← Chapters

အချိန်

Vol. 004 Ch. 348

အချိန်

Vol. 004 Ch. 348

သူတို့က ရီဖူရှင်းနောက်ကို လိုက်လိုသည်ကို မြင်လျှင် ယိရှောင်ရှီက ဖျတ်ခနဲ သူတို့ရှေ့ကို ရောက်သွားကာ ပိတ်ဆို့လိုက်သည်။ ထိုအခိုက်တွင်ပင် ကြီးမားသော သစ်ပင်ကြီးတစ်ပင် ကြီးထွား ဖြစ်ပေါ်လာသည်။ ယိရှောင်ရှီ ကိုယ်တိုင်က အရပ်မျက်နှာများစွာကို သစ်ကိုင်းများ ဖြန့်ကြက်နိုင်သည့် နတ်သစ်ပင်တစ်ပင် ဖြစ်သွားပုံရသည်။

ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကား ယိရှောင်ရှီက ပြောင်းလဲလိုက်သည့် သစ်ပင်က အစိမ်းရောင် မဟုတ်ပေ။ ထိုအရာက ရွှေအိုရောင် တောက်ပနေသော သစ်မင်းပင် ဖြစ်ပေသည်။

“သစ်မင်းနွယ်ပင်…”

သစ်မင်းပင်ကား သစ်ပင်များအကြား ဧကရာဇ်ဟု ပြောနိုင်ပေသည်။ ကော့တေးမှ ခုနစ်ယောက်မြောက် တပည့်၏ သက်စောင့်ဝိညာဉ်မှာ သစ်မင်းပင်ဖြစ်ကာ သူ၏ဓမ္မက သစ်မင်းပင်ကို အခြေခံကာ ပြုလုပ်ထားသော သစ်မင်းနွယ်ပင်များ ဖြစ်သည်။

ဓမ္မထွက်ပေါ်လာလျှင် သစ်သားနှင့် သတ္တုဓာတ် သဘာဝစွမ်းအင်များ အားလုံး ဝါးမျိုခြင်း ခံရသည်။

သစ်သားဓာတ် စွမ်းအင် တိုက်ကွက် တစ်ခုက တောက်ပသော ရွှေရောင် အလင်းများနှင့်အတူ ဖြစ်ပေါ်လာသည်။ ရွှေအိုရောင် နွယ်ပင်များက ကောင်းကင်တစ်ခုလုံး ဖြန့်ကြက်ကာ ရီဖူရှင်းနောက်ကို လိုက်သူများထံသို့ ဖုံးလွှမ်းသွားသည်။ ချင်ပြည်ထောင် တန်ခိုးရှင်များက အင်အား ကောင်းသော ရန်သူကို ရင်ဆိုင်နေရရာ လျှော့မတွက်ရဲကြပေ။ သူတို့က အားကောင်းသော ခံစစ်ပညာများဖြင့် ခုခံကြသည်။ ရီဖူရှင်းနောက်ကို ဆက်မလိုက် ရဲကြတော့ပေ။

“ဒီလိုမှပေါ့…” ယိရှောင်ရှီက တောက်ပစွာ ပြုံးလိုက်သည်။ ထိုအခိုက်တွင် များစွာသော ချင်ပြည်ထောင် တန်ခိုးရှင်များက တိုက်ပွဲဝင်္ကပါတစ်ခု ဖန်တီးကာ ယိရှောင်ရှီအား ရင်ဆိုင်ကြသည်။

ဟူး… ဟူး… ဟူး…

မရေမတွက်နိုင်သော နွယ်ပင်များက ထိုလူများထံသို့ တိုးဝင်သွားသည်။ နွယ်ပင် ထိပ်ဖျားများမှ ရွှေရောင်ပန်းပွင့်များ ဖူးပွင့်လာသည်။ ထို့နောက် ထက်ရှသော ပွင့်လွာများက လေထုထဲ ပျံ့နှံ့လာကာ ဓားသွားများအလား ချင်ပြည်ထောင်မှ လူများထံသို့ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် နဂါးကြီးများက လေထုထဲ ဖြစ်ပေါ်လာကာ ပန်းပွင့်လွှာများအား ဖျက်ဆီးသော်လည်း နွယ်ပင်များမှ ပန်းပွင့်များ အဆက်မပြတ် ဖူးပွင့်လာသည်။

