← Chapters

အင်တိုက်အားတိုက် တိုက်ပွဲ

Vol. 11-16 Ch. 201

အင်တိုက်အားတိုက် တိုက်ပွဲ

Vol. 11-16 Ch. 201

အခန်း (၂၀၁)  : အင်တိုက်အားတိုက် တိုက်ပွဲ

ရှန်ထျန်းတို့အဖွဲ့က  တောင်ခြေရှိ အရိုးခြောက်များ တိုက်ပွဲကို ကြည့်ရင်း အတွေးနက်လာမိသည်။ အထွတ်အမြတ်မြေ နှစ်ခု၊ ချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ မှ တပည့်များအနေနှင့် ထိုဝိညာဉ်မဲ့ အရိုးခြောက်များက စစ်ဆေးမှု၏ အဓိကပစ်မှတ်ဖြစ်သည်။

သူတို့က ကမ္ဘာဦးတိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် စစ်သည်တော်များ မဟုတ်ပါလော။ ထိုကျဆုံးသွားကြသည့် လူများ၏ အရိုးခြောက်များက မိစ္ဆာဝိညာဉ် အငွေ့အသက်များနှင့် ပေါင်းသွားကာ ထိုနတ်ဆိုးသတ္တဝါများ ဖြစ်လာကြသည်။ သူတို့က အတွင်းအားအများဆုံး ဆုံးရှုံးထားပြီးပြီ ဖြစ်၍ တိုက်ခိုက်စွမ်းက အသက်ရှင်တုန်းကထက် များစွာ အားလျော့သွားပေသည်။

သို့သော် ထိုအခြေတည်အဆင့် ကျင့်ကြံသူများအတွက် သူတို့က စိမ်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ ဖြစ်၏။

အခြေတည်အဆင့် ကျင့်ကြံသူအများစုက ထိုဝိညာဉ်မဲ့ အရိုးခြောက်များကို အနိုင်ယူဖို့ အရေးသာမှု မရှိကြပေ။ သူတို့သာ သတိလက်လွတ်တစ်ချက် ဖြစ်သွားပါက အသတ်ခံရနိုင်သည်။

ချင်ယွင်တိက စိုးရိမ်မှုအပြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်  “ အရင်တစ်ခေါက် စစ်ဆေးမှုနဲ့ယှဉ်ရင် ဒီတစ်ခေါက်က အရိုးခြောက်တွေ ပိုများလာတာပဲ။ ကျွန်တော်တို့တွေ ကမ္ဘာဦးတိုက်ပွဲနယ်မြေရဲ့ အဆင့်မြင့်နယ်ပယ်ထဲများ ပို့လွှတ်ခံလိုက်ရတာများလား ”

ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ လေ့ကျင့်ဖို့ရာ ပို့ဆောင်ခံလိုက်ရသော တပည့်အများစုသည် နယ်နမိတ်နှင့် မိုင်တစ်ထောင်အတွင်းသာ ဖြစ်ကြသည်။

ကမ္ဘာဦးတိုက်ပွဲနယ်နမိတ် မိုင်တစ်ထောင်အတွင်းရှိ နယ်မြေသည် ငါးနှစ်တစ်ကြိမ် ကျင်းပရာ စစ်ဆေးမှုအတွင်း ဘေးကင်းလျက် ရှိ၏။ သို့သော် မိုင်တစ်ထောင်ကျော်လွန်သွားပါက ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အတွင်းပိုင်း တကယ့်အန္တရာယ်များ ရှိနေသည်။ ကောလဟာလများအရ ကမ္ဘာဦးခေတ်အခါက ကျန်ရစ်နေခဲ့သော အကြောက်တရားများ ကိန်းအောင်းနေသေး၏။ အတွင်းပိုင်းဝင်ရောက်သွားကြသော ကျင့်ကြံသူများအနက် မည်သူမျှ အသက်ရှင်လျက် ပြန်မထွက်လာဖူးကြပေ။

တိုက်ပွဲနယ်မြေအပြင်ဘက် ပို့ဆောင်ရေးစက်ဝန်းသည် နယ်နမိတ်မှ မိုင်တစ်ရာမှ ငါးရာအတွင်း ကြုံရာကျပန်း ပို့ဆောင်ပေးလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ တိုက်ပွဲနယ်မြေသည် ကမောက်ကမ ဖြစ်နေသောကြောင့် သွေဖယ်သွားတာမျိုး မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

