ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့
Vol. 65 Ch. 894
ဝမ်ပေါင်လဲ့မှာ အလင်းနှစ် မရေမတွက်နိုင်လောက်အောင် ကွာဝေးသည် တာဝေး တည်နေရာပြောင်းရွှေ့မှု ခရီးစဥ်တစ်ခုနှင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။ သူသည် ပြန်လည်ပေါ်ပေါက်လာချိန်တွင် သတိလစ်ကာ မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားလုမတတ် ဖြစ်သွားရ၏။
ထို့ကြောင့် သူသည် အောက်သို့ လဲကျမသွားစေရန် အစွမ်းကုန်ကြိုးစားလိုက်ရပြီး သူ၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ ထိုအခါ သူသည် ပေတစ်သိန်းဝန်းကျင်ခန့် ကျယ်ဝန်းသည့် ဧရာမ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ ရောက်နေသည်ဖြစ်ကြောင်း သိလိုက်ရသည်။
မြေပြင်ပေါ်တွင် ကမ္ဗည်းစာလုံးများကို မရေမတွက်နိုင်လောက်အောင် ရေးထိုးထား၏။ ထို ကမ္ဗည်းစာလုံးများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေပြီ ဖြစ်ပါသော်လည်း သူသည် သူ တည်နေရာ ပြောင်းရွှေ့လာခဲ့စဉ်တုန်းက ၎င်းတို့ထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး မိုးကောင်းကင်ပေါ်အထိ ထိုးတက်သွားခဲ့ရမည်ဖြစ်ကြောင်း စိတ်ကူးထဲ၌ မှန်းဆနိုင်ခဲ့သည်။
ထို မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင်မူ မိုးထိုးလုမတတ် မြင့်မားနေသော ကျောက်တိုင်ကြီး ရှစ်တိုင် ရှိနေသည်။ ထို ကျောက်တိုင်ကြီးများပေါ်တွင်လည်း ကမ္ဗည်းစာလုံးများ ရှိနေပြီး ၎င်းတို့မှာလည်း မှေးမှိန်ပျောက်ကွယ်စပြုနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကျောက်တိုင်ကြီး နှစ်တိုင်ကြားတွင် လူဆယ်ယောက်ကျော် ရပ်နေ၏။
သူ၏ ရှေ့တည့်တည့်တွင် ရပ်နေသည့်လူမှာ ရှဲ့ဟေးရန် ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား ပြုံးပြနေ၏။
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား မြင်လိုက်ရသောအခါမှ သက်ပြင်းချနိုင်သွားတော့သည်။ ထို့နောက် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်အား အကဲခတ်ကြည့်ရှုလိုက်၏။ ထိုအခါမှသာ သူသည် ရှဲ့မိသားစု၏ ဈေးထဲသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရတော့သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ နတ်ဘုရားဝိညာဉ် ခံစားနေရသည့် နာကျင်မှုများနှင့် သူ၏ ရင်ထဲရှိ ပျို့အန်ချင်သလို ဖြစ်နေသည့် ခံစားချက်ကြီးကြောင့် သူသည် အသက်ရှူသံများ မြန်ဆန်လာရဆဲပင်။ သို့သော် သူသည် ထိုအခြင်းအရာများကို ဂရုစိုက်နေရန် အချိန်မရှိသောကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာဖြင့် သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်၏။ ထိုအခါမှသာ သူသည် သူ၏ ဝိညာဉ်မှာ တည်နေရာပြောင်းရွှေ့ခြင်း ခရီးစဉ်ထဲ၌ ပျောက်ကွယ်သွားခဲ့ခြင်းမရှိကြောင်း သိလိုက်ရသဖြင့် စိတိအေးသွားရတော့သည်။ ထို့ကြောင့် ခဏအကြာတွင် သူသည် ရှဲ့ဟေးရန်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
