← Chapters

ကောင်းကင်ဘုံနှင့်အတူနေထိုင်ခြင်း

Vol. 65 Ch. 913

ကောင်းကင်ဘုံနှင့်အတူနေထိုင်ခြင်း

Vol. 65 Ch. 913

အခန်း (၉၁၃)‌ ကောင်းကင်ဘုံနှင့်အတူနေထိုင်ခြင်း

ရန်ကျောက်ကဲသည်လည်း ဖုထင်ကဲ့သို့ပင် အလားတူပြဿနာကို ရင်ဆိုင်လိုက်ရသည်ပင်။

မျှော်စင်ကမ္ဘာနှင့် အနီးဆုံးဗလာနယ်ထဲသို့ အားကောင်းသည့် ရောင်ဝါတစ်ခု ဆင်းသက်လာပြီး ထိုစွမ်းအားရောင်ဝါက စောစောက နေဝန်း (၂)ဆင်းထက် လျော့နည်းခြင်း မရှိပေ။

နောက်ထပ် “လူသားအထွတ်ထိပ်” ကျင့်ကြံသူတစ်ယောက် ထပ်မံရောက်ရှိလာသည်မှာ ထင်ရှားသည်။

ထွက်ပေါ်နေသော ရတနာအလင်းတန်းကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဘက်မှမဟုတ်ဘဲ အမတခုံရုံးတာအိုကျင့်ကြံသူများဘက်မှ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

“အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်”

စကြဝဠာဝန်းကျင် အာကာသကအလယ်တွင် ကျယ်လောင်သော ရေရွတ်သံကြီးတုန်ခါထွက်ပေါ်လာပြီး ထိုရောင်ဝါရောက်ရှိလာသည်နှင့် အခြားသောနေရာများတွင် တိုက်ပွဲဝင်နေကြသော ဗုဒ္ဓအလင်းရောင်များ ချက်ချင်းပင် မှိန်ဖျော့သွားကြသည်။

ထိုသိုင်းသူတော်စင် ဒဿမအဆင့် “လူသားအထွတ်ထိပ်” တန်ခိုးစွမ်းအားရှင်အပြင် အမတခုံရုံးမှ အခြားသော သိုင်းသမားများလည်း ရောက်ရှိလာသည်။

ယခု ဗုဒ္ဓဘာသာကျင့်ကြံသူများ ဆုတ်ခွာသွားပြီဖြစ်ရာ အမတခုံရုံးတာအိုကျင့်ကြံသူများက တန်ပြန်တိုက်စစ် စတင်ခဲ့ကြ၏။

ယန့်ဖန်းနတ်ဘုံနှင့် မျှော်စင်ကမ္ဘာသည် အမတခုံရုံး၏နယ်မြေဖြစ်လေရာ ဆက်သွယ်ရေးနှင့် စစ်ကူပို့ဆောင်ရေးတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများထက် ပိုမိုလွယ်ကူမြန်ဆန်သည်သာပင်။

ဤသည်က ရန်ကျောက်ကဲနှင့် ဖုထင်အတွက် သတင်းကောင်းမဟုတ်ပေ။

တကယ်တော့ ဤတိုက်ပွဲတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများ ဆုတ်ခွာသွားကြပြီး အမတခုံရုံးမှ ကျင့်ကြံသူများက သူတို့ကို လိုက်လံတိုက်ခိုက်နေကြခြင်းပင်။

သို့ရာတွင် ရွှေရောင်နေဝန်းကြီးကတော့ အာကာသအမှောင်ထုကိုဖြတ်ကျော်ကာ ကြီးမားသည့်အရှိန်အဟုန်ဖြင့် သူတို့ရှိရာသို့ ဦးတည်ရောက်ရှိလာသည်။

ရှန်ကျွင်းက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်ပြီး မျှော်စင်ကမ္ဘာ၏ လောကပထမ တန်ခိုးစွမ်းအားရှင် ဖြစ်သည်။

သူက ယန့်ဖန်းနတ်ဘုံတွင် အဆင့်အတန်းရှိသူတစ်ယောက်ဖြစ်သလို ကျော်ကြားသူတစ်ယောက်လည်း ဖြစ်သည်။

ထိုသို့သောလူတစ်ယောက်သေဆုံးခြင်းအား ဤနေရာမှ အမတခုံရုံးတန်ခိုးစွမ်းအားရှင်များ သတိမပြုမိဘဲနေမည် မဟုတ်ပေ။

