မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံ
Vol. 18 Ch. 241
အသက်တစ်ရာအောက် ပင်မဂိုဏ်းတပည့်…။
အစည်းအဝေးပွဲ ခေါ်လိုက်သည့်အတွက် အံ့အားသင့်စရာမလိုတော့ပေ။
ထို့ပါ့ချန် ပြောပြီးသွားသောအခါ လူတိုင်းက ဟန်မူယဲ့ကို လှမ်းကြည့်ကြသည်။
ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မျိုးဆက်သစ်ထဲတွင် နံပတ်တစ် ဓားကျင့်ကြံသူဖြစ်သည်။
ဟန်မူယဲ့က အမူအယာကင်းမဲ့စွာ ထိုင်နေသည်။
ခန်းမထဲရှိလူများက “ဂိုဏ်းအတွက် အကောင်းဆုံးလုပ်ပါ့မယ်” “ဂိုဏ်းကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်” ဟူ၍ သူပြောလာမည့်စကားကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ သို့ပေမဲ့ နောက်ဆုံးတွင်တော့ သူတို့က အကြည့်လွှဲလိုက်ရသည်။
ရှေ့တွင် ထိုင်နေသော ကျန်းကျစ်ဟယ်က ခန်းမထဲရှိ တပည့်ငယ်များကို ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။
“ဂိုဏ်းကိုးဂိုဏ်းကို ပြန်စီစဉ်တာက နှစ်တစ်ရာတိုင်းမှာဖြစ်လေ့ရှိတယ်”
“ဂိုဏ်းတွေရဲ့ အင်အားအပေါ်မှာ မူတည်နေတာပဲ”
ကျန်းကျစ်ဟယ်က တောက်ပနေသောမျက်လုံးများနဲ့ လူတိုင်းကို ကြည့်လိုက်သည်။
“အချိန်ကျလာရင် ငါတို့မျိုးဆက်ကျင့်ကြံသူတွေက သေဆုံးသည်အထိ တိုက်ခိုက်ရလိမ့်မယ်”
သူ့စကားလုံးများကြောင့် ခန်းမထဲရှိ လေထုသည် သတ်ဖြတ်လိုစိတ်များဖြင့် ချက်ချင်းပြည့်နှက်လာသည်။
ဂိုဏ်း၏ စွမ်းအားအတွက် သူတို့က အသက်နှင့်ရင်း၍ တိုက်ခိုက်ရမည်။
ကျန်းကျစ်ဟယ်၏ စကားများက လူတိုင်းကို လှုံ့ဆော်ပေးနိုင်သောကြောင့် ထို့ပါ့ချန်က စိတ်ကျေနပ်စွာခေါင်းညိတ်သည်။
အသက်စွန့်၍ တိုက်ခိုက်ရန် စိတ်ကူးမရှိပါက ဂိုဏ်းတစ်ဂိုဏ်းကို မတည်ထောင်နိုင်ပေ။
“လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာအတွင်းမှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဂိုဏ်းကိုးဂိုဏ်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေရဲ့ တာအိုဆွေးနွေးခြင်းအပြင် လူငယ်လက်ရွေးစင်တွေရဲ့ တိုက်ပွဲ သုံးကြိမ်ရှိခဲ့တယ်။ ကောင်းကင်ဘုံအဆင့်နဲ့ ကောင်းကင်တစ်ဝက်အဆင့် တာအိုဆွေးနွေးပွဲတွေလည်း ရှိတယ်”
ထို့ပါ့ချန်က ခန်းမထဲရှိလူငယ်များကို ကြည့်လိုက်ပြီး ပြောသည်။
“ဂိုဏ်းက မင်းတို့လူငယ်တွေရဲ့အသက်ကိုအသုံးပြုပြီး ဂိုဏ်းကိုးဂိုဏ်းထဲကတစ်ဂိုဏ်းအဖြစ် အဆင့်အတန်းလိုချင်နေတယ်လို့ မထင်လိုက်နဲ့”
“ဒါက မင်းတို့အတွက် ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ”
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လူငယ်လက်ရွေးစင်တွေနဲ့တိုက်ခိုက်ရရင် မင်းတို့က အတွေ့အကြုံတွေ လျင်လျင်မြန်မြန်ရလာလိမ့်မယ်”
ကျင့်ကြံခြင်းတစ်ခုတည်း၌ စိတ်နှစ်ထားလျှင် သိပ်မကောင်းပေ။
ဆက်တိုက်လေ့ကျင့်ပြီး စိတ်အခြေအနေနှင့် တိုက်ပွဲအတွေ့အကြုံရှိမှ အစစ်အမှန်ကျွမ်းကျင်သူ ဖြစ်လာနိုင်မည်။
ထို့ပါ့ချန်က လူငယ်များကို အားပေးနေဆဲ ဖြစ်သည်။ ဟန်မူယဲ့မှာ အနည်းငယ်ပျင်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
