မင်းတော့ သေဖို့နီးပြီထင်တယ်
Vol. 65 Ch. 910
အခန်း (၉၁၀) မင်းတော့ သေဖို့နီးပြီထင်တယ်
လူများ မကြာခဏပြောသည်မှာ-
“ကောင်းကင်ထက်တွင် နေ (၂)စင်း မရှိနိုင်” ဟူ၍ ဖြစ်သည်။
သို့သော် ယခုတော့ ကောင်းကင်ထက်တွင် နေမင်း (၂)စင်းထွန်းလင်းနေပြီး မျှော်စင်ကမ္ဘာတစ်ခုလုံး တောက်ပထိန်လင်းလျှက် ရှိသည်။ ဤ နေမင်း (၂)စင်း၏ အဆုံးမရှိသော အလင်းရောင်ကို မျှော်စင်ကမ္ဘာက လက်ခံနိုင်ခြင်း မရှိပေ။
အဝေးမှ ဗုဒ္ဓအလင်းတန်းနေရောင်ခြည်က ခုခံကာကွယ်ထားသော အမတခုံရုံးတာအိုအလင်းတန်းကို ထိုးဖောက်ဝင်ရောက်လာလေရာ ကောင်းကင်တစ်ခုလုံးရှိ အမှောင်ထုများအားလုံးကို ထိုးခွင်းလင်းလက်သွားစေသည်။
ကြီးမားသည့် သွေးနီရောင်နေဝန်းကြီးအလယ်တွင် ဗောဓိသတ္တတစ်ပါးရှိနေသည်ကို ယောင်ဝါးဝါးတေါ့မြင်ရသည်။ သူက ဆံပင်များကို ထုံးဖွဲ့ထားပြီး ပေါ့ပါးသည့်အဝတ်အစားကိုဝတ်ဆင်ထားကာ တင်ပျဉ်ခွေထိုင်နေလျှက် လက်တစ်ဖက်က စည်းတံဆိပ်သဏ္ဌန်တစ်ခုကို ပြုလုပ်ထား၏။
ဗုဒ္ဓအလင်းရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်နေစေသလို ကောင်းကင်တစ်ခွင်လုံး၌ ဗုဒ္ဓကျမ်းဂန်ရွတ်ဆိုသံများ ပျံ့လွင့်လျှက်ရှိသည်။
အခြားသောနေမင်းတစ်စင်းကတော့ မိုးမြေတစ်ခွင် တောက်ပနေသည့် ရွှေရောင်နေမင်းတစ်စင်း ဖြစ်သည်။
ထိုရွှေရောင်နေဝန်းကြီးမှ အဆုံးမရှိသော ရတနာအလင်းတန်းထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ မျှော်စင်ကမ္ဘာတစ်ခုလုံးကို တောက်ပသွားစေသည်။
ဗုဒ္ဓဘာသာအလင်းတန်းကတော့ ပြီးပြည့်စုံသည့် ဗုဒ္ဓအလင်းတန်းပမာ အဖြူရောင်မဟုတ်ဘဲ သွေးနီရောင်တောက်ပလျှက် ပိုမိုပူလောင်သန့်စင်လာသည်။
ဒါကိုမြင်တော့ ဖုထင်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဗုဒ္ဓဘာသာရဲ့ တထာဂတဿနေမင်းအဆက်အနွယ်က ကမ္ဘာလွှမ်းခြုံတထာဂတဿစည်းတံဆိပ်...”
ထို့နောက် သူမသည် ထိုရွှေရောင်နေမင်းကြီးကို ကြည့်ရင်း...
