အခန်း ၂၇
Vol. 2 Ch. 27
ထိပ်ဆုံး ငါးယောက်တည်း ဝင်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ ပြိုင်ပွဲဝင်ကို ဓားကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တယ်။
လီဖူချန်း အခုသုံးလိုက်တဲ့ ဓားသိုင်းက သူအရင်က သုံးနေတာထက်ကို လေးဆလောက် ပိုပြင်းထန်ပြီး မြန်ဆန်လွန်းနေတယ်။ လီဖူချန်းက တခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ။
“ဘယ်လောက်တောင် မြန်တဲ့ ဓားချက်လဲ"
အစကတော့ ကျူးဟောင်ရှုက တကယ်လို့ လီဖူချန်းနဲ့ တွေ့ခဲ့ရင် သူမနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ အမှန်တရားကို သဘောပေါက်သွားခဲ့ပြီ။ လီဖူချန်းကို သူမ ဘယ်လိုမှ နိုင်မည်မဟုတ်။
"စိတ်ဝင်စားစရာပဲ။ ဒီကောင်က အခုတော့ သူ့ရဲ့ တကယ့်အစွမ်းကို ပြလိုက်ပြီ ပေါ့လေ"
ယန်ခိုင်က တိုက်ပွဲကို ဆာလောင်သည့် အသံဖြင့် ရေရွတ်လိုက်တယ်။
" ဒီကောင်လေးက လျော့တွက်လို့ မရဘူးပဲ"
ချန်ဇောင်မင်ကလည်း တွေးမိလိုက်တယ်။
တကယ်လို့သာ လီဖူချန်းက ကြယ်နှစ်ပွင့် အဆင့်အရိုး တည်ဆောက်မှု ပိုင်ရှင်ဆိုရင် သူဒီလောက်ထိ အံ့သြမိမှာ မဟုတ်ဘူး။ အခုကျတော့ လီဖူချန်းက သာမန်အရိုး တည်ဆောက်မှု ပိုင်ရှင်ဆိုတာကို သူသိပြီးသား ဖြစ်သဖြင့် အရမ်း စိတ်ဝင်စားနေတယ်။
မိုးပြာရောင်ဂိုဏ်းက အရိုးတည်ဆောက်ပုံ ကောင်းတဲ့ လူငယ်တွေကိုပဲ ရှာဖွေနေတာ မဟုတ်ဘူးလေ။ သူတို့က သာမန်အရိုး တည်ဆောက်ပုံရှိပြီး အလားအလာ ကောင်းတဲ့ လူငယ်တွေကိုလည်း အလေးထားပါတယ်။
အရိုးတည်ဆောက်ပုံက လူတစ်ယောက်ရဲ့ မွေးရာပါ အလားအလာကို ဆုံးဖြတ်တာ မှန်ပေမဲ့ တစ်ခါတလေကျရင် သာမန်အရိုး တည်ဆောက် ပုံတွေကနေ အရမ်းထူးချွန်တဲ့ လူတွေ ထွက်ပေါ်လာ တတ်တယ်လေ။
ချန်ဇောင်မင်က သာမန်အရိုး တည်ဆောက်ပုံနဲ့ မြေကမ္ဘာအဆင့်ကို ရောက်နေတဲ့ လူတော်တော် များများကို မြင်ဖူးတယ်။
ဒါပေမဲ့ သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက မြေကမ္ဘာအဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်တာက အလွန်ဆုံးပါပဲ။
ဒါကြောင့်မလို့ တခြား အဆင့်မြင့် အရိုးတည်ဆောက်ပုံက လူတွေနဲ့တော့ တန်းတူဆက်ဆံ ခံရဖို့က မလွယ်ပါဘူး။
"ရိုင်းစိုင်းပြီး လေးစားမှု မရှိတဲ့ကောင်"
လီရှန်းဖန်က ဒေါသနဲ့ ကျိန်ဆဲလိုက်တယ်။
လီကလန်ရဲ့ ဘိုးဘေး အကြီးအကဲ အနေနဲ့ သူ့စကားကို သာမန်လူငယ်လေး တစ်ယောက်က အလေးမစိုက်ဘူးဆိုတာ အရမ်းဒေါသထွက်ဖို့ ကောင်းတယ်လေ။