သူ ရှဲ့ဟေးရန်ဆီသို့ သွားနေရင်း သူ၏ အသက်ရှုနှုန်းများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ အမှန်အတိုင်း ဆိုရင်လျှင် သူသည် ရှဲ့ဟေးရန်နှင့် ပေတစ်ထောင်အကွာသို့ ရောက်သွားချိန်တွင် မည်သည့်ဝေဒနာကိုမှ ခံစားနေရခြင်း မရှိတော့ပေ။ သူ၏ မျက်ဝန်းများမှာလည်း ပြန်လည်တောက်ပလာပြီ ဖြစ်သည်။
ရှဲ့ဟေးရန်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရ၏။ သူသည် မဟာနယ်မြေအဆင့် တည်နေရာပြောင်းရွှေ့ခြင်း ခရီးစဉ်များ၏ အန္တရာယ်များကို သိရှိထားသည် မဟုတ်ပါလော။ ဂြိုဟ်အဆင့် အောက်တွင် ရှိနေသည့် ကျင့်ကြံသူ အများစုမှာ ထို တည်နေရာပြောင်းရွှေ့ခြင်း ခရီးစဉ်များကြောင့် သေဆုံးသွားနိုင်ပေသည်။ ဂြိုဟ်အဆင့်သို့ ရောက်ရှိပြီးသားဖြစ်သည့် ကျင့်ကြံသူများသာလျှင် မဟာနယ်မြေအဆင့် တည်နေရာပြောင်းရွှေ့ခြင်းခရီးစဉ်များထဲ၌ အတိုင်းအတာတစ်ခုအထိ ဘေးကင်းလုံခြုံစွာ လိုက်ပါသွားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူသည် သူ၏ လက်အောက်ငယ်သားများအား ဝမ်ပေါင်လဲ့အား တည်နေရာပြောင်းရွှေ့ပေးရာ၌ အထူးဂရုပြုရန် မှာကြားခဲ့၏။ သူတို့မှာ ထိုခရီးစဉ်အား တတ်နိုင်သမျှ အချောမွေ့ဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားပေးကြရမည် ဖြစ်သည်။ သူသည် ထို ခရီးစဉ်အား ထိုကဲ့သို့ ဘေးအန္တရာယ်ကင်းရှင်းအောင် လုပ်ပေးထားနိုင်လျှင်တောင် ထိုလုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ခံစားရမည့် မောပန်းနွမ်းနယ်မှုများနှင့် အားအင်ချည့်နဲ့မှုများကို တားဆီးနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ပုံမှန်အတိုင်းသာဆိုပါက ထိုဝေဒနာများမှ ပြန်လည်သက်သာလာနိုင်ရန် တစ်ရက်တိတိ အချိန်ပေးရမည်ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အချိန်တိုလေးအတွင်း အကောင်းပတိအတိုင်း ပြန်ဖြစ်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ အံ့ဩတုန်လှုပ်သွားရသလို တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာမှာလည်း ပို၍ပင် ဝင်းလက်တောက်ပလာရတော့သည်။ ထို့နောက် သူသည် လေသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
" ညီကိုပေါင်လဲ့က တကယ်ကို တမူထူးခြားလှပါပေတယ်။ အနိမ့်ဆုံး ထာဝရကြယ်အဆင့်မှာ ရှိမနေတဲ့လူတစ်ယောက် တာဝေး တည်နေရာပြောင်းရွှေ့ခြင်းခရီးစဉ်တစ်ခုကနေ အခုလို ချက်ချင်း ပြန်သက်သာလာတာကို ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ "
သူသည် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အစစ်ထဲ၌ ရှိမနေသည့်အချက်ကို သိရှိထားခြင်းမရှိပေ။ ၎င်းမှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်သာ ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အပြင်ခန္ဓာကိုယ်များပေါ်တွင်သာ သက်ရောက်နိုင်စွမ်းရှိသည့် ဆိုးကျိုးများမှာ ဝမ်ပေါင်လဲ့ပေါ်တွင် သက်ရောက်မှုမရှိပေ။
ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းအား ရှဲ့ဟေးရန်ကို အသိပေးနေမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ရှေ့သို့ တစ်ချက်လှမ်းခုန်ကာ ပေတစ်ထောင်ကျော် ကျော်ဖြတ်လာပြီးနောက် ရှဲ့ဟေးရန်၏ ရှေ့တွင် ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် ပြုံးကာဆိုလိုက်၏။
" မင်းက မီးတောက် ခေါင်းဆောင်ကြီးရဲ့ တာဝန်အကြောင်းကို မေ့သွားတာလားကွ။ အဲဒီတုန်းကလည်း ငါ ဒီလိုပဲ တည်နေရာပြောင်းရွှေ့ခံခဲ့ရတာလေ။ အဲတာမလို့ ငါ အခု ကျင့်သားရနေတာ " ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ နာမည်အား အသုံးချကာ ဖြေရှင်းချက်ပေးလိုက်၏။
သူသည် လိုရမယ်ရ ထိုသို့ ထုတ်ပြောလိုက်ခြင်းဖြစ်သလို ရှဲ့ဟေးရန်အား တစ်ဖက်လှည့်နည်းဖြင့် သတိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။ သူသည် ရှဲ့ဟေးရန်အား သူ၏နောက်ကွယ်တွင် သူ့အား အချိန်မရွေး လာရောက်ကူညီရန် အဆင်သင့်ဖြစ်နေသည့် အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက် ရှိနေကြောင်း အသိပေးလိုက်ခြင်းဖြစ်၏။ သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ သူ့အား လှည့်စားရန် တွေးပင်မတွေးထားသင့်ပေ။
ရှဲ့ဟေးရန်မှာ သူ၏ဖြေရှင်းချက်ကို ကြားလိုက်ရသောအခါ အမူအရာပြောင်းလဲသွားခြင်း မရှိပါသော်လည်း စိတ်ထဲတွင် နာကြည်းသွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား အကူအညီများစွာ ပေးခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ့အား မယုံမကြည် ဖြစ်နေဆဲပင်။ သူသည် မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ နှစ်သက်သည်ကို သိထားပြီးသားဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် ဆုံတွေ့သည့်အချိန်တိုင်း မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ထုတ်ပြောနေစရာမလိုပေ။
ရှဲ့ဟေးရန်မှာ စိတ်ထဲတွင် ထိုသို့တွေးနေသည်တိုင်အောင် သူ၏ မျက်နှာပေါ်မှ အပြုံးမှာမူ ပို၍ အသက်ဝင်လာ၏။ ဝမ်ပေါင်လဲ့၏ အပြုအမူများကိုကြည့်လျှင် သူသည် အမြော်အမြင်ရှိပြီး သူ၏ အချိတ်အဆက်များကို အသုံးပြုကာ သူ့အတွက် အခွင့်အရေးများကို ဖန်တီးနိုင်စွမ်း ရှိသည်ဖြစ်ကြောင်း သိနိုင်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူသည် အကောင်းဘက်မှ ရှုမြင်ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အား ချောမွေ့စွာ ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားနိုင်ခြေ ပိုများကြောင်း မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် ရှဲ့ဟေးရန်၏ ရင်းနှီးမြှုပ်နှံမှုများမှာ ယုံကြည်စိတ်ချရသည့် နေရာတွင် ရှိနေမည် ဖြစ်သည်။