နဂါးပုံရိပ်များ ပျက်စီးသွားကာ ချင်ပြည်ထောင်၏ အားကောင်းသော အရှိန်အဝါများ ယုတ်လျော့ သွားသော်လည်း ပန်းပွင့်များက အဆုံးသတ်ခြင်း မရှိပေ။ ပွင့်လွှာတစ်ခုစီက ကြောက်မက်ဖွယ် ထက်ရှမှုကို ပေးသည်။

ချင်ပြည်ထောင်မှ လူများက နောက်ကို ဆုတ်ပြေးကြ သော်လည်း ရွှေရောင်နွယ်ပင်များက သူတို့၏ ပြေးလမ်းများအား ပိတ်ဆို့ထားသည်ကို တွေ့ရသည်။ သူတို့က မတတ်သာဘဲ ပြန်တိုက်ခိုက်ရသည်။

ကြောက်မက်ဖွယ် ရွှေရောင်နွယ်ပင် တစ်ချောင်းက ချင်ပြည်ထောင် တန်ခိုးရှင် တစ်ယောက်အား ထွင်းဖောက် သွားသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်၏။

“နောက်ဆုတ်… တိုက်ပွဲ ဝင်္ကပါ….” တစ်ယောက်က အော်ဟစ်သည်။ အန္တရာယ်အား ခံစားမိလျှင် သူတို့က ထိတ်လန့်ရသည်။ ကော့တေးမှ ခုနစ်ယောက်မြောက် တပည့်ကား နာမည် ကျော်ကြားခြင်း မရှိသော်လည်း သူကလည်း လွန်စွာ အားကောင်းလှသည်။

“ဖူရှင်း… ဒါ ငါမင်းအတွက် အစွမ်းကုန် လုပ်ပေးနိုင်တာပဲ….” ယိရှောင်ရှီက အဝေးကို လှမ်းကြည့်ကာ ရေရွတ်သည်။ ရီဖူရှင်း၏ အစီအစဉ်ကို သူသိသည်။ ကောင်းကင် တောင်၏ မြေနေရာ သဘာဝကို အသုံးချလျက် ချင်လီအား သတ်ရန်ဖြစ်သည်။ သူတို့ဘေးမှ ဖူယွန်ဓားကလန်က ဖြတ်ကျော် သွားသည်။ သူတို့က ယိရှောင်ရှီအား လှမ်းကြည့် သော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လိုက်ပါ သွားကြသည်။

ပိုမိုများပြားသော လူများက ယိရှောင်ရှီအား ဖြတ်ကျော်လျက် ဆက်လိုက် နေကြသည်။ ရီဖူရှင်းကလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ သူ့အတွက်ပင် ရှေ့ကို ပြေးရသည်မှာ ပိုမိုခက်ခဲလာသည်။ လူအများအပြားက နောက်မှာ ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။ သူ့နောက်မှ ဆက်လိုက်နိုင်သူများကား စိတ်အသိလွန်စွာ ခိုင်မာ အားကောင်းသူများ ဖြစ်ကြသည်။

လျှပ်စီးကမ္ဘာထဲတွင် ရှေ့ဆုံးမှ ပြေးနေသူက ရီဖူရှင်းဖြစ်သည်။ သူ့နောက်မှ လိုက်နေသူက ချင်လီတို့ အုပ်စုဖြစ်၏။ ထို့နောက် ဒွန်ဟွာကလန်၊ ဖူယွန်ဓားကလန်၊ ချူယောင်ယောင်တို့ ဖြစ်သည်။ ထို့နောက် ကျောင်းတော်၊ ပေ့ထင်ရှင်းအာ၊ ယူချင်းနှင့် ရီဝူချင်းတို့ လိုက်ပါ လာကြသည်။

လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် သိပ်မဝေးပဲ ပြေးနေကြသည်။ လူငါးဆယ်မျှ လောက်သာ ရီဖူရှင်းနောက်မှ လိုက်ပါလာပြီး ကျန်လူများမှာ ကျန်ခဲ့ပြီ ဖြစ်သည်။

“မင်း ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲ…” ရီဖူရှင်းနှင့် သူနှင့်နီးကပ် လာသည်ကို မြင်လျှင် ချင်လီက အေးစက်စွာ ပြောသည်။ သူ့ဘေးတွင် ချင်ပြည်ထောင်မှ လူနှစ်ယောက်မျှသာ ကျန်ခဲ့ပြီ ဖြစ်သည်။ တချို့က ဖိအားဒဏ်ကို မခံနိုင်ဘဲ ကျန်ခဲ့သလို တခြား လူများကလည်း ယိရှောင်ရှီ၏ တားဆီးခြင်းကို ခံရသည်။

သူနှင့်ပါလာသူ နှစ်ယောက်မှာ လွန်စွာ ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့က ချင်ပြည်ထောင်၏ တော်ဝင် သွေးမျိုးဆက် ဖြစ်ကာ သူ့ထက်လည်း တန်ခိုး အဆင့်မြင့်ကြသည်။

ရီဖူရှင်းက ရုတ်တရက် ရပ်လိုက်သည်။ သူက နောက်လှည့်ကာ ချင်လီကို ပြုံးလျက် ကြည့်သည်… “မင်းက ငါ့ကို ဒီလောက် သတ်ချင်တယ် ဆိုမှတော့ ငါတို့က နှစ်ယောက်ချင်း ချကြမလား….”

“အရူး….” ချင်လီက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ တန်ခိုးအဆင့်က ရီဖူရှင်းထက် မြင့်သော်လည်း လက်ရှိ အခြေအနေက ရီဖူရှင်းဘက်တွင် အလေးသာနေရာက သူက အဘယ်ကြောင့် တိုက်ခိုက် ရမည်နည်း။ သူက လူကောင်းတစ်ယောက် မဟုတ်ပေ။ ရီဖူရှင်းအား သတ်ရန်မှာ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်သည်။

ဒွန်ဟွာကလန်နှင့် ဖူယွန်ဓားကလန်တို့ ရှေ့ကို တက်လာကြသည်။ ဒွန်ဟွာကလန်မှလည်း ဟွာချင်းချင်း အပါအဝင် လေးယောက် ရောက်ရှိလာသည်။ ဖူယွန်ဓားကလန်မှလည်း ချီဟောင် အပါအဝင် လေးယောက်ပါသည်။ သူတို့အားလုံးက လွန်စွာ ထက်မြက်သော ပါရမီရှင်များ ဖြစ်ကြသည်။

ချူယောင်ယောင်က နောက်ဆုံးတွင် တစ်ယောက်တည်း ရပ်ကာ တိတ်ဆိတ်စွာ ကြည့်နေသည်။

ယူချင်း၊ ရီဝူချင်း၊ ပေ့ထင်ရှင်းအာ၊ သိမ်းငှက်နက်၊ ဓားသခင်တောင်မှ ဒူမင်အပါအဝင် သုံးယောက်နှင့် ကျောင်တော်မှ တပည့်လေးယောက်တို့က ချူယောင်ယောင်၏ နောက်မှ လျှောက်လာကြသည်။

တော်ဝင် ချန်ကျောင်းတော်ကလည်း လိုက်ပါလာသည်။ ယခု နှစ်ဖက်လုံးက အရေအတွက် တူညီနေပြီဖြစ်သည်။ သူတို့အားလုံးက ထိပ်သီး အင်အားစုများမှ အတော်ဆုံးလူများ ဖြစ်ကြသည်။

