← Chapters

ပထမနေရာလုပွဲ

Vol. 3 Ch. 29

ပထမနေရာလုပွဲ

Vol. 3 Ch. 29

" ဘုန်း"

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ လီဖူချန်းကော ရှန်းတုကျူးကော နှစ်ယောက်လုံးက အနောက်ကို ဆုတ်သွားကြတယ်။ ရှန်းတုကျူးက ခြေဆယ်လှမ်း ဆုတ်ခွာလိုက်ရပြီး

လီဖူချန်းကတော့ ခြေလှမ်းကိုးလှမ်းပဲ ဆုတ်လိုက်ရတယ်။

"ငါ့ရဲ့  နတ်သားတိမ်တိုက် လက်ဝါးက ဒီကောင့်လက်ဝါးသိုင်းကို မယှဉ်နိုင်ဘူးလား"

ရှန်းတုကျူးက လက်ဝါးချင်း ယှဉ်ရိုက်အပြီးမှာ သံသယဖြစ်သွားတယ်။ ဒီလက်ဝါးသိုင်းက သူ့ဦးလေးဖြစ်တဲ့ ရှန်းတုကျန်းဟီက သူ့အတွက်သီးသန့်  တီထွင်ထားပေးတာလေ။ ရှိုးရန်လျှိုကျင့်စဉ်နဲ့ ဒီလက်ဝါးသိုင်းသာ တွဲလိုက်ရင် လုံးဝပြီးပြည့်စုံတဲ့ လက်ဝါးသိုင်းကွက် ဖြစ်လာမှာ ဖြစ်တယ်။ သူ့ရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်ပါ  ပေါင်းလိုက်မယ်ဆိုရင်တော့  လက်ဝါးသိုင်းကွက် တစ်ကွက်တည်းနဲ့ လူသားနယ်ပယ် အဆင့်ရှစ်က  စစ်သည်တော်တွေကိုပါ  အပြင်းအထန်ဒဏ်ရာ ရသွားစေနိုင်တယ်။

"ရှန်းတုကလန်ရဲ့ နာမည်ကျော် နတ်သားတိမ်တိုက် လက်ဝါးသိုင်းက ကောလဟာလတွေ အတိုင်းပဲ ပြင်းထန်လွန်းလှတယ်"

လီဖူချန်းကလည်း တောင်ဖြိုလက်ဝါးသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားပြီးသား ဖြစ်တယ်။ သူ့ရဲ့လက်ဝါးရိုက်ချက် တစ်ချက်က အနည်းဆုံး ၁၅၀၀ ကီလိုဂရမ်ခန့် ရှိတယ်လေ။ပြီးတော့ သူ့ရဲ့ကျောက်စိမ်းနီကျင့်စဉ်ကလည်း အဆင့်၅ ဆိုတော့ ရှန်းတုကျူးမခံနိုင်တာလည်း  မထူးဆန်းပါဘူး။

"ကျားစွယ် ဓားသိုင်း"

လီဖူချန်းက ရှန်းတုကျူးကို အနားယူချိန် မပေးပဲ သူ့လက်ထဲက ဓားကျိုးနဲ့ ဆက်ပြီး တိုက်ခိုက်လိုက်တယ်။ ကျားစွယ်ဓားသိုင်းက အဝါရောင်အဆင့်နိမ့် ဓားသိုင်းဖြစ်ပေမယ့် ဒီဓားကွက်ရဲ့ အားသာချက်က  ကွက်ပြောင်းတွေမပါပဲ ရိုးရိုးဓားကွက် ဖြစ်တဲ့အတွက်  ပစ်မှတ်ကိုသာ တိတိကျကျ ထိအောင် တိုက်နိုင်ခဲ့ရင် ထိချက်က အရမ်းပြင်းထန်လွန်းတာ ဖြစ်တယ်။

ရှန်းတုကျူးက လည်း သူ့လက်ထဲက ဓားကျိုးနဲ့ မီးတိမ်တိုက် ဓားသိုင်းထဲက -

"မီးတိမ်တိုက်ကို ဖူးမြော်ခြင်း"

ဆိုတဲ့ ဓားကွက်နဲ့ ခုခံလိုက်တယ်။

ဒီဓားကွက်ထဲမှာ ရှန်းတုကျူးက သူ့ရဲ့ရှိသမျှ အင်အားတွေ အကုန်လုံးကို ထည့်သုံးထားခဲ့တာလည်း ဖြစ်တယ်။

" ဘန်း ဘန်း  ဘုန်း"

