နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက်
Vol. 65 Ch. 912
အခန်း (၉၁၂) နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက်
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်မှ ရောင်စဉ် (၅)မျိုးအလင်းတန်းများ ဖျတ်ခနဲလင်းလက်သွားပြီး သူ၏ အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုမှ နတ်ဘုရားစွမ်းအား (၅)ခု ထွက်ပေါ်လာသည်။
ဒြပ်စင်(၅)ပါး လှည့်ပတ်သွားသည်နှင့် အဆုံးမရှိသော ဘဝဖန်ဆင်းခြင်း ၊ အဆုံးမရှိသော အသက်ဓာတ်စွမ်းအားများက စီးဆင်းလှည့်ပတ်လာသည်။
ရလဒ်အနေဖြင့် သူ၏အသွေးအသားခန္ဓာကိုယ်မှ ခုခံစွမ်းအား မြင့်တက်လာပြီး သူကိုယ်တိုင်က လူသားစက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားကာ ရှန်ကျွင်း၏မျက်နှာကို အင်အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
ရှန်ကျွင်းက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မိုးမြေပြောင်းပြန်ပုဆိန်ကိုဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း ယခုအချိန်တွင် အတင်းအကြပ် ခုခံကာကွယ်ရန်သာ တွန်းအားပေးနိုင်ခဲ့၏။
သူတို့တိုက်ခိုက်နေစဉ် ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။
“ဒီ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက အတော်လေး အရည်အသွေးကောင်းပုံရတယ်”
သူ၏လက်ဝါးရိုက်ချက်က ရှန်ကျွင်းလက်ထဲမှ ကျောက်စိမ်းပုဆိန်ကြီး တုန်လှုပ်သွားလုနီးပါးပင်။
“ဒါပေမဲ့ မင်းရဲ့တန်ခိုးစွမ်းအားက အကန့်အသတ်ရှိတယ် ၊ အဆင့်မြင့်အထွတ်ထိပ်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ ပြီးပြည့်စုံခြင်း မရှိသေးဘူး”
“မင်းက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ကိုင်ဆောင်ထားပေမယ့် မင်းနဲ့ အဲဒီပစ္စည်းကြားမှာ အလွှာပါးလေးခြားနေသလိုပဲ ၊ မင်းတို့ရဲ့ချိတ်ဆက်မှုက မအောင်မြင်နိုင်ဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘာကြောင့်လဲဆိုတော့ မင်းရဲ့ကျင့်ကြံခြင်းက မင်းရဲ့ခန္ဓာကိုယ်ထဲက ရတနာအလင်းတန်းကို အခြေခံထားလို့ပဲ ၊ မင်းကိုပြုလုပ်ပေးတဲ့အရာက ရတနာအလင်းတန်းဖြစ်သလို မင်းကို ဖျက်ဆီးတဲ့အရာကလည်း ရတနာအလင်းတန်းပဲ”
ထို့နောက် သူ့လက်ထဲတွင် ရှည်လျားပြီး ဓားနှင့်တူသည့် အရာဝတ္ထုတစ်ခုပေါ်လာသည်။ သို့သော် ထိုအရာက ချွန်ထက်သော ထားသွားထိပ်ဖျားမရှိပေ။
ထိပ်ပိုင်းကအနည်းငယ်တုံးနေပြီး မျက်နှာပြင်ထက်တွင် ရေးထိုးထားသော သင်္ကေတများစွာ ရှိနေသည်။
“ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်” ပင် ဖြစ်၏။
ရန်ကျောက်ကဲက ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ဖြင့် ရှန်ကျွင်း၏ မိုးမြေပြောင်းပြန်ပုဆိန်ကို ဖိနှိပ်လိုက်ရာ ထိုပုဆိန်မှအလင်းရောင်များ ချက်ချင်းပင် မှိန်ဖျော့သွားသည်။
ကျောက်စိမ်းသားပမာ ထိုပုဆိန်မှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး မှိန်ဖျော့ဖျော့အလွှာတစ်ခုကသာ ဖုံးအုပ်ထားသည့်ပမာ ထင်မှတ်ရသည်။
ရှန်ကျွင်းလက်ထဲမှ ကျောက်စိမ်းပုဆိန်ကြီး တုန်ခါသွားပြီး ခံစစ်ပျက်ယွင်းသွားချိန် ရန်ကျောက်ကဲထံမှ နောက်ထပ်ကျရောက်လာသည့် လက်ဝါးရိုက်ချက်ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ရှန်ကျွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းကိုခါယမ်းလိုက်ပြီး...