“သတ်စမ်း…” ချင်လီက ကြိမ်းဝါးလျှင် ချင်ပြည်ထောင်မှ လူနှစ်ယောက်က ရှေ့ကို တက်လာသည်။ သူတို့၏အပေါ်မှ နဂါးများ ထွက်ပေါ် လာကြသည်။ ချင်ပြည်ထောင်မှ လူများအားလုံး၏ ဓမ္မမှာ နဂါးဖြစ်သည်။ ထိုအရာက သူတို့၏ အမှတ်အသား ဖြစ်ကြသည်။

သူတို့၏နဂါးများက လေထဲ ခုန်တက်ကာ ရီဖူရှင်းထံသို့ ခုန်အုပ်ကြသည်။

ရီဖူရှင်းက သူ၏ ဓာတ်ငါးမျိုး နှင်တံအား တင်းကျပ်စွာ ဆုပ်ကိုင်သည်။ နတ်လူဝံက ဟိန်းသံပေးလျှင် နဂါးက အော်ဟစ်သည်။ နတ်ငှက်၏ အတောင်ပံများ ထွက်ပေါ်လာလျှင် သူကား ပြိုင်ဘက်ကင်း၏။ သူက ရှေ့ကို တစ်လှမ်း တိုးလိုက်လျှင် လောက၏ စွမ်းအားများက သူ့ထံတွင် လာရောက် စုစည်းသည်။ သူက နှင်တံအား ဝှေ့ယမ်းကာ နဂါးများအား ရိုက်နှက်သော်လည်း သူက အမှန်တကယ် နောက်ကို ပြန်လည် လွင့်စဉ်သည်။ ရွှေရောင်နဂါးက အမှန်ပင် လွန်စွာ အားကောင်း လှပေသည်။

ရီဖူရှင်းက လေထဲကို ခုန်တက်ကာ သူ၏ နှင်တံအား ထပ်မံ၍ ဝှေ့ယမ်းကာ နောက်ဆုတ်သည်။ ချင်ပြည်ထောင်မှ နှစ်ယောက်၏ တန်ခိုးအဆင့်က လွန်စွာ မြင့်မားလွန်းလှသည်။ သူတို့ကလည်း ရပ်တန့်ခြင်း မရှိဘဲ ရီဖူရှင်းနောက်ကို ဆက်လိုက်ကြသည်။ ချင်လီကလည်း နောက်မှ လိုက်ပါလာသည်။

ဘုန်း….

ယူချင်းက ကောင်းကင်သို့ ထိုးတက်သွားကာ ရှေ့ကို ရောက်သွားသည်။ ရီဝူချင်းကလည်း ဓားအလင်းတန်း အဖြစ် ပြောင်းလဲသွားကာ ရှေ့ကို လျင်မြန်စွာ ပြေးသွားသည်။

ဝှီး…

ဓားအလင်းတန်း တစ်ခုက ကောင်းကင်မှ နှင်ပွင့်များကို ဖြတ်တောက်လျက် ဆင်းသက်လာသည်။ ရီဝူချင်းက ရပ်တန့်လိုက်သည်။ ရီဝူချင်းက သူ၏ ခန္ဓာကိုယ်အား လေပွေအလား လှည့်ပတ်လိုက်လျှင် ဓားအလင်းတန်းက ထက်ခြမ်းကွဲလျက် ဖြတ်ကျော် သွားသည်။

ချီဟောင်က သူ့ရှေ့တွင် ပေါ်လာသည်။ ရီဝူချင်းအား အကဲခတ်ကာ သူက ပြောသည်…“ဒီနေ့ ငါက ဖူယွန်ဓားကလန်ရဲ့ အမှိုက်ကို ရှင်းပစ်ရမှာပေါ့….”

