အင်းဆက်စစ်သူကြီး
Vol. 7 Ch. Chapter 19
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 19 - အင်းဆက်စစ်သူကြီး
လော့ဟတ်မာတင် လျှို့ဝှက်စမ်းသပ်ခန်း။
ဥစာကီက သူနဲ့လိုက်ဖက်တဲ့ ပန်းနုရောင် ကီမိုနိုကိုဝတ်ထားပြီး စမ်းသပ်ခန်းထဲကို လျှောက်ဝင်လာပါတယ်။ ပိုးကောင်နောက်လိုက်တွေက သူ့ကိုတွေ့တာနဲ့ ဦးညွှတ်ခစားကြပြီး ဥစာကီရဲ့ဘေးမှာလည်း ဘာရွန်ပါလာပါတယ်။ ဥစာကီက သာမန်ပိုးကောင်တွေထဲက တစ်ယောက်ကိုမေးလိုက်တယ်။
"ရေဂင်ဘယ်မှာလဲ။"
"လုံခြုံရေးအမြင့်ဆုံး စမ်းသပ်ခန်းထဲမှာ ရှိနေပါတယ်။"
"ရှေ့ကနေလမ်းပြ။" ပိုးကောင်က ဥစာကီကို ဦးညွှတ်လိုက်ပြီး ရှေ့ကနေလမ်းပြတယ်။ မကြာခင်မှာပဲ သူတို့တွေ မြေအောက်အနက်ဆုံးနေရာက စမ်းသပ်ခန်းကို ရောက်လာကြတယ်။ စမ်းသပ်ခန်းတံခါးက သိပ်ကိုလေးပြီး ရေဒီယိုဓာတ်ရောင်ခြည်သတိပေးချက်တွေကိုပါ တွေ့နိုင်ပါတယ်။
"ဒီနေရာမှာ ဘာစမ်းသပ်နေလဲဆိုတာ ငါ့ကိုပြောပြလို့ရမလား။" ဥစာကီက မေးလိုက်တော့ ပိုးကောင်ငယ်သားက နောက်တွန့်သွားပေမဲ့ ဥစာကီကို တချို့ကိစ္စတွေရှင်းပြလိုက်ပါတယ်။
"လော့ခ်ဟက်မာတင်ကုမ္ပဏီက ဒီနေရာကို ခရိုဒီယမ်ဓာတ်သတ္တုကို စမ်းသပ်ဖို့ အသုံးပြုခဲ့တာပါ။ ဒီကမ္ဘာရဲ့အန္တရာယ်အများဆုံးပစ္စည်းတစ်ခုဖြစ်ပြီး နျူကလိယဓာတ်ပေါင်းဖိုတွေ ပြိုလဲပေါက်ကွဲတဲ့အခါမှ ဖြစ်ပေါ်လာတဲ့ ဓာတ်သတ္တုမျိုးပါ။ သာမန်လူသားတွေဆိုရင် ဘေးနားမှာရပ်နေရုံနဲ့တင် မိနစ်ပိုင်းအတွင်း ဓာတ်ရောင်ခြည်သင့်သေဆုံးနိုင်ပါတယ်။"
ဥစာကီက မျက်မှောင်ကြုတ်လိုက်ပြီး ငယ်သားကို နောက်တစ်ဆင့်တပ်မေးလိုက်တယ်။ "ရေဂင်က အဲဒါတွေနဲ့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"
"ဒီငယ်သားက အဲဒီအဆင့်လျှို့ဝှက်ချက်တွေကိုမသိသလို ဗိုလ်ချုပ်ရေဂင်ကလည်း ပြောခွင့်ပေးမထားပါဘူး။" ဥစာကီက ဘာမှဆက်မမေးတော့ဘဲ ဘာရွန်ကို
မေးငေါ့ပြလိုက်တယ်။ ဘာရွန်ကလည်း ခေါင်းညိတ်လိုက်ပြီး အထာသိတဲ့ပုံစံနဲ့ အမိန့်ပေးလိုက်ပါတယ်။
"တံခါးကိုဖွင့်...." ငယ်သားကလည်း မငြင်းရဲတဲ့အတွက် လုံခြုံရေးကတ်တစ်ခုကိုထုတ်လိုက်ပြီး တံခါးဆင်ဆာမှဖြတ်လိုက်ပေမဲ့ တံခါးကပွင့်မလာပါဘူး။ "စိတ်မရှိပါနဲ့၊ ဒီငယ်သားက ဒီအထဲဝင်ဖို့ခွင့်ပြုချက်ရမထားပါဘူး။"