“ယန်ချုန်းကိုတွေ့တော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြံသူက ဒီလောက်ညံ့ရလားဆိုတာ ယုံရခက်ခဲ့တယ် ၊ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့လူတစ်ယောက် ဒီလိုဖြစ်တာကို မယုံနိုင်ခဲ့ဘူး ၊ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားကလည်း ဒီလောက်ပဲရှိလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး”
“အခုတော့ ငါ မင်းတို့အကြောင်း ပိုပြီးနားလည်လာပြီ”
“မင်းတို့ခန္ဓာကိုယ်ထဲက ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းက မင်းတို့ရဲ့ကျင့်ကြံခြင်းကို ထိခိုက်စေရုံသာမဟုတ်ဘူး မင်းတို့ရဲ့ အတွေးအမြင်နဲ့ ခံယူချက်တွေကိုလည်း သိမ်သိမ်မွေ့မွေ့ ထိခိုက်စေတာပဲ”
“ဒါတွေအားလုံးက မင်းတို့ရဲ့စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှာ ဖြည်းဖြည်းချင်း ရေးမှတ်ထားပြီး ဘယ်တော့မှ သံသယမဝင်ဖို့ မငြင်းပယ်ဖို့ပဲ စဉ်းစားနေပြီး အမှန်တကယ်ဖြစ်လာမယ်လို့ ယုံကြည်ထားကြတယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“ဒါပေမဲ့ တာအိုကျင့်ကြံသူဆိုတာ မဟာတာအိုနဲ့နီးစပ်လေ ပိုပြီးစစ်မှန်လေပါပဲ ၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုအရ ပြောရရင်... မင်းရဲ့ကိုယ်ပိုင်ခံစားချက်ကို အခုထိ မခံစားနိုင်သေးဘူးလို့ပဲ မြင်မိတယ် ၊ ကိုယ်ပိုင်ခံစားချက်မရှိဘဲ မင်းဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ”
မျက်နှာတစ်ခုလုံး သုံမှုံနေသည့်ရှန်ကျွင်းက ရန်ကျောက်ကဲအား အကဲခတ်ရင်း...
“ဗုဒ္ဓဘာသာဘက်ကမိစ္ဆာတွေနဲ့ မင်းတို့လိုပြင်ပတာအိုတွေ မာန်တက်နေရင်တောင် ဘယ်လောက်ကြာကြာခံနိုင်မှာလဲ ၊ နောင်နှစ်ပေါင်း ရာနဲ့ချီကြာမြင့်တဲ့အခါ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရအောင်”
စကားပြောပြီးသည်နှင့် ရှန်ကျွင်းက ဗလာနယ်လှိုင်းလုံးများကြားတွင် ခြေလှမ်း (၁၂)လှမ်းကိုအသုံးပြုကာ တိမ်တိုက်များအလယ် လမ်းလျှောက်သည့်ပမာ လျှောက်လှမ်းနေသည်။
‘မြေကြီးအကိုင်းအခက်လက်ဝါးသိုင်း’ ဆိုသည်က ‘လက်ဝါးသိုင်း’ ဟု အမည်ပေးထားသော်လည်း လက်ဝါးသိုင်းရော ခြေလှမ်းသိုင်းရောပါဝင်သည်။
ထို့ကြောင့် ရှန်ကျွင်းလှမ်းနေသည့် ခြေလှမ်း (၁၂)လှမ်းတွင် ဗလာနယ်ကို ရွှေ့ပြောင်းနိုင်သော တန်ခိုးစွမ်းအားများ ပါရှိနေသည်။
တကယ်တော့ သူက ရန်ကျောက်ကဲကို ဆက်မတိုက်တော့ဘဲ ထွက်ပြေးရန် ကြိုးစားနေခြင်းပင်။
သူနှင့်မနီးမဝေးတစ်နေရာတွင် ‘လူသားအထွတ်ထိပ်’ ကျင့်ကြံသူတစ်ယောက် ရှနေသည်။ ထိုနေရာသို့ ရောက်အောင်သွားနိုင်လျှင် သူ့အတွက် ဘေးကင်းမည် ဖြစ်၏။
