← Chapters

ရှောင်ကျန့်နတ်ဓားရှင်

Vol. 65 Ch. 915

ရှောင်ကျန့်နတ်ဓားရှင်

Vol. 65 Ch. 915

အခန်း (၉၁၅) ရှောင်ကျန့်နတ်ဓားရှင်

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကိုအသုံပြုပြီး ဖေးဟွာ၏ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့လိုက်သည်။

သူက ရယ်မောရင်း...

“မင်းက ငါ့ရဲ့ဒီရတနာပစ္စည်းကို လိုချင်တာမဟုတ်လား”

ထူးကဲယန်စည်းတံဆိပ်ကိုကြည့်ရင်း ဖေးဟွာက ဖြည်းညင်းစွာဖြင့်...

“စောစောက ရုတ်တရက်ကြည့်လိုက်တော့ သေချာမသိလိုက်ဘူး ၊ အခုတော့ ပြောနိုင်ပြီ ၊ အဲဒါက ထူးကဲယန်စည်းတံဆိပ် မဟုတ်လား ၊ မင်းတို့ပြင်ပတာအိုက နေဝန်းထက်ယံအရှင်သခင်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ဒီပစ္စည်းက သက်ဆိုင်တယ်လေ”

ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်ရင်း...

“မင်းက နေဝန်းထက်ယံအရှင်သခင်ကို သိတာလား”

ဖေးဟွာက သိမ်မွေ့စွာဖြင့်...

"အရင်က သူ့အကြောင်း ငါကြားဖူးတယ် ၊ သူ့အဆက်အနွယ်တွေက အရင်တုန်းက ငါတို့ ဟောက်ယန်နန်းတော်နဲ့အဆက်အသွယ်ရှိခဲ့တာ ထင်ရှားတယ် ၊ ဒါကြောင့်... ထူးကဲယန်စည်းတံဆိပ်ထဲမှာ ငါတို့ ဟောက်ယန်ကျမ်းစာနဲ့ဆင်တူတဲ့ တန်ခိုးစွမ်းအားအယူအဆတစ်ခုပါဝင်တယ်လို့ ပြောလို့ရတယ်”

“ဒီလိုဆိုမှတော့ ဒီ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ငါတို့ ဟောက်ယန်နန်းတော်နဲ့ ကံကြမ္မာချင်းဆက်စပ်နေတယ် ၊ ဒါကြောင့် ဒီပစ္စည်းကိုမယူရဲစရာအကြောင်းမရှိဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲက တဟားဟားအော်ဟစ်ရယ်မောရင်း...

“မင်းရဲ့စကားက အကုန်လုံး စီစဉ်ထားတာကျနေတာပဲ ၊ လက်ရှိပိုင်ရှင်ဖြစ်တဲ့ ငါက မင်းကို ဒီပစ္စည်းပေးမယ်ပြောလို့လား”

ဖေးဟွာကလည်း အလားတူ ရယ်မောရင်း...

“မင်းက အမတခုံရုံးတာအိုအောက်ကိုရောက်ပြီး ငါတို့ဟောက်ယန်နန်းတော်မှာ တပည့်လုပ်ရတော့မှာပဲလေ...”

ရယ်မောရင်းဖြင့်ပင် သူက လက်ချောင်းများကို ကွေးဆုပ်လိုက်ပြီး လက်သီးချက်ထုတ်ဖော်လိုက်သည်။

ထိုသိုင်းပညာအယူအဆက မဟာနေမင်းကျမ်းဂန်နှင့်ဆင်တူသလို ယိုးမင်ဂမ္ဘီရဂိုဏ်းမှ ခွဲထွက်လာသည့် ကွမ်းမင်ဂိုဏ်းမှ သိုင်းပညာရပ်နှင့်လည်း ဆင်တူသည်။

သူ၏လက်သီးချက်များသည် ရွှေရောင်အလင်းတန်းများ တောက်ပစွာလင်းလက်နေပြီး နေဝန်းတစ်စင်း ဆင်းသက်လာသည့်ပမာ အရာခမ်းသိမ်းက ပြိုကျပျက်ဆိးသွားသည်။

ဖေးဟွာ၏ ဟောက်ယန်နတ်လက်သီးသိုင်းနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ရန်ကျောက်ကဲက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ရန်သူကိုရင်ဆိုင်ရန် အလျှင်အမြန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင်...

