← Chapters

စိတ်ခံစားချက်အပေါ်မူတည်တယ်

Vol. 65 Ch. 908

စိတ်ခံစားချက်အပေါ်မူတည်တယ်

Vol. 65 Ch. 908

အခန်း (၉၀၈) စိတ်ခံစားချက်အပေါ်မူတည်တယ်

ရွှယ်ချူးချင်သည် အမတခုံရုံးနယ်မြေသို့ ခိုးဝင်ရန် ဖြစ်နိုင်ပါသလား။

နိယာမအရဆိုလျှင်တော့ မဖြစ်နိုင်ပေ။

စန်းချင်း (၃)ပါး၏တာအိုလမ်းစဉ် ကျင့်ကြံသူများနေထိုင်သည့် အထက်ဘုံကမ္ဘာနှင့် အခြားသောအောက်ဘုံကမ္ဘာများအား ပိုင်းခြားထားသည့် ‘တံတိုင်း’ ကိုကျော်ဖြတ်ပြီး အမတခုံရုံးတာအိုဝါဒကမ္ဘာများဘက်သို့ လာရောက်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကြောင့်ဖြစ်ပေါ်လာသော ကြီးမားသည့် ပရမ်းပတာဖြစ်မှုကြောင့် ရန်ကျောက်ကဲ ဗုဒ္ဓဘာသာကမ္ဘာသို့ အမှတ်မထင် ရောက်ရှိသွားခဲ့သည်။

ယခုလည်း အမတခုံရုံး၏ ယန့်ဖန်းနတ်ဘုံမှ ထိန်းချုပ်ထားသော မျှော်စင်ကမ္ဘာသို့ အမှတ်မထင်ရောက်ရှိခဲ့သည်။ ဤသည်မှာ အမတမှော်ဝင်လက်နက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ပိုးသားဧကရာဇ်ချန်ထားခဲ့သေသာ နန်းတော်မှ အရံအတားရိုက်ခတ်မိခြင်းကြောင့် ဖြစ်၏။

ရန်ကျောက်ကဲက မိခင်ဖြစ်သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို မသိရှိသော်လည်း သူမက အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးကြောင်းကိုတော့ သိရှိထားသည်။

သို့ဖြစ်ရာ ပြင်ပအင်အားစုများ၏အကူအညီမပါဘဲ ရွှယ်ချူးချင် ဤနေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်ပေ။

သို့သော်...

ပထမအချက်အနေဖြင့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက ရွှယ်ချူးချင် ဤနေရာသို့လာရောက်နိုင်ရန် ခိုးသွင်းကူညီပေးခဲ့ခြင်းလည်း ဖြစ်နိုင်၏။

ဒုတိယကတော့ ရွှယ်ချူးချင်၏လုပ်ရပ်များက လူတစ်ယောက်မျှော်မှန်းထားသည်ထက် အမြဲတမ်းကျော်လွန်လေ့ ရှိလေရာ သူမတွင် ထူးခြားသောနည်းလမ်းများ ရှိနိုင်မည်လား။

ရန်ကျောက်ကဲက စဉ်းစားရင်း...

“ဒါပေမဲ့ အဲဒါက အမေဆိုရင်... သူက အမတခုံရုံးကို ရန်စမယ့်အစား သူ့ကိုယ်သူ သိုသိုသိပ်သိပ် ကွယ်ဝှက်ထားမှာပဲ”

“ဒီအတိုင်းတွေးကြည့်မယ်ဆိုရင်... အမွေအနှစ်နေရာမှာ ယန္တရားတစ်ခုလုပ်ပြီး လွမ့်ထျန်းဂိုဏ်းကို မလိုအပ်ဘဲ နစ်နာအောင်လုပ်တာက သူလုပ်ရမယ့်အလုပ်မှမဟုတ်တာ...”

“ဒါမှမဟုတ်...”

ရန်ကျောက်ကဲနှုတ်ခမ်းများတွန့်ကွေးသွားပြီး...