ကျဲဆွန်က ဖူယွန်ဓားကလန်၏ ဓားဝိဇ္ဇာ ဖြစ်သော်လည်း ချီဟောင်က အကာနာ အဆင့်တွင် အားအကောင်းဆုံး ဖြစ်သည်။ သူက မည်သည့်ဖူယွန် ဓားတောင်ကုန်းတွင်မဆို ဓားဝိဇ္ဇာဖြစ်ရန် ယုံကြည်မှု ရှိသည်။

သူက ရီဝူချင်းရှေ့ကို လျှောက်လာကာ သူ၏ဓားကို ထုတ်လိုက်သည်။ သူ၏ဓားကလေထဲတွင် နှင်းဖွဲများနှင့်အတူ လှည့်ပတ်နေကာ ရီဝူချင်း ပြေးလမ်းများ အားလုံးကို ပိတ်ထားသည်။

ရီဝူချင်းက သူ့ရှေ့ကို လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင် ချီဟောင်၏ မျက်လုံး၌ ဓားတစ်လက် ပေါ်လာဟန်ရသည်။ ဖူယွန်ဓားကလန်၏ တပည့် တစ်ယောက်ဖြစ်သော ချီဟောင်က သတ္တမတောင်ကုန်း၏ အထူးဓားနည်း စနစ်ဖြစ်သော ဓားမျက်လုံးကို သိပေသည်။

သူက မျက်လုံးထဲမှ ဓားအလင်းကို လျစ်လျူရှုသည်။ အားကောင်းသော အသိက ဓားအသိအား ပြန်တွန်းကန်သည်။ အလင်းရောင်ကို မေ့ကာ သူက တိုက်ခိုက်မှုများကို အာရုံစိုက်ထားသည်။ ရီဝူချင်းက သူ့အား အန္တရာယ်မပေးနိုင်ရာ သူက ဓားမျက်လုံးကို ဂရုစိုက်ရန် မလိုပေ။

ရီဝူချင်း၏ ဓားက လေကို ခွင်းလျက် ဆင်းသက်လာသည်။ ထိုအရာက ရိုးရှင်းသော အကွက် ဖြစ်သော်လည်း လောကအား ပိုင်းဖြတ်သွားဟန် ရသည်။ ထိုဓားချက်က လွန်စွာ အားကောင်းရကား ချီဟောင်၏ ဓားအရံအတား တစ်ခုကိုပင်လျှင် ဖြတ်တောက်ကာ ရှေ့ကို ဆက်တိုးဝင် လာသည်။

သူ၏ တန်ခိုးအဆင့်က ချီဟောင်လောက် မမြင့်ပေ။ သူက အနိုင်ရရန် ဦးစွာ တိုက်ခိုက်ရပေမည်။ သူက ခုခံရလျှင် သေလမ်းသာ ရှိသည်။

တခြား ဓားသမားများက ဓားသခင်တောင်မှ တန်ခိုးရှင်များကို တားဆီးကြသည်။

ဖူယွန်ဓားကလန်မှ တစ်ယောက်က ယူချင်းအား တားဆီးသည်။

ကျောင်းတော်မှ တပည့်များက ရီဖူရှင်းအား ကူညီလိုကြသော်လည်း ဒွန်ဟွာကလန်မှ လူများက သူတို့အား တားဆီးထားသည်။

ချင်လီနှင့် ရီဖူရှင်းတို့ တိုက်ပွဲတွင် ရီဖူရှင်းက နောက်ကို တစ်ဆုတ်တည်း ဆုတ်နေရသည်။

ချိန်ရှင်းမူက ထိုင်ကာ သူ၏ ကု့ချင်းအား စတင်တီးခတ်သည်။ ဂီတသံစဉ်က ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူ၏ ဂီတသံစဉ်က ကျောင်းတော်၊ ဓားသခင်တောင်မှ လူများ၏ စိတ်အား လာရောက် နှောင့်ယှက်နေသည်။

ပေ့ထင်ရှင်းအာက ရီဖူရှင်းအား ကြည့်သည်။ သူမက စိုးရိမ်နေသော်လည်း သူမ၏ တန်ခိုးအဆင့်ကလည်း သိပ်မမြင့်ပေ။ သူမက ရီဖူရှင်းထက် အားကောင်းခြင်း မရှိရာ အကူအညီ ပေးနိုင်စွမ်း မရှိပေ။