ထိုသို့ဖြင့် သူသည် အပြုံးပျက်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား ဈေးထဲသို့ ခေါ်ဆောင်သွားလိုက်၏။ သူသည် လမ်းတစ်လျှောက်လုံးတွင်လညါး ဝမ်ပေါင်လဲ့နှင့် ပျော်ရွှင်မြူးထူးစွာ စကားစမြည်များ ပြောဆိုနေခဲ့သည်။ သူသည် အတိတ်မှ အမှတ်အတများကို ပြန်ဖော်ကာ ထိုအခွင့်အရေးအား အမိအရ အသုံးချ၍ သူတို့နှစ်ယောက်၏ ကြားမှ ခင်မင်ရင်းနှီးမှုအား ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ချင်နေ၏။ သို့သော် သူ ဈေးထဲသို့ ပြန်ရောက်လာသည်နှင့် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ စတင်တုန်ရီလာတော့သည်။ ရှဲ့ဟေးရန်မှာ ထိုအကြောင်းကြားစာအား ဖတ်ရှုလိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူသည် ဣန္ဒြေရှိသည့် လူတစ်ယောက် ဖြစ်သည့်တိုင်အောင် သူ၏ မျက်ဝန်းများထဲ၌ ပေါ်ပေါက်လာသည့် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များကို ဖုံးကွယ်နိုင်စွမ်း မရှိလိုက်ပေ။ ထို့ကြောင့် သူ့အား သေသေချာချာ အကဲခတ်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရသည်။
" ညီကို ဟေးရန်။ ဘာဖြစ်လို့လဲဗျ " ဝမ်ပေါင်လဲ့မှာ သိချင်ဇောဖြင့် မေးမြန်းကြည့်လိုက်၏။
" ဘာမှမဟုတ်ပါဘူး... ညီကိုပေါင်လဲ့ရေ။ ငါ မင်းကို အချိန်ကြာကြာ အဖော်ပြုပေးနိုင်မှာ မဟုတ်တော့ဘူးကွာ။ ကိစ္စလေးတစ်ခု ပေါ်လာလို့။ ငါ ငါ့ရဲ့ မိသားစုမျိုးနွယ်စုဆီ ချက်ချင်း ပြန်ပြီးတော့ အဲဒီကိစ္စကို သွားဖြေရှင်းမှရမှာ " ရှဲ့ဟေးရန်တစ်ယောက် စိတ်သောကရောက်နေရသည်ကို အထင်အရှား မြင်နိုင်ပေသည်။ သူသည် လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခဲ့သည့် ကိစ္စတစ်ခုကြောင့် သူသည် အိမ်ပြန်မှ ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
သူသည် ဝမ်ပေါင်လဲ့အား အသေးစိတ်အချက်အလက်များကို အတိအကျပြောပြ၍ မရသောကြောင့် အပေါ်ယံမျှသာ ပြောပြခဲ့၏။
" အစွမ်းထက်လူနှစ်ယောက်... တိုက်ခိုက်နေကြလို့ကွာ... " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် အလောတကြီး ထွက်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ မျက်နှာအမူအရာ ထိုကဲ့သို့ဖြစ်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် သူသည် ရှဲ့ဟေးရန် ထွက်ခွာသွားသည်ကို ကြည့်ရင်း အတွေးများထဲ၌ နစ်မျောသွားရ၏။