အတွင်းအားတွေ ထိပ်တိုက်တွေ့ဆုံပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာတယ်။ ရှန်းတုကျူးက လီဖူချန်းရဲ့ ဖိနှိပ်မှုကို  လုံးဝမခံနိုင်တော့ပဲ နောက်ကိုပဲ ဆက်တိုက် ဆုတ်နေရသည်။

ထောင့်ချိုးဓားကွက် ( ခြောက်ထောင့်ချိုး ဓားသိုင်းမှ )

လီဖူချန်းက လေပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ညာဘက်လက်က ဓားကျိုးက ရှန်းတုကျူးကို အဘက်ဘက်ကနေ ပိတ်ဆို့ပြီး တိုက်ခိုက်လိုက်တယ်။

" ဘန်း"

ရှန်းတုကျူးရဲ့ ညာဘက်လက်က ထုံကျဉ်သွားပြီး လူကလည်း

ကြမ်းပြင်ပေါ် လျှောတိုက်သွားပြီး  စင်မြင့်ပေါ်က ပြုတ်ကျဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့သည်အထိ ရောက်သွားလေသည်။

" မင်းငါ့ကို မနိုင်ပါဘူး"

လီဖူချန်းက ဆက်မတိုက်ပဲ ရှန်းတုကျူး ထလာတာကို စောင့်နေလိုက်သည်။

"အဲလောက် သေချာသွားပြီလား"

''ငါက ဒီသိုင်းကွက်ကို ယန်ခိုင်အတွက် ချန်ထားတာ

အခုတော့ မင်းကို ပြရတော့မယ်"

ရှန်းတုကျူးက ရှန်းရန်လျှိုအတွင်းအားကို ခန္ဓာကိုယ် တစ်ပတ်ပြည့်အောင် စီးဆင်းစေလိုက်ပြီး နာကျင်နေတဲ့ သူ့ရဲ့လက်မောင်းကို ကုသလိုက်တယ်။ သူ့ရဲ့မျက်လုံးတွေက လီဖူချန်းကို အေးစက်စွာ စိုက်ကြည့်နေပြီး ခန္ဓာကိုယ်ထဲကနေ အရမ်းကိုပူပြင်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာတယ်။ လီဖူချန်းက မျက်ခုံးပင့်လိုက်တယ်။

သူက ရှန်းတုကျူးရဲ့ တိုက်ကွက် ဘယ်လောက် ပြင်းထန်မလဲ ဆိုတာကို သိချင်နေမိတယ်။

"မီးနဂါး ဓားကွက်"

ရှန်းတုကျူးက မယုံနိုင်လောက်အောင်မြန်တဲ့ အမြန်နှုန်းနဲ့ လီဖူချန်းဆီ ချည်းကပ်လာတယ်။ လီဖူချန်းနဲ့ ငါးမီတာလောက် အကွာမှာတော့ ရှန်းတုကျူးကို သူ့ဓားနဲ့ လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။

ဒီဓားချက်မှာ အလွန်ပူပြင်းတဲ့ အတွင်းအားတွေ ပါလာတယ်။ ပြောရမယ်ဆိုရင်  မီးမုန်တိုင်းကြီး တစ်ခုက လီဖူချန်းကို ဝါးမျိုဖို့ ကြိုးစားနေသလိုပင်။

ဒီမီးနဂါးဓားသိုင်းက ရှန်းတုကလန်ရဲ့ အဝါရောင် အဆင့်မြင့်ဓားသိုင်း ဖြစ်သည်။ မြို့စားမင်း ရှန်းတုကျန်းဟီရဲ့ ဓားသိုင်းလည်း ဖြစ်တယ်။ဒီဓားသိုင်းရဲ့ အဆီအနှစ်တွေကို အနည်းဆုံး လူသားနယ်ပယ် အဆင့်၇ ရောက်မှ နားလည်နိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ ရှန်းတုကျန်းဟီရဲ့ ကိုယ်တိုင်သင်ကြား ပြသပေးမှုကြောင့် ရှန်းတုကျူးက မီးနဂါးဓားသိုင်းရဲ့ ပထမအကွက်ကို အနည်းငယ် အသုံးပြုနိုင်တယ်။ ဒီဓားကွက်က ပြင်းထန်ပေမယ့် အသုံးပြုသူကြောင့် ဟာကွက်တွေ အများကြီး ဖြစ်ပေါ်နေတယ်။ ဒါပေမဲ့  ဒါက သာမန် သိုင်းစစ်သည်တော်တွေကိုတော့ အေးအေးဆေးဆေး အနိုင်ယူနိုင်ပါတယ်။

"လေနီကြမ်း " ( လေပွေမုန်တိုင်း ခြေသိုင်းထဲက တစ်ကွက်)