သို့ပေသိ ရန်ကျောက်ကဲက သူ့ကိုအလွတ်ပေးပါမည်လား။
သူ၏ဘယ်ဘက်လက်တွင် စည်းတံဆိပ်တစ်ခုဖြစ်တည်လာပြီး ညာဘက်လက်မှာတော့ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ရန်ကျောက်ကဲ၏ဓားအလင်းတန်းက ရှည်လျားသည့် အချိန်ရေစီးကြောင်းပမာ ပြောင်းလဲသွားပြီး လျှင်မြန်သောအရှိန်အဟုန်ဖြင့် ရှန်ကျွင်းနောက်သို့ လိုက်ပါသွားသည်။
ပတ်ဝန်းကျင် အချိန်နှင့်ဗလာနယ်တွင် ရုတ်တရက် အချိန်စီးဆင်းမှု အရှိန်မြှင့်သွားပြီး ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က အချိန်ရေစီးကြောင်းထဲ တဟုန်ထိုးစီးဆင်းသွားသည်။
ဤအရှိန်အဟုန်က အသစ်သောအဆင့်တစ်ခုသို့ ရိုက်ခတ်သွားပြီး ရှန်ကျွင်း ထွက်ခွာသွားသည့်အကွာအဝေးသို့ အချိန်အနည်းငယ်အတွင်း ရိုးရှင်းစွာပင် ရောက်ရှိသွားသည်။
ရှန်ကျွင်း စိတ်ပျက်လက်ပျက်ခံစားလိုက်ရပြီး ရန်ကျောက်ကဲဘက်သို့လှည့်ကာ လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။
ရန်ကျောက်ကဲက ဓားဝိညာဉ်တစ်ခုဖန်ဆင်းလိုက်ပြီး ရှန်ကျွင်း၏လက်ဝါးချက်ကို ရှောင်တိမ်းလိုက်သည်။
ဓားဝိညာဉ်ထွက်ပေါ်လာသည်နှင့် အလင်းရောင်နှင့်အမှောင်ထုက ပရမ်းပတာဖြစ်သွားပြီးနောက် အလင်းတစ်လှည့် အမှောင်တစ်လှည့် ဆက်တိုက်မွေးဖွားလာသည်။
ထို့နောက်မှာတော့ အဆုံးမရှိသည့်အမှောင်ထု မှိန်ဖျော့သွားပြီး တိုင်းတာမရနိုင်သော တောက်ပမှု ထွက်ပေါ်လာသည်။
အလင်းတန်းများကြားတွင် ကောင်းကင်စကြာ (၁၂)ခုလှည့်ပတ်သွားပြီး အလင်းရောင် (၁၂)ခုက အဆုံးမဲ့ဗလာနယ်အာကာသကို လှည့်ပတ်လင်းထိန်သွားစေသည်။
ထို့နောက် အလင်းရောင်အက်ကွဲသွားပြီး မိုးမြေတစ်ခွင်က ပုံမှန်အတိုင်းတည်ငြိမ်သွားကာ အစွန်းနှစ်ဖက်သည်လည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာတန်ခိုးစွမ်းအား လျှို့ဝှက်စွာပေါင်းစည်းထားသော ‘ကြေမွတောက်လောင်လက်သီး’ ချက်က ရှန်ကျွင်း၏ရင်ဝသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။
ရှန်ကျွင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်၎င်းှ အင်းသင်္ကေတ (၁၀)ခုက တုန်ခါသွားပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရ ပျံ့နှံ့ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်အားကာကွယ်ထားလိုက်သည်။
သို့တိုင် ရန်ကျောက်ကဲ၏လက်သီးချက် ရင်ဆိုင်ရသည်နှင့် အင်းသင်္ကေတ (၁၀)ခုလုံး အက်ကွဲသွားပြီး ညည်းညူသံတစ်ချက်နှင့်အတူ ရှန်ကျွင်း၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
ရန်ကျောက်ကဲက ရှန်ကျွင်း၏ရင်ဝဆီသို့ နောက်ထပ်လက်သီးတစ်ချက် ထပ်မံထိုးသွင်းလိုက်ရာ...