ဘာရွန်က စိတ်မရှည်တော့တဲ့ပုံစံနဲ့ တံခါးရဲ့အဆင့်မြှင့်သော့ကို သူ့လက်သီးနဲ့ထိုးချလိုက်တယ်။ သော့က ချက်ချင်းပြုတ်ထွက်လာပြီး တံခါးက ဖွင့်လို့ရသွားတယ်။ တံခါးပွင့်လာတာနဲ့ သူတို့နှစ်ယောက်လုံး ခေါင်းခါလိုက်ကြတယ်။ ငယ်သားက ကြောက်လန့်တကြား ထွက်ပြေးသွားပါပြီ။
"ဒီနေရာရဲ့ဓာတ်ရောင်ခြည်သင့်မှုက တကယ်မြင့်တာပဲ။ ခုနကတစ်ယောက်လည်း ခုနစ်ရက်ထက်ပိုပြီး အသက်ရှင်တော့မှာမဟုတ်ဘူး။" ဘာရွန်က ခေါင်းခါရင်း ငယ်သားအတွက် စိတ်မကောင်းသလိုပုံစံမျိုးနဲ့ ပြောလိုက်တယ်။ ဥစာကီကတော့ ဓာတ်ရောင်ခြည်သင့်မှုကို ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ အထဲဝင်သွားလိုက်တယ်။
ဝင်ဝင်ချင်း ထိုင်ခုံတစ်လုံးပေါ်မှာရှိနေတဲ့ ရေဂင်ကို သူတို့တွေ့လိုက်ရတယ်။ တံခါးတစ်ဖက်မှာရှိနေတာက ဧရာမကျည်ကာမှန်ကြီးတစ်ချပ်နဲ့ ထိန်းချုပ်ခန်းတစ်ခုပါ။ ကျည်ကာမှန်ရဲ့တစ်ဖက်မှာတော့ သတ္တု လက်ဝါးကပ်တိုင်နဲ့တွဲပြီးအချည်ခံထားရတဲ့ လူတစ်ယောက်ရှိနေပြီး သူ့ခန္ဓာကိုယ်သွေးကြောတွေထဲမှာ ချော်ရည်ပူတချို့စီးဆင်းနေကာ နာကျင်မှုကြောင့် အကြီးအကျယ်အော်ဟစ်နေရပါတယ်။
ဥစာကီက ရေဂင်ရဲ့ဘေးခုံမှာဝင်ထိုင်လိုက်ရင်း ပြောလိုက်ပါတယ်။ "တိုက်ပွဲမှာ ဒဏ်ရာရလာပြီးပြီးချင်း ကမ္ဘာ့ဓာတ်ရောင်ခြည်အကြွဆုံး စမ်းသပ်ခန်းမှာလာထိုင်နိုင်တာ ရှင့်ဒဏ်ရာတွေအတွက် ကောင်းမယ့်ပုံမပေါ်ဘူးနော်။"
ရေဂင်က ဥစာကီရဲ့စကားကြောင့် ရယ်မောလိုက်တယ်။ ရယ်မောရင်း သူ့ပါးစပ်ထဲကနေ သွေးစတချို့ပါလာတယ်။ သူက မှန်ကြီးတစ်ဖက်မှာရှိနေတဲ့ လူကိုပြလိုက်ရင်း ပြောလိုက်ပါတယ်။
"ငါတို့ရှေ့က ကားစင်တင်ခံထားရတဲ့ တမန်တော်တောင်မှ မသေသေးတာ ဒီအဆင့်ဓာတ်ရောင်ခြည်က ငါတို့အတွက်ဘာမှမဟုတ်ပါဘူး။ အရင်ဘုရင်မကြီးဆိုရင် အာကာသနီဗျူလာတိမ်တိုက်ထဲကိုတောင် ပြေးဝင်ပြီးပြန်ထွက်လာနိုင်သေးတာပဲ။"
ဘာရွန်နဲ့ဥစာကီတို့က စမ်းသပ်ခန်းထဲမှာ ကားစင်တင်ခံထားရတဲ့လူကို ကြည့်လိုက်ကြတယ်။ သံသယရှိစရာမလိုတာက ဒီလူက သူတို့ဖမ်းထားတဲ့ ယာမီပါ။ရေဂင်က ယာမီကိုကြည့်ရင်း ခပ်မာမာတစ်ချက်ရယ်တယ်။
"ဒီလူက ငါတို့ဖမ်းမိထားတဲ့ အိုမီဂါစွမ်းအားနဲ့အရင်းနှီးဆုံးလူပဲ။ သူ့ထက်ပိုအသုံးဝင်တာဆိုလို့ သားရဲလေးကောင်ပဲရှိလိမ့်မယ်။ ဒါပေမဲ့ သူတို့က တကယ်ဖမ်းလို့မလွယ်ဘူး။"
