အခန်း(၂၁)
Vol. 2 Ch. 21
အရုဏ် နံနက်ခင်း မိုးသောက်လို့ လာချေပြီ။
ယုံဝူ မြို့ကတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီး သဖွယ်ပင်။
ယုံဝူးမြို့ရဲ့ အနောက်ဘက်ခြမ်း မှာတော့ ပါရမီရှင်ပြိုင်ပွဲ ကျင်းပဖို့
ပြိုင်ကွင်းနေရာ အကျယ်ကြီး လုပ်ထားတယ်။
လူထောင်ပေါင်းများစွာ ကြည့်လို့ရအောင် လုပ်ထားတဲ့ ပြိုင်ပွဲ ကွင်းပြင်ကြီးထဲမှာ လူတွေနဲ့ စည်ကားလို့ နေပေသည်။
"ဌာနမှူး ဝမ် … ဘယ်လိုလုပ် ဒီနေရာကို ရောက်လာရတာလဲ။
ကျုပ်ကြားတာကတော့ ခင်ဗျားတို့ အာမခံဌာနက အလုပ်ကြီး လက်ခံထားတယ်ဆို"
" ကျူပ်သားက ဒီနေ့ပြိုင်ပွဲမှာ ပါမှာဗျ။ ဘာအလုပ်ပဲ ရှိရှိ ဒီနေ့တော့ နားတယ်ဗျို့။"
" ကုန်သည်ကြီး ကျို ။ ခင်ဗျားသားက ဒီပြိုင်ပွဲမှာ မပါဘူးမလား"
" ကျွန်တော့်သားက အသက်မပြည့် သေးဘူးဗျ။ ဒါကြောင့် ပြိုင်ပွဲမှာ ဝင်ပါလို့ မရဘူးလေ။ ဒါပေမဲ့ ကျွန်တော့် မွေးစားသားကတော့ ဝင်ပြိုင်မှာဗျ။ ဒါနဲ့နေ့ပါဦး ။ ခင်ဗျားသားကလည်း ၁၆နှစ် မပြည့်သေးဘူးလေ။ ပြီးတော့ မွေးစားသားလည်း မရှိဘူးမလား။ ခင်ဗျားကကော ဒီမှာ ဘာလာလုပ်တာတုန်း"
" ကျုပ်က ဒီနေ့ မျိုးဆက်သစ်တွေကို လာအားပေးရုံ သက်သက်ပါဗျာ"
ယုံဝူးမြို့ရဲ့ အနီးတစ်ဝိုက်က လူတွေကတော့ ပြိုင်ပွဲကွင်းကို ပြိုင်ပွဲ မစမှီကတည်းက ကြိုပြီး ရောက်လို့ နေချေပြီ။ မတွေ့တာကြာတဲ့ သူတွေကလည်း အချင်းချင်း နှုတ်ဆက်လို့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ပြောနေကြတယ်။ တချို့ကတော့ အခြေအနေကို စောင့်ကြည့်ဖို လာကြတယ်။
ပြိုင်ပွဲရဲ့ အဖြေ ထွက်လာလို့ ကလန်တစ်ခုခုကသာ အလားအလာကောင်းတဲ့ တပည့်တွေကို မွေးထုတ်နိုင်ခဲ့ရင် အဲကလန်ကို လက်ဆောင်တွေ ဆက်သပြီး ရင်းနှီးမှု တည်ဆောက်ဖို့လေ။
အားလုံးနီးပါးကတော့ လီကလန်ကို ကြီးကြီးမားမား မမျှော်လင့်ထားကြဘူး။ ဒီဘက်နှစ်တွေမှာ လီကလန်က တပည့်တစ်ယောက်မှ မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့် မကြဘူးလေ။ ဒီတစ်ကြိမ်မှာသာ ဒီလို ထပ်ဖြစ်နေဦးမယ် ဆိုရင်တော့ လီကလန်ကို ကလန်ကြီး တစ်ခုလို့တောင် ခေါ်ဖို့ မထိုက်တန်တော့ဘူး။