သူ့ရဲ့အမိန့်နဲ့ ဆိုရင် လီရှန်းရဲ့ ခေါင်းဆောင်နေရာကိုတောင် သူကဖြုတ်ချခွင့် ရှိတာလေ။
ဒီလီဖူချန်းက သူ့စကားကို နားမထောင်ရုံတင် မကဘူး။
သိုင်းကွက် တစ်ကွက်တည်းနဲ့ ရက်ရက်စက်စက် လီယွန်ဟိုင်ကို အနိုင်ယူလိုက်တာလေ။ ဒီလီဖူချန်းက ခင်ဗျား ရွေးထားတဲ့ လီယွန်ဟိုင်ဆိုတာ အသုံးမကျတဲ့ကောင် သက်သက်ပဲ ဆိုတာကို လက်တွေ့ပြလိုက်တာ။
" လီရှန်းဟန် မင်းမွေးထားတဲ့ မင်းရဲ့သားကို ကြည့်စမ်း"
လီရှန်းဖန်က အလွန် ကျိတ်မနိုင်ခဲမရ ဖြစ်နေသည့် အသံဖြင့် လီရှန်းဖန်ကို လှည့်ပြီး ကြိမ်းမောင်းလိုက်တယ်။ လီရှန်းယန်ကော ရှန်းယုယန်ကော နှစ်ယောက်စလုံး ကတော့ အသံတစ်စက်မှ မထွက်ရဲတော့ချေ။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာတော့ သူတို့ရဲ့သားက မျှော်လင့်ထားတာ ထက်ကိုတောင် အစွမ်းထက်နေသဖြင့် အရမ်းဂုဏ်ယူ နေမိတယ်။ ကလန်ရဲ့ ဘိုးဘေးကြီးက ပြောထားတာကိုတောင် ဂရုမစိုက်ပဲ လီယွန်ဟိုင်ကို အနိုင်ယူ တိုက်ခိုက်လိုက်သဖြင့် သူတို့ရဲ့ သားက ဘယ်လောက်တောင် ဆုံးဖြတ်ချက် ခိုင်မာသလဲ ဆိုတာ သိနိုင်တယ်လေ။
ကျင့်ကြံသူတွေ ဆိုတာက သူတို့လျှောက်ရမယ့် လမ်းမှာ ဘိုးဘေးကြီးမကလို့ မိုးနတ်မင်းကြီး ဆင်းတားရင်တောင် ဂရုမစိုက်ပဲ ကိုယ့်လမ်းကို ပြီးဆုံးအောင် ဆက်သွားရမှာလေ။
တကယ့် စစ်မှန်တဲ့ ကျင့်ကြံသူတွေ ဆိုတာ အကြောက်အလန့် ကင်းမဲ့နေရမယ်။ ကိုယ်လျှောက်ရမယ့် လမ်းကို ကိုယ်သိရမယ်။
သူတို့ နှစ်ယောက်က စစ်မှန်တဲ့ ကျင့်ကြံသူတွေ မဟုတ်ပေမဲ့ သူတို့သားကတော့ သူတို့လို မဟုတ်ခဲ့ဘူးလေ။
"ပုန်ကန်တာပဲ။ ဒါက ပုန်ကန်မှု တစ်ခုပဲ ... ဘိုးဘေး အကြီးအကဲ။ ကျွန်တော်တို့ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့တော့ မဖြစ်ဘူးနော်"
လီတိုင်းဟန်က ဒေါသထွက်လွန်းလို့ ရူးသွပ်နေသည့် မျက်လုံးတွေဖြင့် ဘိုးဘေး အကြီးအကဲကို လှမ်းတိုင်လိုက်သည်။
လီရှန်းဟန်က ဘိုးဘေး အကြီးအကဲကို ပြန်ပြောဖို့တော့ မဝံ့ပေမဲ့ လီတိုင်းဟန်ကိုတော့ သူ့မျက်လုံးထဲမှာတောင်မထည့်ထားဘူးလေ။
"လီတိုင်းဟန် ... မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း"
အခုပြိုင်ပွဲပြီးတာနဲ့ ငါ့သားက မိုးပြာရောင် ဂိုဏ်းက တပည့်ဖြစ်တော့မယ် ဆိုတာကို မင်းမမေ့နဲ့"