ဥစာကီက လက်နှစ်ဖက်ကိုယှက်ထားလိုက်ရင်း သူ့ရှေ့က မြင်ကွင်းကိုကြည့်နေပါတယ်။ သူတို့ကြည့်နေတဲ့အချိန်မှာပဲ ကားစင်ရဲ့အပေါ်မှာရှိတဲ့ တံခါးပေါက်က ပွင့်လာပြီး နောက်ထပ်ခရိုဒီယမ်ချော်ရည်တစ်ပေါက် ထပ်ပြီးစီးကျလာတယ်။ အဲဒီချော်ရည်က ယာမီရဲ့ခေါင်းပေါ်ကိုကျသွားပြီး ခေါင်းတစ်ခုလုံးကို တိုက်စားသွားတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်အများစုလည်း အရည်ပျော်ကျသွားပေမဲ့ မိနစ်ဝက်လောက်နေတော့ အဲဲဒီအစိတ်အပိုင်းတွေက ချက်ချင်းပြန်ကောင်းလာတယ်။
"ငါတို့သေချာလေ့လာပြီးတဲ့နောက် သူ့အစွမ်းက သေဆုံးသွားတဲ့ဆဲလ်တွေကို ဖိအားပေးလှုပ်ရှားစေတာနဲ့ ပျက်စီးသွားတဲ့ဆဲလ်တွေကို ချက်ချင်းပြန်ဖြစ်တည်အောင် လုပ်နိုင်တာလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်တယ်။ တစ်နည်းအားဖြင့် သူ့ကိုဒီစကြဝဠာထဲမှာ သတ်နိုင်တဲ့နည်းလမ်းမရှိဘူး။ သေဆုံးသွားတိုင်း ပြန်ရှင်သန်လာလိမ့်မယ်။"
"တစ်ဖက်မှာတော့ ပိုးကောင်ဘုရင်မတွေက သေဆုံးနိုင်တယ်မဟုတ်လား။" ဥစာကီက ရေဂင်ရဲ့စကားကို နားထောင်နေရင်း ပြောလိုက်တယ်။ ရေဂင်ခေါင်းညိတ်လိုက်တယ်။ သူက မျက်လုံးကိုမှေးထားရင်း ပြောလိုက်ပါတယ်။
"ဒီစကြဝဠာရဲ့စည်းမျဥ်းတွေအရ ကြယ်တာရာတွေအပါအဝင် အရာအားလုံးက တစ်နေ့မှာသေဆုံးပြီး သဘာဝဖြစ်တည်မှုအဖြစ်ကို ပြန်ပြောင်းသွားတယ်။ ဒါပေမဲ့ ငါတို့ရှေ့က ယာမီဆိုတဲ့ကောင်မှာတော့ အံဒါမျိုးရှိမနေဘူး။ တစ်နည်းအားဖြင့် သူတို့စွမ်းအားတွေရဲ့ရင်းမြစ်၊ အမည်မသိအိုမီဂါရင်းမြစ်က ဒီစကြဝဠာရဲ့စည်းမျဥ်းတွေကို လိုက်နာစရာမလိုဘူး။"
ရေဂင်က ဒီစကားကိုပြောပြီးတဲ့နောက် သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး ပိုတိုးညှင်းတဲ့လေသံနဲ့ပြောလိုက်ပါတယ်။ "ပြောရရင် ဒီကမ္ဘာတစ်ခုလုံးက ကိန်းရှင်ပဲ။"
"ဒီစကြဝဠာရဲ့စည်းမျဥ်းတွေကြောင့် ဘယ်အရာမှ ထာဝရတည်တံ့မနေဘူး။ ပိုးကောင်ဘုရင်မတွေလို အစွမ်းအထက်ဆုံးဖြစ်တည်မှုတောင်မှ သေဆုံးပြီး အသစ်ပြန်မွေးဖွားဖို့လိုတယ်။ ငါတို့ရဲ့ဖြစ်တည်မှုကိုက အားနည်းချက်ရှိနေတဲ့အတွက် ဒီစကြဝဠာကိုငါတို့ဘယ်လိုဆန္ဒရှိရှိ အုပ်စိုးလို့မရဘူး။ အင်ပါယာရှိနေသမျှ အမြဲတမ်းဖက်ဒရေးရှင်းရှိနေမှာပဲ။ ဒါပေမဲ့ ဒီပြင်ပဂြိုဟ်ရဲ့ စစ်မှန်တဲ့ထာဝရတည်ရှိခြင်းကိုသာ ရခဲ့မယ်ဆိုရင်...."