လီဖူချန်းက ရှန်းတုကျူးရဲ့ ဓားကွက်က ဟာကွက်တွေ ပြည့်နေတာကို

ကြည့်မြင်နိုင်တယ်။ ဘယ်လောက်ပဲပြင်းထန်ပေမယ့်လည်း  ဒီသိုင်းကွက်ကို မခုခံပဲ ရှောင်လိုက်မယ်ဆိုရင် ရှန်းတုကျူးရဲ့ ဓားကွက်က  အလကားပဲလေ။ လီဖူချန်က ခန္ဓာကိုယ်ကို ဆက်တိုက် လှည့်လိုက်ပြီး ရှန်းတုကျူးရဲ့ ညာဘက်ကို ရှောင်ထွက်သွားတယ်။ အဲလိုရှောင်ထွက်သွားရင်းနဲ့  သူ့ရဲ့ ညာဘက်ခြေထောက်က ရှန်းတုကျူးကို စင်ပေါ်ကနေ မြှောက်တက်သွားအောင် ကန်ကျောက်လိုက်သေးတယ်။

"ဘုန်း"

" ဟာ ရှန်းတုကျူးတောင် လီဖူချန်းကို  ရှုံးသွားတယ်ဟ"

" ဒီလီဖူချန်းရဲ့ ကိုယ်ထဲမှာ  စစ်နတ်ဘုရားများ ဝင်ပူးနေတာလား"

"မင်းမြင်လိုက်လား ... ရှန်းတုကျူးရဲ့ ပြင်းထန်တဲ့ဓားကွက်ကို လီဖူချန်းက ခြေသိုင်းကွက်လေး တစ်ကွက်နဲ့ ဖျက်လိုက်တာကိုလေ"

"လီဖူချန်းရဲ့ တိုက်ခိုက်မှုအဆင့်က တော်တော်လေးကို ဆရာကျလွန်းတယ်ဟေ့ "

" ပရိသတ်တွေက လီဖူချန်းကို အမျိုးမျိုး ထင်ကြေး ပေးနေကျတယ်။"

"ဒီတစ်ယောက်ရဲ့ သိုင်းပါရမီနဲ့  တိုက်ခိုက်တဲ့ပုံစံက အရမ်းကောင်းလွန်းတာပဲ"

ချန်ဇောင်မင်က လီဖူချန်းကို ချီးကျူးလိုက်တယ်။ ရှန်းတုကျန်းဟီက အရှက်ပြေ ရယ်မောလိုက်ပြီး

"သာမန် အရိုးတည်ဆောက်ပုံနဲ့ ဒီကောင်လေးက ဘယ်လောက်အဆင့်များ ရောက်နိုင်မှာမို့လဲ။ နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အခါ ဒီကောင်လေး ဘယ်အဆင့်မှာ ကျန်နေခဲ့မလဲ ဆိုတာ သိလာမှာပါ"

" ဒီကောင်လေး ဘယ်လောက် အလားအလာ ရှိလဲဆိုတာ နောက်နှစ် အနည်းငယ်ဆို ဆုံးဖြတ်လို့ရမှာပါ"

ချန်ဇောင်မင်က ပြောလိုက်တယ်။

မိနစ်၂၀လောက် အနားယူပြီး နောက်မှာတော့ လီဖူချန်းက စင်မြင့်ပေါ်ကို တစ်ခါပြန်တက်လာတယ်။

ဒီတစ်ခါတော့ သူ့ရဲ့ပြိုင်ဖက်က အားလုံးက ပထမရမယ်လို့ ထင်ကြေးပေးထားတဲ့  ယန်ခိုင်။

ယန်ခိုင်က အသက်၁၆နှစ်ရှိပြီး အရပ်က ခြောက်ပေနီးပါး ရှိတယ်။

သူက လူသားနယ်ပယ် အဆင့်၇ကို ရောက်နေတာ အတော်ကြာနေပြီ။

သူ့ရဲ့ ပြင်ပခွန်အားက ၁၀၀၀ ကီလိုဂရမ်လောက် ရှိတယ်။ အတွင်းအားကော ကျင့်ကြံမှုနှုန်းမှာကော အဖက်ဖက်မှာ သူက လီဖူချန်းထက် သာလွန်နေတယ်။

"အစ်ကိုကြီးယန်ခိုင်က ဒီလီဖူချန်းကို ခွေးသေတစ်ကောင်လို ဖြစ်သွားအောင် သင်ခန်းစာ ပေးနိုင်မှာပါ"