ရန်ကျောက်ကဲက သူတို့ကြားမှအကွာအဝေးကို ကျယ်ပြန့်စေပြီး ဖုထင်နှင့်အတူ ဆုတ်ခွာသွားသည်။ ယခုတစ်ကြိမ်မှာတော့ သူက စောစောကလို ရန်သူကို မျှားခေါ်ရန်မကြိုးစားတော့ဘဲ မျှော်စင်ကမ္ဘာမှ အမြန်ဆုံးထွက်ခွာသွားရန် ကြိုးစားနေခြင်း ဖြစ်၏။

ဟောက်ယန်နန်းတော်မှ လူသားအထွတ်ထိပ်ကျင့်ကြံသူက ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို အမြန်ဆုံးအမီလိုက်နိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် ထိုလူငယ် (၂)ယောက်က သူထင်ထားသည်ထက် များစွာလျှင်မြန်ကြောင်း တွေ့လိုက်ရသည်။

ထိုအခါ သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

ဤလူငယ်များက သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်ကျွင်းကိုသတ်ဖြတ်နိုင်ခြင်းမှာ ရတနာပစ္စည်းများအကူအညီကြောင့်ဖြစ်သည်ဟု မူလက သူတွေးထင်ထားခဲ့သည်။

ယခုတော့ ကြည့်ရသည်မှာ ထိုသို့ဟုတ်ဟန်မတူပေ။

သူတို့ (၂)ယောက်လုံးက အလွန်အမင်း တန်ခိုးစွမ်းအား မြင့်မားကြသည်။

ရွှေရောင်နေဝန်းကြီးက ဗလာနယ်အမှောင်ထုကို ဖြတ်ကျော်လာပြီး တောက်ပသောရွှေရောင်လမ်းကြောင်းတစ်ခုက အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ ရွှေရောင်ကောင်းကင်မြစ်တစ်စင်းပမာ အချိန်အတန်ကြာသည့်တိုင် ထိုလမ်းကြောင်းက ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

သူ၏မြန်နှုန်းက သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်ကျွင်းထက် များစွာသာလွန်သည်။

ရန်ကျောက်ကဲနှင့်ဖုထင်တို့က အလွန်လျှင်မြန်သည့်တိုင် နောက်ဆုံးမှာတော့ ထိုရွှေရောင်နေဝန်းကြီးက သူတို့ကို အမီလိုက်နိုင်ခဲ့သည်ပင်။

တောက်လောင်ပူပြင်းစူးရှသောအလင်းတန်းများက ကောင်းကင်ထက်တွင်ရှိနေသည့် နေမင်းတစ်စင်းနှင့် အမှန်တကယ် ဆင်တူသည်။ နေရောင်ခြည်က ပြင်းထန်လွန်းသဖြင့် ရန်ကျောက်ကဲသည်ပင် မျက်လုံးများကို ခဏတာမှေးမှိတ်လိုက်ရသည်။

ရွှေရောင်နေဝန်းအလင်းတန်းများအလယ်တွင် ရွှေရောင်နေနန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုနန်းတော်အတွင်းမှ ရွှေရောင်မီးလျှံများ အဆက်မပြတ် ထွက်ပေါ်လျှက်ရှိ၏။

အတွင်းထဲမှ အသံတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် လူငယ်နှစ်ယောက်က အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိတဲ့ ရှန်ကျွင်းကို တကယ်ပဲ သတ်လိုက်နိုင်တာပဲ”

တစ်ဖက်လူ၏စကားသံတွင် သူတို့နှစ်ယောက်ကို လျှော့တွက်ခြင်းမရှိသလို သေဆုံးသွားသော ရှန်ကျွင်းကိုလည်း အထင်သေးခြင်းရှိဟန်မတူဘဲ ဖြစ်ပျက်ခဲ့သည့်ကိစ္စတစ်ခုကိုသာ ထပ်မံပြောဆိုလိုက်ခြင်း ဖြစ်သည်။

နေရောင်ခြည်အလင်းတန်းများ ဆင်းသက်လာသည်နှင့်အမျှ မျက်ဝန်းတစ်စုံက ရန်ကျောက်ကဲနှင့် ဖုထင်ကို ထိုးဖောက်အကဲဖြတ်လိုက်သည်။

