ရက်စက်ပြီး ကြောက်မက်ဖွယ်ရာ
Vol. 65 Ch. 914
အခန်း (၉၁၄) ရက်စက်ပြီး ကြောက်မက်ဖွယ်ရာ
“ကောင်းကင်ဘုံနဲ့အတူနေထိုင်တယ် ဟုတ်လား”
ဖေးဟွာပြောသည့်စကားကို ထပ်မံရေရွတ်ရင်း ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောလိုက်သည်။
“ကြည့်ရတာ အမတခုံရုံးအဆက်အနွယ် ဧကရာဇ်တွေကလည်း ကျန်တဲ့သူတွေနဲ့ အတူတူပဲ ဖြစ်ရမယ် ၊ ကိုးကွယ်ယုံကြည်မှုစွမ်းအားပိုပြီးများပြားလေ ကြီးမားတဲ့ဂုဏ်ပုဒ်ရရှိလေ မဟုတ်လား”
“ပြီးတော့ မင်းလို လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံနဲ့အတူနေထိင်တယ်ဆိုတဲ့ အနိမ့်ဆုံးစံသတ်မှတ်ချက်ပဲ ဖြစ်ရမယ်”
ဟောက်ယန်အရှင်သခင် ‘ဖေးဟွာ’ ၏မျက်နှာအမူအရာက ယခု တည်ငြိမ်နေပြီ ဖြစ်သည်။
သူ၏မျက်နှာကို ရွှေရောင်နေအလင်းတန်းက အလွှာပါးတစ်ခုပမာ လွှမ်းခြုံထားသည်။
ဖေးဟွာက ဖြည်းညင်းစွာဖြင့်...
“ဒီကိစ္စတွေအားလုံး မင်းလုပ်တာမဟုတ်လား”
ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားရင်း...
“ငါက လွန်ခဲ့တဲ့ (၂)ရက်ကမှ အမတခုံရုံးအကြောင်း သိရတာပါ ၊ အရင်က ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖူးပေမယ့် သူတို့အကြောင်းလည်း သိပ်မသိရသေးပါဘူး ၊ အင်း... ငါသိချင်တာက ဒီကိစ္စတွေအားလုံးမှာ မင်းတို့တွေနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက အတူတူပဲလား”
ဗုဒ္ဓဘာသာဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် တည်ရှိခဲ့သောအရာ ဖြစ်သည်။
ဘုရားလောင်း၏ကျမ်းဂန်များထဲတွင် မည်သည့်အရာများပါဝင်သည်ကိုလည်းသိရှိထားပြီး ဖြစ်သည်။ သို့တိုင် သူ့အနေဖြင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး သိမြင်နိုင်မှုက ကန့်သတ်ချက်ရှိနေဆဲပင်။
ဖေးဟွာက ရန်ကျောက်ကဲကို အေးစက်စွာကြည့်ရင်း...
“မင်းသိတာတွေ သိပ်များနေပြီ”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...
“မင်းပြောတဲ့အတိုင်းပြန်ပြောရရင် မင်းလည်းအများကြီးသိထားတယ် မဟုတ်လား”
ဖေးဟွာအကြည့်က ယန်ချုန်းထံမှလွှဲဖယ်ပြီး စောစောက ရှန်ကျွင်းကို သတ်ဖြတ်လိုက်သည့်နေရာသို့ ကျရောက်သွားသည်။
“မင်းက သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိထက် ရှန်ကျွင်းထက် အများကြီးသာတယ် ၊ ပြီးတော့ မင်းက သူတို့နဲ့လုံးဝမတူဘူး”
ရန်ကျောက်ကဲက ဖေးဟွာကို ထူးဆန်းသောအကြည့်ဖြင့် အကဲခတ်ရင်း...