ရေဂင်က ပြောနေရင်း ပိုပိုပြီးစိတ်ဓာတ်တက်ကြွလာပါတယ်။ စကြဝဠာရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး
စကြဝဠာတစ်ခုလုံးကို အုပ်စိုးဖို့ သူတို့ရည်မှန်းချက်ပဲမဟုတ်လား။ မျိုးဆက်ထောင်သောင်းများစွာ မက်ခဲ့တဲ့ အိပ်မက်တစ်ခု။
ဥစာကီကလည်း ပြုံးလိုက်တယ်။ "ကောင်းတာပေါ့၊ နင့်ရဲ့အသိပညာတွေက ဒီကမ္ဘာဂြိုဟ်နဲ့ပတ်သက်တဲ့ သုတေသနတွေအတွက်တော့ အကျိုးဖြစ်ထွန်းသားပဲ။ ဒါပေမဲ့...."
ဥစာကီစကားဆုံးအောင် မပြောရသေးခင်မှာပဲ ဘာရွန်က သူ့လက်ကိုမြှောက်လိုက်တယ်။ ရေဂင်က သူထိုင်နေတဲ့နေရာကနေ မြောက်တက်သွားပြီး နံရံနဲ့ကျောချင်းကပ်သွားရတယ်။ ဝင်ဆောင့်တဲ့အားက အတော်လေးပြင်းတာကြောင့် သူ့ရင်ဘတ်ကဒဏ်ရာပွင့်လာပြီး သွေးနဲ့သွေးရည်ကြည်ဝါဝါတွေရောထွေးနေတဲ့ အချွဲအပျစ်တွေစီးကျလာတယ်။ ဥစာကီက ထိုင်နေရာကနေ ထလိုက်ပြီး ရေဂင်ရဲ့နဖူးကိုလက်ညိုးနဲ့ ထောက်ထားလိုက်တယ်။ ရေဂင်က သူ့ဖြစ်တည်မှုတစ်ခုလုံး ဖျောက်ပစ်ခံရတော့မှာကို သိနေတဲ့အလား ကြောက်ဒူးတုန်လာတယ်။
"နင်ငါ့အမိန့်မရဘဲ ဟီးရိုးတွေကိုသွားတိုက်ပြီး ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို အသက်ဆုံးရှုံးစေခဲ့တယ်။ ငါတို့စီစဥ်ထားတဲ့အတိုင်းဆိုရင် ဗိုလ်ချုပ်တွေအားလုံး တိတ်တဆိတ်အရွယ်ရောက်လာပြီး ငါလည်းစွမ်းအားပြည့်ရပြီဆိုမှ ဒီကမ္ဘာကိုသိမ်းရမှာမဟုတ်လား။"
ဒါပေမဲ့ ရေဂင်က ခံယူချက်မယိုင်လဲတဲ့အလား သူ့ရဲ့ကြောက်ရွံတဲ့ဗီဇကိုသူထိန်းရင်း စကားတွေကို တစ်ခွန်းချင်းပြောလိုက်ပါတယ်။
"ကျုပ်က.... ပိုးကောင်အင်ပါယာအတွက်... လုပ်ခဲ့တာ။"
ဥစာကီက ဒေါသထွက်လာပေမဲ့ ကိုယ့်စိတ်ကိုယ်ထိန်းရင်း လက်ညိုးကိုပြန်ရုတ်လိုက်တယ်။ ရေဂင်လည်း ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားတယ်။ နံရံမှာတော့ သူ့ခန္ဓာကိုယ်အရာကြီးရှိနေတုန်းပဲ။ ရေဂင်က အသက်ကိုလုရှုရင်း သူ့အကြောင်းပြချက်ကိုပြောပါတယ်။
"အဲဒီကိန်းရှင်တွေက အချိန်တိုင်းပိုသန်မာလာနေတယ်။ ဒီကမ္ဘာရဲ့စွမ်းအင်ရင်းမြစ်ကိုသုံးပြီး ကျုပ်တို့နဲ့ပခုံးချင်းယှဥ်လာနိုင်ရင် ခက်လိမ့်မယ်။ အဲဒီအစား သူတို့ကိုစောစောရှင်းပစ်တာ ပိုကောင်းတယ်။"
ရေဂင်ရဲ့စကားက နည်းနည်းနားခါးပေမဲ့ အဓိပ္ပါယ်တော့ရှိပါတယ်။ ဥစာကီက ရေဂင်ကို အထင်သေးတဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။ ရေဂင်ကတော့ သူ့ခံယူချက်ကို ပြောင်းလဲမယ့်ပုံမပေါ်ဘဲ ထပ်ပြောလိုက်ပါတယ်။