သူသည် စပါးစိမ်းတောင်ကုန်း၌ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်ကာ မျက်နှာတစ်ထောင်သူတော်စင်၏ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက် သူ့အတွက် အချိန်တစ်ခုအထိ တိုက်ခိုက်ရန် မလိုအပ်တော့ပါ။
သို့ပေမဲ့ သူ့အမြင်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် လူငယ်မျိုးဆက်သစ်များကို ယှဉ်ပြိုင်စေခြင်းက ကောင်းမွန်သော အခွင့်အလမ်းတစ်ခု ဖြစ်သည်။
ထိုအခွင့်အလမ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအကြား ပြိုင်ဆိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူသားအင်အားစုများတွင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ သုံးယောက်သာ ရှိသည်။ သူတို့က ကောင်းကင်အဆင့်အတွက် ယှဉ်ပြိုင်လိုပါက ထိုအရေအတွက်မှာ မလုံလောက်ပေ။
ထို့အပြင် ကျင့်ကြံဆင့် အမြင့်ဆုံးလူဖြစ်သော မျက်နှာတစ်ထောင်သူတော်စင်သည် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။
ရွှေအမြုတေကျင့်ကြံသူများအတွက်တော့ ရှန့်ယန်မိစ္ဆာဂိုဏ်းတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ မရှိတော့ပေ။ တခြားဂိုဏ်းများလည်း အတော်လေး ထိခိုက်ဆုံးရှုံးထား၏။
အထူးသဖြင့် လင်တောက်တာအိုဂိုဏ်း၊ ထိုက်ရီဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့ ဖြစ်သည်။ သူတို့တွင် များပြားလှသော ရွှေအမြုတေအဆင့်ကျင့်ကြံသူနှင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူများ သေဆုံးသွား၏။
ထို့ကြောင့် ရွှေအမြုတေအဆင့်အတွက် ဂိုဏ်းများက ယှဉ်ပြိုင်လိုခြင်း မရှိကြပေ။
ထို့ကြောင့် လူငယ်မျိုးဆက်သစ်များကိုယှဉ်ပြိုင်ရန် စီစဉ်လာကြခြင်း ဖြစ်သည်။
ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မျိုးဆက်သစ်ထဲတွင် ထင်ရှားလာသူ ဖြစ်သော်လည်း ဂိုဏ်းအတွက်မူကား ဆုံးရှုံးမှုအတော်လေး ကြီးမားသည်။
ထန်ချီ သေသွားသည်။ ဟွမ်လောင်လျှို ထွက်သွားသည်။ စုန့်ကိုး၊ လုတစ်ဆယ်နှင့် တခြားလူများလည်း သေသွား၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တခြားဂိုဏ်းများမှာ တိုက်ခိုက်နိုင်သောလူငယ်များ အများအပြားရှိနေသည်။
ခန်းမထဲက လူငယ်များသည် ထို့ပါ့ချန်၏ စကားကြောင့် တက်ကြွလာပြီး တိုက်ပွဲဝင်ရန် စိတ်အားထက်သန်လာကြသည်။
ထို့ပါ့ချန်က စိတ်ကျေနပ်စွာခေါင်းညိတ်ပြီး ယနေ့ကိစ္စကို ပျံ့နှံ့မသွားစေဖို့ မှာကြား၏။ ထို့နောက် သူက လူတိုင်းကို တိုက်ခိုက်နိုင်စွမ်းတိုးလာအောင် အစွမ်းကုန်ကျင့်ကြံရန် ပြောသည်။
“ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေကို မင်းတို့အတွက်ဖွင့်ပေးမယ်။ အထဲကိုဝင်ပြီး ကျင့်ကြံချင်ရင် မဟာအကြီးအကဲကို တင်ပြလိုက်ပါ”
ထို့ပါ့ချန်က မက်လုံးများ စပေးသည်။
လူတိုင်းသည် လျှို့ဝှက်နယ်မြေတွင် လေ့ကျင့်ရန် အဆင့်မမီပေ။ ထို့ပါ့ချန်က ထိုနေရာကို ဖွင့်ပေးလိုက်သောကြောင့် လူတိုင်းက မျက်လုံးများ တောက်ပလာကြသည်။