ချင်ယွင်တိ၏ အတွေ့အကြုံအရ သူတို့သည် တိုက်ပွဲနယ်မြေ၏ အတွင်းပိုင်းသို့ ပို့ဆောင်ခံလိုက်ရလေပြီ။

ဤနေရာရှိ အန္တရာယ်များက နယ်နမိတ်နားထက် ပိုများပေသည်။

“ အစ်ကိုရေ ကျွန်တော်တို့ ဒုက္ခရောက်ပြီ ”

အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ့အနောက်တွင် ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များ တန်းစီကာ ပေါ်လာလေသည်။ စုစုပေါင်း သေနတ် ၆၄ လက် ရှိ၏။

ရှန်ထျန်းက မည်းနက်နေသည့် သေနတ်များ တစုတဝေးဖြစ်နေသည်ကို မြင်သောအခါ တုန်တုန်ယင်ယင် ဖြစ်သွားသေး၏။

ဒီချင်ယွင်တိက အရမ်းတော်တယ် … သူက ဒီလောက် သေနတ်အများကြီးကို တစ်ပြိုင်တည်း ကောင်းကောင်း ထိန်းချုပ်ထားနိင်တယ်  …

အရာများစွာအပေါ်  တစ်ပြိုင်နက် ထိန်းချုပ်နိုင်စွမ်းက အံ့မခန်း ဖြစ်၏။

သူနှင့်ယှဉ်လိုက်လျှင် ဒဏ္ဍာရီလာ ကျိုးပုထုံပင် သနားဖို့ ကောင်းသွားလေပြီ …

ရှန်ထျန်းက ခေါင်းညိတ်ကာ  “ အားလုံး သတိနိုးနိုးကြားကြားနေကြ … နေရာတိုင်းမှာ အန္တရာယ်အပြည့်ပဲ ”

ရှန်ထျန်း၏ ခရမ်းရွှေတူက သူ့လက်ထဲ ရောက်လာကာ သူ့တစ်ကိုယ်လုံး၌ ရွှေရောင်ဖျော့ဖျော့ နတ်မိုးကြိုးများ တဖြောက်ဖြောက်မြည်လာသည်။ သူ့ပုံစံမှာ အားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။

သူက လူအုပ်၏ ခေါင်းပေါ်ကို ကြည့်လိုက်ပြီးနောက် စိတ်အေးသွားသော အပြုံးလေး ပေါ်လာလေသည်။ ရှန်ထျန်းက သူ အတူတူလိုက်ပါလာမှုက ကျောက်ဟောင်နှင့်အခြားလူများအပေါ် သက်ရောက်မှု ဖြစ်သွားကာ ပို့ဆောင်ရေးစက်ဝန်းက ကမောက်ကမ ဖြစ်သွားပြီး ကံအပြောင်းအလဲ အခွင့်အရေးများနှင့် လွဲချော်သွားမည်ကို စိုးရိမ်နေမိခဲ့သည်။

သို့သော် ရှန်ထျန်းက သူတို့ရောင်ဝါများကို ကြည့်လိုက်ပြီးနောက် သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများ တည်ရှိနေသည့် ယေဘုယျတည်နေရာကို မှိန်ဖျဖျ ခံစားမိလိုက်သည်။ ဆိုလိုသည်မှာ အနီရောင် ရောင်ဝါစက်ဝန်းက ကံစပ်သူသည် သူတို့ကံအပြောင်းအလဲ အခွင့်အရေးနှင့် ကြုံတွေ့ရမည့်အချိန်ကို ညွှန်ပြရုံသာမက ထိုအပြောင်းအလဲ အခွင့်အရေး တည်ရှိနေသည့် ယေဘုယျနေရာကိုပါ သိနိုင်စေသည်။

ရှန်ထျန်းအနေနှင့် ဤသို့အသေးစိတ်အချက်အလက်များဖြင့် အမှားအယွင်း သို့မဟုတ် ကံဆိုးမှုမျိုး ကြုံတွေ့လာတော့မည် မဟုတ်ပေ။

သူက သူတို့ကံအပြောင်းအလဲ အခွင့်အရေးကို အလကားမျှဝေယူဖို့ သေချာပေါက် ကောင်းကောင်းပြင်ဆင်ထားရမည်။