“မင်းတို့ အမတခုံရုံးတာအိုနဲ့ စန်းချင်း (၃)ပါးအဆက်အနွယ်တာအို ကွာခြားချက်ကို မင်းတကယ်နားလည်သင့်တယ်”
“အရင်တုန်းက မင်းတို့ဂိုဏ်းရဲ့ဧကရာဇ်က သတင်းတွေချန်ထားခဲ့တာလား ၊ ဒါမှမဟုတ် ဒီအကြောင်းတွေကို အစကတည်းက သိနေခဲ့တာလား”
“အဲဒီလိုမဟုတ်ဘူးဆိုရင် မင်းတို့ အမတခုံရုံးသိုင်းကျင့်ကြံသူတွေက သိုင်းသူတော်စင် ဒဿမအဆင့် ‘လူသားအထွတ်ထိပ်’ အဆင့်ကိုရောက်ရှိတဲ့အခါ ‘ကောင်းကင်ဘုံနှင့်အတူနေထိုင်ခြင်း’ စွမ်းအားကိုရလာပြီး အမှန်တရားကို တွေ့မြင်ခွင့်ရှိလာတာလား”
ရန်ကျောက်ကဲ ဖေးဟွာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
ဖေးဟွာက သိမ်မွေ့စွာဖြင့်...
“အဖြေကိုသိချင်တယ်ဆိုရင် မင်း တန်ဖိုးပေးဆပ်ရလိမ့်မယ် ၊ ပြင်ပတာအိုက တပည့်တွေအတွက်လည်း အတူတူပဲ မဟုတ်လား ၊ ငါတို့ပေးဆပ်ရတဲ့တန်ဖိုးကပဲ မတူညီတာရှိမှာပါ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ တန်ဖိုးပေးဆပ်လိုက်ရင်တောင် ပြန်မရနိုင်တဲ့အရာတွေအများကြီးရှိတယ် ၊ ဒါပေမဲ့ ငါတို့အတွက်ကတော့ တာအိုအပေါ် သစ္စာရှိနေသရွေ့ ကောင်းကင်ဘုံက ငါတို့ကိုစောင့်ရှောက်လိမ့်မယ်”
“ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက မင်းတို့တွေထက်ပိုပြီး သာလွန်မျှတပါတယ်”
ဖေးဟွာ၏အကြည့်က ရန်ကျောက်ကဲနှင့် ဖုထင်ထံ ဖြတ်သန်းသွားပြီး...
“ငါအသိစိတ်မှာတော့ ဒါက လမ်းမှန်ကျင့်ကြံခြင်းပဲ”
ရန်ကျောက်ကဲက...
“မင်းတို့လိုကျင့်ကြံသူတွေက ဗုဒ္ဓဘာသာကျင့်ကြံသူတွေဆိုရင် ဘုရားလောင်းရဲ့ကျမ်းစာတွေကနေ မင်းတို့ရဲ့ မွေးရာပါအရည်အချင်းကို ကန့်သတ်ထားကြတယ် ၊ မင်းတို့လည်းအဲဒီအတိုင်းပဲ ၊ မင်းတို့ရဲ့ မွေးရာပါပင်ကိုယ်စွမ်းရည်တွေက ကန့်သတ်ခံထားရတယ်”
“မင်းတို့အတွက် အရေးကြီးဆုံးက နက်ရှိုင်းတဲ့ယုံကြည်ခြင်းဘဲ ၊ တာအိုကိုနားလည်ခြင်းနဲ့ ပါရမီရှိခြင်းက အရေးမကြီးဘူး ၊ ယုံကြည်ခြင်းစွမ်းအားကိုသာပိုင်ဆိုင်ရင် တစ်နေ့တခြား ပိုပြီးထက်မြက်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာနိုင်တယ် ၊ ပိုမြင့်တဲ့တောင်ထွတ်ကိုရောက်ဖို့ဆိုတာ အလွယ်လေးပဲ”
ရန်ကျောက်ကဲက ဖေးဟွာကို စူးစိုက်ကြည့်ရင်း...
