အမေက ဘယ်လိုပြေးရမလဲဆိုတာ တကယ်နားလည်တယ်
Vol. 65 Ch. 909
အခန်း (၉၀၉) အမေက ဘယ်လိုပြေးရမလဲဆိုတာ တကယ်နားလည်တယ်
စီရင်စုတစ်ခုကိုဖြတ်ကျော်လာချိန် ရန်ကျောက်ကဲသည် သာမန်မိသားစုနေထိုင်သော အိမ်တစ်အိမ်အတွင်း ချိတ်ဆွဲထားသည့် ဝတ်ရုံတစ်ခုကို တွေ့လိုက်ရသည်။
ထိုဝတ်ရုံက ရှုတ်ထွေးလွန်းသည်မှလွှဲပြီး အခြားထူးခြားချက် မရှိပေ။
ဝတ်ရုံထက်တွင် ကြိုးနီဖြင့် ယက်လုပ်ထားသည့် '喜' (ရှီ) ဆိုသည့်စာလုံး ရေးထိုးထားသည်။ ထို ‘ရှီ’ ဆိုသည့် အဓိပ္ပါယ်က ‘ပျော်ရွှင်မှု’ ဟု အဓိပ္ပါယ်ရ၏။
ရန်ကျောက်ကဲက ထိုဝတ်ရုံကို ခဏမျှလေ့လာလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူ့တွင်လည်း ထိုကဲ့သို့ ဝတ်ရုံတစ်ခု ရှိလေသည်။
သူ၏မိခင် ရွှယ်ချူးချင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အပျော်သဘောဖြင့် ယက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယက်လုပ်နည်းက အတော်လေးကို ထူးဆန်းပြီး မိခင်ဖြစ်သူ ယက်လုပ်နေသည်ကို ရန်ကျောက်ကဲငယ်စဉ်က ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးသည်။
သို့ပေသိ သူမတစ်ယောက်တည်း လုပ်နိုင်သည့်အရာတစ်ခု မဟုတ်တာကတော့ သေချာသည်။ ဤသို့သော ယက်လုပ်နည်းက အခြားသူများအတွက်လည်း ခက်ခဲမည် မဟုတ်ပေ။
သို့တိုင် မိခင်ဖြစ်သူကို ရှာဖွေနေချိန် ဤဝတ်ရုံကို ရုတ်တရက်တွေ့လိုက်ရသည့်အခါ ရန်ကျောက်ကဲအနေဖြင့် သေချာသည့် ကိစ္စရပ်တစ်ခုကို သိမြင်နိုင်ပြီ ဖြစ်သည်။
သူ့ဘေးနားတွင် ဖုထင်ရှိနေသဖြင့် ရန်ကျောက်ကဲက အပြင်ပန်းတွင် ထူးထူးခြားခြား ထုတ်ဖော်ပြသခြင်းမျိုး မရှိပေ။ သို့တိုင် သူက မျက်လုံးများဖြင့် သေချာလေ့လာလိုက်ပြီး ဤနေရာတွင် စန်းချင်း (၃)ပါး အဆက်အနွယ်၏ အဆက်အနွယ်တပည့်များရှိနေသည့် သဲလွန်စ မတွေ့ခဲ့ရပေ။
ရန်ကျောက်ကဲ မချိပြုံးပြုံးလိုက်ရင်း...
“အမေက ဘယ်လိုပြေးရမလဲဆိုတာ တကယ်နားလည်တယ်”
ထိုဝတ်ရုံကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ ကူရာကယ်ရာမဲ့သလို ခံစားလိုက်ရသည့်တိုင် အစောပိုင်း တွေးထင်ထားသည်များကို အတည်ပြုနိုင်ခဲ့သည်။
အမွေအနှစ်နေရာတွင် ယန္တရားတည်ဆောက်ခဲ့သူမှာ မိခင်ဖြစ်သူ၏လက်ရာ ဖြစ်ရမည်။ သူမ ဤကမ္ဘာမှထွက်ခွာမသွားခင် ထိုယန္တရားကို တည်ဆောက်ခဲ့ဟန် ရှိ၏။
ရန်ကျောက်ကဲ ခေါင်းတစ်ချက်ခါယမ်းရင်း တိတ်ဆိတ်နေမိသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် မည်သည့်အရာမှ မတွေ့ရှိကြောင်း သေချာတော့မှ သူက ဖုထင်အား စကားဆိုလိုက်သည်။
“ဒီ မျှော်စင်ကမ္ဘာကပြန်ထွက်ပြီး ယန့်ဖန်းနတ်ဘုံကို သွားကြည့်ကြမလား”
ဖုထင်က...