သို့သော် ယခုတွင် သူတို့အနေနှင့် ဤအတားအဆီးကို အရင်ဆုံးကျော်ဖြတ်ရပေဦးမည်။

“ ညီတော်(၁၃) … ငါတို့တွေ နောက်ဆုတ်ကြမလား ”

ရှန်အောင်းက ထိုအရိုးခြောက်များ၏ တိုက်ပွဲကို လေ့လာရင်း တံတွေးမျိုချမိလိုက်သည်။ သူတို့က အရိုးခြောက်များ ဟိုတစ်စု ဒီတစ်စု ဝန်းရံနေသည့် ကျတ်တီးတောင်ကုန်းပေါ်တွင် ရပ်နေကြခြင်း ဖြစ်၏။

ရှန်အောင်းက မြန်မြန် ရေတွက်ကြည့်လိုက်သည့်အခါ အရိုးခြောက်ပေါင်းရာချီ ရှိနေကြောင်း သိလိုက်ရသည်။ သူတို့ဘက်တွင် အခြေတည်အဆင့် ကျင့်ကြံသူများစွာ ရှိနေသေး၏။ ထို့အပြင် ထိုအရိုးခြောက်များက သာမာန်ခြေလျှင် စစ်သည်တော်နှင့် တူသည်။ အနီးအနား၌ ခေါင်းဆောင် ရှိနေနိုင်သည်။

ထိုခေါင်းဆောင်ကြီးကသာ သူတို့အား ရှာတွေ့သွားပြီး ပစ်မှတ်ထားခဲ့လျှင် သူတို့ကျရှုံးသွားနိုင်သည်။

အရိုးသားဆုံးဆိုရလျှင် ရှန်အောင်းက သူ့ညီတော်(၁၃) နောက် လိုက်လာမိသည့်အတွက် နောင်တရလာမိ၏။

သူ့ညီတော်ရဲ့ ကံဆိုးမှုက မကုန်သေးတဲ့ပုံပဲ …

ရှန်ထျန်းက တောင်ခြေရှိ အရိုးခြောက်များကို လေ့လာကြည့်လိုက်သည့်အခါ သူ့နှုတ်ခမ်းထောင့်ချိုးလေး ကွေးညွတ်ကာ ပြုံးလိုက်မိသည် “ စိတ်မပူပါနဲ့ … ဒီမှာနေပြီး ကျွန်တော်ကို စောင့်နေကြ ”

သူ့လက်သူကြွယ်မှ ငွေရောင် သိုလှောင်လက်စွပ်လေးအသစ်မှ တောက်ပလာသည်။ ထိုစဉ် လိပ်နက်ဒိုင်းကာ ထွက်ပေါ်လာပြီး ရှန်ထျန်း လက်ထဲ ရောက်ရှိသွား၏။

“ ဒီလိုအန္တရာယ်များတဲ့နေရာမျိုးမှာ ဆူဆူညံညံ မဖြစ်စေတာ ပိုကောင်းတယ် ”

ရှန်ထျန်းက အဖွဲ့နှင့် မျက်နှာချင်းဆိုင်ကာ

“ ယွင်တိ … မင်းရဲ့ ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်အတွက် ဆူညံသံလျော့ချရေး အစီအရင်ကို အသက်သွင်းထားလိုက် မဟုတ်ရင် တစ်ချက်မှ မပစ်မိစေနဲ့။ စုန့်ဖူကွေ့၊ လျိုထိုက်ယီနဲ့ ရှုန်းမုန့်တို့လည်း အတူတူပဲ။ ယင်ယန်မိုးကြိုးဖောက်ခွဲရေးအဆောင်ကို အရမ်းအရေးတကြီး လိုအပ်တာမျိုး မဟုတ်သရွေ့ ထုတ်မသုံးနဲ့ဦး … တောင်အောက်ခြေမှာ ရှိနေတဲ့ အရိုးခြောက်တွေအတွက်ကိုတော့  တစ်မိနစ်ပဲပေး … မင်းတို့ရှေ့ကနေ လမ်းရှင်းပေးမယ် ”

ထို့နောက် ရှန်ထျန်းက ထိုအရိုးခြောက်များဆီ ပြေးဝင်သွားတော့သည်။

ဟုတ်တယ် … သူ တစ်ယောက်တည်း တောင်အောက်ကို ဆင်းသွားခြင်း ဖြစ်၏။

ယနေ့ ရှန်ထျန်းက အကြောက်တရား ကင်းမဲ့နေသည်။

စကားလုံးတစ်လုံးတည်းဖြင့် ပြောရလျှင် မဆင်မခြင် ကမူးရှူးထိုး ဖြစ်နေသည်။

………...

ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ စည်းမျည်းသဘာဝက ဖရိုဖရဲဖြစ်နေသောကြောင့် ဓားပျံစီးနင်းခြင်း အမြန်နှုန်းက တသတ်မတ်တည်း မဟုတ်ပေ။ ဘာအပြောင်းအလဲမှ သတိပေးခြင်းမရှိဘဲ မြန်လာနိုင်သလို နှေးသွားနိုင်သည်။

ပို၍ အရေးကြီးသည်က ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အာကာပြင်ကား မတည်မငြိမ် ဖြစ်နေပြီး အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ ပြောရလျှင် ဓားပျံဖြင့် မတော်တဆ ထိုအက်ကြောင်းများထဲ ဝင်ရောက်သွားပြီး အမည်မသိ နေရာ၌ အဆုံးသတ်သွားနိုင်သည်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေ နယ်နမိတ်နား ပြန်ရောက်သွားလျှင် အဆင်ပြေမည် ဖြစ်၏။

သို့သော်လည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေ အနက်ပိုင်းထဲ ရောက်သွားခဲ့လျှင် …

သေလမ်းတစ်ခုတည်းသာ ရှိပေသည်။

ရှန်ထျန်းက ဓားပျံမသုံးသော်လည်း လေဟုန်ကဲ့သို့ မြန်ဆန်လှသည်။ သူ့ပြေးနှုန်းက အတော်လေး အံ့မခန်း ဖြစ်၏။ တောင်ထိပ်မှ တောင်ခြေသို့ မိုင်အနည်းငယ်မျှသာ ရှိပြီး ရှန်ထျန်းက ဝှစ်ခနဲဖြင့် အရိုးခြောက်အုပ်စုအလယ် ရောက်ရှိသွားလေပြီ။

တောင်ထိပ်ပေါ်ရှိ ကျန်လူများက ရှန်ထျန်းတစ်ယောက် အသည်းအသန် တောင်အောက် ပြေးဆင်းသွားသည်ကို မြင်ပြီး ချွေးအေးများ ထွက်လာကြသည်။

သူတို့က ရှန်ထျန်းသည် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်ပြီး ပြိုင်ဖက်ကင်း ဖြစ်မှန်း သိထားသော်လည်း ဤသည်မှာ ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ဖြစ်နေသည်။

အားလုံး၏ ကျင့်ကြံဆင့်တို့ကို အခြေတည်အဆင့်သို့ ဖိနှိပ်ထားလေရာ ရှန်ထျန်းအနေနှင့် အရိုးခြောက်အုပ်စုထဲ ဤသို့ကမူးရှူးထိုး ‌ပြေးဆင်းသွားဖို့ အမှန်တကယ် အဆင်ပြေမည်လား။

ရှန်ထျန်းက အရိုးခြောက်များဆီ ပြေးဝင်သွားသည့်အခါ သူတို့က တိုက်ခိုက်မှုကို ရပ်လိုက်ကြပြီး သူ့ဆီ လှည့်လာကြသည်။ ထိုဝိညာဉ်မဲ့ အရိုးခြောက်များက ယန်သက်ရှိ မရှိသည့်အခါမှသာ အချင်းချင်း တိုက်ခိုက်ကြခြင်း ဖြစ်၏။ သို့သော် ယန်သက်ရှိ ပေါ်လာသည်နှင့် သူတို့က ပူးပေါင်းကာ ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။

……....

