိုင်ထားကာ သူ၏ ဆံပင်အား ဆီများရွှဲနေအောင် လိမ်းထား၏။ ထို့ကြောင့် ၎င်းမှာ ဝင်းလက်တောက်ပြောင်နေပြီး လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်စွမ်းရှိနေတော့သည်။
ထို လူငယ်လေးမှာ တည်နေရာပြောင်းရွှေ့ခြင်းအပေါက်ထဲမှ ထွက်လာပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ၏ မျက်ဝန်းများမှာ အထိတ်တလန့်ဖြစ်နေသည့် ညာလက်ရုံး အကြီးအကဲကြီးပေါ်သို့ ကျရောက်လာတော့သည်။
" မင်္ဂလာပါ "
" မင်းက ဘယ်သူလဲ " ညာလက်ရုံး အကြီးအကဲကြီးမှာ အသက်ရှူသံများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် ထိုလူငယ်လေးမှာ အခြေတည်အဆင့်သို့ပင် မရောက်သေးဘဲ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ကြောင်း အာရုံခံမိနေ၏။ သို့သော်ငြားလည်း သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးသွားရဆဲပင်။ ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်မှာ တည်နေရာ ပြောင်းရွှေ့နိုင်စရာအကြောင်း လုံးဝမရှိပေ။
သူသည် ထိုလူငယ်လေး ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းကို သိရှိထားပြီး ဖြစ်သည့်တိုင်အောင် သူ့ကိုယ်သူ မယုံချင်ဘဲ ဖြစ်နေရ၏။
ရှဲ့ဟေးရန်ကမူ ညာလက်ရုံး အကြီးအကဲကြီး၏ မျက်ဝန်းများထဲမှ ကြောက်စိတ်များကို သတိမထားမိသည့်ပုံပင်။ သူသည် ခပ်သဲ့သဲ့ပြုံးကာ ကုန်ပစ္စည်းများ ရောင်းချလိုသည့် စီးပွားရေးသမားတစ်ယောက်ကဲ့သို့ နွေးထွေးမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။
" အများအကျိုး သယ်ပိုးမယ့် ရှဲ့ဟေးရန်ပါ။ ဝာာအိုရောင်းရင်း ရှဲ့မိသားစုရဲ့ အထူး ဖောက်သည်တစ်ယောက်ဖြစ်ချင်လား။ အခကြေးငွေ ပေးဖို့ပဲ လိုတာနော်။ အနာဂတ်မှာ ဘယ်လိုပြဿနာမျိုးနဲ့ပဲ ကြုံရကြုံရ ကိစ္စမရှိဘူး။ တာအိုရောင်းရင်း ပိုက်ဆံတတ်နိုင်သရွေ့ ရှဲ့မိသားစုက ကူညီပေးဖို့ အဆင်သင့်ရှိနေမှာ "
" အထူး ဖောက်သည်တစ်ယောက် ဟုတ်လား " ညာလက်ရုံး အကြီးအကဲကြီးမှာ လူငယ်လေး၏ မျိုးရိုးနာမည်အား ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ ထို့နောက် သူ၏ နှလုံးသားထဲမှ ကြောက်စိတ်များမှာ ပိုမိုကြီးထွားလာပြီး သူသည် နောက်သို့ ခြေလှမ်းအနည်းခန့် အလိုလို ဆုတ်မိသွားတော့သည်။ သို့သော် သူသည် သူ၏နောက်တွင် မန္တန်လက်ကွက်များ တိတ်တဆိတ်ဖော်နေသလို လူလုပ် ထာဝရကြယ်ကြီးဆီသို့ အမိန့်များပေးပို့နိုင်ရန်လည်း ကြိုးစားနေ၏။
" ဟုတ်တယ်။ သလင်းကျောက်တုံး အတုံးဆယ်သန်းပဲ လိုတာ " ရှဲ့ဟေးရန်မှာ ပြုံးကာ ပြန်ဖြေလိုက်သည်။
" ငါ့ကို အချိန်နည်းနည်း ထပ်ပေးလို့ရလား။ ငါ အဲဒီပမာဏကို မရရအောင် ရှာပေးပါ့မယ်... " ညာလက်ရုံး အကြီးအကဲကြီးမှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ပြန်မေးလိုက်၏။