ရှန်ကျွင်းမှာ နားမလည်နိုင်ခြင်း ၊ မယုံကြည်နိုင်ခြင်းများ ပြည့်နက်နေသော မျက်ဝန်းများဖြင့် မျက်လုံးပြူးကျယ်စွာ ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း အသက်ပျောက်သွားတော့၏။
မသေဆုံးမီထိုခဏတွင် အမြဲတမ်း အမတခုံရုံးတာအိုအပေါ် ယုံကြည်မှုအပြည့်ရှိခဲ့သော ရှန်ကျွင်းသည် ပထမဆုံးအကြိမ် သံသယအချို့ကို စတင်ခံစားလိုက်ရလေသည်။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ဦးအနေဖြင့် သူက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်လက်တွင် အမှန်တကယ်သေဆုံးသွားခဲ့ပြီလား။
ဘေးနားတွင်ရှိနေသောဖုထင်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“ရှင်က ညံ့ဖျင်းတာ မဟုတ်ပါဘူး ၊ ကျွန်မတို့ရဲ့ စန်းချင်း (၃)ပါးအဆက်အနွယ် ရိုးရာဓလေ့ကျင့်ကြံသူတွေကြားမှာ သူ့လိုလူမျိုးက နှစ်ပေါင်းတစ်ထောင်မှာတစ်ယောက် ၊ နှစ်ပေါင်းတစ်သောင်းမှာတစ်ယောက် တွေ့မြင်ရဖို့ ခက်ခဲလွန်းတယ်”
အစက သူမက ရန်ကျောက်ကဲနှင့် ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကို ယေဘူယျနားလည်ပြီးသည့်နောက် ဖုထင်က ရန်ကျောက်ကဲတစ်ယောက်တည်း ရှန်ကျွင်းကိုအနိုင်ယူနိုင်မည်ဟု ယုံကြည်ခဲ့၏။
သို့ရာတွင် ရန်သူကိုအနိုင်ယူခြင်းနှင့် ရန်သူကိုသတ်ဖြတ်ခြင်းက ကွဲပြားသောကိစ္စပင်။
ရှန်ကျွင်းက အမတခုံရုံးအဆက်အနွယ်ဖြစ်သည့်တိုင် သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်လေရာ သူသာ ထွက်ပြေးလွတ်မြောက်သွားမည်ဆိုပါက သူတို့အနေဖြင့် တားဆီးနိုင်မည်မဟုတ်ဟု ဖုထင် တွေးထင်ခဲ့သည်။
ယခုတော့ တိုက်ပွဲအစအဆုံးကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် ဖုထင်သည်လည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူမက မိုးကောင်းကင်၏မျက်နှာသာပေးခံရသော သမီးတော်တစ်ယောက်ဖြစ်ပြီး ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာရှိ ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် ရှုံးပွဲမရှိ ရပ်တည်ခဲ့သူ ဖြစ်သည်။
ဇာမဏီမင်းသား ‘ကျွမ်းကျောင်းဟွေ’ က သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် သိုင်းသူတော်စင် ပဉ္မမအဆင့်ရှိသော ဖုထင်က သူ့ကိုကြောက်ရွံ့ခဲ့ခြင်း မရှိပေ။
ဖုထင်၏ဖခင်ဖြစ်သူ ပိုးသားဧကရာဇ်သည်ပင် ဖုထင်နှင့် ကျင့်ကြံခြင်းအဆင့်တူညီပါက သူမကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤသို့သောပတ်ဝန်းကျင်တွင် ကြီးပြင်းလာသော ဖုထင်သည် ယနေ့မှာတော့ ရန်ကျောက်ကဲကိုကြည့်ပြီး အတော်လေး ထိခိုက်ခံစားခဲ့ရသည်။
သူမက မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်သူတစ်ယောက် မဟုတ်ပေ။ လောကတွင် သူမနှင့် ရင်ပေါင်တန်းရပ်တည်နိုင်သူ များစွာရှိပါ၏။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းချင်ဆိုလျှင်လည်း သူမကဲ့သို့ပင် ထက်မြက်ပြီး သိုင်းပညာတော်သူ ဖြစ်သည်။