“မင်းလိုပဲပေါ့... မင်းရဲ့အရည်အချင်းနဲ့စွမ်းရည်က ရှန်ကျွင်းနဲ့ ယန်ုချုန်းထက်မသာလွန်ပေမယ့် ယုံကြည်ခြင်း ရတနာအလင်းတန်းက သာလွန်တယ်လေ”
ဖေးဟွာက အေးဆေးတည်ငြိမ်စွာဖြင့်...
“ဒီတော့ ဘာဖြစ်လဲ”
သူက ရန်ကျောက်ကဲကိုအရင်ကြည့်လိုက်ပြီးမှ ဖုထင်ကိုကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်လုံးက တုန်လှုပ်စရာကောင်းလောက်အောင် အရည်အချင်းရှိတယ်လို့ ငါပြောနိုင်တယ် ၊ စကြာဝဠာတစ်ခုလုံးအလယ်က ပါရမီရှင်တွေကြားက ပါရမီရှင်လို့တောင် ယူဆလို့ရတယ်”
“နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သိုင်းသူတော်စင် (၂)ယောက်က အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင် ရှန်ကျွင်းကို သတ်ဖြတ်နိုင်ခဲ့တယ် ၊ ငါလည်း သိုင်းသူတော်စင်ပဉ္စမအဆင့်မှာသာဆိုရင် မင်းတို့ကိုနိုင်မှာမဟုတ်ဘူး”
“မင်းတို့လို ပြင်ပတာအိုကျင့်ကြံသူတွေက တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ ငါတို့ အမတခုံရုံး လမ်းမှန်တာအိုကျင့်ကြံသူတွေထက် အားကောင်းကြတာအမှန်ပဲ ၊ ဒါပေမဲ့ ပြင်ပတာအိုကျင့်ကြံသူတွေကြားမှာတောင် မျိုးဆက်တူသူတွေအလယ်မှာ မင်းတို့နှစ်ယောက်က အများကြီးသာလွန်တဲ့သူတွေပဲ”
“ဒါပေမဲ့ ...”
ဖေးဟွာသည် လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“မင်းတို့နှစ်ယောက် ဘယ်လောက်ပဲအရည်အချင်းရှိပါစေ ငါ့ရှေ့မှာတော့ အလကားပဲ”
ဖေးဟွာ၏လက်ဖဝါးထက်မှ တောက်ပသောနေရောင်ခြည်းထွက်ပေါ်လာသည်။
“ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းတို့ထက်အဆပေါင်းများစွာ သာလွန်လို့ပဲ”
“ငါက မင်းတို့ပြင်ပတာအိုရဲ့ လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ငါတို့လမ်းမှန်တာအိုမှာ မင်းတို့ဘက်က လူသားအထွတ်ထိပ်ကျင့်ကြံသူတွေကိုနှိမ်နင်းဖို့ ဧကရာဇ်တွေ ၊ အစစ်အမှန်နတ်ဘုရားတွေ အများကြီးရှိတယ်”
ဖေးဟွာ၏မျက်နှာအမူအရာက အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
“မင်းတို့ဘက်က ပြင်ပတာအို ဧကရာဇ်ရောက်လာရင်တောင် ငါတို့လမ်းမှန်တာအိုဘက်က အစစ်အမှန်နတ်ဘုရားတွေက ရှင်းပစ်ကြလိမ့်မယ်”
ပြောရင်းဖြင့်ပင် ဖေးဟွာက လက်ဝါးရိုက်ချက် တွန်းထုတ်လိုက်သည်။
တောက်လောင်ပြင်းထန်သော နေရောင်ခြည်အလင်းတန်းက ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားပြီး ရန်ကျောက်ကဲနှင့် ဖုထင်တို့မှာ သူတို့၏ ကိုယ်တွင်းအင်္ဂါများ မီးမြှိုက်ခံရသလို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ၏ အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုမှ နတ်ဘုရားအလင်းတန်း (၅)ခု ထွက်ပေါ်လာသည်။
အဆုံးမရှိစီးဆင်းနေသော တန်ခိုးစွမ်းအား (၅)ခု ထင်ရှားစွာထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လျွမ်းခြုံသွားသည်။
ထိုအချိန် ရိုးရှင်းသောတိမ်တိုက်တစ်ခုက ဖုထင်၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။ သူမက ရှန်းထျန်းဝူထိုက်၏ အတိုင်းအဆမဲ့ထိုက်စုခန္ဓာကို ထုတ်ဖော်အသုံးပြုလိုက်ခြင်ပင်။