မိုးပြာရောင်ဂိုဏ်းက တပည့်ဆိုတာ လွယ်လွယ်နဲ့ ပြဿနာရှာလို့ မရဘူးလေ။ မြို့စားမင်းက အပြစ်ပေးချင်ရင် တောင်မှ ဂိုဏ်းဆီကနေ ခွင့်ပြုချက်ကို အရင်တောင်းရတာ ဖြစ်သည်။
" လီရှန်းဟန် ... ဒီလောက်လေး အောင်မြင်မှု ရသွားနဲ့ မင်းဘဝင် အရမ်းကြီး မြင့်မနေနဲ့ဦး။ မင်းရဲ့သားက ဂိုဏ်းတော်ရဲ့တပည့် ဖြစ်သွားတော့လဲ ဘာအရေးလဲ။ တပည့်တွေဆိုတာ ပြိုင်ပွဲပြီးရင် စမ်းသပ်မှုလုပ်ပြီး အဆင့်ခွဲဦးမှာကွ။ တကယ်လို့ မင်းရဲ့သားက စမ်းသပ်မှုတွေကို မအောင်မြင်ခဲ့ရင် အပြင်စည်း အထွေထွေလုပ်သား တပည့်ပဲ ဖြစ်မှာပဲ။ အဲအချိန်ကျရင် မင်းအခုလို ခေါင်းမော့ရင်ကော့ပြီး နေနိုင်ဦးမှာလား ဆိုတာကို ငါသိချင်သေးတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းမှာ တပည့်အမျိုးအစား နှစ်မျိုးရှိတာ ဖြစ်တယ်။
အပြင်စည်း တပည့်ရယ်
အပြင်စည်း အထွေထွေလုပ်သား တပည့်ရယ် ဆိုပြီးတော့ပေါ့။
အပြင်စည်း အထွေထွေ လုပ်သားတွေက ရေခပ် ထင်းခွေတာနဲ့ သန့်ရှင်းရေး အလုပ်တွေကို လုပ်ကြရတယ်။ သူတို့မှာ သိုင်းလေ့ကျင့်ဖို့ အချိန်ဆိုတာ သိပ်မရှိပဲ ဂိုဏ်းတော်ကလည်း သိပ်အရေးပေးလေ့ မရှိဘူး။
လီရှန်းဖန်က တစ်ခုခုကို ဆုံးဖြတ်ပြီးသည့် ဟန်ဖြင့်
" ကလန်က နှစ်ပေါင်းများစွာ မင်းရဲ့ မိသားစုကို ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ မင်းတို့က ဒီလို ကျေးဇူးပြန်ကန်း လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး ။ လီရှန်းဟန် … အခုချိန်က စပြီးမင်းတို့ မိသားစုကို အပြင်စည်း မိသားစုအဖြစ် ရာထူးချလိုက်ပြီ"
အဲစကားကို ကြားလိုက်ပြီး နောက်မှာတော့ လီရှန်းဟန်ကော ရှန်းယုယန်ကော နှစ်ယောက်စလုံးက တုန်လှုပ်သွားကြတယ်။
ကလန်တိုင်းမှာ အဓိက မိသားစုတွေနဲ့ အပြင်စည်း မိသားစုတွေ ဆိုပြီး ခွဲခြားထား ကျတယ်လေ။
အဓိက မိသားစုဝင်တွေက ကလန်မှာ သြဇာအာဏာ သက်ရောက်ကြတယ်။ အပြင်စည်း မိသားစုဝင်တွေ ကတော့ ဘာမှ အရေးပါ အရာရောက်ခြင်း မရှိကျဘူး။
လီရှန်းဟန် ဘိုးဘေးကြီးကို တောင်းပန်ရင် ကောင်းမလားဟု စဉ်းစားလိုက်မိသော်လည်း လီဖူချန်းရဲ့ အရေးကိစ္စ ဖြစ်သည့်အတွက် စကားတစ်လုံး မဆိုတော့ချေ။
ဆယ်ကြိမ်မြောက် အလှည့်ပြီးသွားချိန် မှာတော့ နောက်ထပ် ပြိုင်ပွဲဝင် ရှစ်ယောက်က ပြိုင်ပွဲကနေ ထပ်ပြီးထွက်ခွာ သွားရပြန်တယ်။
***
ဆယ့်တစ်ကြိမ်မြောက် အလှည့်မှာတော့ လီဖူချန်းနဲ့ ကျူးဟောင်ရှုတို့က ထိပ်တိုက် တွေ့ဆုံကြတယ်။