အဝေးတစနေရာမှ ဗလာနယ်က တုန်လှုပ်လာသည်။

အမှောင်ထုဗလာနယ်က အက်ကွဲသွားပြီး ရှည်လျားသည့်မြစ်တစ်စင်းထွက်ပေါ်လာသည်ကိုတွေ့ရသည်။ ထိုမြစ်ရေက ဗလာနယ်ကိုဖြတ်ကျော်ပြီး ချက်ချင်းပင် သူတို့ရှေ့သို့ ရောက်ရှိလာသည်။

ဒါကိုမြင်တော့ ဖေးဟွာက မျက်မှောင်ကြုံ့ရင်း...

“မင်း ဘာလို့ ယန့်ဖန်းနတ်ဘုံကိုရောက်လာတာလဲ”

ရောက်လာသူက အမတခုံရုံးမှ နောက်ထပ် လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထိုသူ၏ တန်ခိုးစွမ်းအားက ဖေးဟွာကဲ့သို့ တောက်လောင်ပြင်းထန်လွန်းခြင်းမရှိသော်လည်း တည်ငြိမ်ပြီး ကျယ်ပြန့်သည်။

သူ၏ စစ်မှန်သော အနှစ်သာရဖြင့် ဖွဲ့စည်းထားသော ရှည်လျားသော မြစ်သည် ကောင်းကင်မြစ်ပမာ စကြာဝဠာတစ်ခွင်လုံးသို့ အဆုံးမရှိ စီးဆင်းသွားစေသည်။

“ထျန်းဟယ်ကျမ်းစာ...”

ရန်ကျောက်ကဲက ထိုသူကို မသိသော်လည်း ထိုသူကျင့်ကြံထားသည့်သိုင်းပညာက ဟောက်ယန်ကျမ်းစာထက် နိမ့်ကျခြင်းမရှိသော ထျန်းဟယ်ကျမ်းစာဖြစ်‌ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ‘ထျန်းဟယ်ဂိုဏ်း’ ဟုလူသိများသော သိုင်းဂိုဏ်းတစ်ခုရှိခဲ့ပြီး ထိုဂိုဏ်းမှတပည့်များက စစ်မှန်သောအနှသာရနှင့်ပြည့်ဝပြီး လေးနက်မှုများကြောင့် ကျော်ကြားခဲ့ကြသည်။

ယခုတော့ ကောင်းကင်မြစ်ထက်တွင် အစိမ်းရောင်ဝတ်ဆင်ထားသော လူတစ်ယောက်မတ်တ်ရပ်နေပြီး သူက ဖေးဟွာကို အလျင်အမြန် စကားဆိုလိုက်သည်။

“မင်း ဒီမှာရောက်နေတာကိုး... အမြန်လာပြီး ကူညီစမ်းပါဦး”

သူ့စကားမဆုံးခင်မှာပင် ထျန်းဟယ်မြစ်အဝေးတစ်နေရာတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

“မင်းတို့နှစ်ယောက်ဆိုတော့ရော ဘာလုပ်ရမှာလဲ”

အစိမ်းရောင်ဝတ်ထားသော လူရွယ်၏နောက်တွင် အဖြူရောင်ဓားရှည်တစ်စင်းထွက်ပေါ်လာပြီး တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ထို အဖြူရောင်ဓားရှည်ကိုတွေ့သည့်အခါ အစိမ်းရောင်ဝတ်လူရွယ်မှာ တန်ပြန်ရန် အင်အားမရှိသည့်အလား အလွန်တရာ ထိတ်လန့်သွားသည်။