“အိုး... သစ္စာဖောက်တွေလည်း ရှိနေတာပဲ”

ထိုသူက ဆက်ပြောသည်။

“မင်တို့က မျှော်စင်ကမ္ဘာ လွမ့်ထျန်းဂိုဏ်းက မဟုတ်လား ၊ ဟိုတစ်ယောက်နာမည်က ယန်ချုန်းထင်တယ် ၊ မင်း ပြင်ပတာအိုလက်ထဲ ကျရောက်သွားတာ ဘယ်လောက်တောင်စိတ်မကောင်းစရာကောင်းလိုက်သလဲ”

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ၏အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေနှင့်တိမ်များလှည့်ပတ်သွားပြီး သူ၏စွမ်းအားရောင်ဝါပျောက်ကွယ်သွားကာ ယန်ချုန်းနှင့် ချွမ်ဟောင်လုန်တို့၏ပုံရိပ် ထွက်ပေါ်လာသည်။

ရွှေရောင်နေဝန်းကိုကြည့်ရင်း ယန်ချုန်းမျက်နှာထက်တွင် စိတ်ရှုတ်ထွေးသည့်အမူအရာ ထွက်ပေါ်လာသည်။

“ဟောက်ယန်အရှင်သခင်”

ဟောက်ယန်နန်းတော်က ယန့်ဖန်းနတ်ဘုံတွင် တန်ခိုးစွမ်းအားအကြီးမားဆုံး ဖြစ်သည်။ ဟောက်ယန်ဧကရာဇ်ရှိစဉ်ကဆိုလျှင် ၎င်းသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။

ဟောက်ယန်ဧကရာဇ်က ယိုးမင်ဧကရာဇ်ယင်ထျန်းရှလက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး ဟောက်ယန်နန်းတော်တွင် နောက်ထပ် ‘အစစ်အမှန်နတ်ဘုရား’ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

သို့သော် ဟောက်ယန်နန်းတော်၏အုပ်စိုးရှင် ဟောက်ယန်အရှင်သခင်’ဖေးဟွာ’ သည် ယန့်ဖန်းနတ်ဘုံတွင် ဟောက်ယန်နန်းတော်၏ ကျော်ကြားမှုနာမည်ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ရွှေရောင်နေဝန်းကြီးထဲတွင် အဘိုးအိုတစ်ယောက်၏ အသွင်သဏ္ဌန်ထွက်ပေါ်လာပြီး နန်းတော်ပုံရိပ်က မှေးမှိန်သွားသည်။

အဘိုးအိက ရွှေရောင်ဆံပင်ဖျော့ဖျော့ကိုပိုင်ဆိုင်ပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လျှက် ရှိ၏။

ထိုသူက မဟာကပ်ဘေးကြီးအလွန်ကာလ အမတခုံရုံးလက်အောက်ရှိ ဟောက်ယန်နန်းတော်အရှင်သခင် ‘ဖေးဟွာ’ မှလွဲပြီး အခြားသူမဟုတ်ပေ။

ဖေးဟွာက ယန်ချုန်းကိုကြည့်ရင်း...

“ယန်ချုန်း... ကောင်းကင်ဘုံကိုဆန့်ကျင်ပြီး မိစ္ဆာတွေ ၊ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ပူးပေါင်းမယ်ဆိုရင် ဘယ်လိုအကျိုးဆက်ဖြစ်လာမလဲဆိုတာ သိတယ်မဟုတ်လား”

ယန်ချုန်းက ခပ်တိုးတိုးလေသံဖြင့်...

“ဒီတပည့်… ဒီတပည့်…”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဒါပေမဲ့ မင်းတို့ဂိုဏ်းက ဧကရာဇ်က ငါတို့ဘက်ကဧကရာဇ်နဲ့ နှစ်ယောက်တစ်ယောက်တိုက်တာတောင် မယှဉ်နိုင်ဘဲ နောက်ဆုံးမှာ သူ့ပြဿနာသူရှာသလိုဖြစ်သွားတာတော့ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးမလား”

ဟောက်ယန်အရှင်သခင်၏ မီးဝင်းဝင်းတောက်နေသောမျက်ဝန်းများက ရန်ကျောက်ကဲနှင့် ယန်ချုန်းဆီသို့ ဖြတ်သန်းသွားသည့်တိုင် ကျောရိုးထဲအထိ စိမ့်လာခဲ့သည်။

ယန်ချုန်းက အံတင်းတင်းကြိတ်ရင်း...