"ဘုရင်မက လက်ရှိလူသားခန္ဓာကိုယ်ရဲ့ခံစားချက်တွေကို အကြွင်းမဲ့မကျော်ဖြတ်ရသေးဘူးလို့ ကျုပ်ယုံတယ်။ ဒါကြောင့် သူတို့ကိုအခွင့်အရေးတစ်ခုပေးချင်နေတာလို့ ကျုပ်ထင်တယ်။ သူတို့အပေါ်နူးညံ့နေရင် တစ်ချိန်ကျရင် ဘုရင်မကိုယ်တိုင်ပဲ နောင်တရရမှာပါ။ ကျုပ်ကိုမကျေနပ်ရင် အခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ အနာဂတ်ကျရင် ကျုပ်သတိမပေးခဲ့ဘူးလို့တော့ အပြစ်မတင်ပါနဲ့။"
ဘာရွန်က ရေဂင်ရဲ့စကားတွေကြောင့် ဒေါသထွက်နေပြီဖြစ်ပြီး ရှေ့ကိုတက်လာကာ သူ့လက်ဝါးကြီးနဲ့ရေဂင်ကို ရိုက်သတ်ဖို့လုပ်ပေမဲ့ ဥစာကီက လက်ကာပြပြီး တားဆီးလိုက်တယ်။
"ငါတို့ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို ဆုံးရှုံးပြီးပြီ နောက်တစ်ယောက် မဆုံးရှုံးပါစေနဲ့တော့။"
ဒီစကားကို ဘာရွန်က ဥစာကီကိုဦးညွှတ်ပြီး နောက်မှာပြန်ရပ်နေလိုက်တယ်။ ဥစာကီကတော့ ရေဂင်ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်တယ်။ ရေဂင်ရဲ့မျက်လုံးတွေထဲမှာ အကြောက်တရားကို အခုထိမြင်နေရတုန်းပဲ။ ဥစာကီက ရေဂင်ရဲ့နားနားကို ကပ်ပြီးပြောလိုက်ပါတယ်။
"နင်သိလား... အနာဂတ်ကိုတွေးပူပြီး ကြောက်ရွံနေတဲ့ခံစားချက်ကလည်း လူသားတွေရဲ့လက္ခဏာတစ်ခုပဲလေ။"
ဒီစကားကြောင့် ရေဂင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ နောက်တော့ ဗလုံးဗထွေးနဲ့အဓိပ္ပါယ်ဖော်မရတဲ့ စကားတွေကို သူ့ဘာသာစတီးတိုးပြောတယ်။ သူက ဥစာကီကို သူ့အနားကနေ တွန်းဖယ်လိုက်ပြီး အခန်းထောင့်တစ်ခုကိုပြေးသွားတယ်။ နောက်တော့ သူ့လက်တွေနဲ့ သူ့ဆံပင်တွေကိုဆောင့်ဆွဲတာကြောင့် ဆံစတချို့လက်ထဲကို ပြတ်ပါလာတယ်။ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျနေသလို နှာခေါင်းထဲကနေလည်း နှာရည်တွေစီးကျလာနေပါတယ်။ သူ့ဆီးသူတောင် မထိန်းနိုင်တော့တဲ့အတွက် အနံဆိုးပြီးဝါကျင်နေတဲ့အရည်တွေက ကြမ်းပြင်မှာအိုင်ထွန်းလာပါတယ်။
ဘာရွန်ကတော့ ခေါင်းခါလိုက်တယ်။ ဥစာကီက ရေဂင်ကို ဂရုစိုက်မနေတော့ဘဲ ဘာရွန်ကိုပြောလိုက်ပါတယ်။ "သွားရအောင်။"
သူတို့နှစ်ယောက်က ရေဂင်ကိုထားခဲ့ပြီး အခန်းထဲကနေ စထွက်ခွာတယ်။ ရေဂင်ကတော့ အခန်းထောင့်မှာကွေးနေပြီး လက်သီးဆုပ်နဲ့သူ့ခေါင်းသူ အကြိမ်ကြိမ်အခါခါထုရင်း စကားတစ်ခွန်းတည်းကိုပဲ ဗလုံးဗထွးရေရွတ်နေတယ်။
"မဟုတ်ဘူး... မဟုတ်ဘူး... အဲဒါအမှန်မဟုတ်ဘူး။"
....