အဖြူရောင်ဓားချီက မီးခိုးမြူပမာ ပါးလွှာလွန်းလှသည်။

သို့သော် ချွတ်ထက်သောကတ်ကြေးတစ်ခုက အဝတ်အထည်များကို ထိုးခွဲဆုတ်ဖြဲလိုက်သည့်ပမာ ပါးလွှာသည့် အဖြူရောင်ဓားဝိညာဉ်က ကြီးမားကျယ်ပြန့်သော ကောင်းကင်မြစ်ကို အလယ်တည့်တည့်မှာ ဖြတ်‌တောက်ပစ်လိုက်သည်။

ဖေးဟွာ ၊ ရန်ကျောက်ကဲနှင့် ဖုထင်တို့ တပြိုင်တည်းရေရွတ်လိုက်ကြသည်။

“နတ်ဘုရားအဆုံးသတ်ဓားသိုင်း...”

ဓားသွားဖြတ်သန်းသွားချိန်တွင် ဝိညာဉ်စွမ်းအားအလင်းတန်းများ ၊ တာအိုသင်္ကေတများကို တွေ့မြင်ရခြင်းမရှိပေ။

အဖျက်တရား ၊ သုတ်သင်ရှင်းလင်းခြင်းနှင့် ထာဝရအဆုံးသတ်ခြင်းများကိုသာ တွေ့မြင်ရသည်။

အစိမ်းရောင်ဝတ်လူရွယ်ကိုမဆိုထားနှင့် ခပ်ဝေးဝေးတွင်ရှိနေသော ရန်ကျောက်ကဲတို့အုပ်စုသည်ပင် ဖြူရောင်ဓားဝိညာဉ်ကို တွေ့လိုက်ရသည်နှင့် သူတို့စိတ်ထဲ ထင်ယောင်ထင်မှား ခံစားလိုက်ကြရသည်။

မိုးမြေတစ်ခွင်မှ သဏ္ဌန်ရှိ ၊ သဏ္ဌန်မဲ့အရာအားလုံးသည် နတ်ဘုရားအဆုံးသတ်ဓားသိုင်းအောက်တွင် ကျဆုံးကြရမည်သာ ဖြစ်သည်။

ရန်ကျောက်ကဲကိုယ်တိုင်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ ယခု ဤဓားချက်ကို မြင်လိုက်ရတော့ စန့်ချင်အဆက်အနွယ်မှ နတ်ဘုရားသုတ်သင် ဓားသိုင်း (၄)မျိုးထဲမှ နတ်ဘုရားအဆုံးသတ်ဓားသိုင်းဖြစ်ကြောင်း အသေအချာသိရှိခဲ့သည်။

အဝေးတစ်နေရာရှိ မတုန်မလှုပ်ရှိနေသော ကောင်းကင်မြစ် ရင်းမြစ်နေရာတွင်ရှိနေသည့် အစိမ်းရောင်ဝတ်လူရွယ်နှင့် ခြေလှမ်းအနည်းငယ်သာ ဝေးကွာသည့်နေရာတွင် လူငယ်တစ်ယောက် ရှိနေလေသည်။

ထိုသူ၏အဝတ်အစားများက နှင်းပွင့်ပမာဖြူစင်ပြီး ဦးခေါင်းထက်တွင် ကျောက်စိမ်းဖြူသရဖူကို ဆောင်းနှင်းထားပြီး သူ့လက်ထဲတွင် သံမဏိဓားတစ်လက်သာလျှင် ကိုင်ဆောင်ထားသည်။

ထိုလူငယ်၏ အပြင်ပန်းအသက်အရွယ်က (၁၆)နှစ်ထက် ပိုဟန်မရှိသော်လည်း သူ၏တကယ့်အသက်အရွယ်ကတော့ ပိုင်းခြားရခက်လှသည်။

ရန်ကျောက်ကဲသည်ပင် တစ်ဖက်လူ၏အသွင်အပြင်နှင့်အသက်အရွယ်ကို ရှင်းရှင်းလင်းလင်းမြင်ရန် အလွန်ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။

ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်မိသည်နှင့် သူ၏စိတ်အာရုံ အနည်းငယ်ယိမ်းယိုင်သွားကာ သူ၏ခန္ဓာကိုယ်သည်လည်း ခံစားချက်ကင်းမဲ့ကာ ဗလာကျင်းသွားသည်။ သူ သေဆုံးသွားပြီး သူ၏ဝိညာဉ်က မရှိတော့သလိုမျိုး ခံစားချက် ဖြစ်၏။

ဤသည်မှာ တစ်ဖက်လူ၏ သိုင်းပညာက ထူးခြားဆန်းကျယ်သောကြောင့်မဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်သည်။

တစ်ဖက်လူ၏ ဓားသိုင်းက အလွန်ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းသောကြောင့် ထိုသို့ဖြစ်ရခြင်းပင်။

တစ်စုံတစ်ယောက်က သူ့ကိုစူးစိုက်ကြည့်လိုက်ရုံဖြင့် ဒဏ်ရာရသည်အထိ ဖြစ်သွားနိုင်သည်။ ဘာမှန်းပင်မသိလိုက်ချိန်မှာပင် ဓားအငွေ့အသက်ဖြင့် အသက်ပျောက်သွားနိုင်သည်။

ထိုသူ၏ ဓားသိုင်းနှင့်နှိုင်းယှဉ်လျှင် လင်ဟန့်ဟွာ၏ဓားသိုင်းက အလွန်ပျော့ပြောင်းဟန် ရှိသည်။

တကယ်တော့ လင်ဟန့်ဟွာ၏ ထက်မြက်စိုးမိုးနိုင်စွမ်းရှိသောဓားသိုင်းကို အခြားသူများ တွေ့မြင်နိုင်ဆဲဖြစ်ပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်မသွားနိုင်သေးပေ။

ဒီလူငယ်ကတော့ သူ့ကိုကြည့်ရှုရန် ကြိုးစားလိုက်သည်နှင့် ဒဏ်ရာရရှိသွားနိုင်သည်။

ထိုသူက ငယ်ရွယ်သူဖြစ်သော်လည်း ဓားတာအိုကျင့်ကြံသူဖြစ်သည့်အပြင် သိုင်းသူတော်စင် ဒဿမအဆင့်ဖြစ်‌သော လူသားအထွတ်ထိပ် တန်ခိုးစွမ်းအားရှင်တစ်ယောက်လည်း ဖြစ်သည်။

စန်းချင်း (၃)ပါးအဆက်အနွယ် ရိုးရာဓလေ့ကျင့်ကြံမှုအတိုင်း “လူသားအထွတ်ထိပ်” အဆင့်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူတစ်ယောက်။

ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည့် အရှေ့တောင် ထိပ်တန်းအရှင်သခင်နှင့် နှိုင်းယှဉ်ကြည့်လျှင် မည်သူက သာသည် ၊ မည်သူကအားနည်းသည်ဟု မဆိုသာသော်လည်း ဤလူငယ်က ပိုပြီးရန်လိုစိတ်ပြင်းပြကာ ထက်ရှလွန်းလှသည်။

ဖေးဟွာက ထိုအဖြူရောင်ဝတ်လူငယ်ကိုကြည့်ရင်း...

“လုန်ရွှယ်ကျီး...”

ထိုအချိန် ဖုထင်ကလည်း ရုတ်တရက် ရေရွတ်လိုက်သည်။

“ရှောင်ကျန့်နတ်ဓားရှင် ‘ချန်ရွှယ်ကျီး’ လား...”

ရန်ကျောက်ကဲက ဖုထင်ကိုလှည့်ကြည့်ရင်း...

"မင်း သူ့ကို သိလား"

ဖုထင်က...