“ဆေးခန်းဆောင်နဲ့ ဓားစံအိမ်က မင်းတို့ကို အပြည့်အဝထောက်ပံ့ပေးလိမ့်မယ်”
ထို့ပါ့ချန်က စကားပြောလိုက်ပြီး ဟန်မူယဲ့ကိုလှည့်ကြည့်သည်။
“ဓားစံအိမ်မှာ ပြောစရာရှိလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“မရှိပါဘူး”
လတ်တလောတွင် ဓားစံအိမ်သည် ဓားအများအပြား လက်ခံရရှိထားသည်။ ဂိုဏ်းတပည့်များက ဓားအသစ်လဲလှယ်လိုပါက ပြဿနာမရှိပေ။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် လူအများအပြား ဝမ်းသာသွားကြသည်။
ဓားစံအိမ်ထဲက ဓားများသည် အဖိုးထိုက်တန်ပြီး ဓားတစ်လက်မျှ ရရှိရန် အန်မတန်ခက်ခဲ၏။
ဂိုဏ်းမှ ပေးအပ်သော တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်မှ ဓားတစ်လက်ရရှိရန် အခွင့်အရေးရှိသည်။
ဆွေးနွေးပွဲအပြီးမှာတော့ လူတိုင်းက အရိုအသေပေးပြီး ထွက်သွားကြသည်။
တပည့်ငယ်များက လက်သီးကို ပွတ်သပ်ပြီး ဂိုဏ်းအတွက် တိုက်ခိုက်ပေးရန်နှင့် တိုက်ရည်ခိုက်ရည် တိုးတက်အောင် ကြိုးစားရန် အဆင်သင့် ဖြစ်နေကြ၏။
ဟန်မူယဲ့ ထွက်မသွားပေ။
ထို့ပါ့ချန်က သူ့ကို နေခဲ့ရန် ပြောထားသည်။
ခန်းဆောင်ထဲမှ အကြီးအကဲများနှင့် တပည့်များ ထွက်သွားသောအခါတွင် ဟန်မူယဲ့၊ ထို့ပါ့ချန်နှင့် မဟာအကြီးအကဲနှစ်ယောက်သာ ကျန်ရစ်သည်။ ဟန်မူယဲ့က ထရပ်လိုက်သည်။
“ဟန်မူယဲ့ သွေးကြောဖွင့်ဆေးလုံး ဖော်စပ်ပေးဖို့ မင်းမှာ အချိန်ရှိလား”
ကျန်းကျစ်ဟယ်က ဟန်မူယဲ့ကို ပြုံးလျှက် မေးသည်။
သူ့အား နေရစ်စေခြင်းမှာ အာခီမီအတတ်အတွက် ဖြစ်နေသည်။
ပထမတစ်ကြိမ် သူက သွေးကြောဖွင့်ဆေးလုံးကို ဂိုဏ်းအတွက် ဖော်စပ်ပေးစဉ်က သည်လူများ၏ ရက်စက်စွာ ငွေညှစ်ခံရခြင်းအား ဟန်မူယဲ့ မမေ့ပါ။
“ကျွန်တော်က ကျင့်ကြံခြင်းမှာ အတားအဆီးနဲ့ ကြုံနေရတယ်။ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်”
သူ့ကျင့်ကြံဆင့်သည် အတားအဆီးနှင့် ကြုံတွေ့နေကြောင်း ထို့ပါ့ချန် သိထားသည်။
ကျင့်ကြံခြင်းတွင် အတားအဆီးနှင့် ကြုံတွေ့နေရသောကြောင့် မကျင့်ကြံဘဲနေမည့်လူ မရှိပေ။
‘တံခါးပိတ်ကျင့်ကြံမှာလား’
မဟာအကြီးအကဲ ဝူကျီးယွမ်က မျက်မှောင်ကြုတ်လျှက် ပြောသည်။
“ကျင့်ကြံတာ ဘယ်လောက်ကြာမှာလဲ”
ဟန်မူယဲ့က ခေါင်းယမ်းလျှက် ဂရုမစိုက်စွာ ပြောသည်။
“တစ်နှစ်၊ ဒါမှမဟုတ်ရင်လည်း ၂နှစ်လောက်ကြာလိမ့်မယ်”
ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး ပြောသည်။
“စိတ်မပူပါနဲ့ မဟာအကြီးအကဲ။ ကျွန်တော်က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမစခင်မှာ ပြန်ထွက်လာပါ့မယ်”
‘ပြိုင်ပွဲမစခင်မှာ ပြန်ထွက်လာမယ်တဲ့လား’
‘အဲဒီအချိန်မှာ မင်းက သွေးကြောဖွင့်ဆေးလုံးကိုဖော်စပ်ပေးရင်တောင် အသုံးဝင်မှာမဟုတ်ဘူး’
ဝူကျီးယွမ် မကျေမနပ် ဖြစ်သွားသည်။
တစ်ဖက်တွင် ထို့ပါ့ချန်နှင့် ကျန်းကျစ်ဟယ်တို့၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ ဟန်မူယဲ့ကို ပြုံးလျက် ကြည့်နေကြသည်။
ထို့ပါ့ချန်က တီးတိုးပြောသည်။