“ဒါကတော့ နည်းနည်းရင်းနှီးနေသလိုပဲ...”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က ဟောက်ယန်နန်းတော်ရဲ့ ဟောက်ယန်ကျမ်းစာသိုင်းပညာပဲ”
သူက ဆက်ပြောသည်။
“စောစောက ယိုးမင်ဧကရာဇ်နဲ့တိုက်ခိုက်တဲ့သူကလည်း ဟောက်ယန်ကျမ်းစာသိုင်းပညာကျင့်ကြံထားတဲ့သူပဲ ၊ သူတို့က အမတခုံရုံးကျင့်ကြံသူတွေပဲ”
သွေးနီရောင်နေဝန်းနှင့် ရွှေရောင်နေဝန်း။
နေဝန်း (၂)စင်းတို့က မျှော်စင်ကမ္ဘာတစ်ခုလုံး၏ မိုးမြေတစ်ခွင် တုန်ခါသွားသည့်အထိ ကောင်းကင်ထက်တွင် တိုက်ပွဲဝင်လျှက် ရှိသည်။
ထိုတိုက်ပွဲကြောင့် မိုးကောင်းကင်တစ်ခုလုံးသာလျှင် စုတ်ပြတ်သွားခြင်းမျိုးမဟုတ်ဘဲ မြေပြင်ထက်မှ တောင်တန်းများ ၊ မြစ်ရေများအားလုံး တပြိုင်နက်ထဲ ကွဲကြေသွားရသည်။
မျှော်စင်ကမ္ဘာ၏ ခိုင်ခန့်မှုနှင့်တည်ငြိမ်မှုက အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာတို့ထက်သာလွန်သော်လည်း အထက်ဘုံကမ္ဘာနှင့်တော့ နှိုင်းယှဉ်မရသေးပေ။
အမတခုံရုံးတာအိုဝါဒမှ လူသားအထွတ်ထိပ်အဆင့်ကျင့်ကြံသူနှင့် ဗုဒ္ဓဘာသာမှ လူသားအထွတ်ထိပ်အဆင့်ရှိသူတစ်ယောက် ထိပ်တိုက်တွေ့သည့်အခါ မျှော်စင်ကမ္ဘာ ဆုံးခန်းတိုင်လုမတတ် ဖြစ်ရသည်။
ကံကောင်းသည်မှာ ပြိုင်ဘက် (၂)ယောက်က စိတ်ထားရှင်းလင်းသူများ ဖြစ်ကြလေရာ ဗလာနယ်ကိုဖြတ်ကျော်ပြီး တိုက်ပွဲတည်နေရာကို ပြင်ပအာကာသဆီသို့ လျှင်မြန်စွာ ပြောင်းလိုက်လိုက်ကြသည်။
အမတခုံရုံး သို့မဟုတ် ဗုဒ္ဓဘာသာ၏သုခဘုံပင် ဖြစ်ပါစေ ကမ္ဘာပေါ်တွင်နေထိုင်ကြသော သာမန်လူများ၏ ယုံကြည်ခြင်းစွမ်းအားက အရေးပါသော ရင်းမြစ်တစ်ခုဖြစ်သည် မဟုတ်ပါလား။
ဤသို့ တိုက်ပွဲနေရာရွှေ့ပြောင်းသွားသည်မှာ မိုးကောင်းကင်ချိန်ခွင်လျှာကိုထိန်းညှိရန် သို့မဟုတ် သူတို့၏ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူ (၂)ယောက်က ဗလာနယ်ကို ချိုးဖျက်ကာ ထွက်ခွာသွားကြပြီ ဖြစ်၏။
ထို့ကြောင့် မိုးမြေတစ်ခုလုံး ယိမ်းယိုင်နေသည့် မျှော်စင်ကမ္ဘာကြီးမှာ ပျက်ဆီးခြင်းကံကြမ္မာမှ လွတ်မြောက်ခဲ့ရသည်။
ထိုအတောအတွင်း အမတခုံရုံးမျ သိုင်းသမားများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကလည်း ထိပ်တိုက်ရင်ဆိုင်လျှက် ရှိကြသည်။
အချို့ကတော့ မျှော်စင်ကမ္ဘာတွင် တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့ကြပြီး အချို့ကတော့ လူသားအထွတ်ထိပ်ကျင့်ကြံသူ (၂)ယောက်နောက်သို့ လိုက်ပါသွားကြသည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး လေထဲသို့ ခုန်ဝင်လိုက်ကြ၏။