“သူဘယ်မှာရှိတယ်ဆိုတာကို သိသွားလို့ ထွက်ပြေးဖို့ကြိုးစားရင်း သူ မသွားခင် ‘ငါဒီမှာရှိခဲ့တယ်’ ဆိုတာကို လူတွေသိအောင် တမင်သက်သက် ပညာပြသွားတာများလား”

ထိုသို့တွေးမိတော့ ရန်ကျောက်ကဲက ဖုထင်ကိုလှည့်ကြည့်ရင်း စကားဆိုသည်။

“ငါတော့ မျှေစင်ကမ္ဘာမှာ ထပ်ပြီး စုံစမ်းလိုက်ဦးမယ် ၊ +ပြီးတော့ ယန့်ဖန်းနတ်ဘုံလက်အောက်မှာရှိတဲ့ တခြားကမ္ဘာတွေကိုရောပေါ့”

ဖုထင်က ချက်ချင်းသဘောပေါက်သွားပြီး...

“ကျွန်မတို့လို စန်းချင်း (၃)ပါးအဆက်အနွယ်တွေ ဒီနေရာမှာ ရှိ မရှိ ရှင်က စုံစမ်းချင်တာလား”

ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...

“ဟုတ်တယ်... တကယ်လို့ သူတို့ရှိနေတယ်ဆိုရင် ငါတို့နဲ့လက်တွဲလို့ရတယ်လေ”

သူက ဆက်ပြောသည်။

“ပြီးတော့ သူတို့ရှိနေတယ်ဆိုရင် သူတို့က ငါတို့ထက်ပိုပြီး ဒီနေရာနဲ့ ရင်းနှီးမှာပဲ ၊ ငါတို့တွေ သူတို့ကိုဆက်သွယ်နိုင်မယ်ဆိုရင် အမတခုံရုံးလက်အောက်မှာရှိတဲ့ဒီကမ္ဘာကနေထွက်ခွာပြီး အထက်ဘုံကမ္ဘာကိုလည်း ပြန်နိုင်လောက်တယ်”

“ဒါပေမဲ့ ဒီနေရာကို စောင့်ကြည့်နေတဲ့ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေ အနည်းအပါးတော့ ရှိမယ်ထင်တယ် ၊ ဒီတော့ အရမ်းအန္တရယ်များတဲ့အတွက် ငါတစ်ယောက်တည်းသွားစုံစမ်းလိုက်မယ် ၊ ပြီးမှာ မင်းကိုပြန်လာရှာမယ်လေ”

“ငါက မင်းကို ဒုက္ခမရောက်စေချင်ဘူး ၊ ငါတို့ သီးခြားလှုပ်ရှားမယ်ဆိုရင် တစ်ယောက်ဖမ်းမိရင်တောင် တစ်ယောက်က ရှောင်ထွက်သွားနိုင်တယ်”

ဖုထင်က ခဏမျှစဉ်းစားပြီးမှ ခေါင်းခါယမ်းရင်း...

“ကျွန်မတို့က ဒီနေရာနဲ့ သိပ်မရင်းနှီးဘူး ၊ အမတခုံရုံးကျင့်ကြံသူတွေရဲ့အန္တရယ်လည်းရှိသလို ဘာသာစကားအခက်အခဲလည်းရှိတယ် ၊ ငါတို့အတူတူလှုပ်ရျားတာပိုကောင်းမယ် ၊ ဒါမှ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်မှာပေါ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒါဖြင့်လည်း သွားကြတာပေါ့”

ပြောပြီးသည်နှင့် သူ၏လက်ဖဝါးထက်တွင် အသွင်သဏ္ဍာန်ကင်းမဲ့ပြီး ပိုင်းခြားသိမြင်ရခက်သော အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လွမ့်ထျန်းဂိုဏ်းမှ သိုင်းသမားများကို လက်ဖဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ရာ အားလုံး ချက်ချင်းပင် သေဆုံးသွားကြသည်။

ယန်ချုန်းနှင့် ကျန်ရှိသူများ အလွန်ထိတ်လန့်သွားကြသည့်တိုင် ဖုထင်ကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။

“ဒါက သဏ္ဌန်မဲ့မိုးကောင်းကင်မိစ္ဆာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ထိပ်တန်းသိုင်းပညာတစ်ရပ်ပဲ ၊ အချိန်အတန်ကြာအောင် ပျောက်ကွယ်နေတဲ့ ဒီမိစ္ဆာသိုင်းပညာကို ‘ရန်’ သခင်လေး တတ်ကျွမ်းလိမ့်မယ်လို့ ထင်မထားဘူး”