" သူက မရှင်းမရှင်း လုပ်သွားသေးတယ်။ အစွမ်းထက် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြတာဆိုပဲ... သူတို့က ဘယ်လောက်ထိများ အစွမ်းထက်နေနိုင်မှာမလို့လဲ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် နောက်သို့ ပြန်လှည့်သွားပြီး ဈေးထဲ၌ လှည့်လည်ကြည့်ရှုနေလိုက်တော့သည်။ ယခုတွင် သူသည် ဈေးထဲသို့ ရောက်လာပြီဖြစ်ရာ သူ၏ သိုလှောင်အိတ်ထဲမှ ပြတ်လပ်သွားသော ပစ္စည်းများကို ပြန်လည်ဖြည့်တည်းရန် ဆုံးဖြတ်လိုက်၏။ သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်သည်နှင့် ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခုမှာ သူ့အား စောင့်ကြိုနေမည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့တစ်ယောက် ဈေးထဲ၌ လှည့်လည်ကြည့်ရှုနေစဉ် အလောတကြီး ထွက်ခွာသွားခဲ့သည့် ရှဲ့ဟေးရန်မှာ သူ အားအထားရဆုံးသော လက်အောက်ငယ်သားများကို အချိန်တိုလေးအတွင်း စုစည်းကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ဦးတည်သွား၏။ သူ ထိုနေရာသို့ ရောက်သွားချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်းအပေါက်ကြီးမှာ ပွင့်နေပြီ ဖြစ်သည်။ သူသည် ထို မန္တန်အစီအရင်ကြီး၏ အလယ်တွင် ရပ်နေရင်း သူ၏ ပတ်ပတ်လည်၌ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ ပေါ်ပေါက်လာသည်ကို စိုက်ကြည့်နေလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာမူ သုန်မှုန်နေပြီး သူ၏ မျက်ဝန်းများမှာလည်း တလက်လက် တောက်ပနေ၏။
" လခြမ်းဧကရာဇ်ကြီးက ကမ္ဘာဦးဒယ်အိုးရှစ်လုံးနဲ့ မန္တန်အစီအရင်တစ်ခု ဖန်တီးခဲ့ပြီးတော့ ချန်ရှင်းကို ချုံခိုတိုက်ခိုက်ခဲ့တာဆိုပဲ။ သူက သူ့ရဲ့ နတ်ဘုရင်တွေဆီက အကူအညီနဲ့ ထာဝရကြယ် ထောင်ပေါင်းများစွာရဲ့ စွမ်းအင်တွေကို စုပ်ယူခဲ့ပြီးတော့ အဲဒီ မန္တန်အစီအရင်ကြီးကို အားဖြည့်ပြီး ချန်ရှင်းကို ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ... သူက ချန်ရှင်းကို သန့်စင်ဖို့ ကြံရွယ်ထားပေမယ့် သူ့ရဲ့ရန်သူကြီးက အရင်ခေတ်ရဲ့ မိုးကောင်းကင်တာအိုကို ဆင့်ခေါ်ခဲ့ပြီးတော့ အဲဒီ မန္တန်အစီအရင်ကြီးကို ဖောက်ခွဲပစ်ခဲ့တာ... အခု အဲဒီ မန္တန်အစီအရင်ကြီးက ပြောင်းပြန်ဖြစ်သွားတာမလို့ လခြမ်းဧကရာဇ်ကြီးနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံး အဲဒီထဲမှာ ပိတ်မိနေကြပြီ "
" သူတို့နဲ့ ဘာအဆက်သွယ်မှလည်း လုပ်လို့မရတော့ဘူး။ ဘယ်သူကမှလဲ အဲဒီ မန္တန်အစီအရင်ကြီးထဲကို မဝင်နိုင်ကြဘူး။ ဒါပေမဲ့ လူတချို့ရဲ့ နတ်ဘုရားဝိညာဉ်တွေက နတ်ဘုရင်ခုနစ်ပါးကို မေ့ပျောက်စပြုလာကြပြီတဲ့... အဲတာ မိုးကောင်းကင်ကြီးကိုတောင် ဖီဆန်နိုင်တဲ့ အမှောင်ဂိုဏ်းရဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ အဲဒီ နတ်ဘုရားစွမ်းရည်က လူတစ်ယောက်ကိုတင် မကဘူး တခြားလူတွေရဲ့ အသိစိတ်ထဲက အဲဒီလူနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကိုပါ အစအန မကျန်အောင် ဖျောက်ဖျက်ပစ်နိုင်စွမ်း ရှိတယ် "