“ဒီတပည့်က တာအိုကိုသစ္စာဖောက်ဖို့ဆန္ဒမရှိပါဘူး ၊ တခြားလမ်းကိုရွေးချယ်ပြီး လျှောက်လှမ်းကြည့်ချင်တာပဲ ရှိတာပါ”

“ပြင်ပတာအို နည်းစနစ်ကို စမ်းသပ်ကြည့်ချင်ပေမယ့် ဒီတပည့်ရဲ့နှလုံးသားကတော့ ကောင်းကင်ဘုံကိုပဲဦးတည်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့နာမည်ကိုပဲ ရွတ်ဆိုနေတာပါ”

ဖေးဟွာက သူ့ကိုကြည့်ရင်း...

“ဒါကြောင့် မင်းရဲ့ရတနာအလင်းတန်း မတည်မငြိမ်ဖြစ်နေတာတောင် အပြစ်ဝန်မခံချင်သေးတောပေါ့လေ ၊ ဒီလိုလုပ်လို့ မင်းလွတ်မြောက်မယ်များ ထင်သလား”

ယန်ချုန်းက အံတင်းတင်းကြိတ်ရင်း...

“ဒီတပည့်ကို သွားခွင့်ပြုလိုက်ပါ ဟောက်ယန်အရှင်သခင်...”

သူ့စကားမဆုံးခင် ဖေးဟွာက...

"မင်း ပြင်ပတာအို ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်နေပြီဆိုတော့ မင်းကို ဒီအတိုင်းဆက်ထားဖို့ ဘာအကြောင်းပြချက်မှ မရှိတော့ဘူး”

ထို့နောက် ကြောက်မက်ဖွယ်ရာ နေရောင်ခြည်အလင်းတန်းများက ရွှေရောင်မိုးစက်များအဖြစ် ပြောင်းလဲသွားသည်။ ယန်ချုန်း၏ မျက်နှာထက်တွင် ကြောက်ရွံ့စိုးထိတ်သောအမူအရာပေါ်လာသည်။

သူက ယခု အားနည်းနေပြီဖြစ်ရာ ထိုရွှေရောင်မိုးစက်လေးတစ်စက်ကပင် သူ့အသက်ကို နှုတ်ယူသွားနိုင်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

ထို့နောက် ထူးကဲယန်စည်းတံဆိပ်က ဖြည်းညင်းစွာမြင့်တက်လာပြီး ရွှေရောင်မိုးစက်များကို ပိတ်ဆို့ထားလိုက်သည်။

ဖေးဟွာက ရှန်ကျွင်းထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအားမြင့်မားသည်။ သူတို့နှစ်ယောက်၏ တန်ခိုးစွမ်းအားက ကမ္ဘာခြားသည်ဟု ဆိုနိုင်ပေ၏။

ထူးကဲယန်စည်းတံဆိပ်က တားဆီးထားည့်အခါ ရွှေရောင်မိုးစက်များက အနည်းငယ် တုံ့ဆိုင်းသွားသည်။

သို့သော် ထို အချိန်တစ်ခဏကိုအသုံးပြုပြီး ရန်ကျောက်ကဲက ယန်ချုန်းကို အဝေးသို့ဆွဲခေါ်ပြီး နောက်ပြန်ဆုတ်သွားနိုင်ခဲ့သည်။

“ဒီအထွတ်ထိပ်မှော်ဝင်ပစ္စည်းက...”

ဖေးဟွာ၏မျက်ဝန်းများတောက်ပသွားပြီး...

“စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ”

ဖေးဟွာက ရန်ကျောက်ကဲကို အေးစက်စွာကြည့်ကာ ရယ်မောလိုက်ပြီး...

"မင်း သူ့ကို ကာကွယ်နိုင်မယ်လို့ မင်းထင်လား"

ရန်ကျောက်ကဲက အလားတူပင် ရယ်မောရင်း...

“ငါကိုယ်တိုင်တောင် မရေရာတဲ့ အနေအထားမှာ ရှိနေနိုင်ပါတယ် ၊ ဒါပေမဲ့ မင်းက ငါ့ကိုလွယ်လွယ်နဲ့အလွတ်မပေးဘူးဆိုတော့ ကြိုးစားကြည့်ရမှာပေါ့”

ဖေးဟွာက ထူးဆန်းစွာပြုံးလိုက်ရင်း...

