စွမ်းအားအမြင့်မားဆုံးမျိုးနွယ်
Vol. 65 Ch. 918
အခန်း (၉၁၈) စွမ်းအားအမြင့်မားဆုံးမျိုးနွယ်
လင်ဟန့်ဟွာဆိုသည်ကလည်း ချန်ရွှယ်ကျီးကဲ့သို့ပင် နာမည်အတုတစ်ခု ဖြစ်သည်။
စန့်ချင်အဆက်အနွယ်နှင့် အထက်ဘုံကမ္ဘာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ ပထမဆုံးတပည့်ဖြစ်သော ဓားသိုင်းကျင့်ကြံသူ၏အမည်အမှန်မှာ ‘လုန်ဟန့်ဟွာ’ ဖြစ်သည်။
သူ၏ဖခင်ဖြစ်သူ လုန်ရွှယ်ကျီးက ‘လုန်ချွမ်’ ဧကရာဇ်၏ အဆက်အနွယ်တစ်ယောက် ဖြစ်သည်။
လုန်ရွှယ်ကျီးသည်လည်း တစ်ချိန်က အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့သေးသည်။ သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခံရပြီးသည့်နောက်ပိုင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်လာခဲ့ရသည်။
သူ၏သားဖြစ်သူ လုန်ဟန့်ဟွာအရွယ်ရောက်လာသည့်အခါ လုန်ရွှယ်ကျီးနေရာအစားထိုးပြီး အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။
စိတ်မကောင်းစရာပင် သူသည်လည်း ဖခင်ဖြစ်သူနှင့် တူညီသည့်ကံကြမ္မာကိုရင်ဆိုင်ရကာ အထက်ဘုံကမ္ဘာမှ ထွက်ခွာလာရပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်လာခဲ့ရသည်။
လုန်ဟန့်ဟွာရှေ့သို့ရောက်လာပြီးနောက် အဖြူရောင်ဝတ်ဆင်ထားသော လုန်ရွှယ်ကျီးက သူ၏ ဓားသွားပမာထက်ရှမှုကိုရုပ်သိမ်းလိုက်ပြီး အသွင်သဏ္ဌန်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
သူတို့ (၂)ယောက်ကသားအဖဆိုသော်လည်း ရုပ်ချင်းဆင်တူခြင်း မရှိပေ။ အကြောင်းမသိသူဆိုလျှင် သူတို့နှစ်ယောက်ကို သားအဖဟု တွေးထင်မည်မဟုတ်ပေ။
ထို့ပြင် လုန်ရွှယ်ကျီးသည် ငယ်ရွယ်သောရုပ်သွင်ကို ပိုင်ဆိုင်ထားသောကြောင့် လုန်ဟန့်ဟွာသည် သူ့အဖေထက် အသက်ပိုကြီးပုံပေါက်သည်။
လုန်ဟန့်ဟွာက...
“အဖေ... ပထမဦးလေးက အဖေ့ကို တောင်ပေါ်ပြန်ရောက်တာနဲ့ ရှုခင်းသာတောင်ထွတ်ကိုသွားဖို့ မှာခဲ့တယ်”
“ရှုခင်းသာတောင်ထွတ် ဟုတ်လား”
လုန်ရွှယ်ကျီးက အဝေးတစ်နေရာမှ တောင်ထွတ်ဆီသို့ စူးစိုက်ကြည့်ရင်း...
“မင်းရဲ့အဘိုး တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”
လုန်ဟန့်ဟွာက...
“မကြာခင် ထွက်လာတော့မယ် ၊ ပထမဦးလေးက သူ့ကိုစောင့်နေတာ ၊ အဖေ့ကိုလည်းလာခဲ့ဖို့ မှာထားတယ်”
လုန်ရွှယ်ကျီးက ခေါင်းညိတ်ရင်း...