" အဲတာဆို ခဗျားက အခုလောလောဆယ် ပိုက်ဆံမတတ်နိုင်ဘူးဆိုတဲ့ သဘောလား။ အဲဒီလိုဆိုရင် ပိုပြီးတော့တောင် အဆင်ပြေသွားသေးတယ်။ ကုန်ကုန်ပြောရရင် ကျုပ်က ကျုပ်ရဲ့ မိသားစု ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို သိပ်ပြီးတော့ သဘောတွေ့တာမဟုတ်ဘူး။ ပြဿနာကောင်တွေနဲ့ ရင်ဆိုင်နေရတာတောင် ဒုက္ခခံပြီးတော့ ကိုယ်ရဲ့လုပ်ရပ်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လိုနေရသေးတယ်လို့ " ရှဲ့ဟေးရန်မှာ ပြုံးနေဆဲဖြစ်ပါသော်လည်း ထိုစကားများကို ဆိုလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တောက်ပလာတော့သည်။
" ခဗျားက ရှဲ့မိသားစုရဲ့ အထူး ဖောက်သည်တစ်ယောက်ဖြစ်လာဖို့ ပိုက်ဆံမတတ်နိုင်ပေမဲ့ ရှဲ့မိသားစုရဲ့ ငြိမ်းချမ်းရေးတံဆိပ်ပြားကို မြင်လိုက်ရတာတောင် အဲဒီ တံဆိပ်ပြားပိုင်ရှင်နဲ့ အလင်းနှစ်တစ်အရာ အကွာအထိ ထွက်မပြေးသွားခဲ့အပြင် သူ့ကိုပါ တိုက်ခိုက်ခဲ့တာလေ "
သူ၏ စကားများမှာ မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်လာသောကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်ရင်း နောက်သို့ ထပ်၍ ဆုတ်သွားလိုက်ပြီးနောက် ကြောက်ကြောက်လန့်လန့်နှင့် ရှင်းပြရန် ကြိုးစားလိုက်တော့သည်။
" ငါ... "
" ခဗျား ခဗျားရဲ့ ဈာပနကိစ္စတွေအတွက် ပြင်ဆင်ဖို့ အချိန်နှစ်နာရီရမယ်။ အချိန်နှစ်နာရီပြည့်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်။ ပြီးရင် ခဗျားရဲ့ခေါင်းကို ရှဲ့မိသားစုဆီ ပို့ပေးဖို့ တစ်ယောက်ယောက်ကို မှာခဲ့ဦးနော် " ရှဲ့ဟေးရန်မှာ ညာလက်ရုံး အကြီးအကဲကြီး သူ့ကိုယ်သူ ရှင်းပြရန် ပြင်နေသည်ကို လျစ်လျူရှုကာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ စကားသံမှာ လေးနက်ပြတ်သားမှုအပြည့် ရှိနေပြီး မည်သူကမှ သူပြောခဲ့သည့် စကားများအား လွန်ဆန်နိုင်မည့်ပုံ မပေါ်ပေ။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
သူ၏ စကားများကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ မိုးကြိုးအချက်ရေ သန်းပေါင်းများစွာ ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်ခေါင်းလုံး ထူပူသွားရပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီကာ မျက်လုံးများ နီမြန်းလာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့ရစဉ် ကာလတစ်လျှောက်လုံး ခံစားခဲ့ရသည့် မကျေနပ်ချက်များကြောင့် အသိစိတ်ပျောက်လုအတတ် ရူးသွပ်နေရပြီ ဖြစ်သည်။