သို့ရာတွင် သူမထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်လုံးနီးပါး မြင့်မားသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူမအနေဖြင့် စိတ်မတည်မငြိမ် ဖြစ်ခဲ့ရသည်။
ရန်ကျောက်ကဲကတော့ သူမ တစ်ခါမှမကြုံဖူးသည့် အရာတစ်ခုကိုပြုလုပ်လိုက်သည်ဖြစ်ရာ ဖုထင်စိတ်ထဲ ထူးဆန်းသည့်ခံစားချက်ကိုခံားရသလို တစ်စုံတစ်ခု ဆုံးရှုံးသွားသလိုလည်း ခံစားလိုက်ရသည်။
သို့တိုင် သူမက မငြိမ်သက်သောစိတ်ကိုလျှင်မြန်စွာ တည်ငြိမ်စေလိုက်သည်။ သူမက နဂိုကပင် စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
အလျှော့ပေးလိုဟန်မရှိသေးသော ရှန်ကျွင်းကိုကြည့်ရင်း ဖုထင် ခေါင်းခါယမ်းလိုက်ပြီး သူမရင်ထဲမှ စကားများကို ထုတ်ဖော်မပြောရန် မျိုသိပ်လိုက်သည်။
တကယ်တော့ ဤသည်က သူမစိတ်ထဲမှ အတွေးတစ်ခုသာလျှင် ဖြစ်သည်။
သူမစကားကိုကြားတော့ ရှန်ကျွင်းနှုတ်ခမ်းများအနည်းငယ်တွန့်ကွေးသွားသည်။ သူ ရယ်မောလိုက်ချင်သော်လည်း မရယ်မောနိုင်တော့ပေ။
သူစကားပြောချင်ပေမယ့် နောက်ဆုံးထွက်သက် ပျောက်ကွယ်သွားပြီး နေရာမှာပင် သေဆုံးသွားသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“’ဖု’ မိန်းကလေးက ချီးကျူးလွန်းနေပြီ ၊ သမိုင်းတစ်လျှောက်မှာ ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်တွေ အများကြီးပါဗျာ ၊ ဒီ ‘ရန်’ က ရှေ့ဆက်ရမယ့်တာအိုလမ်းကြောင်းကိုရှာဖွေနေတဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေထဲက တစ်ယောက်ပါပဲ”
ဖုထင်က ရန်ကျောက်ကဲကို လှစ်ခနဲတစ်ချက်လှမ်းကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိ ရန်ကျောက်ကဲ၏စကားလုံးများက အလွန်နှိမ့်ချနေသည့်တိုင် အနည်းငယ် ထူးဆန်းနေသည်ဟု သူမ ခံစားမိသည်။
သူမက ရှုတ်ထွေးသည့်ခံစားချက်များကို ချက်ချင်းဖယ်ရှားလိုက်ပြီး စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
“ဒါနဲ့ ရှင် ရှန်ကျွင်းကိုသတ်လိုက်တုန်းက သဏ္ဌန်မဲ့မိစ္ဆာသိုင်းပညာကို အသုံးမပြုဘူးလား ၊ သူ့ကိုဒီအတိုင်း သတ်လိုက်တာလား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“သုံးပါတယ် ၊ ဒါပေမဲ့ တခြားသိုင်းပညာတွေအများကြီးနဲ့ရောသုံးလိုက်တာ ၊ ငါက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို အတည်ကြီး ကျင့်ကြံထားတာမဟုတ်ဘူးလေ ၊ သူ့ရဲ့ သက်ရောက်မှုအတွက်ပဲ အသုံးပြုတာ”
ဖုထင်က ဘေးဘက်သို့တစ်ချက်ကြည့်ရင်း...
“ရှင် အဲဒီသိုင်းပညာ သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ဘာမှမထူးဘူးထင်တာပဲ”
ရန်ကျောက်ကဲသည်လည်း ဖုထင်လှမ်းကြည့်သည့်နေရာသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် တန်ခိုးစွမ်းအားမြင့်မားသော ရောင်ဝါများထွက်ပေါ်လျှက်ရှိပြီး သူတို့အနားသို့ အမတခုံရုံးတာအိုဘက်မှ ‘လူသားအထွတ်ထိပ်’ သိုင်းသူတော်စင်တစ်ယောက် ချဉ်းကပ်လာသည်မှာ ထင်ရှားလေသည်။