ဖုထင်က ရန်ကျောက်ကဲကို ချီးကျူးလိုက်သည်။

“ရှင်တို့ဝါဒတောင်အဆက်အနွယ်က ကျွန်မတို့ ထိုက်ချင်အဆက်အနွယ်ရဲ့ အကိုင်းအခက်တစ်ခုလို ဖြစ်ပုံရတယ် ၊ ပြီးတော့ ယွိချင်အဆက်အနွယ်ရဲ့ သိုင်းပညာတွေကိုလည်း ပိုင်ဆိုင်ထားတယ် ၊ ဒါပေမဲ့... အခု ရှင်ကတော့ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာလို မိစ္ဆာသိုင်းပညာကိုတောင် သိနေတယ် ၊ ရှင့်ရဲ့ ဇာစ်မြစ်က လုံးဝ ပိုင်းခြားလို့ မရဘူးပဲ”

ရန်ကျောက်ကဲက သူမ၏ချီးကျူးစကားကို မသိသလိုဟန်ဖြင့်...

“ဒီပညာက ခရီးလျှောက်သွားရင်း တိုက်ဆိုင်ပြီး ရရှိခဲ့တာပါ ၊ ဘာမှ မပြောပလောက်ပါဘူး ၊ ဒါပေမဲ့... ‘ဖု’ မိန်းကလေးက ဒီ သဏ္ဍန်မဲ့မိစ္ဆာကျမ်းစာကို သိနေမယ်လို့ မထင်ခဲ့မိဘူး ၊ တကယ်တော့ ဒီသိုင်းပညာက အထက်ဘုံကမ္ဘာမှာ ပျောက်ကွယ်နေတာ ကြာပါပြီ”

ဖုထင်က...

“ကျွန်မအဖေကြောင့် ဗုဒ္ဓဘာသာလိုမျိုး လျှို့ဝှက်ချက်တွေကို ကျွန်မ သိခဲ့ပါတယ်”

သူမက ဆက်ပြောသည်။

“ဗုဒ္ဓအလင်းတန်းက အရမ်းဆန်းကျယ်တယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေ အသတ်ခံရတဲ့အခါ သူတို့ရဲ့ အကြီးအကဲတွေက အချိန်တိုအတွင်း အဲဒီနေရာကို ချက်ချင်းရောက်လာနိုင်တယ်”

“ဒါပေမဲ့ အဲဒါကို ကန့်သတ်နိုင်တဲ့သိုင်းပညာတွေရှိတယ် ၊ အဲဒီထဲကတစ်ခုက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာပဲ ၊ ကျွန်မ အရင်တုန်းက ဒီသိုင်းပညာကို တစ်ခါမှမမြင်ဖူးဘူး ၊ အဖေက အဲဒီပညာရဲ့သဘောသဘာဝကိုပြောပြတာကိုပဲ ကြားခဲ့ဖူးတာ”

“အမတခုံရုံးအဆက်အနွယ်တွေရဲ့ ရတနာအလင်းတန်းကလည်း ဗုဒ္ဓဘာသာဘက်က ဗုဒ္ဓအလင်းတန်းနဲ့ ဆင်တူတယ်လေ”

ဖုထင်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ဒါပေမဲ့... ပွင့်ပွင့်လင်းလင်းပြောရတာ ခွင့်လွှတ်စေချင်ပါတယ် ‘ရန်’ သခင်လေး... ဒီသိုင်းပညာက...”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒီသိုင်းပညာက လူတစ်ယောက်ကို အမှောင်ဘက်ခြမ်းကျရောက်သွားစေပြီး ငရဲကိုးထပ်မှာ နစ်မြုပ်သွားအောင် စိတ်ကိုလှည့်စားနိုင်တယ်”

သူက ဆက်ပြောသည်။

“အဲဒီအကြောင်းကို ငါသိပါတယ် ၊ ဒါကြောင့် အဲဒီသိုင်းပညာကို ရရှိခဲ့တဲ့တိုင် ငါ မကျင့်ကြံခဲ့ဘူး ၊ ဗုဒ္ဓဘာသာကမ္ဘာတစ်ခုကို အမှတ်မထင်ရောက်သွားပြီးတော့မှာ အဲဒီ ဗုဒ္ဓအလင်းတန်းက ဘယ်လောက်ဆန်းကြယ်တယ်ဆိုတာ သိခဲ့ရတော့မှ အဲဒါကိုဖျက်ဆီးဖို့အတွက် ချက်ချင်း ကျင့်ကြံလိုက်တာ ၊ ဒါပေမဲ့ ဗုဒ္ဓအလင်းရောင်ကို ဖျက်ဆီးဖို့အတွက်ပဲ အသုံးပြုတာပါ ၊ ဒီပညာက ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို မထိခိုက်စေပါဘူး”