“အဲဒီလိုလျှောက်သွားနေတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာနဲ့ မတူဘူးလား”
အန္တရယ်အနည်းငယ် ကြုံတွေ့ပြီးနောက် မိခင်ဖြစ်သူ ဤကမ္ဘာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ ကောင်းကောင်းသိရှိသည်။
အမတခုံရုံးထိန်းချုပ်မှုအောက်တွင်ရှိနေသော နယ်မြေများတွင် ရန်သူများသည် မည်သည့်နေရာတွင်မဆို လျှို့ဝှက်ပြီး ရှိနေနိုင်သည်ဖြစ်ရာ စန်းချင်း (၃)ပါးအဆက်အနွယ် ကျင့်ကြံသူများအနေဖြင့် ခြေလှမ်းတိုင်းကို သဲလွန်စမကျန် ဖုံးကွယ်ထားသင့်သည်။
ဤသို့သော အခြေအနေမျိုးတွင် ရွှယ်ချူးချင်အနေဖြင့် စန်းချင်း(၃)ပါးအဆက်အနွယ်များနေထိုင်ရာ ကမ္ဘာများသို့ပြန်ရန် အရည်အချင်းရှိပါက မြန်နိုင်သမျှမြန်မြန် ပြန်သွားပေလိမ့်မည်။
ရန်ကျောက်ကဲက ‘ယန့်ဖန်းနတ်ဘုံ’ ၏ထိန်းချုပ်မှုအောက်တွင်ရှိသော အခြားကမ္ဘာများသို့ သွားရောက်ရန် ရည်ရွယ်သည်မှာ ရွှယ်ချူးချင် ထိုနေရာများတွင် ပိတ်မိနေပါက ကူညီရန် ဖြစ်သည်။
မဟုတ်ပါက ယခု သူမအနေဖြင့် အန္တရယ်ရှိနိုင်လေသည်။
မိခင်ဖြစ်သူ၏အရည်အချင်းဖြင့်ဆိုလျှင် သူမက ခိုးဝင်ပြီးလျှင်လည်း လွတ်လမ်းကို ချန်ထားခဲ့မည်ဖြစ်ကြောင်း တွေးမိသော်လည်း အခြေအနေအရ သူမကို ရှာရန် ဆုံးဖြတ်ထားဆဲဖြစ်သည်။
ရန်ကျောက်ကဲ အမတခုံရုံးအကြောင်းနားလည်သိရှိသည်က အနည်းငယ်မျှသာ ရှိလေရာ အမတခုံရုံးကျင့်ကြံသူများနှင့်ပတ်သက်၍လည်း မည်သို့သောထူးခြားချက်များ ရှိနေပါကြောင်း အနည်းငယ်သာ သိရှိခဲ့သည်။
ထို့ပြင် ယခု သူနှင့် ဖုထင်သည်လည်း အထက်ဘုံကမ္ဘာသိုပြန်မည့်လမ်းကို ရှာဖွေရန် လိုအပ်နေပြီ ဖြစ်သည်။
မျှော်စင်ကမ္ဘာတွင် မည်သည့်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိသည့်အခါ သူတို့အနေဖြင့် အခြားနေရာသို့ သွားရောက်ရန်သာ ရှိသည်။
“ဒီလိုဆိုရင် အမေက ဘာလို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာသွားပြီး မပုန်းအောင်းရတာလဲ ၊ အခုချိန်မှာ သူ့အတွက် ပုန်းလို့အကောင်းဆုံးနေရာက အဲဒီနေရာပဲ”
လမ်းလျှောက်လာရင်း ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။
“အရင်က သူတို့ကြားမှာ ပဋိပက္ခတွေရှိခဲ့တာများ ဖြစ်နိုင်မလား”
ချွမ်ဟောင်လုန်သာမက ယန်ချုန်းသည်လည်း ရန်ကျောက်ကဲ ၊ ဖုထင်တို့နှင့်အတူ ပူးပေါင်းလိုစိတ် မရှိခဲ့ကြပေ။
သို့သော် သူတို့က ရန်ကျော်ကဲတို့ (၂)ယောက်ကို တတ်နိုင်သမျှ မြန်မြန်ပြန်စေချင်နေကြပြီး ယန်ချုန်းက သူတို့နှစ်ယောက်အတွက် မျှော်စင်ကမ္ဘာတစ်နေရာအချို့သို့ လမ်းပြပေးခဲ့သည်။