"အရှင်မ၊ ကျုပ်စိုးရိမ်နေတာတစ်ခုရှိတယ်။" ဘာရွန်က အခန်းထဲကနေ ထွက်ထွက်ချင်း ပြောလိုက်တယ်။
ဥစာကီကလည်း ခေါင်းညိတ်ပြီး ဘာရွန်မပြောခင်မှာပဲ ဝင်ပြောလိုက်တယ်။
"နင်စိုးရိမ်နေတာကို ငါသိတယ်၊ ရေဂင်လိုမျိုး တခြားဗိုလ်ချုပ်တွေလည်း ငါ့စကားကိုနားမထောင်ဘဲ လုပ်ချင်ရာလုပ်နေမှာစိုးလို့မလား။"
ဘာရွန်က ဥစာကီရဲ့ခန့်မှန်းချက်ကြောင့် အံ့ဩသွားပြီး ချီးကျူးလိုက်ပါတယ်။ "အရှင်မက ထင်ထားတဲ့အတိုင်းပဲ အမြော်အမြင်ကြီးမားပါပေတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။"
"အခုကျိုင်းကောင်ဗိုလ်ချုပ်နဲ့ ပိုးဖလံဗိုလ်ချုပ်က ငါ့ဆီအရင်လာမခစားဘဲ တွေ့ရာလျှောက်ဖျက်ဆီးနေတယ်မဟုတ်လား။ သူတို့ကို မင်းသွားခေါ်လိုက်။ လိုက်မလာရင် သတ်ခွင့်ရှိတယ်။"
ဘာရွန်က သူ့ညာလက်ဖဝါးကို ဘယ်ဘက်ရင်ပေါ်တင်လိုက်ပြီး ဥစာကီကို ဦးညွှတ်လိုက်ပါတယ်။ "အမိန့်အတိုင်းပါပဲ။" နောက်တော့ ဘာရွန်က ဥစာကီရဲ့ဘေးနားကနေ ပျောက်သွားတယ်။
....
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့။ ညပိုင်း။
ရှန်ဟိုင်းဘဏ္ဍာရေးတာဝါထိပ်ပေါ်မှာ နားကျပ်အကောင်းစားကို လည်ပင်းပတ်ထားသည့် လူငယ်လေးတစ်ယောက်က တိုက်အစွန်မှာရပ်နေပြီး မြို့ကြီးကို ငုံကြည့်နေပါတယ်။ ဒီကောင်လေးက ဟစ်ဟော့လိုလို ဒီဂျေလိုလိုဝတ်ထားတာဖြစ်ပြီး အမြင့်ကြောက်တဲ့ပုံလည်းမပေါ်ပါဘူး။
"ဒီမြို့ကို တကယ်ပဲလူသားတွေ ဆောက်ထားတာပေါ့၊ တကယ့်ကိုခမ်းနားပြီး ခေတ်မီတာပဲ။ ဖက်ဒရေးရှင်းကကောင်တွေ အတုယူသင့်တယ်။"
သူအခုလိုပြောနေပေမဲ့ ရှန်ဟိုင်းမြို့က ငြိမ်းချမ်းနေတဲ့ပုံမပေါ်ပါဘူး။ အချက်ပေးအလန်းတွေမြည်နေပြီး
ရှိသမျှဒီဂျစ်တယ်ကြော်ငြာတီဗီတိုင်းက အရေးပေါ်ထုတ်လွှင့်ချက်တစ်ခုကိုပါ ထုတ်လွှင့်နေပါတယ်။
"အခုမြင်တွေ့နေရတာက အရေးပေါ်အခြေအနေကြေညာချက်ဖြစ်ပါတယ်။ ပင်လယ်ဘက်ပိုင်း ဆယ်မိုင်အကွာမှာ မြူတန့်ပိုးဖလံအုပ်တစ်ခုကို ထောက်လှမ်းမိထားပါတယ်။ ပြည်သူတွေအားလုံး အိမ်အတွင်းမှာပဲနေပြီး တံခါးတွေလုံအောင်ပိတ်ထားဖို့ အများပြည်သူလုံခြုံရေးဌာနက အကြံပေးထားပါတယ်။ မြို့အတွင်းမှာရှိနေသမျှ ဟီးရိုးတွေအားလုံးလည်း ပိုးကောင်ကပ်ဘေးကိုခုခံဖို့ အသင့်ပြင်ထားကြဖို့ တိုက်တွန်းပါတယ်။"
ကောင်လေးက အရေးပေါ်ကြေညာချက်ကို သဘောတကျနဲ့ ခေါင်းညိတ်လိုက်ပြီး နားကြပ်တပ်ဖို့ပြင်ပေမဲ့
နောက်ကနေ အသံတစ်သံကြားလိုက်ရတယ်။
"ဟေးကောင်လေး၊ မင်းနားမကြားဘူးလားကွ။ သီချင်းနားထောင်လွန်းလို့ နားကန်းသွားပြီလား။ ငါတို့မြို့ကပ်ဘေးကျနေပြီကွ၊ တိုက်ပေါ်ကနေဆင်းပြီး ပုန်းစရာနေရာရှာတော့။"
ကောင်လေးလှည့်ကြည့်လိုက်တော့ သိုင်းပညာဟီးရိုးတစ်ယောက်လို ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး လက်ထဲမှာ သတ္တုတုတ်တစ်ချောင်းကိုင်ထားပါတယ်။ ကောင်လေးက သူ့ကိုအရေးလုပ်ပုံမရတော့ ဟီးရိုးက သူ့လိုင်စင်ကတ်ကို ထုတ်ပြလိုက်တယ်။
"ငါက ရှန်ဟိုင်းအစည်းအရုံးက C အဆင့်သိုင်းပညာဟီးရိုးပဲ။ မင်းဒုက္ခမရောက်ချင်ရင် ငါ့စကားကိုနားထောင်...."