"ကြည့်စမ်းဟေ့။ ယန်တွေကတော့ ဒီကို ရောက်လာကြပြီ။ ကလန်ကြီး လေးခုထဲမှာ သက်တမ်း အရှည်ကြာဆုံးဖြစ်တဲ့ ယန်ကလန် ဒီနေ့ ဒဏ္ဍာရီ တစ်ပုဒ် ထပ်ရေးနိုင်ပါ့မလား"
လူအုပ်ကြီးက ကြည့်နေစဉ်မှာပဲ ယန်ကလန်က လူတွေက ဝင်ပေါက်ကနေ ဝင်လာနေကြတယ်။ တခြား မိသားစုတွေထက် ယန်ကလန်ကလူ ပိုများနေတယ်။ ဘာလို့လည်း ဆိုတော့ သူတို့မှာ ပြိုင်ပွဲဝင် ကိုးယောက် ရှိလို့ပါပဲ။
"ငါ က မိုးပြာရောင် ဂိုဏ်းသား ဖြစ်ကို ဖြစ်လာရမယ်"
ယန်ချီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
သူ့ရဲ့ မျက်လုံးမှာ တော့ သတ်ဖြတ်ချင်တဲ့ အရိပ်အငွေ့တွေ အပြည့်ပင်။ သူ့ရဲ့လမ်းမှာ နတ်သိကြားတွေ လာတားရင်တောင် ထို နတ်သိကြားတွေကို သတ်ဖြတ်ဖို့ သူဝန်လေးနေမယ့်ပုံ မရှိ။
" ကောင်းကလန်ကလည်း ရောက်လာပြီဟေ့ ။ ကြည့်ရတာ ကောင်းကလန်က ပိုပိုပြီး အာဏာထက်လာမယ့် ပုံပဲ။ ကောင်းကလန်က တပည့်တွေက အကုန်လုံးနီးပါး အစွမ်းထက်လွန်းတယ်။ ကြည့်ရတာ နောက်အနည်းငယ်ဆို ယန်ကလန်ကို ကျော်တက်သွားမယ့် ပုံပဲ။ ရှန်းတု ကလန်တောင် စိတ်ချရမယ့်ပုံ မရှိဘူး"
အားလုံးရဲ့ မျက်လုံးထဲမှာ ကောင်းကလန်ရဲ့ တိုးတက်လာမှုက အရမ်းကို ကြောက်စရာ ကောင်းလွန်းနေတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀လောက်တုန်းက လူမသိသူမသိ ကလန်ငယ်လေး တစ်ခုက ယခု နှစ်၂၀ နောက်ပိုင်းမှာတော့ လီကလန်ကို ကျော်တက်သွားပြီး ယန်ကလန်နဲ့ ရှန်းတုကလန်ကို နောက်ကနေ ဖိအားပေးနေပြီလေ။
တချို့့ အမြင်မှာတော့ ယန်ကလန်ကို သာသွားပြီလို့တောင် ထင်နေကြတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးပြာရောင်ဂိုဏ်းက တပည့်အဖြစ် ရွေးချယ်သွားတဲ့ ကောင်းရှု ကြောင့်ပဲ။
ကောင်းယုက ပြိုင်ပွဲကွင်းထဲကို ခေါင်းမော့ရင်ကော့ပြီး မာနကြီးတစ်ခွဲသားဖြင့် ဦးဆောင်ဝင်လာလေသည်။
ကံအကြောင်း တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား။
တစ်ချိန်တည်းမှာပဲ လီကလန်ကလည်း ဆန့်ကျင်ဘက် ဝင်ပေါက်ကနေ ဝင်ရောက်လာခဲ့တယ်။
လီရှန်းဟန် ရှေ့ဆုံးက ဝင်ရောက်လာပြီး ကောင်းယုကို တွေ့တဲ့အခါ မျက်လုံးတွေက သွေဖည် သွားခြင်းမရှိပဲ တည့်တည့်မတ်မတ် စိုက်ကြည့် လိုက်တယ်။