လက်တွေ့၌ ထိုအရိုးခြောက်များက လူသား မဟုတ်ကြပေ။ အရိုးခြောက်များတွင် လူသားပုံသဏ္ဌာန်ရှိကြသော်လည်း တချို့ကား နဖူး၌ ဦးချိုပါရှိကြပြီး တချို့မှာ နောက်ကျောဘက်၌ တောင်ပံ ပါရှိကြသည်။ တချို့ကား ပါးစပ်အစား ငှက်နှုတ်သီးသာ ပါရှိကြသည်။

အရိုးခြောက်တိုင်းနီးပါးက သာမန်လူသားတစ်ယောက်၏ သွင်ပြင်လက္ခဏာမျိုး မရှိကြပေ။

အများစုမှာ လူသားသွင်ပြင် ပြောင်းဖို့ ကျင့်ကြံထားကြသည့် သားရဲများ ဖြစ်ကြောင်း သိသာလှသည်။ သို့သော် သူတို့၏ သားရဲအစိတ်အပိုင်းအချို့မှာ လုံးဝ မပျောက်ကွယ်သွားသေးခြင်း ဖြစ်၏။ ထိုလူသားနတ်ဆိုး သဏ္ဌာန်မှာ နတ်ဆိုးကျင့်ကြံရေး၏ ရည်မှန်းချက်တစ်ခုလည်း ဖြစ်ကြသည်။ သူတို့က သူတို့ခန္ဓာကိုယ်ကို လူသားအသွင်ပြောင်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင့်ကြံကြသည်။

အောင်မြင်ပြီးနောက်တွင် သူတို့အင်အား တိုးပွားလာရုံသာမက လူသားများ၏ ရွှေအမြုတေ ချီသန့်စင်ရေး ကျင့်စဉ်များကိုလည်း ကျင့်ကြံနိုင်ပြီ ဖြစ်၏။

သို့သော်လည်း နတ်ဆိုးများစွာက သူတို့လူသားသွင်ပြင်ဖြင့် ကျင့်ကြံဖို့ မလိုလားကြပေ။ သူတို့က သူတို့ဘာသာ အားကောင်းအောင် လုပ်ရင်း နဂိုသွင်ပြင်ကို ထိန်းထားကြသည်။ သူတို့က လိုအပ်လာသည့်အခါ လူသားအသွင်ပြောင်းနိုင်ဖို့ ပုံရိပ်ယောင်ကျင့်စဉ်ကို အသုံးပြုကြသည်။ မဟုတ်လျှင် သူတို့၏ သားရဲသွင်ပြင်နှင့်သာ နေတတ်ကြသည်။

ထိုနတ်ဆိုးကျင့်ကြံနည်းစနစ်နှစ်သွယ်က ချီသန့်စင်ရေးနှင့် ကိုယ်ထည်မာ ကျင့်ကြံနည်းလိုမျိုး ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေသည်။ ထိုအရာက လူတစ်ယောက်၏ စိတ်ဝင်စားမှုအပေါ် မူတည်၏။

သို့သော် ရှန်ထျန်းရှေ့မှောက်ရှိ အရိုးခြောက်အများစုက လူသားသွင်ပြင်ဖြင့် ကျင့်ကြံဖို့ ရွေးချယ်ထားသူတွေမှန်း သိသာလှသည်။ ထိုစဉ် သူတို့က သွေးနံ့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။

“ လာကြစမ်းပါ … ငါက ရှန်ထျန်း မကြောက်တတ်ဘူးကွ ”

ရှန်ထျန်း၏ မျက်ခုံးစပ်ရှိ ရွှေရောင်မိုးကြိုး အမှတ်အသားလေးက တောက်ပလာလေသည်။ ထိုအခါ နတ်မိုးကြိုးများ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။

တိုက်ပွဲချပ်ဝတ်တန်ဆာက ရှန်ထျန်းကိုယ်ပေါ်တွင် ဖြစ်တည်လာသည်။ ကြည့်ရသည်မှာ မိုးကြိုးများ တလက်လက်ထကာ အံ့ဩဖွယ်အတိ ဖြစ်နေသည်။  နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်က နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုအရာက နတ်မိုးကြိုးငါးပါး၏ အားသာချက်များကို ပေါင်းစပ်ထားပြီး ရှန်ထျန်း၏ တိုက်ခိုက်စွမ်းကို ကြီးကြီးမားမား ထောက်ပံ့ပေးထားသည်။

သွင်ပြင်အနေအထားအရ လုံယွမ်နတ်ချပ်ဝတ်သည်လည်း နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်အပေါ် အခြေခံထားသည့်အတွက် နှစ်ခုလုံးက ဆင်တူပေသည်။

နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ် အပြည့်အဝ ပုံပေါ်လာပြီးနောက် ရှန်ထျန်း၏ တိုက်ခိုက်မှု၊ ကာကွယ်မှု၊ ကုသမှုနှင့် ခံနိုင်ရည်စွမ်းတို့က သိသိသာသာ တိုးမြင့်သွားသည်။  သူက အရိုးခြောက်များကြား ဝင့်ကြွားစွာ ရပ်နေသည့် ရွှေရောင်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲသွားလေပြီ။