“သိပြီ... မင်းလည်း ငါနဲ့အတူလိုက်ခဲ့ပါ... ဟန့်ဟွာ”
သူတို့နှစ်ယောက်လုံး ချင်းဖိန်တောင်ဆီမှ ပျံသန်းမသွားကြဘဲ ရိုးရှင်းစွာပင် လမ်းလျှောက်ထွက်ခွာသွားကြသည်။
ထိုနေရာက ရှုခင်းသာတောင်ထွတ် ၊ စီးဆင်းကောင်းကင်မိုးကုတ်စက်ဝိုင်းရှိ လုန်ရွှယ်ကျီး ဖခင် လုန်ချွမ်ဧကရာဇ်တည်ရှိရာ ကျောက်ဂူအိမ်တော် ဖြစ်သည်။
လုန်ရွှယ်ကျီးက ကျော်ကြားအောင်မြင်မှုရရှိပြီးနောက် ရှုခင်းသာတောင်ထွတ် ၊ စီးဆင်းကောင်းကင်မိုးကုတ်စက်ဝိုင်းမှ ထွက်ခွာခဲ့ပြီး ချင်းဖိန်တောင်တွင် သူ၏ကိုယ်ပိုင်တာအိုနန်းတော်တည်ထောင်ကာ မိဘများနှင့်အတူ နေထိုင်ခြင်း မပြုတော့ပေ။
ရှုခင်းသာတောင်ထွတ် ၊ စီးဆင်းကောင်းကင်မိုးကုတ်စက်ဝိုင်းသို့ ရောက်ရှိသည်နှင့် လုန်ချွမ်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဟု တံခါးစောင့်က သူတို့သားအဖကို အကြောင်းကြားခဲ့သည်။
လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာတို့ ကျောက်ဂူအတွင်းဝင်ရောက်သွားတော့ အထဲတွင် လူ (၃)ယောက် ရှိနေသည်။
အသက် (၃၀)ဝန်းကျင်လူငယ်တစ်ဘောက်က အိပ်ပျော်နေသည့်အလား မျက်လုံးများမှေးမှိတ်လျှက်ထိုင်နေသည်။
သူ့နံဘေးတွင် အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်ရှိနေပြီး ထိုမိန်းမပျိုလေးက ကောင်းချင်မှလွဲပြီး အခြားသူ မဟုတ်ပေ။
လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာဝင်လာသည်ကိုမြင်တော့ ကောင်းချင်က ပြုံးရယ်ရင်း...
“အဘိုးလေး... ဦးလေးငယ် ရောက်လာပြီလား”
သူမကိုတွေ့တော့ လုန်ရွှယ်ကျီး၏မျက်နှာအမူအရာက သိမ်မွေ့သွားပြီး...
“ချင်အာ...”
ကောင်းချင်က လက်ချောင်းများကို နှုတ်ခမ်းထက်တွင်တင်ရင်း...
“ရှူး... အဘိုး အိပ်ပျော်နေတယ်”
သူမဘေးနားတွင် တင်ပျဉ်ခွေထိုင်ရင်း အိပ်ပျော်နေသည့် အဘိုးအိုတစ်ယောက်ရှိသည်။
သို့သော် လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာတို့ ဝင်လာသည်နှင့် အဘိုးအိုက ခေါင်းညိတ်ရင်း...
“ဒီတစ်ခေါက် ခရီးစဉ်က ချောမွေ့ပါရဲ့လား ညီ (၃)”
လုန်ရွှယ်ကျီးက အဘိုးအိုကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“အစ်ကိုကြီး...”