" အရင်ခေတ်ရဲ့ မိုးကောင်းကင်တာအို... အမှောင်ဂိုဏ်း... " ရှဲ့ဟေးရန်မှာ အမှောင်ဂိုဏ်းအကြောင်း တွေးမိသွားသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် အမှောင်ဂိုဏ်းအစစ်အား လုံးဝမမြင်ဖူးခဲ့ပါသော်လည်း ငယ်ရွယ်စဉ်ဘဝတုန်းက သူ၏ မိသားစုမျိုးနွယ်စု၏ ကိုယ်ပိုင်စာကြည့်တိုက်များထဲတွင် ထိုဂိုဏ်းနှင့် ပတ်သတ်သည့် မှတ်တမ်းပေါင်း မြောက်မြားစွာကို ဖတ်ရှုဖူးခဲ့၏။ သို့ဖြစ်ရာ သူသည် ၎င်းမှာ အတိတ်တုန်းက အဆုံးမဲ့မျိုးနွယ်စုပင်လျှင် ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည့် အလွန်အင်မတန်မှ အင်အားကြီးသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ကြောင်း သိထားသည်။
အကယ်၍ အဆုံးမဲ့မျိုးနွယ်စု လက်အောက်ရှိ မျိုးနွယ်စုများအားလုံးမှာ စည်းလုံးညီညွတ်မှုအပြည့်ဖြင့် စုစည်းကာ အမှောင်ဂိုဏ်းအား ရင်ဆိုင်ခဲ့ခြင်းမရှိပါက၊ ရှဲ့မိသားစု၏ ခေါင်းဆောင်ကြီးမှာ ဝင်ရောက်ကူညီပေးခဲ့ခြင်းမရှိပါက သို့မဟုတ် အမှောင်ဂိုဏ်းမှာ အင်အားဆုတ်ယုတ်နေသည့် အချိန်ကာလသို့ ရောက်ရှိနေခဲ့ခြင်း မရှိပါက ယခုတွင် အဆုံးမဲ့တာအိုနယ်မြေ၏ အမည်မှာ ၎င်း၏ အမည်ဟောင်းဖြစ်သော.... အမှောင်နယ်မြေသာ ဖြစ်နေဦးမည် ဖြစ်သည်။
" ကောလာဟလတွေ အရဆိုရင် အဲဒီတုန်းက အမှောင်ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့လူက ချန်ရှင်းလေ။ အဲလိုသာဆိုရင် ဘာလို့ သူက ပျက်စီးသွားပြီဖြစ်တဲ့ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို အပိုင်းအစတွေကို စုစည်းခဲ့ပြီးတော့ ဆင့်ခေါ်နိုင်စွမ်း ရှိနေရတာလဲ... ပြီးတော့ ဘာလို့ သူက စစ်မြေပြင်ကြီး တစ်ခုလုံးကို ချုပ်နှောင်၊ လူတစ်ယောက်ကို အစအန လုံးဝ မကျန်အောင် ဖျောက်ဖျက်ပစ်နိုင်စွမ်းရှိတဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုးကို ထုတ်သုံးပြီး တာအိုနယ်မြေတစ်ခုလုံးကို ဗြောင်းဆန်သွားအောင် လုပ်ခဲ့ရတာလဲ... ခေါင်းဆောင်ကြီးရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ချန်ရှင်းက လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားချင်လို့ အဲဒီလို လုပ်နေတာပဲ ဖြစ်ရမယ် "
" ဒီကိစ္စကြီးက ငါနဲ့မှ မဆိုင်ပဲ။ ရှဲ့မိသားစုက အင်အားကြီးတာ မှန်ပေမယ့် ငါက အများကြီး ဝါနုပါသေးတယ်ဟ။ မိုးကောင်းကင်ကြီး ပြိုကျလာရင်တောင် သူတို့က ငါ့ကို လှမ်းခေါ်မှာမဟုတ်ပါဘူးကွာ။ ဒါပေမဲ့ အသုံးမကျတဲ့ ငါ့အဖေက ဒီ အရှုပ်ထုပ်ကြီးထဲမှာ ပါနေတာလေ... " ရှဲ့ဟေးရန်မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူ၏ နှလုံးသားထဲတွင်လည်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေရ၏။ သူသည် လခြမ်းဧကရာဇ်ကြီး ချန်ရှင်းအား ချုပ်နှောင်နိုင်ရန် အသုံးပြုခဲ့သည့် ကမ္ဘာဦးဒယ်အိုးရှစ်လုံးကို ဖန်တီးပေးခဲ့သည့်သူမှာ သူ၏ဖခင်ဖြစ်ကြောင်း သတင်းရထားပြီး ဖြစ်သည်။