လိပ်နက်ဒိုင်းကာကြောင့် သူ့ဆီ လာတိုက်ခိုက်သော အရိုးခြောက်မြောက်များစွာကို အဝေးလွှင့်ထွက်သွားအောင် လုပ်နိုင်လိုက်သည်။ သူတို့က တော်တော်ဝေးဝေးတွင် ပြုတ်ကျသွားပြီး မြေပြင်ကိုပင် သိမ့်သိမ့်တုန်ခါသွားစေသည်။

ထိုစဉ် ခရမ်းရွှေတူကို ရှေးဦးအဆီအနှစ် လေးလံရေစင်တစ်လွှာ ဖုံးအုပ်ထားလေ၏။ နတ်မိုးကြိုးပေါင်းစပ် တိုက်ခိုက်မှုကြောင့် ထိုအရာက ပြိုင်ဖက်ကင်း လက်နက်တစ်ခု ဖြစ်နေသည်။

တူရိုက်ချက် အရိုးခြောက်များပေါ် ကျရောက်သွားသည့်အခါတိုင်း အရိုးများအား တစစီ ဖြစ်သွားစေသည်။

မိုးကြိုးချက်ခံယူပြီးနောက် အရိုးခြောက်မျက်ဝန်းထဲရှိ တစ္ဆေမီးတောက်လည်း ငြိမ်းချုပ်သွားတော့သည်။ ထိုအခါ သူတို့က အသက်မဲ့အကြွင်းအကျန်အဖြစ် ပြောင်းလဲသွားကြသည်။ အကယ်၍ သူတို့ကို နောက်ထပ် နှစ်ဆယ်သန်းလောက် မြေအောက်မြှပ်ထားခဲ့လျှင် ထိုတစ္ဆေမီးတောက်သည် ပြန်လည် တောက်လောင်လာနိုင်သည်။

သို့သော် ရှန်ထျန်းအနေနှင့် ထိုအခွင့်အရေးကို အဘယ်ကြောင့် ပေးရမည်နည်း။

လက်သူကြွယ်မှ ငွေလက်စွပ်လေး တောက်ပလာကာ တစစီ ဖြစ်နေသော အရိုးစုအားလုံးကို စုပ်ယူပစ်လိုက်သည်။

ထိုအရိုးအကြွင်းအကျန်များကို အထင်မသေးသင့်ပေ။ ထိုအရာများက ကမ္ဘာဦးခေတ်အခါက ဧရာမနတ်ဆိုးကြီးများ၏ အရိုးများ ဖြစ်၏။ သူတို့၏ အတွင်းအား ကုန်ဆုံးသွားသော်လည်း ကျန်ရှိနေသော အရာများက အဖိုးတန်ကာ အသုံးဝင်နေသေးသည်။

ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် လွှမ်းခြုံထားသောကြောင့် ရှန်ထျန်း၏ ခရမ်းရွှေတူမှာ စိန်ကိုပင် တစစီ ကြေမွသွားစေနိုင်လောက်သည်။ ထိုသို့ဆိုလျှင်ပင် ထိုအရိုးများပေါ် အရာအနည်းငယ်သာ ချန်ထားနိုင်ခဲ့၏။

ထိုနတ်ဆိုးအရိုးများက မည်မျှ ကြာရှည်ခံကြောင်း တွေ့နိုင်ပေသည်။ လက်နက်အတွက်ဖြစ်စေ၊ ဂိုဏ်းများ၏ ဆေးဥယျာဉ်အတွက် မြေဩဇာဖြစ်စေ အဖိုးတန်သော အရင်းအမြစ်များ ဖြစ်နေဆဲ ဖြစ်သည်။

………....

