အထက်ဘုံကမ္ဘာက ဘယ်အခန်းကဏ္ဍမှာ ပါဝင်တာလဲ
Vol. 65 Ch. 906
အခန်း (၉၀၆) အထက်ဘုံကမ္ဘာက ဘယ်အခန်းကဏ္ဍမှာ ပါဝင်တာလဲ
ရန်ကျောက်ကဲက ယန်ချုန်းကိုစူးစိုက်ကြည့်ရင်း...
“မင်းရဲ့စောစောကပြောတဲ့စကားတွေအရ... မင်းကိုယ်တိုင်ကတော့ မိုးနဲ့မြေရဲ့ ကြီးကျယ်ခမ်းနားတဲ့ မဟာတာအိုကိုနားလည်သွားလို့ အမတခုံရုံးကို သံသယဝင်လာတယ်လို့ ငါတော့မထင်ဘူး”
“ဒါပေမဲ့... မင်းက ဘာလို့သူတို့နဲ့မတူရတာလဲ”
ရန်ကျောက်ကဲက ချွမ်ဟောင်လုန်နှင့် အခြားသူများကို လက်ညှိုးညွှန်ပြရင်းမေးလိုက်သည်။
“ငါ့အထင်တော့ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက မင်းကိုထိတွေ့ခဲ့တာဖြစ်နိုင်တယ်... မင်းကို...”
ရန်ကျောက်ကဲနှုတ်ခမ်းထောင့်မှ အပြုံးစလေးတစ်ခုထွက်ပေါ်လာပြီး...
“မင်းကို တစ်ခုခုက အလင်းတွေ့အောင် လုပ်ပေးလိုက်တာ မဟုတ်လား”
ယန်ချုန်းက မည်သည့်စကားမှမပြောဘဲ တိတ်ဆိတ်နေသည်။
ယန်ချုန်းနောက်မှလိုက်လာသူတစ်ယောက်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့ရင်း...
"အဲ့ဒီ အမွေအနှစ်နေရာမဟုတ်ရင် ဘာဖြစ်နိုင်မလဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ဖုထင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရန်ကျောက်ကဲက မျက်ခုံးများတွန့်ချိုးရင်း...
“ဘာအမွေအနှစ်နေရာလဲ...”
ထိုသူက ဖုံးကွယ်ထားခြင်းမရှိဘဲ မောက်မာစွာဖြင့်...
“မင်းတို့လိုမျိုး ပြင်ပတာအိုကျင့်ကြံသူတွေ သေဆုံးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်နေရာပဲ...”
“အရင်တုန်းကဆိုရင် ယန့်ဖန်းနတ်ဘုံက မင်းတို့လို ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ မိစ္ဆာလမ်းစဉ်လိုက်သူတွေကို အများကြီး သတ်ဖြတ်ပစ်ခဲ့တာ ၊ အဲဒီထဲမှာ ဧကရာဇ်တစ်ပါးတောင်ပါသေးတယ်”
“နှစ်ပေါင်းများစွာအတွင်း ဒီလောက်သန့်စင်ပစ်တာတောင် ယန့်ဖန်းနတ်ဘုံနဲ့အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲအမှတ်အသားတွေက ထင်ကျန်နေသေးတယ် ၊ ဒီနှစ်ပိုင်းမှာ ငါတို့မျှော်စင်ကမ္ဘာက အဲဒီတိုက်ပွဲအမှတ်အသားတွေထဲကတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တယ်”
ထို့နောက် သူက အတော်လေး နာကျင်ဟန်ဖြင့် ယန်ချုန်းကို စူးစိုက်ကြည့်ရင်း...