ကောင်းမိန်က လီဖူချန်းကို ရှုံးနိမ့်သွားစေချင်တယ်။ သူမရဲ့ ကောင်းကလန်က ကောင်းဟိုကော ကောင်းဖန်ကောက လီဖူချန်းကြောင့် ပြိုင်ပွဲက ပြုတ်ခဲ့ရတာလေ။ ပြီးတော့ သူမက ယန်ခိုင်ကို ကျိတ်ပြီး ချစ်မိနေတာ ဖြစ်တယ်။

"ရှန်းဟန် ... ဒီတစ်ခေါက် ဖူချန်းက နိုင်နိုင်ပါ့မလား"

ရှန်းယုရန်က တိုးတိုးလေးမေးလိုက်သည်။ လီရှန်းဟန်က ရှန်းယုရန်ရဲ့ လက်ကိုဆုပ်ကိုင်ကာ

"ဘယ်လိုရလဒ်ပဲ ထွက်ပေါ်လာပါစေ။ ဖူချန်းက မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့်ရမှာပဲလေ။ ငါတို့က ဒီကနေ အားပေးနေကြတာပေါ့"

ပြောမယ့်သာ ပြောရသည်။ လီရှန်းဟန်က ရှန်းယုယန်ထက်တောင် ပိုပြီး စိတ်လှုပ်ရှား နေမိသေးသည်။

"မင်းက ငါ့ပြိုင်ဖက် ဖြစ်ရလောက်အောင် မထိုက်တန်သေးဘူး"

ယန်ခိုင်က ဒဲ့ပဲ ပြောလိုက်သည်။

" ဒီကိစ္စကို ခဏနေရင် သိရတော့မှာပါ။"

လီဖူချန်းကလည်း ဒီတိုက်ပွဲကို လုံးဝ အလေးအနက် ထားထားတယ်။ယန်ခိုင်က သာမန် လွယ်လွယ်ကူကူ အနိုင်ယူလို့ရတဲ့ သူတစ်ယောက် မဟုတ်ဘူးလေ။ လက်တွေ့ မတိုက်ခိုက်ပဲနဲ့ ဘယ်သူ ပိုတော်သလဲဆိုတာ မသိနိုင်ဘူးလေ။

" ဒါဆိုလည်း စလိုက်ကြစို့ "

" အဆိပ်လမ်းခွဲ"( မြွေဓားသိုင်း ထဲက တစ်ကွက်)

ယန်ခိုင်ရဲ့ လှုပ်ရှားမှုတွေက မြန်လွန်းသည့်အတွက် ကြည့်နေတဲ့ သူတွေက အရိပ်လေးပဲ မြင်လိုက်ရသည်။ ဓားချက်က မြန်ရုံတင်မက  ဓားကွက် အလှည့်အပြောင်းတွေကလည်း ရှုပ်ထွေးလွန်းသည်။

မီတာ အနည်းငယ်လောက် အဝေးမှာ ရပ်နေသည့် လီဖူချန်းက

ဓားကွက်ရဲ့ ကြောက်စရာကောင်းမှုကို ခံစားမိနေတယ်။ ဒီဓားကွက်က သယ်ဆောင်လာတဲ့ အင်အားတွေက မိုးကြိုးတစ်စင်း ပစ်ချလိုက်သလိုပဲ ပြင်းထန်လွန်းလှသည်။

"မြွေဓားသိုင်း ပြီးပြည့်စုံခြင်း အဆင့်"

တစ်ချက်ကြည့်လိုက်တာနဲ့ လီဖူချန်းက ယန်ခိုင်ရဲ့ မြွေဓားသိုင်းက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီဆိုတာ သိလိုက်တယ်။ ဒီပြိုင်ပွဲဝင်တွေထဲမှာတော့ ယန်ခိုင်က လီဖူချန်းပြီးရင်

အဝါရောင် အလယ်အလတ် ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် လေ့ကျင့်နိုင်တဲ့ တစ်ဦးတည်းသောလူပဲ။

အခုလိုအချိန်မှာ အစွမ်းတွေလျိုထားရင် သူရှုံးသွားနိုင်တယ်ဆိုတာ ရိပ်မိထားတဲ့ လီဖူချန်းက  သူ့ရဲ့ တစ်ကယ့်အဆင့် အစစ်အမှန်ကို ထုတ်ပြလိုက်တော့သည်။ သူ့ရဲ့ အဆင့်ခြောက် ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အတွင်းအားတွေကို ထုတ်ဖောက်လိုက်ပြီး  ယန်ခိုင်ရဲ့ ဓားချက်ကို ကြိုဆိုလိုက်တယ်။

***

All Chapters