“အရည်အချင်းလည်းရှိ တန်ခိုးစွမ်းအားလည်းမြင့်မားသလို စိတ်ဓာတ်ကလည်းကောင်းတာပဲ... ဒါပေမဲ့ စိတ်မကောင်းစရာက...”

သူ့စကားမဆုံးခင်မှာပင် သူ့ခန္ဓာကိုယ်တွင်းမှ ရတနာအလင်းတန်းက ပိုပြီးတောက်ပလာသည်။

တစ်ချိန်တည်းမှာပင် ယန်ချုန်း၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်နေသည့် ရတနာအလင်းတန်းက အလွန်တရာ မှိန်ဖျော့သွားသည်။

ယန်ချုန်း မျက်လုံးများ ပြူးကျယ်လာကာ စကားမပြောနိုင်ဘဲ သူ့ခန္ဓာကိုယ်တွင်းမှ ရတနာအလင်းတန်းကသက်တံ့ရောင်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

တစ်ချက်ပင် တိုက်ခိုက်စရာမလိုဘဲ ဖေးဟွာက ယန်ချုန်းကို သတ်ဖြတ်လိုက်ပြီ ဖြစ်၏။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ဖေးဟွာကို စူးစိုက်ကြည့်ရင်း...

“အင်း... ဒီရတနာအလင်းတန်းရဲ့တန်ခိုးစွမ်းအာက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် တစ်ပါးတည်းကို ယုံကြည်ခြင်းအတွက်ပဲ မဟုတ်ဘူးပဲ ၊ နယ်မြေတစ်ခုက ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေကိုလည်း ကောင်းကင်ဘုံအရှင်လိုပဲ အကျိုးပြုပေးနိုင်တာပဲ”

“အင်း... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အတွက် ကျယ်ပြန့်သလို နယ်မြေတစ်ခမှာ ကန့်သတ်ခံထားရတာလည်း ဖြစ်တယ် ၊ ယန့်ဖန်းနတ်ဘုံအုပ်ချုပ်မှုအောက်က အမတခုံရုံးကျင့်ကြံသူတွေက မျိုးဆက်အလျှောက် ဒီရတနာအလင်းတန်းအကျိုးကို ခံစားနိုင်မှာပဲ”

“လက်အောက်ငယ်သားတွေက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကိုးကွယ်ကြတဲ့အခါ မင်းတို့လို ထိပ်တန်းအဆင့်ကျင့်ကြံသူတွေအတွက်လည်း နည်းနည်းတော့ အကျိုးရှိနိုင်တယ်”

ရန်ကျောက်ကဲစကားများကိုကြားတော့ ဖေးဟွာ၏မျက်ဝန်းများက တည်ကြည်လေးနက်သွားပြီး သူ့ကိုထပ်မံအကဲခတ်လိုက်သည်။

ရန်ကျောက်ကဲကလည်း ဖေးဟွာကို အကဲခတ်ရင်း...

“အင်း... ဒါပေမဲ့ မင်းတို့ကိုယ်တိုင်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကိုးကွယ်ဆည်းကပ်ဖို့ လိုအပ်နေသေးတယ် မဟုတ်လား ၊ ပြီးတော့ မင်းတို့ ယန့်ဖန်းကောင်းကင်ဘုံက ယုံကြည်ခြင်းနဲ့ကိုးကွယ်ခြင်းရင်းမြစ်တွေထဲက တစ်ခုဖြစ်တယ်”

“ဒါပေမဲ့ ဒီရင်းမြစ်မှာရှိနေတဲ့မင်းအနေနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လိုမျိုး အကျိုးခံစားခွင့်တွေ အနည်းနဲ့အများရှိရမဘ် ၊ ငါထင်တာ မှန်တယ်မဟုတ်လား”

ဖေးဟွာက ရန်ကျောက်ကဲ၏ စကားများကို အရေးမစိုက်ဟန်ဖြင့်...

“တာအိုကို စွဲလန်းနေသရွေ့ ငါတို့က ကောင်းကင်ဘုံနဲ့အတူ နေထိုင်နိုင်တယ်”

All Chapters