သို့သော် ဖေးဟွာ၏လက်ဝါးရိုက်ချက်က ယခင်ကထက်ပင် ပိုမိုအားကောင်းလာသည်။
ရွှေရောင်နေခြည်များ တောက်ပလာသည့်အခါ ရန်ကျောက်ကဲ၏ ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာသည်ပင် မတည်ငြိမ်သောလက္ခဏာများ ပြသလာသည်။
အဆုံးသတ်မှာတော့ သူတို့၏ကျင့်ကြံခြင်းအဆင့်က အလွန်တရာ ကွာခြားသည် မဟုတ်ပါလား။
ရန်ကျောက်ကဲနှင့် ဖုထင်တို့အနားတွင်ရှိသော ချွမ်ဟောင်လုန်မှာ ယန်ချုန်း သေဆုံးသွားသည်ကိုကြည့်ရင်း မှင်တက်လျှက် ရှိသည်။
ယခုလည်း ရွှေရောင်နေဝန်းအလင်းတန်းများကို တွေ့မြင်ရသည့်အခါ ယန့်ဖန်းနတ်ဘုံမှ ဖေးဟွာကိုကြည့်ရင်း မယုံကြည်နိုင်စွာ တုန်လှုပ်သွားသည်။
သူက အမတခုံရုံးသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် သိုင်းသူတော်စင် တတိယအဆင့်ရှိသူဖြစ်ရာ တုံး အ သူ တစ်ယောက် မဟုတ်ပေ။
သူ ငယ်စဉ်ကပင် ကိုးကွယ်ခဲ့သော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးကို ဘယ်သောအခါမှ သံသယမရှိခဲ့ပေ။
ဖေးဟွာက ယန်ချုန်းကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သတ်ဖြတ်မည်ဆိုလျှင် ချွမ်ဟောင်လုန်သည် ယန်ချုန်းအတွက် ဝမ်းနည်းမှုခံစားရမည်မှလွဲပြီး တခြားထူးခြားစွာ ခံစားရမည် မဟုတ်ပေ။
သို့သော် ဖေးဟွာက ယန်ချုန်းကို တန်ခိုးစွမ်းအားအသုံးပြုကာ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေ။
ယန်ချုန်း၏ ခန္ဓာကိုယ်တွင်းမှ ရတနာအလင်းတန်းက ဖေးဟွာ၏ထိန်းချုပ်မှုအတွင်း ကျရောက်သွားပြီး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ယန်ချုန်းမှာ သူ့ဆန္ဒမပါဘဲ အတင်းအဓမ္မ သက်တံ့ပုံဖော်ခြင်းအဖြစ်သို့ ရောက်ရှိခဲ့ရသည်။
ဒါကို မြင်လိုက်ရတော့ ချွမ်ဟောင်လုန် သူ့တစ်ကိုယ်လုံး အေးစက်သွားသလို တုန်လှုပ်ချောက်ချားသွားရသည်။
ဖေးဟွာသည် ယန်ချုန်းကိုသတ်ရန် မည်သည့်နည်းလမ်းကိုအသုံးပြုခဲ့ပါသနည်း။
သူ့ကိုအဆိပ်ခတ်ပြီး သို့မဟုတ် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့လျှင်ပင် ချွမ်ဟောင်လုန်သည် ဤမျှ ထိတ်လန့်ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
ယခု ယန်ချုန်းသေဆုံးမှုကို မျက်မြင်တွေ့ဆုံရပြီးနောက် ချွမ်ဟောင်လုန်သည် သေခြင်းတရားက သူနှင့်ဆက်နွယ်နေပြီဟု တွေးထင်လာမိသည်။
သူ့စိတ်များ လုံးလုံးလျားလျား ကမောက်ကမ ဖြစ်ကုန်သလို ဆုံးရှုံးမှုကိုလည်း ခံစားလိုက်ရပြီး အလွန်အမင်းတုန်လှုပ်လျှက် ရှိသည်။
မူလ သန့်စင်ပြီး တောက်ပနေသော သူ့ခန္ဓာကိုယ်အတွင်းမှ ရတနာအလင်းတန်းသည် ယခုတော့ စတင်ပြီး မတည်မငြိမ် ဖြစ်လာသည်။
ရတနာအလင်းတန်း မျှခြေပျက်သွားသည်နှင့်အမျှ ချွမ်ဟောင်လုန်၏စစ်မှန်သောအနှစ်သာရသည်လည်း ချက်ချင်းဆိုသလို မှိန်ဖျော့သွားသည်။ ဤသည်ကို သူ့ဘေးနားမှ ရန်ကျောက်ကဲနှင့် ဖုထင်တို့သည်လည်း ရှင်းရှင်းလင်းလင်း သိရှိခံစားနိုင်ကြသည်။
ဖေးဟွာက သူ့ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ရင်း...