ဖောက်....
အရိုးခေါင်းခွံအက်ကွဲသံနဲ့အတူ ဟီးရိုးလက်ထဲက စမတ်လိုင်စင်ကတ်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ ကောင်လေးရဲ့ပါးစပ်ကနေ အင်းဆက်ပြွန်တံတစ်ခုထိုးထွက်နေပြီး သူ့မျက်နှာက ပိုးဖလံတစ်ကောင်ရဲ့ခေါင်းအဖြစ်ကို ဖြည်းဖြည်းချင်းပေါင်းလဲသွားတယ်။ ပြွန်တံက ဟီးရိုးရဲ့ခေါင်းခွံကို ထိုးဖောက်သွားတာဖြစ်ပြီး ဖြူဖြူအဖက်အဖက်တွေ ပြွန်ထဲမှာစီးဆင်းနေတာကို မြင်ရတယ်။
"နားညည်းတယ်ကွ အဖိုးကြီးရ။ ဒါပေမဲ့ သိုင်းပညာဟီးရိုးတွေရဲ့ဦးနောက်က စားလို့ကောင်းသားပဲ။"
ဘုတ်....
စကားဆုံးသွားတဲ့အချိန်မှာပဲ မျက်ဖြူဆိုက်နေတဲ့ ဟီးရိုးအလောင်းက တိုက်ခေါင်မိုးကိုမျက်နှာအပ်ပြီး လဲကျသွားတယ်။
"ဒီလိုမျိုးလူသားမြို့တော်ကြီးတစ်ခုလုံးကို ဖျက်ဆီးချင်နေခဲ့တာကြာပြီ။ ကဲ... စလိုက်ကြရအောင်။"
လူငယ်က ပြုံးလိုက်ပြီး နားကြပ်ကို နားမှာတပ်လိုက်တယ်။ သူ့ကျောနောက်ကနေ မျက်လုံးပုံအကွက်ကြီးပါတဲ့ တောင်ပံနှစ်စုံထွက်လာပြီး အရွယ်အစားက ဘဏ္ဍာရေးတိုက်ကြီးရဲ့ခေါင်မိုးတစ်ခုလုံးကို ဖုံးနိုင်လုနီးပါပါပဲ။
ပင်လယ်ပြင်ဘက်ကလာနေတဲ့ ပိုးဖလံတွေလည်းပဲ ပျံသန်းလာနေပြီဖြစ်ပြီး သူ့ကိုဖြတ်သွားတယ်။ အဲဒီပိုးဖလံတွေကလည်း လူတစ်ယောက်နီးပါးအရွယ်ရှိပါတယ်။ ပိုးဖလံဗိုလ်ချုပ်က အတောင်ပံခတ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က တိုက်ကနေ ပေသုံးရာလောက်အထိမြင့်တက်သွားပြီးတဲ့နောက် လက်သီးကိုဆုပ်ကာ ပြန်ဆင်းချလာတယ်။
ဘုန်း.....
ရှန်ဟိုင်းဘဏ္ဍာရေးတိုက်ကြီးတစ်ခုလုံး တုန်ခါသွားပြီး အထပ်ကနေအောက်အထိ တိုက်အစိတ်အပိုင်းတွေအားလုံး တစ်စစီအက်ကွဲထွက်သွားတယ်။ ချက်ချင်းဆိုသလိုပဲ မီတာငါးရာကျောက်မြင့်တဲ့ ငလျင်ဒဏ်ခံတိုက်ကြီးကနေ မြည်ဟီးသံကြီးတစ်ခုထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ သူ့လက်သီးချက်အားက ဒီလောက်နဲ့တင်ကုန်ဆုံးသွားဘဲ တိုက်ကြီးနဲ့တွဲနေတဲ့ ကွန်ကရစ်ကြမ်းပြင်တွေပါ ကွဲအက်ကုန်ပြီးကားလမ်းတွေကနေတစ်ဆင့် အက်ကွဲကြောင်းက အနီးက တိုက်တွေကိုပါ ပြန့်နှံကုန်ပါတယ်။
ဝုန်း... ဝေါ... ဝေါ... ဖလော....