ချိန်ရှင်းမူအား တစ်ချက်ကြည့်ကာ သူမက မျက်လုံးကို မှိတ်လိုက်သည်။ မမြင်ရသော စိတ်ဝိညာဉ် စွမ်းအားက ပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့နှံ့လာသည်။

ချိန်ရှင်းမူ၏ စိတ်ထဲကိုလည်း စိတ်ဝိညာဉ် အားလှိုင်းက စိမ့်ဝင်လာသည်။ ထိုအခိုက်တွင် သူက စိတ်ထဲတွင် ပေ့ထင်ရှင်းအာကိုသာ မြင်နေသည်။

“ရပ်စမ်း…” ပေ့ထင်ရှင်းအာက ညင်သာစွာ ပြောသည်။ ထိုစကားသံက ချိန်ရှင်းမူ၏ စိတ်ထဲတွင် ကြိမ်ဖန်များစွာ ပဲ့တင်ထပ်သွားသည်။

ရပ်စမ်း… ရပ်စမ်း … ရပ်စမ်း….

မမြင်ရသော အားလှိုင်းများက ချိန်ရှင်းမူအား ဆင့်ကဲ ရိုက်နှက်လာသည်။ သူက နောက်ကို ဆုတ်လျှင် သူ၏ဂီတသံစဉ်ကလည်း ရပ်တန့်သွားသည်။ သူက ပေ့ထင်ရှင်းအာအား ထိတ်လန့်စွာ ကြည့်သည်။

သူမက သူ့အား လျစ်လျူရှုကာ တခြားလူများအား စတင် တိုက်ခိုက်သည်။ မကြာမီ နောက်ထပ် ဒွန်ဟွာကလန်မှ တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်ရကာ ကျောင်းတော်မှ တပည့်များ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားသည်။

“ချင်းချင်း…” ချိန်ရှင်းမူက ဟွာချင်းချင်းအား ကြည့်သည်။ ချိန်ရှင်းမူက လူငယ်မျိုးဆက်တွင် အတော်ဆုံး မှော်ဂီတပညာရှင်ဟု သိကြသော်လည်း ဟွာချင်းချင်းက သူ့ထက် ပိုတော်သည်ကို ချိန်ရှင်းမူ တစ်ယောက်သာ သိသည်။

ဟွာချင်းချင်းက ပေ့ထင်ရှင်းအားအား ကြည့်သည်။

သူမတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လျှင် မမြင်ရသော စိတ်ဝိညာဉ် အားလှိုင်းများက ရင်ဆိုင်မိသည်။ ပေ့ထင်ရှင်းအာက စိုးရိမ်စိတ် ဝင်လာသည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားက ဟွာချင်းချင်းလောက် အားမကောင်းရာ သူမ၏ ထပ်မံ၍ ကူညီ၍ မရတော့ပေ။

ထိုအချိန်တွင် ရီဖူရှင်းက နောက်ဆုတ် ရပြန်သည်။ သူက ကျောက်ဆောင် တစ်ခုနှင့် ဆောင့်မိကာ သူ၏ပါးစပ်မှ သွေးစများ ထွက်လာသည်။

ချင်လီတို့ သုံးယောက်က အဆင်မပြတ် ဖိအားပေးနေသည်။

ရီဖူရှင်းက ထရပ်ကာ တောင်ပေါ်ကို ဆက်ပြေးသည်။

“ထွက်ပြေးပြန်ပြီလား…” ချင်လီ၏ အမူအရာက လွန်စွာ အရုပ်ဆိုးနေသည်။ သူက သူ့လူနှစ်ယောက်အား ခေါ်ကာ ရီဖူရှင်းနောက်ကို ဆက်လိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်း၏ မျက်လုံးက အရောင်တစ်ချက် လက်သွားသည်။ အချိန်က ရောက်ရှိလာပြီ ဖြစ်သည်။

***

All Chapters