သူတို့နှစ်ယောက်က စကားစမြည်ပြောဆိုကြရင်းပင် လွမ့်ထျန်းဂိုဏ်းမှ သိုင်းကျင့်ကြံသူများကို ရှင်းလင်းပစ်လိုက်ရာ ယန်ချုန်းနှင့် ချွမ်ဟောင်လုန် (၂)ယောက်သာလျှင် ကျန်ရစ်တော့သည်။

အစပိုင်းတွင် ထိတ်လန့်သွားသော ယန်ချုန်းက တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး သက်ပြင်းချလိုက်သည်။

“မင်း နှုတ်ပိတ်ချင်တယ်ဆိုရင် ဘာလို့ ငါနဲ့ တူလေး’ချွမ်’ ကို မသတ်တာလဲ”

ရန်ကျောက်ကဲက...

“ဒါက စိတ်ခံစားချက်အပေါ် မူတည်တယ်”

ယန်ချုန်း မချိပြုံးပြုံးလိုက်သည်။

ချွမ်ဟောင်လုန်က သူ့ကိုယ်သူတည်ငြိမ်အောင်ကြိုးစားရင်း...

“ဆရာဦးလေး’ယန်’ က မင်းတို့လိုလူမျိုးတွေလှည့်စားခံရတာနဲ့တင် အတော်လေး နာကျည်းနေပြီ ၊ ငါကတော့ မင်းတို့ကို ဦးညွှတ်မယ်မထင်နဲ့”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ဒီတော့ဘာဖြစ်လဲ ၊ ငါ မင်းကိုလွှတ်လိုက်တော့လည်း မင်းတို့ဂိုဏ်းကလူတွေအားလုံးသေပြီး မင်းတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်မယ်ဆိုရင် တခြားသူတွေက ဘယ်လိုထင်ကြမလဲ”

ထိုစကားကြားတော့ ချွမ်ဟောင်လုန် မှင်တက်သွားသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းက နားလည်လွယ်သားပဲ ၊ မင်းခန္ဓာကိုယ်က ရတနာအလင်းတန်းက တည်ငြိမ်နေဆဲဆိုရင်တောင်မှ မင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အပေါ်မှာ သစ္စာရှိတဲ့အကြောင်း သံသဝင်စရာဖြစ်သွားပြီ ၊ ဒါဆိုရင် မင်းကိုသဘောမကျတဲ့ဂိုဏ်းဝင်တွေက မင်းကိုချောက်ချဖို့အတွက် ဒီအခွင့်အရေးကို မသုံးဘဲနေပါ့မလား”

“မိစ္ဆာတွေနဲ့ ပြင်ပတာအိုလမ်းစဉ်လိုက်တဲ့သူတွေကို သုတ်သင်ပယ်ရှင်းရမှာ အမှန်ပဲ ၊ ဒါပေမဲ့ အဲဒါတွေကို ဘေးဖယ်ထားပြီး လူအချင်ချင်း ပြဿနာရှာကြတဲ့ကိစ္စတွေလည်း ရှိတာပဲလေ”

ချွမ်ဟောင်လုန်က မချိပြုံးတစ်ချက်ပြုံးလိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာခဲ့ပေ။

ရန်ကျောက်ကဲ ပြောသည့်အချက်ကို သူ နားမလည်ဘဲ အဘယ်မှာနေပါမည်နည်း။

ချွမ်ဟောင်လုန်နှင့် ယန်ချုန်း အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

ချွမ်‌ဟောင်လုန်က ခေါင်းခါယမ်းရင်း...

“ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းတို့လို ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ မပတ်သက်ဘူး”

ထို့နောက် သူက မျက်လုံးမှိတ်ထားပြီး မည်သည့်စကားမှ မဆိုတော့ပေ။

ယန်ချုန်းက ချွမ်ဟောင်လုန်ကို ကြည့်လိုက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ရန်ကျောက်ကဲကတော့ ဘာကိုမှ အရေးမစိုက်ပေ။ သူက စိတ်ခံစားချက်အပေါ် မူတည်ပြီး ယန်ချုန်းနှင့် ချွမ်ဟောင်လုန်ကို ရိုးရှင်းစွာ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

ယန်ချုန်းထံမှ ရှေးဟောင်းအမွေအနှစ်တည်နေရာကိုသိရှိပြီးနောက် ရန်ကျောက်ကဲနှင့် ဖုထင်တို့သည်လည်း ထိုသူနှစ်ယောက်ကိုခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာလာခဲ့သည်။

သို့သော် ထိုနေရာက ပျက်ဆီးနေပြီဖြစ်ရာ ရန်ကျောက်ကဲတို့က အချိန်ဖြုန်းရန် မရည်ရွယ်တော့ဘဲ သာမန်လူများနေထိုင်သည့် အနီးအနားပတ်ဝန်းကျင်တစ်ခုကို သွားရောက်လေ့လာသည်။

သူ၏မိခင်ဖြစ်သူ ကျင့်ကြံခြင်းအဆင့်က အားမနည်းသည့်တိုင် သူမ၏ခန္ဓာကိုယ်တွင် ယုံကြည်ခြင်း ရတနာအလင်းတန်း ရှိမည် မဟုတ်ပေ။ သူမသာ လူသိထင်ရှား လှုပ်ရှားခဲ့မည်ဆိုလျှင် အမတခုံရုံးကျင့်ကြံသူများ အလွယ်တကူပင် ရှာတွေ့သွားကြမည် ဖြစ်သည်။

သူမ လျှို့ဝှက်လှုပ်ရှားမည်ဆိုလျှင် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပြီးနောက် သူမတွင် ရွေးချယ်စရာ (၂)ခု ရှိသည်။

သူမအနေဖြင့် လူသားများနှင့် လုံးဝ မဆက်ဆံဘဲ ဝေးကွာသော တောင်တန်းများနှင့် ရှေးကျသောနေရာများတွင် နေထိုင်နိုင်သည်။

နောက်တစ်ချက်မှာ သူမအနေဖြင့် သာမန်လူများဖြင့် ရောနှောနေထိုင်နိုင်သည်။ သာမန်လူများသည် ရတနာအလင်းတန်းကို တန်ဖိုးထားကိုးကွယ်ကြသော်လည်း သူတို့သည် အခြားသူခန္ဓာကိုယ်မှ ရတနာအလင်းတန်းကို တွေ့မြင်နိုင်စွမ်းမရှိသလို သူတို့ကိုယ်တိုင်၏ခန္ဓာကိုယ်မှ ရတနာအလင်းတန်းသည်လည်း အားနည်းကြသည်။

သူမက အမတခုံရုံးတာအိုကျင့်ကြံသူများနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပြီး သူမ၏လုပ်ရပ်များကို ဖုံးကွယ်ထားသရွေ့ သူမ မည်သူမည်ဝါဖြစ်ကြောင်း သာမန်လူများ သိရှိနိုင်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

သိရှိရသည့်အချက်တစ်ခုကတော့ အမတခုံရုံးတာအိုကျင့်ကြံသူများဘက်မှ သူမနောက်လိုက်နေသည့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ရှိနေဟန်မတူသေးသလို ဤသို့သောအခြေအနေမျိုးတွင် ရွှယ်ချူးချင်သည် နောက်ကွယ်တွင် မည်သည့်သဲလွန်စကိုမျှ မချန်ထားခဲ့ပေ။

သို့တိုင် ရန်ကျောက်ကဲသည် ကိစ္စရပ်များကို ယောင်ဝါးဝါး သတိပြုမိခဲ့သည်။

သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ပိုင်းခြားသိမြင်မှုနှင့် အာရုံခံစွမ်းရည်က သာမန်လူများကို ထိုးဖောက်သိမြင်နိုင်စွမ်းအပြည့်ရှိသည်။

ထို့ကြောင့် သူ့အတွက် သာမန်လူများကြား မျက်လုံးတစ်ချက်ဝေ့လိုက်ရုံဖြင့် လျင်မြန်စွာ အကဲခတ်နိုင်စွမ်း ရှိသည်။

စီရင်စု (၁၂)ခုလောက်အား ရှာဖွေပြီးနောက် ရန်ကျောက်ကဲမျက်ဝန်းများ ရုတ်တရက် လက်ခနဲတောက်ပသွားလေ၏။

All Chapters