ဝုန်း …

ရှန်ထျန်းက သူ့တူကို အပြင်းအထန် ဝေ့ယမ်းနေသည်။ အချိန်တိုလေးအတွင်း ရှန်ထျန်း၏ တူအောက်တွင် အရိုးခြောက်တစ်ရာကျော်က တစစီ ဖြစ်သွားခဲ့ရသည်။

ကျတ်တီးတောင်ပေါ်၌ ကျောက်ဟောင်နှင့် ကျန်လူများက မြင်ကွင်းကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေကြသည်။

ဒါက အစ်ကိုရှန်ထျန်းရဲ့ အင်အားအစစ်အမှန်လား …

သူတို့က ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် ဖြစ်ကာ  ကျင့်ကြံဆင့်ကို အခြေတည်အဆင့်အထိ ဖိနှိပ်ခံထားရသော်လည်း ရှန်ထျန်းက ဒီလောက် အားကောင်းနေသေးသည်လား။

အားလုံးက တအံ့တဩ ဖြစ်နေကြစဉ် ရှန်ထျန်း၏ အမူအယာမှာ မသိမသာ ပြောင်းလဲသွားလေသည်။

သူနတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်က အရောင်ဖျော့သွားကာ ခရမ်းရွှေတူလည်း အနည်းငယ် ကျုံ့သွားသည်။

ကြည့်ရတာ သူ့စွမ်းအား ကုန်ခမ်းတော့လုနီးပါး ဖြစ်နေလေပြီ …

သေစမ်း … သတ္တိကောင်းမိတာ ဝန်ပိတာပဲ …

သူက မိနစ်အနည်းငယ်အထိ ထိုအံ့ဩဖွယ်မြင်ကွင်းကို ထိန်းထားနိုင်ခဲ့သော်လည်း ယခုအခါတော့ ဆက်လက် တောင့်မခံနိုင်တော့ပေ။

ယောကျ်ားတစ်ယောက်အတွက် သနားစရာကောင်းလိုက်တဲ့ အကြောင်းပြချက်ပါ့လား …

ရှန်ထျန်းက သူ့နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်ကို ဖယ်ရှားလိုက်သည့်အခါ နဂါးပြာချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ တိုက်ပွဲတွင် ဝိညာဉ်ချီအမျိုးမျိုးနှင့် ပြည့်နှက်နေပြီး နဂါးပြာချပ်ဝတ်က အားလုံးကို စုပ်ယူနေသောကြောင့်  ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲ အရူးအမူး စီးဝင်လာလေသည်။

မီးစာကျမ်းကို အသုံးပြုကာ ဝိညာဉ်ချီများကို စုပ်ယူရင်း သူ့ဘာသာ အားပြန်ဖြည့်လိုက်သည်။

နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်၏ ရှန်ထျန်းအတွက် ဝိညာဉ်ချီ ပြန်လည် ဖြည့်တင်းနိင်နှုန်းသည် နဂါးပြာချပ်ဝတ်ထက် မနိမ့်ကျပေ။ သို့သော်လည်း အပြန်အလှန်အားဖြင့် ထိုချပ်ဝတ်ကို ထိန်းထားဖို့ရာအတွက် ဝိညာဉ်ချီအမြောက်အများ လိုအပ်နေပြန်သည်။

နဂါးပြာချပ်ဝတ်ကို ပြောင်းလဲလိုက်ပြီးနောက် ရှန်ထျန်း၏ အတွင်းအားက ဟန်ချက်ပြန်ညီသွားလေသည်။ ဖြည်းဖြည်းချင်းဖြင့် တစတစ တိုးပွားလာနေ၏။

သူက သက်ပြင်းတစ်ခါ ထပ်ခါကာ ခရမ်းရွှေတူကို လက်စွပ်ထဲ ပြန်သိမ်းထားလိုက်သည်။

နောက်စက္ကန့်ပိုင်းလေးအတွင်း ရှန်ထျန်း၏ ညာဘက်လက်မှ ကျောက်စိမ်းရောင် နွယ်ပင်တစ်ခု ထွက်လာကာ အရိုးခြောက်များထံ ကြာပွတ်တစ်ချောင်းနှယ် ဝင်ရောက်သွားသည်။ နွယ်ပင် ထိပ်ဖျား၌ ငွေရောင် ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် အုပ်လွှမ်းထားပြီး အရိုးခြောက်များနှင့် ထိတွေ့မိသည့်အခါ ပေါက်ကွဲထွက်သွားသည်။

ဘန်း …

ဘန်း ဘန်း …

ဘန်း ဘန်း ဘန်း …

………….....