ထိုနေရာတါင် အခြားကမ္ဘာတစ်ခုဆီသို့ဦးတည်သော ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ရှိနေသည်။
ရန်ကျောက်ကဲ အဝေးဆီမှထောင်ထွတ်တစ်ခုကိုငေးကြည့်လိုက်သည်။ ထိုနေရာတွင် တိမ်တိုက်များထူထပ်နေပြီး ထူးဆန်းသော ဝဲဂယက်တစ်ခုလည်း ရှိနေသည်ကို တွေ့ရသည်။
ရေဝဲဂယက်၏နက်ရှိုင်းရာနေရာတွင် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုရှိနေသည်။ ထိုလမ်းကြောင်းက ‘ယန့်ဖန်းနတ်ဘုံ’ ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသာ အခြားကမ္ဘာတစ်ခုဖြစ်သည့် ‘နဂါးစွန်ကမ္ဘာ’ သို့ ဦးတည်နေသည်။
သို့သော် ထိုနေရာကို စောင့်ကြည့်နေသူများရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုသို့ပင်ဖြစ်မည်ဟု ရန်ကျောက်ကဲနှင့် ဖုထင်တို့ကလည်း မျှော်လင့်ထားပြီးသားပင်။
ဤကမ္ဘာမှလူများအနေဖြင့် သူတို့ရောက်ရှိလာသည်ကို သတင်းရသည်နှင့် အခြားကမ္ဘာသို့ဦးတည်သော ကမ္ဘာဖြတ်လမ်းကြောင်းများကို စောင့်ကြပ်နေမည်ဖြစ်သည်။ သို့မှသာ သူတို့အား ဤကမ္ဘာတွင် ပိတ်ဆို့ဖမ်းဆီးနိုင်ပေမည်။
သူတို့နှစ်ယောက်လုံး အလောတကြီး မလှုပ်ရှားကြဘဲ လက်ရှိအခြေအနေကို အရင်ဆုံးသုံးသပ်ကြည့်ရန် ရည်ရွယ်လိုက်ကြသည်။
ထိုအချိန်...
ကမ္ဘာဖြတ်လမ်းကြောင်းက ရုတ်တရက်မတည်မငြိမ်ဖြစ်လာပြီး ကောင်းကင်ထက်မှ တိမ်တိုက်များလွင့်ပျံသွားသည်။
ထို့နောက် အတွင်းထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းများကို တွေ့မြင်လိုက်တော့ ရန်ကျောက်ကဲနှင့် ဖုထင်တို့ တုန်လှုပ်သွားကြ၏။
“.... ဗုဒ္ဓအလင်းရောင်”
ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် မျှောစင်ကမ္ဘာသို့ ဝင်ရောက်လာကြသော ဗုဒ္ဓဘာသာကျင့်ကြံသူများကို တွေ့လိုက်ရသည့်အခါ အမတခုံရုံတာအိုကျင့်ကြံသူများက ကြုံးဝါးသံများ ပြုလိုက်ကြသည်။
“ဗုဒ္ဓဘာသာဘက်က မိစ္ဆာကျင့်ကြံသူတွေ ကျူးကျော်ဝင်ရောက်လာပြီ ၊ နဂါးစွန်ကမ္ဘာတစ်ခုလုံး တိုက်ပွဲဖြစ်နေကြပြီ ၊ မျှော်စင်ကမ္ဘာက သိုင်းဂိုဏ်းတွေ ၊ အင်အားစုတွေပူးပေါင်းပြီး ခုခံကြပါ ၊ ဒီကတုံးတွေလက်ထဲ မျှော်စင်ကမ္ဘာ ကျရောက်သွားလို့မဖြစ်ဘူး”
“ငါတို့ဘက်မှာ ယန့်ဖန်းနတ်ဘုံရဲ့ နတ်ဘုရားလမ်းစဉ်က အသာစီးရှိတယ် ၊ ဒီကတုံးတွေက ပိတ်မိနေတဲ့သူတို့လူတွေကို ကယ်တင်ဖို့ ရောက်လာတာ ၊ အားလုံးသတိထားကြ ၊ ဒီမိစ္ဆာတွေအားလုံးကို ရှင်းပစ်ကြ”