“အဲဒီကိစ္စကိုင်တွယ်နေတဲ့အချိန်မှာ သူက မင်းတို့ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ လှည့်စားခြင်းခံရပြီး ဒီလိုအခြေအနေမျိုး ရောက်သွားတာပဲ”
သူ့စကားကိုကြားတော့ ချွမ်ဟောင်လုန်က သက်ပြင်းချလိုက်ပြီး ယန်ချုန်းကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
ဤ ဆရာဦးလေး’ယန်’ သည် သူတို့ လွမ့်ထျန်းဂိုဏ်းတွင် အထူးချွန်ဆုံးကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။
ဆရာဦးလေး’ဖိန်’ က ယန်ချုန်းနှင့် မျိုးဆက်တူသူဖြစ်ပြီး သူ့ထက်အရင်စောကာ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းက ယန်ချုန်းနှင့်ယှဉ်လျှင် များစွာနိမ့်ကျသည်။
ယန်ချုန်းက လွမ့်ထျန်းဂိုဏ်းတွင် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်အတွင်း မြင်တွေ့ခဲ့ရဖူးသေအသက်အငယ်ဆုံး နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည်။ သူက အသက်အငယ်ဆုံး နတ်ဘုရားသိမြင်ခြင်း နှောင်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်၏။
ဤနှစ်များအတွင်း ယန်ချုန်းသည် ဗုဒ္ဓဘာသာကျင့်ကြံသူများကိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပြီး အတော်များများကိုလည်း သုတ်သင်ပစ်နိုင်ခဲ့သည်။
မျှော်စင်ကမ္ဘာတွင်ပင်မဟုတ်ပေ။ သူ၏ဂုဏ်သတင်းက ယန့်ဖန်းနတ်ကမ္ဘာမှာပင် လူသိများကျော်ကြားပြီး ထိပ်တန်းတန်ခိုးစွမ်းအားရှင်အချို့က သူ့ကိုအတော်လေး အထင်ကြီးကြသည်။
သူက အမတခုံရုံးကျင့်ကြံသူများအလယ်တွင် နာမည်ကောင်းရှိသူတစ်ယောက် ဖြစ်၏။
သူက ဂိုဏ်း၏အသက်အငယ်ဆုံး အမတကူးပြောင်းခြင်း သိုင်းသူတော်စင်ဖြစ်လာမည်ဟု လူတိုင်းကယုံကြည်ခဲ့ကြပြီး လွမ့်ထျန်းဂိုဏ်းကို မြင့်မားသောအဆင့်အတန်းရရှိစေမည်ဟု မှန်းဆခဲ့ကြသည်။
သို့သော် မကြာသေးမီက အမွေအနှစ်နေရာကိုကိုင်တွယ်ဖြေရှင်းရန် အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ခဲ့ပြီးနောက် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။
ယန်ချုန်း အမြဲတမ်းစောင့်ရှောက်ပေးခဲ့သည့် ချွမ်ဟောင်လုန်ကတော့ အစပိုင်းတွင် မယုံကြည်နိုင်စွာ ခံစားခဲ့ရသည်။ သို့သော် ယန်ချုန်း၏ခန္ဓာကိုယ်မှ အားနည်းနေသော ယုံကြည်မှုအလင်းတန်းများကိုတွေ့မြင်ရသည့်အခါ သူ့ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူ အမြဲတမ်းလေးစားပြီး ငေးမျှော်ကြည့်ခဲ့ရသော ဆရာဦးလေး’ယန်’ က ဤသို့အဆုံးသတ်သွားသည်ကို သူလက်ခံနိုင်ခြင်း မရှိသလို တွေးကြည့်လို့ပင်မရပေ။
တစ်ဖက်လူ၏စကားကိုကြားပြီးနောက် ရန်ကျောက်ကဲနှင့် ဖုထင်တိုနှစ်ယောက်လုံး မျက်မှောင်ကြုံ့လိုက်ကြသည်။ နှစ်ယောက်လုံး စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာသည်။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...
“လာကြွားမနေနဲ့ ၊ မင်းတို့က ဘယ်ဧကရာဇ်ကို သတ်လိုက်တာလဲ”
တစ်ဖက်လူက ကျယ်လောင်စွာရယ်မောရင်း...