ကောင်းယုရဲ့ မျက်လုံးထဲမှာတော့ အပြစ်ရှိသည့်ဟန် လုံးဝမပေါ်ချေ။ ဒီကမ္ဘာပေါ်မှာက အင်အားကြီးသူကသာ အရာရာကို ဆုံးဖြတ်နိုင်တယ်လေ။ ဒါကြောင့် ကောင်းယုက သူက မှန်ကန်တဲ့ အရာတစ်ခုကို လုပ်ခဲ့တာလို့ ယုံကြည်တယ်။ လီကလန်ရဲ့ ဆုတ်ယုတ်လာတဲ့ တန်ခိုးအာဏာက ကောင်းကလန်ကို ယှဉ်နိုင်စရာအကြောင်း လုံးဝမရှိတော့ဘူးလေ။
လီရှန်းဟန်က ဘာကိုမှ မခံစားရတော့သည့် ပုံဖြင့် သူတို့ လီကလန်အတွက် သတ်မှတ်ထားသည့် နေရာကို ဦးဆောင် သွားလိုက်တယ်။
" လီကလန်လည်း ရောက်လာပြီဟေ့ … ဖွီ ဖွီ…
ဝင်ပြိုင်မယ့်သူ လေးယောက်ပဲ ရှိတယ်ဟ။ ကြည့်ရတာ လီကလန်က ကြားရတဲ့ သတင်းတွေအတိုင်းပဲ တော်တော် ဆုတ်ယုတ်နေပြီပဲ။ ဒီနှစ်လည်း လီကလန်က တစ်ယောက်မှ ရွေးချယ်ခံရမယ့်ပုံ မပေါ်ပါဘူးကွာ။"
" သူတို့ကို စာရင်းထဲ ထည့်တွက်မနေပါနဲ့ ကွာ ။ ငါသိသလောက် ဆိုရင်တော့ ယုံဝူး တစ်ဝိုက်က ပါရမီရှင် တော်တော်များများ ဒီနေ့ပြိုင်ပွဲမှာ လာပြိုင်ကြမှာကွ။ မြောက်ပိုင်းက ဟီပင်း၊ တောင်ပိုင်းက စီဖေး၊ အရှေ့ဘက်က ဟောင်တင်းနဲ့ အနောက်ဘက်က ဆန်းထီတို့လည်း ရှိနေတယ်။
သူတို့ကိုသာ အဓိက ကလန်ကြီးတွေက ပါရမီရှင် စာရင်းထဲ ထည့်ထားလိုက်ရင် လီကလန်ဆိုတာ ဘာမှ မဟုတ်တော့ဘူးကွ။
ပွဲကြည့်စင်ပေါ်က ပရိသတ်တွေက တစ်ယောက်တစ်ပေါက် ဆွေးနွေး နေကြတယ်။
လီရှန်းဟန် ရဲ့အနောက်ကနေ တိတ်ဆိတ်စွာ ကပ်လိုက်လာတဲ့ လီဖူချန်းက လူအုပ်ကြီး ရဲ့ လှောင်ပြောင်သံတွေကို ကောင်းကောင်းကြီး တေးမှတ်ထားတယ်။
" ငါတို့လီကလန် တကယ် အခြေအနေ မကောင်းတော့ဘူးပဲ"
လီဖူချန်းက သက်ပြင်းတစ်ချက် ကျိတ်ပြီး ချလိုက်တယ်။
သူက အခုလို ဝေဖန်နေတဲ့ သူတွေကို အပြစ်မမြင်ပါဘူး။ဒီကမ္ဘာ အားကြီးတဲ့ သူတွေကို မြှောက်ပင့် ကြပြီး အားနည်းတဲ့သူတွေကို ဖိနှိပ်တဲ့ နေရာကြီးလေ။
ဒီလို သဘောတရားကြီးကြောင့် ကံကြမ္မာ ရဟတ်ကြီးက အမြဲတစေ တစ်ပတ်လည် နေတတ်တယ်။ မင်းက တစ်စုံတစ်ယောက်ကို ဖိနှိပ်လိုက်ပြီးနောက် ထပ်ပြီး မကြိုးစားခဲ့ရင်တော့ မင်းကို ပြန်ဖိနှိပ်မယ့် လူတစ်ယောက်က ပေါ်လာမှာပဲ။
***
ပြိုင်ပွဲကွင်းပြင်ကြီးက တကယ်ပဲ ကြီးမားလှတယ်။ အလယ်ဗဟို တည့်တည့်မှာတော့ စင်မြင့်ကြီး တစ်ခုရှိပြီး ဘေးပတ်ပတ်လည်မှာတော့ ပရိသတ် တွေက ဝန်းရံထားကြတယ်။ စင်မြင့်နဲ့ ပရိသတ်ကြားထဲမှာ ညတော့ ပြိုင်ပွဲဝင်တွေ စောင့်ဆိုင်းဖို့ နေရာတစ်ခုရှိတယ်။