အကြီးဆုံးအစ်ကိုက ဆံပင်ဖြူအဘိုးကြီးဖြစ်ပြီး အငယ်ဆုံးညီက အသက် (၁၆)နှစ်ဖြစ်လေရာ အနည်းငယ်တော့ ထူးဆန်းနေဟန်ပင်။ သို့သော် ကောင်းချင်နှင့် လင်ဟန့်ဟွာတို့ကတော့ ကျင့်သားရနေကြဟန် အထူးအဆန်း မဖြစ်ကြတော့ပေ။
ဤဆံပင်ဖြူအဘိုးကြီးက လုန်ရွှယ်ကျီး၏ အကြီးဆုံးအစ်ကို ၊ အပြာရောင်ခရီးရှည်ကောင်းက်ငဘုံ၏ အချုပ်အချာအာဏာကိုပိုင်ဆိုင်သော ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်အရှင်သခင် ကောင်းရွှယ်ပေါ် ဖြစ်သည်။ သူက လုန်ချွမ်ဧကရာဇ်၏ အကြီးဆုံးသားတော်ဖြစ်သလို ကောင်းချင်၏ အဘိုးလည်း ဖြစ်၏။
သူက မိခင်ဖြစ်သူ၏မျိုးရိုးဖြစ်သော ‘ကောင်း’ မျိုးနွယ်ကို အမွေဆက်ခံခဲ့သည်။
လုန်ရွှယ်ကျီးကဲ့သို့ပင် ကောင်းရွှယ်ပေါ်သည်လည်း လူသားအထွတ်ထိပ် သိုင်းသူတော်စင် တစ်ယောက် ဖြစ်သည်။
သူတို့မျိုးနွယ်တွင် အုပ်စိုးရှင် (၁)ပါး ၊ ဧကရာဇ် (၁)ပါးနှင့် လူသားအထွတ်ထိပ် (၂)ယောက်ကို မွေးထုတ်ပေးခဲ့သည်။
စတုတ္ထမျိုးဆက်ဖြစ်သော ကောင်းချင်သည်ပင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်နေပြီ မဟုတ်ပါလား။
ထို့ကြောင့် လုန်ချွမ်ဧကရာဇ်၏ အဆက်အနွယ်ကို လက်ရှိတာအိုဝါဒတောင် စွမ်းအားအကြီးဆုံးမျိုးနွယ်ဟု ခေါ်ဆိုနိုင်သည်။
လုန်ဟန့်ဟွာကလည်း အဘိုးအိုအား ဦးညွှတ်လိုက်ရင်း...
“ပထမဦးလေး...”
ကောင်းရွှယ်ပေါ်က လင်ဟန့်ဟွာကို ခေါင်းညိတ်ပြလိုက်ပြီး လုန်ရွှယ်ကျီးကို လှမ်းကြည့်လိုက်သည်။
လုန်ရွှယ်ကျီးက အသံပို့လွှတ်စနစ်ဖြင့်...
“ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ လမ်းမှားတာအိုတွေ တိုက်ပွဲဖြစ်နေကြပြီ ၊ မကြာခင် တိုက်ပွဲက ပိုပြီးပြင်းထန်လာတော့မယ် ၊ ဒီလိုဖြစ်တာကောင်းပါတယ် ၊ ကျွန်တော်တို့အစီအစဉ်တွေကို ရှေ့တိုးလုပ်ဆောင်လို့ရတာပေါ့”
ကောင်းရွှယ်ပေါ်က ခေါင်းညိတ်ရင်း...
“ခမည်းတော် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ ၊ မယ်တော်လည်း မကြာခင် ထွက်လာတော့မယ်”
လုန်ရွှယ်ကျီးက ခဏမျှ တိတ်ဆိတ်နေပြီးမှ...
“လမ်းမှားတာအိုနယ်မြေမှာ ရန်ကျောက်ကဲကို တွေ့ခဲ့တယ်”
ကောင်းရွှယ်ပေါ် မျက်မှောင်ကြုံ့ရင်း...
“ဟုတ်လား ၊ သူ ဘာဖြစ်သွားလဲ”
လုန်ရွှယ်ကျီးက ခေါင်းခါယမ်းရင်း...
“သူ့ကိုအခက်တွေ့အောင်လုပ်နေတဲ့ လမ်းမှားတာအို လူသားအထွတ်ထိပ်အရှင်သခင်တစ်ယောက်ရှိနေတယ် ၊ ဒါပေမဲ့ ကျွန်တော် ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပေးခဲ့တယ် ၊ ဒါကြောင့် ရန်ကျောက်ကဲ လွတ်မြောက်သွားလောက်ပါတယ် ၊ သူ့ကို ဒီကိုခေါ်လာမလို့ကို လမ်းမှားတာအိုက ဧကရာဇ်တစ်ယောက်ရောက်လာတာနဲ့ပဲ ခေါ်မလာနိုင်ခဲ့ဘူး”
ကောင်းရွှယ်ပေါ်က ...
“ဒါဆို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်ကို ရန်ကျောက်ကဲ သိနေလောက်ပြီပေါ့”
လုန်ရွှယ်ကျီးက...