“မင်းကိုလည်း ဆက်ထားလို့အသုံးမဝင်တော့ဘူး...”
သူ၏လက်ဝါးရိုက်ချက်က ချွမ်ဟောင်လုန်ကို လွှမ်းခြုံထားခြင်း မရှိသော်လည်း ချွမ်ဟောင်လုန်၏ ခန္ဓာကိုယ်မှ ရတနာအလင်းတန်း မျှခြေပျက်ဆီးသွားပြီး သက်တံ့အလင်းတန်းများ ထွက်ပေါ်လာသည်။
ချွမ်ဟောင်လုန်သည်လည်း ဖေးဟွာ၏လက်ဝါးရိုက်ချက်ကြောင့်မဟုတ်ဘဲ ယန်ချုန်းနောက်သို့ လိုက်ပါသွားခဲ့ရသည်။
ရန်ကျောက်ကဲက မျက်မှောင်ကြုံ့ရင်း...
“လက်စသတ်တော့ ဒီလိုနည်းမျိုးက သူတို့ရဲ့ တာအိုကိုသစ္စာပျက်သွားတဲ့ အမတခုံရုံးကျင့်ကြံသူတွေအပေါ်မှာပဲ အသုံးပြုလို့ရတာလား ၊ တစ်ဖက်လူရဲ့ ယုံကြည်ခြင်း ရတနာအလင်းတန်း တည်ငြိမ်ခိုင်မာနေသရွေ့ ဒီနည်းလမ်းက အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး”
ဖေးဟွာ၏ လက်ဝါးရိုက်ချက်ဖိအားကသူ့အပေါ် ကြီးမာစွာ သက်ရောက်မှုရှိနေသည့်တိုင် ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် ပေါ့ပေါ့ပါးပါး စကားဆိုလိုက်သည်။
“မင်းက ယန်ချုန်းကို သုတ်သင်တဲ့နည်းလမ်းအတိုင်းပဲ ချွမ်ဟောင်လုန်ကို သတ်လိုက်တာ မဟုတ်လား”
ဖေးဟွာက ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို စူးစိုက်ကြည့်ရင်း...
“သူတို့နဲ့ယှဉ်ရင် ငါက မင်းတို့နှစ်ယောက်ကိုပိုပြီး တရားအလင်းရစေချင်တာ”
“မင်းတို့လို ထူးခြားတဲ့ပါရမီရှင်တွေသာ လမ်းမှားကိုစွန့်လွှတ်ပြီး လမ်းမှန်ကိုလိုက်မယ်ဆိုရင် ၊ ကောင်းကင်ဘုံကို စိတ်စေတနာအပြည့်နဲ့ ဆည်းကပ်မယ်ဆိုရင် ငါ့အတွက်တော့ တကယ့်ကောင်းကျိုးတွေရရှိမှာပဲ”