“မင်း ငါ့ကို တမင်တကာ ရန်စနေစရာမလိုဘူး ၊ ဒီကိစ္စ မင်းကို ပြောပြလိုက်လို့ ဘာမှဖြစ်မသွားဘူး ၊ ပြင်ပတာအိုရဲ့ မကောင်းဆိုးဝါး နောက်လိုက်တွေ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာ မင်းတို့ကို အသိပေးလိုက်တယ်”
သူက ဆက်ပြောသည်။
“အဲဒီပုဂ္ဂိုလ်က ယိုးမင်ဧကရာဇ်လို့ခေါ်တယ် ၊ သူ့နာမည်က ယင်ထျန်းရှတဲ့ ၊ သူက ယိုးမင်ဂမ္ဘီရဂိုဏ်းကိုဦးဆောင်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဒီကမ္ဘာကို မသန့်စင်ခင်က ရောက်လာတဲ့သူပဲ”
“ကမ္ဘာကိုသန့်စင်ပြီးတဲ့နောက်မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က မင်းတို့လို ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို ဆက်လက်ရှင်သန်ခွင့်ပေးဖို့ ဆက်ပြီးစေတနာရှိမနေခဲ့ဘူး ၊ ဒါပေမဲ့ မိုးကောင်းကင်ရဲ့ဆန္ဒကိုနားမလည်တဲ့မင်းတို့တွေက အဲဒါကိုဆန့်ကျင်မယ်ဆိုရင် နောက်ဆုံးမှာ အားလုံး အပြစ်ပေးခံရလိမ့်မယ်”
လွမ့်ထျန်းဂိုဏ်းမှ သိုင်းကျင့်ကြံသူက ကြုံးဝါးသံတစ်ချက်ပြုရင်း...
“မိုးကောင်းကင်ရဲ့ဆန္ဒကိုနားမလည်ဘဲ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို မလေးစားဘူးဆိုရင် အဲဒီ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ယင်ထျန်းရှတို့လို ကံကြမ္မာမျိုး မကြာခင် မင်းတို့ဆီကျရောက်လိမ့်မယ် ၊ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေ သုတ်သင်ရှင်းလင်းတာ ခံရလိမ့်မယ်”
ထိုစကားကိုပြောလိုက်ချိန် သူ့ပုံစံက အတော်လေး ပြင်းထန်လှသည်။
သို့သော် ရန်ကျောက်ကဲနှင့် ဖုထင်တို့ကတော့ သူ၏ ပေါက်ကရစကားများကို နားမထောင်တော့ပေ။
ရန်ကျောက်ကဲက ခေါင်းကိုမော့ရင်း သူ့အရှေ့မှ မျှော်စင်ကမ္ဘာကို စူးစမ်းကြည့်လိုက်သည်။
သူက တစ်ဖက်လူ စကားပြောလာအောင် စွပေးနေသည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိစ္စရပ်များကို မှန်းဆနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ယိုးမင်ဂိုဏ်းချုပ် ယင်ထျန်းရှသည် ယခင်က သူခန့်မှန်းထားခဲ့သလို ငရဲကိုးထပ် သို့မဟုတ် ဗုဒ္ဓဘာသာကျင့်ကြံသူများလက်ချက်ကြောင့် အသက်သေဆုံးခဲ့ခြင်း မဟုတ်ပေ။
သူ ကျဆုံးခဲ့ရသည်မှာ ‘အမတခုံရုံး’ ၏ ကမ္ဘာဖြစ်သော ဤကမ္ဘာတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်ထျန်းရှကိုယ်တိုင်သာမက သူတို့ယိုးမင်ဂမ္ဘီရဂိုဏ်းမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများစွာသည်လည်း ဤနေရာတွင် ကျဆုံးခဲ့ရသည်။
ထို့ကြောင့်ပင် တစ်ချိန်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် တန်ခိုးကြီးမားစွာစိုးစံခဲ့သော ယိုးမင်ဂမ္ဘီရဂိုဏ်းသည် အဆုံးသတ်တွင် ဆုတ်ယုတ်ပြိုကွဲခဲ့ရသည်။
ရန်ကျောက်ကဲစိတ်ထဲ သံသယအသစ်တစ်ခု ထွက်ပေါ်လာသည်။