နွယ်ပင် ထိတွေ့၍ ပေါက်ကွဲသံများက လေထုထဲ ပဲ့တင်ထပ်နေသည်။ စက္ကန့်ပိုင်းလေးအတွင်း အရိုးခြောက်များကို ရှင်းထုတ်နှုန်းမှာ သိသိသာသာ တိုးတက်လာပြန်သည်။

အရိုးခြောက်များစွာက နွယ်ပင်ရိုက်ချက်အောက်တွင် တစစီ ဖြစ်သွားလေ၏။ သူတို့တစ္ဆေမီးတောက်ပင် နွယ်ပင်ထဲ စုပ်ယူခံလိုက်ရသည်။

မကြာခင် ကျတ်တီးတောင် အရှေ့ဘက်ခြမ်းကား ရှန်ထျန်းကြောင့် ရှင်းလင်းသွားလေပြီ။

တောင်ပေါ်ရှိ လူအုပ်ကြီးက ရှန်ထျန်းအား ဆက်လက် ငေးကြည့်နေကြဆဲ ဖြစ်၏။ ခေါင်းပေါ်တွင် ပန်းအိုးတစ်လုံးနှင့် လီလျန်အာက မတ်မတ်ရပ်ကာ  “ အစ်ကိုရှန်က အရမ်းအားကောင်းလိုက်တာ … သူ့နွယ်ပင်ကလည်း အရမ်းကြည့်ကောင်းတယ် ”

ပန်းအိုးထဲရှိ ဘူးသီးပင်ပေါက်လေးက လီလျန်အာ၏ စကားများကို ထောက်ခံနေသည့်အလား ယိမ်းယိုင်နေသည်။ အပင်ပေါက်လေးက နိဗာနတော်ဝင်ရေစင် စုပ်ယူပြီးနောက် အတော်လေး ကြီးထွားလာသည်။

ကျောက်ဟောင်က တံ့တွေးခက်ခက်ခဲခဲ မျိုချလိုက်ပြီး  “ ဒါက အစ်ကိုရှန်ရဲ့ စွမ်းအားအစစ်အမှန်လား … အရမ်းအားကောင်းလိုက်တာ ”

ချင်ယွင်တိက နဂိုမှေးနေသော မျက်လုံးများကို ထပ်မှေးလိုက်ရင်း “ အစ်ကိုရှန်ရဲ့ တိုက်ခိုက်စွမ်းက အရောင်အသွေးရော အနုပညာနဲ့ပါ ပြည့်စုံနေတာပဲ”

ကွေ့ကုန်းကုန်းကလည်း ရှန်ထျန်းကို စိတ်အားထက်သန်စွာ ကြည့်နေလေသည်။

“ အရှင့်သားက နောက်ဆုံးတော့ အရွယ်ရောက်လာခဲ့ပြီ။ ကိုယ်လုပ်တော်သာ ဒီမြင်ကွင်းကို မြင်ရရင် သေချာပေါက် ပျော်နေမှာပဲ ”

…………...

ဆိုင်ရှင်စုန့်၊ လျိုထိုက်ယီနှင့် ကျန်လူများအတွက် သူတို့က ပုံရိပ်မှတ်တမ်းတင်ကျောက်များ ထုတ်ကာ ရှန်ထျန်း၏ စွမ်းပကားကို အမိအရ ကူးယူထားလိုက်လေပြီ။

ဆရာနတ်မင်းက တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်သွားခဲ့တာပဲ ….  ဒါပေါ့ ဒီမြင်ကွင်းကို သေချာပေါက် မှတ်တမ်းတင်ထားရမယ် …

သူတို့တွေ နောင်ကျ ဒီကနေကြည့်ပြီး သင်ယူရမယ် … ကျင့်ကြံသူတွေအတွက် အကူအညီကောင်းတစ်ခု ဖြစ်လာလိမ့်မယ် …

ကောင်းချီးပေးခံထားရသူများအဖွဲ့ရှိ တပည့်များလည်း အကျိုးရရှိလာပေမည်။ အထူးသဖြင့် အမျိုးသမီးများ ဖြစ်၏။ သူတို့သာ အခု ဂိုဏ်းတူအစ်ကိုရှန်ရဲ့ စွမ်းပကားနဲ့ သတ္တိစွမ်းရည်ကို မြင်သွားရရင် ဘယ်လောက်တောင် ပီတိဖြစ်သွားကြမလဲ …

သူတို့တွေ နေရာမှာတင် မေ့လဲသွားကြလိမ့်မည်။

All Chapters