“ဟုတ်တယ် ၊ သိနေလောက်ပြီ”
အဘိုးအိုတစ်ယောက် ၊ လူငယ်တစ်ယောက် ဖြစ်သော ညီအစ်ကို (၂)ယောက် အချိန်အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
အတန်ကြာမှ ကောင်းရွှယ်ပေါ်က တည်ကြည်လေးနက်စွာဖြင့်...
“သူက အခုမှ နတ်ဘုရားသိမြင်ခြင်းအဆင့်ပဲ ရှိသေးတာမဟုတ်လား”
“သူ့ကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ယန္တရားပညာအသုံးပြုပြီး အဲဒီကိုပို့လိုက်တာလား ၊ ဒါက သူ့ရှေ့ဆက်ရမယ့်လမ်းကို ထိခိုက်နိုင်တယ်”
လုန်ရွှယ်ကျီးက...
“သူနဲ့အတူ ပိုးသားဧကရာဇ်ရဲ့သမီးတော် ဖုထင်ကိုလည်းတွေ့ခဲ့တယ်”
ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...
“သူက အထက်ဘုံကမ္ဘာက တကယ့်ပျိုးပင်ကောင်းလေးပဲ ၊ အခုတော့ လမ်းမှားတာအိုကြောင့် ပျက်ဆီးကုန်တော့မှာပဲ”
ထိုအချိန်...
“သိပ်လည်း အဆိုးမြင်မနေပါနဲ့”
လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်တို့နားထဲတွင် အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
စောစောက အိပ်ပျော်နေသည့် အသက် (၃၀)ခန့်လူငယ်က ပျင်းကြောတစ်ချက်ဆန့်ရင်း အေးဆေးစွာ အိပ်ယာမှနိုးလာသည်။
“အခု ပြောဖို့စောပါသေးတယ်”
လုန်ရွှယ်ကျီးနှင့် ကောင်းချင်ပေါ်တို့ အတူတကွ နှုတ်ဆက်လိုက်ကြသည်။
“ခမည်းတော်...”
အသက် (၃၀)ခန့် ရှိပြီး အိပ်ပျော်နေသော ထိုလူငယ်က လုန်ချွမ်ဧကရာဇ်မှလွဲပြီး အခြားသူ မဟုတ်ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကျော်ကြားမှုကိုရရှိခဲ့သော စန်းချင်း (၃)ပါးအဆက်အနွယ်၏ ဧကရာဇ်တစ်ပါးဖြစ်ပြီး ယခုတော့ နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုသူက လုန်ရွှယ်ကျီး ၊ ကောင်းချင်ပေါ်တို့နှင့်ခပ်ဆင်ဆင်တူသော်လည်း သိသိသာသာပင် ချောမောခန့်ညားလှသည်။ သူ၏ထက်မြက်ကြီးစိုးမှုရောင်ဝါကလည်း လုန်ရွှယ်ကျီး ၊ ကောင်းချင်ပေါ်တို့နှင့် မတူကွဲပြားလှသည်။
ဤဧကရာဇ်သည် အရာရာကို အရေးမစိုက်ဟန်ဖြင့် ပျင်းပျင်ရိရိ နေတတ်သူတစ်ယောက်ပင်။
သူက ပျင်းရိပျင်းတွဲဟန်ဖြင့်...
“ဒါကိုပြောရင် ငါတို့တွေ ယင်ထျန်းရှကို တကယ်ကျေးဇူးတင်ရမယ် ၊ သူ့ကြောင့်သာမဟုတ်ရင် လမ်းမှားတာအိုကိစ္စကို ဒီလိုမျိုးထိုင်ဆွေးနွေးနေလို့တောင် ရမှာမဟုတ်ဘူး”
လုန်ရွှယ်ကျီးနှင့် ကောင်းချင်ပေါ်တို့က အလေးအနက်စဉ်းစားရင်း...
“ဟုတ်ကဲ့...”
သူတို့ (၃)ယောက်က အသံပို့လွှတ်စနစ်ဖြင့် စကားပြောနေကြခြင်း ဖြစ်သည့်အတွက် ကောင်းချင်နှင့် လင်ဟန့်ဟွာတို့က ကြားသိနိုင်ခြင်း မရှိကြပေ။ သူတို့နှစ်ယောက်က လုန်ချွမ်ဧကရာဇ်အိပ်ယာမှနိုးလာသည်ကိုသာ တွေ့မြင်ကြရသည်။
ကောင်းချင်က ဝမ်းသာအားရ ရယ်မောရင်း...