တိုက်ကြီးပြိုကျရာကနေ ထွက်ပေါ်လာတဲ့ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ဖုန်မှုန့်တွေက ရှန်ဟိုင်းဘဏ္ဍာရေးစီရင်စုတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ လူတချို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ အကုန်လုံးအုတ်ကျိုးအုတ်ပဲ့မုန်တိုင်းကြီးကြားမှာပဲ အဆုံးသတ်ကုန်တယ်။ အောင်မြင်စွာထွက်ပြေးနိုင်ခဲ့တဲ့ လူတွေကိုလည်း ပိုးဖလံတွေက ကောင်းကင်ပေါ်ကနေပျံသန်းဆင်းသက်လာပြီး ဖမ်းယူကာ ပြန်ပစ်ချတယ်။ ပြန်ပစ်ချတဲ့အချိန်မှာတော့ အကုန်လုံးက ဦးနောက်မရှိတော့တဲ့ မျက်ဖြူဆိုက်အလောင်းတွေဖြစ်နေပါပြီ။
"စားကြ.... အားရပါးရပွဲတော်တည်ကြလော့၊ ငါ့ရဲ့ကလေးတွေ။"
ပိုးဖလံဗိုလ်ချုပ်ကတော့ တစ်နေရာကနေ တစ်နေရာကို ခုန်ကူးနေရင်း နောက်ထပ်မိုးမျှော်တိုက်ကြီးတွေကို သူ့လက်သီးအားသက်သက်နဲ့ ဖြိုချနေပါတယ်။ ဟီးရိုးတွေက သူ့ကိုတားဖို့လုပ်ပေမဲ့ အင်အားအဆင့်ကွာခြားချက်က ရယ်စရာကောင်းလောက်အောင်ဖြစ်နေပြီး ဟီးရိုးမှန်သမျှခနလေးအတွင်းမှာပဲ ခေါင်းဟောင်းလောင်းပေါက်နဲ့ လူသေတွေအဖြစ်ပြောင်းလဲကုန်တယ်။
နာရီဝက်ဆိုတဲ့ အချိန်ကာလအတွင်းမှာပဲ လူပေါင်းသန်းသုံးဆယ်ကျော်လောက် နေထိုင်ခဲ့တဲ့ ရှန်ဟိုင်းမြို့ကြီးက ပိုးဖလံဗိုလ်ချုပ်ရဲ့လက်အောက်မှာတင် တစ်စစီဖြစ်သွားတော့တယ်။
"ဒီမှာက ဩစတေးလျလို တောကြီးမျက်မည်းထဲကထက်စာရင် စားစရာပိုပေါတာပဲ။ နောက်ထပ်မြို့ကြီးတစ်မြို့ကို ထပ်သွားရင်ကောင်းမလား။"
ပိုးဖလံဗိုလ်ချုပ်က လူတစ်ယောက်အဖြစ်ပြန်ပြောင်းလိုက်ပြီး တိုက်အပျက်အစီးပုံတစ်ခုပေါ်မှာ ဆင်းသက်လိုက်တယ်။ တခြားပိုးဖလံတွေကတော့ သူ့နားကိုဝိုင်းလာပြီး ခစားကြရတယ်။ ပိုးကောင်အင်ပါယာမှာ ပိုးဖလံနဲ့ကျိုင်းကောင်တွေကအရေအတွက်ကိုအားကိုးတဲ့ ကြောက်စရာအင်အားစုတစ်ခုပါ။ အင်အားအကြီးဆုံးမျိုးနွယ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးဖလံက အုတ်ပုံတွေကြားထဲမှာ သူ့လိုပဲရပ်နေတဲ့ နောက်လူတစ်ယောက်ကို မြင်တော့ အံ့ဩသွားတယ်။
"ဘာ... ဘာရွန်ပါလား...."
ဘာရွန်က ပိုးဖလံဗိုလ်ချုပ်ကို ပြုံးပြလိုက်ရင်း ပြောတယ်။ "ဘုရင်မက မင်းကိုသူ့ဆီလာဖို့ အမိန့်ထုတ်လိုက်ပြီ။" ပိုးဖလံဗိုလ်ချုပ်ရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်။