ကျူးဟောင်ရှုက ဓားရေး တော်တော်ကောင်းတဲ့ မိန်းမချောလေး ဖြစ်တယ်။ ပြိုင်ပွဲ တစ်လျှောက်လုံးမှာ ယန်ခိုင်နဲ့ ရှန်းတုကျူးကိုပဲ ရှုံးဖူးသေးတယ်။ သူမရဲ့ ဒေါင်းမြီးဖြန့် ဓားသိုင်းကလဲ အလွန်ကြည့်လို့ ကောင်းလှပြီး အကွက်စိပ်လွန်းတယ်။
ဒါပေမဲ့ သူမအခု တွေ့ရမှာကတော့ လီဖူချန်းဖြစ်နေတယ်။
လီဖူချန်းက အခုချိန်မှာ မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့်ရဖို့အတွက် သူ့အစွမ်းအစတွေကို ထုတ်ပြဖို့ ဆုံးဖြတ်ထားခဲ့ပြီ။
သူမရဲ့ ဒေါင်းမြီးဖြန့် ဓားသိုင်းက အခြားသူတွေ အမြင်မှာ အရမ်းအကွက် စိပ်နေပေမဲ့ လီဖူချန်း အမြင်မှာတော့ ဟာကွက်တွေ အများကြီး တွေ့နေရတယ်။
ပြိုင်ပွဲ စတင်လိုက်သည်နှင့် လီဖူချန်းက မူလရပ်နေသော နေရာကနေ ရိပ်ခနဲ ပျောက်သွားပြီး ပြန်ပေါ်လာသည့် အခါတွင်မူ ကျူးဟောင်ရှုရဲ့ လည်ပင်းပေါ်တွင် ဓားဖျားက ရောက်နေပြီး ဖြစ်သည်။
" မင်းက အရမ်းတော်လွန်းတယ်။ မင်းရဲ့ သာမန်အရိုး တည်ဆောက်ပုံက မင်းရဲ့ပါရမီနဲ့ အလားအလာကို မတားဆီး နိုင်ပါစေနဲ့"
ကျူးဟောင်ရှုက လီဖူချန်ကို ချီးကျူးလိုက်ပြီး စင်ပေါ်ကနေ ဆင်းသွားတော့သည်။
ကျူးဟောင်ရှုက ကြယ်သုံးပွင့် အဆင့်ရှိ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ဦး ဖြစ်တယ်။ ဒီပြိုင်ပွဲမှာ ကြယ်သုံးပွင့် အဆင့်ရှိသည့် ပြိုင်ပွဲဝင်က နှစ်ယောက်ပဲ ရှိတာဖြစ်တယ်။
တစ်ယောက်က သူမကိုယ်တိုင် ဖြစ်ပြီး နောက်တစ်ယောက်က ယန်ခိုင်ဖြစ်တယ်။
လီဖူချန်းက စိတ်ဘက် ကိုယ်ပါ ပြုံးပြလိုက်ပြီး
ဘာမှတော့ ပြန်မပြောလိုက်ပေ။
အားလုံးရဲ့ အမြင်မှာတော့ သူက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပဲ။ဒါပေမဲ့ သူတို့ မသိတာက လီဖူချန်းရဲ့ စိတ်တန်ခိုး ပင်လယ်ထဲမှာ စိတ်ဝိညာဉ် အပိုတစ်ခုနဲ့ အဆင့်ဆင့် တိုးတက် ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ် တစ်ခုရှိနေတယ် ဆိုတာပဲ။ ဒီစိတ်ဝိညာဉ် နှစ်ခုနဲ့ဆိုရင် သူက တခြားထိပ်တန်း အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်လိမ့်မယ် ဆိုတာကို စိတ်ထဲက အလိုလို သိနေမိတယ်လေ။
သူ့ရဲ့ စိတ်ဝိညာဉ်က အစိမ်းဖျော့ဖျော့ ဖြစ်နေရာကနေ အခုဆို လုံးဝတစ်ခုလုံး စိမ်းသွားခဲ့ပြီ။
ဒီအစိမ်းရောင် စိတ်ဝိညာဉ် အလုံးကြီးကြောင့် သူကျင့်စဉ်တွေ ကျင့်ရာမှာ ပိုပြီးလျင်မြန် လာတယ်ဆိုတာ ကိုတော့ သူကိုယ်တိုင် မှတစ်ပါး ဘယ်သူမှ သိကျမှာ မဟုတ်ဘူးလေ။
***