အလင်းတန်းများရုတ်တရက်ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခွင်လုံးအားလွှမ်းခြုံသွားကာ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများအဖြစ်ပြောင်းလဲသွားလျှက် ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရာ တောင်ထွတ်ထက်သို့ ကျရောက်လာသည်။
အလင်းတန်းများ လှည့်ပတ်သွားသည်နှင့် ကြီးမားသောပုံရိပ်တစခု ထွက်ပေါ်လာပြီး တောက်ပသောအဖြူရောင်အလင်းတန်းတစ်ခုက ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာသော ရွှေရောင် ဗုဒ္ဓအလင်းတန်းများကို ပိတ်ဆို့ထားလိုက်သည်။
ထို့နောက်မှာတော့ ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ ဤကမ္ဘာအားကျူးကျော်ရန် ရောက်ရှိဆင်းသက်လာကြတော့သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲနှင့် ဖုထင်တို့ တိတ်တဆိတ်နောက်သို့ဆုတ်လိုက်ကြပြီး အလျင်စလို မလှုပ်ရှားကြတော့ပေ။
သူတို့က မည်သည့်ဘက်ကိုမှ ကူညီရန် မရည်ရွယ်ပေ။
အမတခုံရုံးတာအိုဝါဒကျင့်ကြံသူများရော ဗုဒ္ဓဘာသာသုခဘုံမှ ကျင့်ကြံသူများအားလုံးက သူတို့ကဲ့သို့ စန်းချင်း(၃)ပါးအဆက်အနွယ်မှ ဆင်းသက်လာသည့် ရေးရိုးအစဉ်အလာတာအိုကျင့်ကြံသူများနှင့် တူညီခြင်း မရှိကြပေ။
ရန်ကျောက်ကဲနှင့် ဖုထင်က အခြေအနေကိုတိတ်တဆိတ်စောင့်ကြည့်ရင်း အခွင့်အရေးစောင့်ဆိုင်းနေခဲ့သည်။
စောစောက စကားပြောလိုက်သည့် အမတခုံရုံးမှသိုင်းကျင့်ကြံသူက အလွန်အကောင်းမြင်စိတ်ရှိသည်မှာ ထင်ရှားသည်။ တကယ်တော့ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ထိုးစစ်ဆင်မှုက အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။
တာအိုဝါဒ၏ “လူသားအထွတ်ထိပ်” တန်ခိုးစွမ်းအားရှင်များနှင့် အဆင့်တူသော ဗုဒ္ဓဘာသာ ထိပ်တန်းအဆင့်ကျင့်ကြံသူများ ဤကမ္ဘာထက်သို့ ဆင်းသက်လာကြသည်။
ကမ္ဘာဖြတ်လမ်းကြောင်းကို စောင့်ကြပ်နေကြသည့် အမတခုံရုံးတာအိုကျင့်ကြံသူများ၏ ခံစစ်လမ်းကြောင်းမှာ ချက်ချင်းပင် ပြိုကျပျက်ဆီးသွားသည်။
အမတခုံရုံးမှ တာအိုကျင့်ကြံသူများစွာကို ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များက ကြမ်းကြုတ်ရက်စက်သောနည်းလမ်းများဖြင့် အနိုင်ယူလိုက်ကြသည်။
အသေးစိတ်ကို သတိပြုကြည့်ရှုနေကြသည့် ရန်ကျောက်ကဲနှင့် ဖုထင်တို့၏မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
ထိပ်တ်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများထံမှ ခ်းနားသည့်နေရောင်ခြည်ပမာ အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်လောကလုံးကို ထွန်းလင်းတောက်ပသွားစေသည်။ ကောင်းကင်တစ်ခုလုံး ဗုဒ္ဓကျမ်းဂန်ရွတ်ဆိုသံများ ထွက်ပေါ်လာပြီး အမှောင်မရှိ ပကတိတောက်ပလျှက် ရှိ၏။