ထိုစဉ်အချိန်က ယင်ထျန်းရှသည် အဘယ့်ကြောင့် ဤဝေးကွာသောကမ္ဘာသို့ ခရီးထွက်ခဲ့ရပါသနည်း။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း) နှင့် အမတခုံရုံး၏ နည်းလမ်းများကို သည်းမခံနိုင်ဖြစ်ရသောကြောင့် ထိုသို့ပြုလုပ်ခြင်း ဖြစ်လေသလား။
ဖုထင်ပြောသကဲ့သို့ပင် စန်းချင်း(၃)ပါး၏ အဆက်အနွယ်ပညာရပ်များကို ကျင့်ကြံကြသော ရိုးရာကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းသူများ၏မျက်လုံးထဲတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း) နှင့် အမတခုံရုံးတို့အား မည်သည့်နည်းနှင့်မှ လမ်းမှန်ကျင့်ကြံသူဟု တွေးထင်မထားကြပေ။
သို့သော် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သည် ဘုရားလောင်းနှင့်ယှဉ်နိုင်ပြီး အမတခုံရုံးက သုခဘုံနှင့်ယှဉ်နိုင်စွမ်းရှိသည်ကို ကြည့်ခြင်းအားဖြင့် နှိုင်းယှဉ်မရလောက်အောင် စွမ်းအားကြီးမားကြောင်း သိရှိနိုင်သည်။
ယိုးမင်ဧကရာဇ်သည် ထင်ရာစိုင်းတတ်သူတစ်ယောက် မဟုတ်ပေ။ အဘယ့်ကြောင့် ဤသူများကို ရန်စရန် လာရောက်ရပါသနည်း။
သူက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်(ဝူလျန့်ထျန်းကျွင်း)၏ တန်ခိုးစွမ်းအားကို ရှင်းရှင်းလင်းလင်းမသိသောကြောင့်လား ၊ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် အမတခုံရုံးနယ်မြေများကြား ပဋိပက္ခတွင် တတိယလူအဖြစ် အမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်းလား မသိနိုင်ပေ။
သို့သော် အဆုံးသတ်မှာတော့ ကျဆုံးခဲ့ရသည်။
ရန်ကျောက်ကဲ သူ့ဘေးနားတွင်ရှိနေသော ဖုထင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ပိုးသားဧကရာဇ်နှင့် အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသည် ဤနေရတွင် အဘယ်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသနည်း။
ရန်ကျောက်ကဲ၏အကြည့်ကို သတိပြုမိသောအခါ ဖုထင်က ဘာကိုဆိုလိုကြောင်း ချက်ချင်းသဘောပေါက်သွားသည်။ သူမသည်လည်း ရန်ကျောက်ကဲကဲ့သို့ပင် တွေးတောနေမိသည် မဟုတ်ပါလား။
အတော်လေး ပဟေဠိဖြစ်သွားကြပြီးနောက် ရန်ကျောက်ကဲက ဆူညံနေကြသည့် လွမ့်ထျန်းဂိုဏ်းမှ သိုင်းကျင့်ကြံသူများကို အရေးမစိုက်ဘဲ ယန်ချုန်းကို ကြည့်လိုက်သည်။
“ကိစ္စရပ်တွေက သူပြောသလိုဖြစ်ခဲ့တာလား”
ယန်ချုန်းက သက်ပြင်းချရင်း...
“အမှန်ပါပဲ...”
“ငါတို့တွေကိုင်တွယ်နေတဲ့ အမွေအနှစ်နေရာက ပြင်ပတာအိုတန်ခိုးစွမ်းအားရှင်တွေ သေဆုံးပြီးကျန်ခဲ့တဲ့နေရာတစ်ခုမဟုတ်ဘူး ၊ အတိတ်တစ်ချိန်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတစ်ခုပဲ”
ယန်ချုန်းက ဖြည်းညင်းစွာဖြင့် ဆက်ပြောသည်။
“ယိုးမင်ဧကရာဇ်နဲ့ ငါတို့ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေ တိုက်ခိုက်ခဲ့တဲ့နေရာပဲ”
ဖုထင်က...
“ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်တွေ ဒီကမ္ဘာမှာ တိုက်ခိုက်မယ်ဆိုရင် ဒီကမ္ဘာ လုံးလုံးပျက်ဆီးသွားမှာမဟုတ်ဘူးလား”
ယန်ချုန်းက...