ထို့ကြောင့် ယခုတွင် သူသည် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ သူသည် လူလုပ် ထာဝရကြယ်ကြီးနှင့် လှမ်း၍ ဆက်သွယ်နိုင်သွားခဲ့ပြီးနောက် ထိုလူငယ်လေးမှာ အမှန်တကယ်ပင် တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သူ၏ အဆင့်နိမ့် ကျင့်ကြံခြင်းအဆင့်မှာလည်း အတုအယောင်တစ်ခု မဟုတ်ဘဲ အစစ်အမှန်ဖြစ်နေသည်။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ သတ္တိများ ကောင်းလာရတော့သည်။ ထို့အပြင် ယခုတွင် ရှဲ့မိသားစုမှာ သူ၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်ရာ သူသည် မလွဲမသွေ သေဆုံးသွားရတော့မည်သာဖြစ်ကြောင်း သိထား၏။ သို့ဖြစ်ရာ... သူသည် ကံစမ်း၍ အသက်စွန့်ကာ ကြိုးစားကြည့်သင့်ပေသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဝရမ်းပြေးတစ်ယောက်၏ ဘဝမှာ အသက်သေဆုံးသွားရခြင်းထက် ပို၍ကောင်းသည် မဟုတ်ပါလော။
ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့တွေးကာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များပလာပြီး အသံကုန်အော်ဟစ်လိုက်တော့သည်။
" မင်း တရားလွန်သွားပြီကွ " သူသည် ထိုသို့ဆိုကာ သူ၏ ညာဘက်လက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်၏။ ထိုအခါ လူလုပ် ထာဝရကြယ်ကြီးမှာ အပြင်းအထန် တုန်ရီလာတော့သည်။ ထို့နောက် လေထုထဲတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်မျိုး ပြည့်နှက်သွားပြီး ရှဲ့ဟေးရန်ဆီသို့ ဦးတည်သွား၏။ ထို တိုက်ကွက်ကြီး၏ ပြင်းအားမှာ လမ်းတစ်လျှောက်ရှိ သက်ရှိအားလုံးကို ချက်ချင်း ဇီဝိန်ချုပ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေသည်။
ရှဲ့ဟေးရန်မှာမူ သူ့ဆီသို့ ထိုတိုက်ကွက်ကြီး ဦးတည်လာနေသည်ကို မြင်လိုက်ရသည့်တိုင်အောင် အမူအရာ ပျက်သွားခြင်းမရှိပေ။ သူသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အသာအယာ ချောင်းဟန့်လိုက်၏။ ထိုအခါ သူ၏ နောက်ကျောဘက်မှ ပုံရိပ်ယောင် လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး ညာလက်ရုံး အကြီးအကဲကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ မျက်လုံးများပြူးသွားရပြီး တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူ တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် သူ၏ ခန္ဓာကိုယ်ကြီးမှာ စတင် ကြေမွပျက်စီးလာတော့သည်။ မျက်စ်ိတစ်မှိတ်အတွင်းတွင် ၎င်းမှာ တစ်စစီကြေမွသွားပြီး ပြာပုံဘဝသို့ ရောက်သွား၏။ သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိဘဲ သူ၏ အပြင်ခန္ဓာကိုယ်နဲ့အတူ ပြာကျသွားရသည်။