လက်ရှိ ဖရိုဖရဲဖြစ်နေသော အခြေအနေကိုအသုံးချပြီး သူတို့နှစ်ယောက်က ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် မျှော်စင်ကမ္ဘာမှ လျှို့ဝှက်စွာ ထွက်ခွာသွားရန် ကြံစည်လိုက်ကြခြင်းပင်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ထိုးနှက်မှုကြောင့် သူတို့နှစ်ယောက် အမတခုံရုံးနယ်မြေပိုင်နက်ဘက်သို့ ရောက်ရှိလာချိန်ကကဲ့သို့ပင် ယခုအချိန်တွင် ဗလာနယ်တစ်ခုလုံး ရှုပ်ထွေးလျှက်ရှိသည်။
နေရာအနှံ့အပြားတွင် ပြင်းထန်သော တန်ခိုးစွမ်းအားအတက်အကျများဖြစ်ပေါ်နေပြီး အချိန်နှင့်နေရာက ပရမ်းပတာဖြစ်နေလျှက် စစ်ပွဲမီးတောက်များက နေရာအနှံ့ပျံ့နှံ့နေသည်။
“အခု အခြေအနေတွေက ဘယ်လိုများဖြစ်နေလဲမသိဘူး ၊ အမေက တခြားကမ္ဘာတစ်ခုမှာဆိုရင် အဲဒီနေရာမှာလည်း အေးအေးဆေးဆေးနေလို့မရဘဲ ပြေးဖို့နည်းလမ်းရှာနေရမှာပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သူ့အတွက်တော့ ဖုထင်နှင့် ရွှယ်ချူးချင်တို့မှာ စန်းချင်း (၃)ပါး အဆက်အနွယ်မှ ဆင်းသက်လာသည့် ရိုးရာဓလေ့ကျင့်ကြံသူများဖြစ်ပြီး အမတခုံရုံးတာအိုကျင့်ကြံသူများထံမှ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရန် အကောင်းဆုံး နမူနာများဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထိန်းချုပ်ထားမည်ဆိုပါက တိုက်ပွဲနောက်ဆက်တွဲ စွမ်းအားအတက်အကျများကို ခုခံရန်မလွယ်ကူဘဲ အသက်ဆုံးရမည်ပင်။
ကျင့်ကြံခြင်းအဆင့်ကို ထိန်းချုပ်မထားပါကလည်း သူတို့တွင် ဗုဒ္ဓအလင်းရောင်နှင့် ရတနာအလင်းတန်း ပိုင်ဆိုင်မထားသည့်အတွက် အခြားသူများအလယ် ထင်ရှားပေါ်လွင်နေပေလိမ့်မည်။
ယခု ရန်ကျောက်ကဲနှင့် ဖုထင်တို့ ထွက်ပြေးရန်ကြိုးစားသည့်အခါ ထိုသို့သောပြဿနာနှင့် ရင်ဆိုင်ရလေသည်။
လူသားအထွတ်ထိပ်ကျင့်ကြံသူ (၂)ယောက်က ဤနေရာမှအကြောင်းအရာများကို အရေးမစိုက်ဘဲ ထိပ်တိုက်တွေ့နေကြသည့်တိုင် ရန်ကျောက်ကဲနှင့် ဖုထင်တို့၏ မူမမှန်မှုများကို ရှာဖွေတွေ့ရှိသွားသော ရန်သူ့ဘက်တော်သားများ ရှိနေသေးသည်။
တစ်ဆက်တည်းပင် အားကောင်းသော ချီစွမ်းအားလှိုင်းလုံးကြီးများက ကမ္ဘာမြေကိုဖြတ်ကျော်ကာ သူတို့ (၂)ယောက်ဆီသို့ ဦးတည်ရောက်ရှိလာသည်။
ရောက်လာသူ၏တန်ခိုးစွမ်းအားက မြင့်မားလွန်းသဖြင့် သူတို့ဦးခေါင်းထက်သို့ အနက်ရောင်တိမ်တိုက်များ ကျရောက်လာသည့်ပမာပင် ခံစားရသည်။
ထိုသူထံမှ အလင်းကွင်း (၁၀)ကွင်းကို တွေ့မြင်ရပြီး နတ်ဘုရား (၁၀)ပါး ဆင်းသက်လာသည်နှင့်ဆင်တူသော ထိုအလင်းကွင်းများက တိမ်တိုက်များအလယ် လွင့်မျောလျှက် ရှိ၏။
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာ”
ဖုထင်က...