“သူ ဘယ်လိုပုံစံမျိုးလဲဆိုတာတော့ ကျွန်မမသိပါဘူး ၊ ဒါပေမဲ့ အဖြူရောင်အဝတ်အစား ၊ ကျောက်စိမ်းဖြူသရဖူနဲ့ ထက်ရှလွှမ်းမိုးလွန်းတဲ့ဓားဝိညာဉ်က အရင်တုန်းက အထက်ဘုံကမ္ဘာမှာ ရှိခဲ့ဖူးတဲ့ အကြီးအကဲတစ်ယောက်ရဲ့ ပုံစံမျိုးပဲ ၊ အဲဒီအကြီးအကဲက လျှို့ဝှက်စွာပျောက်ကွယ်သွားခဲ့တယ် ၊ ဒါပေမဲ့ သူက စန့်ချင်အဆက်အနွယ်ဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ”

အဖြူရောင်ဝတ်လူငယ်က ဖုထင်၏စကားကို မတုံ့ပြန်သလို ဖေးဟွာကိုလည်း အရေးမစိုက်ပေ။

အရိုးထဲအထိ အေးစိမ့်စွာထိုးဖောက်နိုင်စွမ်းရှိသော သူ့မျက်ဝန်းများက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး ရန်ကျောက်ကဲနှင့် ဖုထင်ထံသို့ ကျရောက်လာသည်။

“မင်းတို့နှစ်ယောက်က ဒီမှာဘာလုပ်နေတာလဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ မှေးစင်းသွားသည်။

“သူက ဖုထင်ကိုရော ငါ့ကိုရော သိနေတာပဲ”

“သူက တကယ်ပဲ ‘လုန်’ မျိုးနွယ်လား”

ရန်ကျောက်ကဲနှင့် ဖုထင်တို့နှင့် စကားပြောနေစဉ်မှာပင် အဖြူရောင်ဝတ်လူငယ်က တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။

သူက ကောင်းကင်မြစ်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖြိုခွင်းပြီးနောက် နောက်ထပ်ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။

ထိုဓားချက်က အစိမ်းရောင်ဝတ်လူငယ်ထံ ဝင်ရောက်သွားတော့ ထိုလူရွယ်က ဓားချက်ကိုခုခံရန် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ထုတ်ဖော်အသုံပြုလိုက်၏။

ထို့နောက်တွင် အမှန်တကယ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်လူငယ်က ရန်သူ၏လက်ထဲမှ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ဓားဖြင့်ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်ခြင်းပင်။

ရန်ကျောက်ကဲသည်လည်း ဤအချက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

စန့်ချင်အဆက်အနွယ်လူငယ်ကိုင်ဆောင်ထားသောဓားက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမဟုတ်သလို ရှေးဟောင်းနတ်ဓားတစ်လက်လည်းမဟုတ်ပေ။ သာမန်ပန်းပဲဖိုများတွင်တွေ့မြင်နိုင်သည့် သံမဏိဓားတစ်လက်မျှသာ ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းစွမ်းအားကြောင့်သာ ဤသို့သောဓားတစ်လက်ဖြင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်တးစ်ခုကို ခုတ်ပိုင်းပစ်နိုင်ခြင်း ဖြစ်သည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ သူ၏ဓားက မရပ်နားသည့်အရှိန်အဟုန်ဖြင့် အစိမ်းရောင်ဝတ်လူရွယ်ဆီသို့ ဝင်ရောက်သွားခြင်းပင်။

“မင်းလိုရန်သူမျိုးက ဘယ်လောက်ရှိရှိ အရေးမကြီးဘူး”

အဖြူရောင်ဝတ်လူငယ်က တည်ငြိမ်စွာပင်ဆိုသည်။

“မင်းလိုလူမျိုးက လူသားအထွတ်ထိပ်အဆင့်ဆိုတဲ့နာမည်ကိုတောင် သိက္ခာကျစေသေးတယ်”

အစိမ်းရောင်ဝတ်လူရွယ်၏မျက်ဝန်းများက ရုန်းကန်လှုပ်ရှားရင်း ဓားချက်ထိမှန်ပြီး ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားလေတော့သည်။

All Chapters