သူသည် ပြင်ပစွမ်းအားတစ်မျိုးကြောင့် သတ်ဖြတ်ခံလိုက်ရခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ ဂြိုဟ်မှာ ကြေမွပျက်စီးသွားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် တန်ပြန်အားတစ်မျိုး ထွက်ပေါ်လာရပြီး ထိုတန်ပြန်အားကြောင့် သူ၏ ဂြိုဟ်ထဲမှ စွမ်းအားများမှာ သူ့အား ပြန်လည်ဝါးမျိုရန် ကြိုးစားလိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်း ဖြစ်၏။ သူသည် ထိုကဲ့သို့သော တန်ပြန်အားမျိုးကို ရှောင်တိမ်းနိုင်မည် မဟုတ်သလို ခုခံတွန်းလှန်နိုင်မည်လည်း မဟုတ်ပေ။
သူ သေဆုံးသွားသည့်နှင့် သူ၏ လုပ်ပိုင်ခွင့်အာဏာမှာလည်း ပျောက်ကွယ်သွားသဖြင့် မြေဝိညာဉ်လူမှုအဖွဲ့အစည်းပေါ်ရှိ အချုပ်အနှောင်ကြီးမှာလည်း အားပျော့လာပြီး ချက်ချင်းဆိုသလိုပင် ပျက်စီးသွားတော့သည်။
ရှဲ့ဟေးရန်မှာ တစ်ချိန်လုံး နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူသည် ဟင်းလင်ပြင်ကြီးဆီသို့သာ ဆက်လက်လျှောက်လမ်းသွားလိုက်ပြီး တည်နေရာပြောင်းရွှေ့ခြင်းအပေါက် ပွင့်လာသည့်အချိန်တွင် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
" ကြည့်ရတာ ခဗျားက အသက်ရှင်ရတာ တကယ်ကို ငြီးငွေ့နေတဲ့ပုံပါပဲ။ ကိုယ့်ဘဝရဲ့ နောက်ဆုံး နှစ်နာရီလေးကိုတောင်မှ တန်ဖိုးမထားဘဲ လွှင့်ပစ်လိုက်ရတယ်လို့ "
ညာလက်ရုံး အကြီးအကဲကြီး သေဆုံးသွားပြီး မြေဝိညာဉ်လူမှုအဖွဲ့အစည်းပေါ်ရှိ အချုပ်အနှောင်ကြီး ပျောက်ကွယ်သွားချိန်တွင် အလင်းစက်လုံးထဲ၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွား၏။ သူသည် မြေဝိညာဉ်လူမှုအဖွဲ့အစည်း ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည်
မျက်ဝန်းများ အရောင်တောက်ပသွားကာ မတ်တတ်လာပြီး သူ၏လက်အား ဝှေ့ယမ်း၍ ငြိမ်းချမ်းရေးတံဆိပ်ပြားထဲမှ ထွက်ပေါ်နေသည့် အလင်းရောင်များအား ဖယ်ရှားလိုက်တော့သည်။ ထို့နောက် သူသည် အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် စကြဝဠာကြီးထဲသို့ လှမ်းကြည့်လိုက်၏။
" အချုပ်အနှောင်ကြီး ပျောက်သွားပြီပဲ " ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ရေရွတ်မိလိုက်စဉ်မှာပင် နွေးထွေးမှုအပြည့်ရှိသော ရှဲ့ဟေးရန်၏ စကားသံမှာ သူ၏လက်ထဲရှိ ငြိမ်းချမ်းရေးတံဆိပ်ပြားထဲမှ ထွက်ပေါ်လာသည်။
" ညီကိုပေါင်လဲ့ရေ။ မင်းရဲ့ပြဿနာကြီး ပြေလည်သွားပြီနော်။ အဲဒီ အချုပ်အနှောင်ကြီးကို နှစ်ပတ်အတွင်း ဖျက်ဆီးပေးမယ်လို့ ငါ ကတိပေးခဲ့တယ်မလားကွ။ ဘယ်လိုလဲ။ သဘောတွေ့ရဲ့လား "
" ညာလက်ရုံး အကြီးအကဲကြီးကရော " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မျက်လုံးများ မှေးကာ မေးလိုက်၏။ ရှဲ့ဟေးရန်မှာ ထိုမေးခွန်းအား တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည့်ပုံပင်။ သူသည် ရယ်မောလိုက်ပြီးနောက် တည်ကြည်အေးဆေးမှု အပြည့်ရှိသော လေသံဖြင့် ပြန်ဖြေလိုက်တော့သည်။
" သူက သူ့ကိုယ်သူ သတ်သေသွားပြီ "