လီဖုချန်း က လီဆန်းဟီ ဆီကနေ ဘာတစ်ခုမှ မသင်ကြားခဲ့တဲ့ အတွက် ကျန်တဲ့လူတွေက လီဖူချန်းနဲ့ ခပ်ဝေးဝေးမှာ ရပ်နေကြတယ်။
လီဟောင်ကိုင်က လီဖူချန်းကို တစ်ချက်ကြည့်ပြီး တွေးနေမိတယ်။
" ဒီလီဖူချန်းက အရမ်းကို ဘဝင်မြင့် လွန်းတယ်။ သူ့ကိုယ်သူ ဦးလေးဆန်းဟီ ဆီကနေ ဘာမှထပ်သင်ယူဖို့ မလိုဘူးလို့ ထင်နေတဲ့ပုံပဲ။ ဒီကောင့်ကို စင်ပေါ်ရောက်ရင် ကောင်းကောင်း ဆုံးမပေးရမယ်"
" အကြီးအကဲချန်နဲ့ မြို့စားမင်းကို အရိုအသေပေးပါတယ် "
အကဲခတ် စင်မြင့်ပေါ်မှာ ရှိနေတဲ့ ချန်ဇောင်မင်နဲ့ ရှန်းတုကျန်းဟီကို ကောင်းဟောင်၊ ကောင်းယန်၊ ယန်လီ၊ ယန်ကျန်း၊ ရှန်းတုဟု၊ ရှန်းတုနဲ့ လီဆန်းဟီတို့က အရိုအသေ ပေးလိုက်ကြတယ်။
ရှန်းတုကျန်းဟီ က သူ့လက်ကို ဝှေ့ ယမ်းလိုက်ပြီး
" ဒီလောက်အထိ အရိုအသေ ပေးစရာ မလိုပါဘူးကွ။
လာထိုင်ကြပါ။ ဒီကနေ အေးအေးဆေးဆေး ထိုင်ကြည့်ကြပေါ့" ဟု ပြန်ပြောလိုက်တယ်။
ဒီမိုးပြာရောင်ဂိုဏ်းက တပည့် ခုနစ်ယောက်က အကဲခတ် စင်မြင့်ပေါ်ကနေ ထိုင်ကြည့်ဖို့ ထိုက်တန်ကြတယ်လေ။
ချန်ဇောင်မင်က ရှန်းတုကျန်းဟီကို ကြည့်ပြီး သတိပေးလိုက်တယ်။
" မြို့စားမင်း။ အချိန်ကျနေပြီ။ ပြိုင်ပွဲကို စလိုက်ကြရအောင်လား"
" စလိုက်တာပေါ့"
ရှန်းတုကျန်းဟီက အသံကို မြှင့်လိုက်ပြီး ပြိုင်ပွဲစည်းကမ်းတွေ နဲ့ဆုတွေကို ကြေညာလိုက်တယ်။
ဒီပြိုင်ပွဲ မှာ အဓိက စည်းမျဉ်း လေးခုရှိတယ်။ သေအောင် မတိုက်ရဘူး။
တစ်ဖက်လူက အရှုံးပေးနေရင် ဆက်မတိုက်ရဘူး။ လက်နက်ပုန်း မသုံးရဘူး။
ပြိုင်ပွဲ မစမှီ နဲ့ ပြိုင်ပွဲအတွင်းမှာ အတွင်းအားကို လတ်တလော အလျင်အမြန် တိုးမြှင့်ပေးတဲ့ ဆေးတွေ မသုံးရဘူး။ တကယ်လို့ စည်းကမ်းဖောက်ခဲ့ရင် ထိုပြိုင်ပွဲဝင်ကို ပြိုင်ပွဲအတွင်းက ပယ်ထုတ်မယ်။
ဆုကြေးတွေ အနေနဲ့ကတော့ အဆင့် ၆ ကနေ အဆင့် ၂၀ အထိက ရွှေပြားတစ်ထောင်နဲ့ အဝါရောင် အဆင့်နိမ့် အတွင်းအားတိုး ဆေးတစ်ပုလင်း ရမယ်။
အဆင့်လေးနဲ့ အဆင့်ငါးကတော့ ရွှေပြားနှစ်ထောင်နဲ့ စိတ်ဝိညာဉ် အားတိုးဆေး နှစ်ပုလင်းစီရမယ်။
တတိယဆုကတော့ ရွှေပြားသုံးထောင်နဲ့ စိတ်ဝိညာဉ် အားတိုးဆေး ငါးပုလင်းစီ ရမှာဖြစ်တယ်။