“ဟန်မူယဲ့၊ ဂိုဏ်းကိုးဂိုဏ်းကို အဆင့်ပြန်သတ်မှတ်မယ့်ပြိုင်ပွဲက ဂိုဏ်းတွေရဲ့ ဂုဏ်သတင်းနဲ့တင် သက်ဆိုင်နေတာမဟုတ်ဘူး”
ဟန်မူယဲ့ ထိုအကြောင်းကို နားလည်သည်။ ထိုကိစ္စသည် တောင်ပိုင်းကုန်းမြေ၏ လျော်ကြေးဖြင့်လည်း သက်ဆိုင်နေသည်။
ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
“မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို တောင်ပိုင်းကုန်းမြေ ပေးလာတဲ့ လျော်ကြေးအကြောင်း သိချင်သိနေလိမ့်မယ်”
ထို့ပါ့ချန်က လေးနက်စွာ ပြောသည်။
“ဒါပေမဲ့ ဒီကိစ္စက တောင်ပိုင်းကုန်းမြေမှာ ရှိနေတဲ့ အံ့ဖွယ်နယ်မြေတစ်ခုကို ဝင်ရောက်ခွင့်နဲ့လည်း သက်ဆိုင်နေတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး”
‘တောင်ပိုင်းကုန်းမြေရဲ့ အံ့ဖွယ်နယ်မြေကို ဝင်ရောက်ခွင့်လား’
ဟန်မူယဲ့က ထို့ပါ့ချန်ကို ကြည့်သည်။
သူက ထိုအကြောင်းကို မသိပါ။
“တောင်ပိုင်းကုန်းမြေက အနောက်ဘက်နယ်စပ်ကုန်းမြေကို ဘာဖြစ်လို့ တိုက်ခိုက်သလဲဆိုတာ မင်းလည်း သိမှာပါ။ အလယ်ပိုင်းကုန်းမြေက တောင်ပိုင်းကုန်းမြေကို သိမ်းယူဖို့ကြံနေတယ်လေ”
“လီမူပိုင်က တောင်ပိုင်းကုန်းမြေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ငါးနှစ်အတွင်းမှာ အနောက်ဘက်နယ်စပ်ကုန်းမြေက မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံကို ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုခဲ့တယ်။ အပြန်အလှန်အနေနဲ့ တောင်ပိုင်းမျိုးနွယ်စုတွေက အနောက်ဘက်နယ်စပ်ကုန်းမြေကို ရွှေ့ပြောင်းလာလိမ့်မယ်”
‘မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်လျှက် ပြောသည်။
“အဲဒါက မိစ္ဆာဘိုးဘေးတွေရဲ့ကောင်းချီပေးမှုကိုရထားပြီး မိစ္ဆာအမွေအနှစ်တွေရှိနေတဲ့ အံ့ဖွယ်ဘုံမဟုတ်လား”
ဟန်မူယဲ့သည် တောင်ပိုင်းကုန်းမြေ၏ အကြောင်းကို လေ့လာကြည့်စဉ်က မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံအကြောင်း ဖတ်မှတ်ဖူးသည်။
ထိုအံ့ဖွယ်ဘုံသည် တောင်ပိုင်းတွင် ရှိနေသော မိစ္ဆာများ၏ အမွေအနှစ်အတွက် အကြီးမားဆုံး ရတနာနယ်မြေဖြစ်သည်။
ထိုအံ့ဖွယ်ဘုံ၌ တောင်ပိုင်းတွင် ရှိသော မိစ္ဆာမျိုးနွယ်တိုင်းအတွက် အမွေအနှစ်များ ရှိနေသည်။
ထိုနယ်မြေသည် မိစ္ဆာဘိုးဘေးများ၏ ကောင်းချီပေးမှုတစ်ခုလည်း ဖြစ်သည်။ ကံကောင်းသူများက ထိုအံ့ဖွယ်ဘုံထဲမှ အမျိုးမျိုးသောရတနာများနှင့် ရှေးခေတ်သွေးမျိုးဆက်စွမ်းအားကို ရရှိနိုင်သည်။
ထိုဘုံကို နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်ပြီး အသက်ငါးရာအတွင်း၌ ရှိနေသော မျိုးဆက်သစ်များသာ ဝင်ခွင့်ရနိုင်သည်။
မိစ္ဆာများ၏ ကျင့်ကြံခြင်းမှာ နှေးကွေးသည်။ သူတို့၏ နှစ်ငါးရာကျင့်ကြံခြင်းသည် လူသားများ၏ နှစ်တစ်ရာကျင့်ကြံခြင်းနှင့် မယှဉ်နိုင်ပေ။
“အဲဒီလိုနေရာမျိုးကို မိစ္ဆာတွေက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံသူတွေကို ဝင်ခွင့်ပေးပါ့မလား”
ဟန်မူယဲ့က ပြုံးလျှက် ခေါင်းယမ်းသည်။