ထိုဗုဒ္ဓအလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရသည်နှင့် ကျင့်ကြံခြင်းအဆင့်နည်းပါးသော အမတခုံရုံးသိုင်းကျင့်ကြံသူများ၏ခန္ဓာကိုယ်တွင်းမှ ရတနာအလင်းတန်းများ လျင်မြန်စွာ အားနည်းသွားသည်။
ရတနာအလင်းတန်းများ ပြောင်းလဲသွားသည်နှင့်အမျှ အမတခုံရုံးမှ သိုင်းကျင့်ကြံသူများ၏ခန္ဓာကိုယ်များက သက်တန့်ရောင်အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး အက်ကွဲပျောက်ကွယ်သွားတော့သည်။
သူတို့ဘဝက ထိုသို့ပင် အဆုံသတ်သွားလေသည်။
“ဒါက အမတခုံရုံးတာအိုဝါဒရဲ့ သက်တံ့ပုံဖော်ခြင်းပဲ”
ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...
“ဒါက ဗုဒ္ဓဘာသာကျင့်ကြံသူတွေ သူတို့ရဲ့ဗုဒ္ဓအလင်းတန်း ငြိမ်းသတ်သွားသလိုမျိုးပဲ”
သို့သော် သူ့ကိုပိုပြီး အံ့အားသင့်စေသည်မှာ အမတခုံရုံးသိုင်းကျင့်ကြံသူများ၏ သက်တံ့အလင်းရောင်က ဗုဒ္ဓအလင်းတန်းကို ခုခံနိုင်စွမ်း ရှိနေခြင်းပင်။
သူတို့ခန္ဓာကိုယ်အတွင်းမှ ရတနာအလင်းတန်းပျောက်ကွယ်သွားသည်နှင့် သူတို့မျက်နှာများက ခံစားချက်ကင်းမဲ့ပြီး ဗလာကျင်းသွားကြသည်။
ရန်ကျောက်ကဲနှင့်ဖုထင်က ပုန်းအောင်းရင်း နှစ်ဖက်တိုက်ပွဲကြီးကို ကြည့်နေကြသည်။
မျှော်စင်ကမ္ဘာကိုကာကွယ်စောင့်ကြပ်နေကြသည့် အမတခုံရုံးမှသိုင်းကျင့်ကြံသူများက ကြီးမားသော တန်ခိုးစွမ်းအားအရှိန်ဟအုန်ကို ပိုင်ဆိုင်ထားသည့်တိုင် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ ခုခံကာကွယ်ရန် ခဲယဉ်းလွန်းလှသည်။
မျှော်စင်ကမ္ဘာကိုလည်း နဂါးစွန်ကမ္ဘာကဲ့သို့ ဗုဒ္ဓဘာသာကျင့်ကြံသူများက သိမ်းပိုက်တော့မည်ဖြစ်သည်။
ထိုအချိန်...
မိုးမြေတစ်ခွင်က ရုတ်တရက် တုန်ခါသွားသည်
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်”
ကျယ်လောင်သော ဗုဒ္ဓကျမ်းဂန်ရွတ်ဆိုသံများကြားတွင် တာအိုတရားရွတ်ဖတ်သံတစ်သံက စူးစူးရှရှ ထွက်ပေါ်လာသည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများ ဤကမ္ဘာကို ပြင်းထန်စွာထိုးစစ်ဆင်သည်ကို သိရှိသည်နှင့် အမတခုံရုံးမှ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များ စစ်ကူရောက်လာကြခြင်း ဖြစ်၏။
“လူသားအထွတ်ထိပ်” အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များ၏ တိုက်ပွဲစတင်သည်နှင့် မျှော်စင်ကမ္ဘာကြီးကိုလွှမ်းခြုံထားသည့် မိုးကောင်းကင်တစ်ခုလုံး ဆုတ်ပြဲအက်ကွဲသွားလေတော့သည်။
***
(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)