ဒုတိယဆုကတော့ ရွှေပြားငါးထောင်နဲ့ အဝါရောင်အဆင့် အလယ်အလတ် အတွင်းအား သန့်စင်ဆေးပုလင်း တစ်ပုလင်းရမှာဖြစ်တယ်။
ပထမဆုကတော့ ရွှေပြားတစ်သောင်းနဲ့ အတွင်းအား သန့်စင်ဆေး နှစ်ပုလင်းရမှာ ဖြစ်တယ်။
အဲ့ဒါတွေ အားလုံးထက် အရေးကြီးတာကတော့ ထိပ်ဆုံး ငါးယောက်ဖြစ်တဲ့ ပြိုင်ပွဲဝင်တွေဟာ မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့်ရရှိမှာ ဖြစ်တယ်။
ဆုကြေးတွေကို ကြားရပြီး နောက်မှာတော့ လီဖူချန်းက အရမ်း အံ့အားသင့်သွားတယ်။ စိတ်ဝိညာဉ် အားတိုးဆေး တစ်ပုလင်းက ရွှေပြားနှစ်ထောင်ကျော် တန်ဖိုးရှိပြီး အတွင်းအား သန့်စင်ဆေးကလည်း တစ်ပုလင်းကို နှစ်ထောင်ကျော်ခန့် ရှိတယ်လေ။တကယ်လို့ သူသာပထမရခဲ့ရင် ဆုကြေးက ရွှေပြားတစ်သောင်းထက်ကို ကျော်လွန်သွားမှာ ဖြစ်တယ်။ ဒီဆုကြေး ပမာဏက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်က စစ်သည်တော် တွေကိုတောင် မျက်လုံးပြူး သွားစေနိုင်တယ်လေ။
"ဒီလို ဆုကြေးမျိုးနဲ့ ဆိုရင်တော့ ထိပ်ဆုံးငါးယောက် နေရာမဝင်ပဲ ထိပ်ဆုံးနှစ်ဆယ် ဝင်ရင်တောင် တန်ပါတယ်လေ။"
" လုံးဝ အသေအချာပေါ့ကွ။ ဒီပြိုင်ပွဲကို လာပြိုင်တဲ့ အများစုက ထိပ်ဆုံး အယောက်နှစ်ဆယ် ဝင်လို့ရတဲ့ ဆုကြေးကို မက်မောလို့ လာပြိုင်ကြတာလေ။ ထိပ်ဆုံးငါးယောက်ကို ဝင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာမှ မဟုတ်တာ။"
လူအုပ်ထဲက လူအများစုက ရရှိမဲ့ ဆုကြေးတွေအတွက် မနာလို ဖြစ်နေကြတယ်။
ရှန်းတုကျန်းဟီ
ကြေညာပြီးတဲ့ နောက်မှာတော့ ပြိုင်ပွဲဝင်မဲ့ လူငယ်တွေဟာ စတင်မဲနှိုက်ဖို့ ပြင်ဆင်နေကြတယ်။ ဒီတစ်ခေါက် ပြိုင်ပွဲကို ဝင်ပြိုင်မဲ့သူတွေက အယောက်တစ်ရာ ခြောက်ဆယ်လောက် ရှိကြတယ်။ သူတို့ အားလုံးဟာ အသက် ဆယ့်ခြောက်နှစ်ထက် ပိုမကြီးကြသေးပဲ ကျင့်ကြံမှုအဆင့်ကလဲ အနိမ့်ဆုံးအနေဖြင့် လူသားနယ်ပယ် အဆင့်ခြောက်ကို ရောက်နေကြပြီ။
စင်မြင့်ပေါ်မှာတော့ လီဖူချန်းက နံပါတ် သုံးဆယ့်ခုနှစ်ကို နိုက်မိလိုက်တယ်။ အဲ့ဒီအဓိပ္ပာယ်က သူက သူ့လိုမျိုး နံပါတ်သုံးဆယ့်ခုနှစ် ရှိတဲ့သူနဲ့ ယှဉ်ပြိုင်ရမယ် ဆိုတာပဲ။
ပါရမီရှင်ပြိုင်ပွဲကြီး ကျင်းပလေပြီ။ နံပါတ်တစ်ကို နှိုက်မိတဲ့ ပြိုင်ပွဲဝင် နှစ်ယောက် စင်မြင့်ပေါ်ကို တက်လာကြလေပြီ။
***