“မဟာကပ်ဘေးကြီးမတိုင်ခင်က တိမ်တိုက်ကြယ်စင်ဂိုဏ်းရဲ့ သိုင်းပညာဖြစ်တဲ့ “‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာလား ၊ ဒီသိုင်းပညာက ပျောက်ကွယ်နေတာကြာပြီပဲ”
သို့သော် ဤသိုင်းပညာက ‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တိမ်တိုက်များကြားမှထွက်ပေါ်လာသော ရတနာအလင်းတန်းတစ်ခုကိုတွေ့မြင်လိုက်ရသည်။
ထိုတိမ်တိုက်များ ရှေ့ဆက်တိုးလာချိန် လမ်းတစ်လျှောက်မှ ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံးကို လွှမ်းမိုးချုပ်ကိုင်ပြီး ဖြတ်ကျော်အနိုင်ယူသွားခဲ့သည်။
ဒါကိုမြင်တော့ ယန်ချုန်းနှင့် ချွမ်ဟောင်လုန်တို့က အံ့အားသင့်သွားကြပြီး...
“ရှန်ဂိုဏ်းချုပ် ဒီကိုရောက်လာတာလား”
ရန်ကျောက်ကဲက ရယ်မောရင်း မေးခွန်းထုတ်လိုက်သည်။
“ရှန်ဂိုဏ်းချုပ် ဟုတ်လား”
ယန်ချုန်းက မချိပြုံးပြုံးရင်း...
“ငါတို့ မျှော်စင်ကမ္ဘာရဲ့ လောကပထမကျင့်ကြံသူ တိမ်တိုက်ကြယ်စင်ဂိုဏ်းချုပ် ‘မြေကြီးအကိုင်းအခက်လက်ဝါးသခင်’ ရှန်ကျွင်းပဲ”
တိမ်တိုက်ကြယ်စင်ဂိုဏ်းသည် လွမ့်ထျန်းဂိုဏ်းထက်သာလွန်သော တန်ခိုးစွမ်းအားကိုပိုင်ဆိုင်ပြီး မျှော်စင်ကမ္ဘာတွင် အကြီးမြတ်ဆုံးသိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။
ဂိုဏ်းချုပ်ရှန်ကျွင်းဆိုသည်က ယန့်ဖန်းနတ်ဘုံတစ်ခုလုံးတွင်ပင် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်၏။
“ဟက်... မဟာကပ်ဘေးမတိုင်ခင်က တိမ်တိုက်ကြယ်စင်ဂိုဏ်းနဲ့တောင် ဂိုဏ်းနာမည်ကလာတူနေသေးတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း ဘေးဘက်သို့အသာလှည့်ထွက်လိုက်သည်။
ဖုထင်က သူ၏ရည်ရွယ်ချက်ကိုသဘောပေါက်ပြီး သူနှင့်အတူပျံသန်းကာထွက်ခွာလာကာ မျှော်စင်ကမ္ဘာနှင့် အဝေးတစ်နေရာ နက်ရှိုင်းရာဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။
ထိုအခါ ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို ကြားဖြတ်ဟန့်တားလိုသည့် ထိုတိမ်တိုက်များ၏ အရှိန်အဟုန်ကလည်း လမ်းကြောင်းပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက သူ့အရှိန်ကို ထိန်းချုပ်လိုက်ပြီး ဖုထင်ကို စောင့်လိုက်သည်။
မကြာမီ...