“သူတို့က ဒီကမ္ဘာမှာ တိုက်ခိုက်တာမဟုတ်ဘူး ၊ တိုက်ရင်းခိုက်ရင်း ဒီမျှော်စင်ကမ္ဘာကို ဖြတ်သွားခဲ့ကြတာပါ”
သို့တိုင် မျှော်စင်ကမ္ဘာအနေဖြင့် ကြီးမားသောကပ်ဘေးတစ်ခု ကျရောက်ခဲ့ပြီး သမိုင်းတွင်သော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ယန်ချုန်း၏ မျက်နှာအမူအရာက အလွန်စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
“သူက ပြင်ပတာအိုကျင့်ကြံသူဆိုပေမယ့် ဧကရာဇ်တစ်ပါးတော့ ဖြစ်နေဆဲပဲလေ ၊ ဧကရာဇ်ဘွဲ့ကိုခံယူခဲ့တဲ့သူတွေက တကယ့်ကို တန်ခိုးစွမ်းအားကြီးမားတယ်ဆိုတာ ဝန်ခံရမှာပါပဲ”
“သူတို့ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအကြွင်းအကျန်ပုံရိပ်တွေက ဒီနှစ်တစ်လျှောက်လုံး အဲဒီနေရာမှာ စုစည်းပြီး ထင်ကျန်ရစ်ခဲ့တယ်”
ပြောနေရင်းဖြင့် ယန်ချုန်းက ချောင်းတဟွတ်ဟွတ်ဆိုးလာပြီး ဒဏ်ရာရထားသဖြင့် သူတွေံရှိခဲံသည့်အဖြစ်အပျက်များကို ပြန်လည်ပုံဖော်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“စော်ကားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်”
ထို့နောက် သူက ယန်ချုန်း၏နဖူးကို လက်ညှိုးလက်ခလယ်ဖြင့် တစ်ချက်ပုတ်လိုက်ရာ အနက်ရောင်ချီစွမ်းအားစီးကြောင်းတစ်ခုက ယန်ချုန်း၏မျက်ဝန်းအတွင်းဝင်ရောက်သွားသည်။
ဖုထင် အနည်းငယ်ထိတ်လန့်သွားပြီး...
“သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ...”
ယန်ချုန်း၏ မျက်လုံးတစ်ဖက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရသည့်အခါ ချွမ်ဟောင်လုန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။
အလင်းတန်းက လေထုထဲတွင်စုစည်းသွားပြီး ထင်ရှားသည့်ပုံရိပ်များ ထွက်ပေါ်လာသည်။
မြင်ကွင်းထဲတွင် ပျက်ဆီးနေသည့် ချိုင့်ဝှမ်းတစ်ခုပုံပေါ်လာပြီး ထိုနေရာပတ်ဝန်းကျင်က တောက်ပသည်လည်းမဟုတ် ၊ မှောင်မိုက်သည်လည်းမဟုတ်ဘဲ အုံ့ဆိုင်းလျှက် ရှိ၏။
အုံ့ဆိုင်းမှုများအလယ်တွင် မိုးမြေတစ်ခွင်သို့ဖြတ်ကျော်ဝင်ရောက်လာသည့် ဒီရေလှိုင်းများအလား တန်ခိုးစွမ်းအားအတက်အကျများ ထွက်ပေါ်လာပြီး ကြီးမားသည့်တိုက်ပွဲတစ်ခုမြင်ကွင်းကို ပုံဖော်ထားသည်။
အကယ်၍ တိုက်ပွဲထဲတွင်သာရှိနေမည်ဆိုလျှင် ယန်ချုန်းအနေဖြင့် တိုက်ပွဲဖြစ်စဉ်ကို လုံးဝနားလည်လိမ့်မည် မဟုတ်ပေ။
သို့သော် တိုက်ပွဲအကြွင်းအကျန် ရောင်ဝါမှ ကျန်ရှိခဲ့သည့်ပုံရိပ်ကို ကြည့်မြင်မှသာ တိုက်ပွဲအခြေအနေကို သူ နားလည်နိုင်မည် ဖြစ်သည်။
ဤအချက်ကို ရန်ကျောက်ကဲနှင့် အခြားသူများလည်း ရှင်းရှင်းလင်းလင်း သိမြင်ကြသည်။
သူတို့မျက်ဝန်းများထဲသို့ ပထမဆုံးဝင်ရောက်လာသူကတော့ အတော်လေးရင်းနှီးဟန်ရှိသည့် ပုံရိပ်တစ်ခု ဖြစ်သည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံကို လွှမ်းခြုံထားကာ အနက်ရောင်ဆံနွယ်ရှည်များက ကျောထက်တွင်ကျဆင်းနေပြီး မျက်ခုံးမွှေးများကတော့ အဖြူရောင်ပကတိ ဖြစ်သည်။
သူ့မျက်လုံးထဲမှ အဖြူရောင်နှင့်အနက်ရောင်က အလွန်တရာကွဲပြားလွန်းပြီး မျက်သားက အလွန်တရာဖြူစင်လွန်းကာ မျက်ဆံကတော့ အတိုင်းအဆမရှိနက်ရှိုင်းသော တွင်းနက်တစ်ခုပမာဖြစ်သည်။
ထိုသူက အခြားသူမဟုတ် ၊ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ပင် ဖြစ်၏။