“ဘေးတော်... ဇာတ်လမ်းပြောပြနေတာ တစ်ဝက်တစ်ပျက်ကြီးနဲ့ သမီးကိုထားခဲ့တာနော်”
လုန်ချွမ်ဧကရာဇ်က ရယ်မောရင်း...
“မင်းကို ဘေးတော်က အလုပ်လေးတစ်ခုလောက်လုပ်ခိုင်းလိုက်တာကို ဆုလာဘ်လိုချင်နေသေးတာလား ၊ ဒီဘေးတော်က ဒီမြေးလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိရဲ့သားနဲ့”
ကောင်းချင်က သနားစဖွယ်မျက်နှာပေးဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း...
“ဒါပေမဲ့ ဇာတ်လမ်းကိုတစ်ဝက်တပျက်ကြီးထားခဲ့တာတော့ မကောင်းဘူးလေ”
လုန်ချွမ်ဧကရာဇ်က ပြုံးလိုက်ရင်း...
“မင်းကို ဒီလိုအဆိုးလေးဖြစ်အောင် ဘယ်သူသင်ပေးလိုက်တာပါလိမ့်”
သူက ခေါင်းခါယမ်းရင်း...
“ဟက်... ဒီဘေးတော်ပဲ သင်ပေးတာဖြစ်ရမယ် ၊ အင်း... ဒါနဲ့ ဇာတ်လမ်းပြောတာ ဘယ်နားရောက်နေပြီလဲ”
ကောင်းချင်က...
“ဘေးတော်ရဲ့ ဂိုဏ်းတူအစ်ကိုနဲ့ ကမ္ဘာတစ်ခွင်လျှောက်သွားတဲ့အချိန်ကိုရောက်နေပြီ...”
လုန်ချွမ်ဧကရာဇ်က...
“ဟုတ်ပြီ ဟုတ်ပြီ ၊ အဲဒီတုန်းက ဘေးတော်က ငယ်သေးတော့ မာနအရမ်းကြီးတယ် ၊ နောက်ပိုင်းအသက်ကြီးလာတော့ မာနတွေလျော့သွားပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကတော့ အပြည့်ပဲလေ ၊ မဟုတ်ရင် ဒီနေရာကိုတောင် ဘေးတော် ရောက်လာမှာ မဟုတ်ဘူး”
ကောင်းချင်က ရယ်မောရင်း...
“ဘေးတော်သာ ဒီကိုရောက်မလာရင် သမီးလည်းမွေးလာမှာမဟုတ်ဘူး ၊ အဘိုးအဘွားနဲ့ ဦးလေးတွေလည်း ရှိလာမှာ မဟုတ်ဘူး”
ထိုစကားကြားတော့ လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာက ရယ်မောလိုက်ကြပြီး ကောင်းရွှယ်ပေါ်ကတော့ ခေါင်းခါယမ်းလိုက်သည်။
ရယ်မောသံများ တိတ်ဆိတ်သွားပြီးမှ ကောင်းချင်က မေးခွန်းထုတ်သည်။
“ဘေးတော် ဒီကိုရောက်လာတော့ ဘေးတော်ရဲ့ ဂိုဏ်းတူအစ်ကိုက လာရှာသေးတယ် မဟုတ်ဘူးလား”
လုန်ချွမ်ဧကရာဇ်က...
“အင်း... သူ ရောက်လာသေးတယ်”
ကောင်းချင်က ခေါင်းညိတ်ရင်း...
“ဒါဖြင့် သူလည်း ဘေးတော်ရွှမ်ဟွမ်ကို ရှုံးနိမ့်သွားတာလား ၊ မဟုတ်ရင် သူက ဘေးတော်ကို ပြန်ခေါ်သွားမှာမဟုတ်ဘူးလား”
လုန်ချွမ်ဧကရာဇ်၏မျက်နှာထက်တွင် အမှတ်ရဟန်တစ်ခု ပေါ်လာပြီး...
“မဟုတ်ဘူး... ဂိုဏ်းတူအစ်ကိုက အနိုင်ရသွားတာ”