တိမ်တိုက်များအလယ်တွင် ပိုးသားဝတ်စုဝတ်ဆင်ထားသည့် အသက် (၃၀)ခန့် လူရွယ်တစ်ယောက် ပေါ်လာသည်။
ဤကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလားထင်မှတ်ရပြီး သူ၏ခန္ဓာကိုယ်မှ အလင်းကွင်း (၁၀)ကွင်း ထွက်ပေါ်လျှက် ရှိသည်။
ထိုသူက ရန်ကျောက်ကဲနှင့် ဖုထင်တို့ကိုစူးစိုက်ကြည့်ရင်းအေးစက်စွာဖြင့်...
“ပြင်ပတာအိုကတပည့်တွေပဲ ၊ မင်းတို့က မျှော်စင်ကမ္ဘာကိုလာပြီး လွမ့်ထျန်းဂိုဏ်းနဲ့ ဘာလာပတ်သက်တာလဲ”
သူ့အရှေ့မှ ရှန်ကျွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“မင်းမှာ ဒီလိုမျိုးမေးစရာ ဘာအကြောင်းမှ မရှိဘူး”
ရှန်ကျွင်းက...
“မင်းလည်း ငြင်းဖို့ကြိုးစားတာ အဓိပ္ပါယ်မရှိဘူး”
ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကားလိုက်ရင်း...
“ဒါဖြင့် မင်းက ဘာဖြစ်ချင်တာလဲ”
ရှန်ကျွင်းက အေးစက်စွာ ရယ်မောလိုက်ပြီး...
“ငါကဘာဖြစ်ချင်သလဲဆိုတော့... မင်းကိုဖမ်းချင်တာပဲ”
ရန်ကျောက်ကဲက အဝေးမှ တိုက်ပွဲများကို လက်ညှိုးညွှန်ပြရင်း...
“မင်းက ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို ဘာလို့သွားမတိုက်တာလဲ ၊ ဘာလို့ မဆိုင်တဲ့ငါတို့ကို အာရုံစိုက်နေတာလဲ”
ရှန်ကျွင်းက...
“ဗုဒ္ဓဘာသာဘက်က မိစ္ဆာကောင်တွေက ငါတို့ရဲ့အဓိကရန်သူဆိုပေမယ့် မင်းတို့ကိုလည်းဖမ်းရမှာပဲ”
သူက ဆက်ပြောသည်။
“ဗုဒ္ဓဘာသာဘက်ကလူတွေက သိပ်ကြာကြာ မာမန်တက်နေနိုင်မှာ မဟုတ်ဘူး ၊ ငါတို့က အဲဒီမိစ္ဆာကောင်တွေရော ပြင်ပတာအိုကျင့်ကြံသူတွေရော သုတ်သင်ပစ်မယ် ၊ ငါးကြီးတွေကိုဖမ်းရင်း မင်းတို့လို ငါးသေးသေးလေးတွေကိုပါ တစ်ခါတည်းဖမ်းသွားမယ်”
ပြောပြီးသည်နှင့် သူက လက်ဖဝါးတစ်ဖက်ကိုပင့်မြှောက်ရင်း...
“မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အသက်အရွယ်တွေကိုကြည့်လိုက်ရင်... မင်းတို့နှစ်ယောက်လုံးက ပြင်ပတာအိုမှာ ထူးခြားတဲ့ အထွတ်ထိပ်ပါရမီရှင်တွေဆိုတာ သိနိုင်တယ်”
“မင်းတို့လို အရည်အချင်းရှိတဲ့သူတွေ ပြင်ပတာအိုဆီကျရောက်သွားတာ တကယ့်ကို စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ မင်းတို့တွေ လမ်းမှန်ကိုပြန်လျှောက်ဖို့အတွက် အချိန်မနှောင်းသေးပါဘူး”
ဖုထင်က...
“ဘယ်သူက လမ်းမှန်တာအို ၊ ဘယ်သူကပြင်ပတာအိုဆိုတာ ရှင့်အနေနဲ့အတိအကျ ပြောလို့မရပါဘူး”
ရှန်ကျွင်းက ရယ်မောရင်း...
“မင်းတို့လို လူငယ် (၂)ယောက်က ဘာနားလည်မှာမို့လို့လဲ”
ထို့နောက် သူက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းတော့ သေဖို့နီးပြီထင်တယ်”