၎င်းမှာ အရောင်းအဝယ်တစ်ခုသာ ဖြစ်ပါသော်လည်း ရှဲ့ဟေးရန်မှာ ဒဏ္ဍာရီလာ ချန်ရှင်း၏ အကျင့်စရိုက်ကို သိရှိထားပြီးသား မဟုတ်ပါလော။ ချန်ရှင်းမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်ပြီး စိတ်ဆတ်သည့် လူတစ်ယောက် ဖြစ်ပေသည်။ သူသည် မည်သည့် နောက်ဆက်တွဲအကျိုးဆက်ကိုမှ ငဲ့နေမည် မဟုတ်ဘဲ စိတ်တိုင်းကျ ပြုမူတတ်၏။ ရှဲ့မိသားစုမှာ ရှဲ့ဟေးရန်၏ ဖခင်အား ကာကွယ်ပေးနိုင်ရန် အတွက်လောက်နှင့် အရာအားလုံးကို စွန့်လွှတ်နိုင်မည် မဟုတ်ပေ။ သူတို့၏ ပြိုင်ဘက်မှာ ရှဲ့မိသားစုထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သော ခေါင်းဆောင်ကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသည့် ချန်ရှင်းဖြစ်နေသည် မဟုတ်ပါလော။
ထို့ကြောင့်လည်း သူသည် ဖြစ်ကြောင်းကုန်စင်အား သိခဲ့ရပြီးနောက် လက်ပိုက်ကြည့်မနေနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် အကူအညီ အများကြီး ပေးနိုင်မည် မဟုတ်ပါသော်လည်း အိမ်သို့ပြန်ကာ သူ၏ ဖခင်ဖြစ်သူအား ဤ အရှုပ်ထုပ်ကြီးထဲမှ ကယ်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် လိုအပ်ပေသည်။
" ဒီ တိုက်ပွဲကြီးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ငါ မသိပေမဲ့ လောလောဆယ်တော့ ချန်ရှင်းက အသာစီးရနေတာ အသေအချာပဲ။ အဆုံးမဲ့မျိုးနွယ်စုထဲက တခြား နတ်ဧကရာဇ်ကြီးတွေက ဘယ်သူ့ဘက်ကမှ မပါဘဲ ခြံစည်းရိုးခွထိုင်နေကြတာ။ အဲတာမလို့ ချန်ရှင်းက သူ့ရဲ့ပြိုင်ဘက်တွေကို သတ်ဖြတ်ပစ်ပြီးတော့ တိုက်ပွဲကြီးထဲကနေ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခြေ အများကြီးရှိတယ်။ ငါ ချန်ရှင်းနဲ့ ရင်းနှီးတဲ့လူ တစ်ယောက်ယောက်ကို အမြန်ဆုံး တွေ့အောင်ရှာပြီးတော့ အခြေအနေကြီးတစ်ခုလုံးကို ရှင်းပြပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ပြီးရင် ချန်ရှင်း အလုံပိတ်ထားတဲ့ စစ်မြေပြင်ကြီးထဲကနေ ထွက်လာတာနဲ့ ငါ့ရဲ့ အဖေကို ခွင့်လွှတ်ပေးဖို့ သွားပြီး တောင်းဆိုမှရမယ်... " ရှဲ့ဟေးရန်မှာ ဆံပင်များ ကျွတ်ကျလာတော့မည့်အလားပင် ခံစားနေရပြီဖြစ်သည်။ သူနှင့် ချန်ရှင်း၏ ကြားမှ အဆင့်အတန်းမှာ မိုးနှင့်မြေလို ကွာခြားနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ချန်ရှင်း၏ မိတ်ဆွေများအား မည်သည့်နည်းဖြင့် လိုက်လံရှာဖွေရပါမည်နည်း။ ထို့အပြင် သူသည် ချန်ရှင်းအား တောင်းပန်ရာ၌ အသုံးပြုရမည့် စကားလုံးလှလှလေးများကိုလည်း စဉ်းစားရဦးမည်ဖြစ်သည်။
ထိုကဲ့သို့ စိုးရိမ်တကြီးနှင့် ထွက်ခွာသွားသည့် ရှဲ့ဟေးရန်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော စျေးထဲ၌ လှည့်လည်ကြည့်ရှုနေသည့် လူတစ်ယောက်မှာ ချန်ရှင်းအား စိတ်ပြောင်းသွားအောင်လုပ်နိုင်သည့် လူများထဲမှ တစ်ယောက်ဖြစ်နေသည်ဆိုသည့် အချက်အား သိရှိထားခြင်းမရှိပေ။ ထိုပုဂ္ဂိုလ် စကားတစ်ခွန်း ပြောလိုက်ရုံ သို့မဟုတ် ကပ်ချွဲလိုက်ရုံနှင့် ရှဲ့ဟေးရန်၏ ဖခင် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအားလုံးမှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။