အာကာသဝိညာဉ်သူငယ်ဆေးလုံး
Vol. 18 Ch. 242
ထိုသို့ခွင့်ပြုမပေးလျှင်လည်း အံ့ဖွယ်ဘုံသည် အလယ်ပိုင်းကုန်းမြေ၏ လက်ထဲသို့ ကျရောက်သွားတော့မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အံ့ဖွယ်ဘုံကို ဆုံးရှုံးရမည် ဖြစ်သောကြောင့် အကျိုးအမြတ်အတွက် လဲလှယ်ခြင်းက ပိုကောင်းသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများသည် အံ့ဖွယ်ဘုံ၏ အကျိုးကျေးဇူးကို ခံစားနိုင်သည်။ တောင်ပိုင်း၏ မိစ္ဆာများမှာ နေစရာလိုအပ်နေသည်။
ဟန်မူယဲ့က ထိုလျှို့ဝှက်နယ်မြေကို သွားကြည့်လို၏။
သူ ကျင့်ကြံနေသောနည်းစနစ်တိုင်းကို သူကိုယ်တိုင် ရှာဖွေထားခြင်း ဖြစ်သည်။ သူသည် ထိုနေရာ၌ မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်အသစ်များအား တွေ့ရှိနိုင်ပါက ရုပ်ခန္ဓာကျင့်ကြံခြင်းအတွက် အကျိုးရှိပေလိမ့်မည်။
ထို့အပြင် သူ့တွင် မိုးကြိုးကပ်ဘေးကို ခုခံနိုင်သော သားမွေးတစ်ခု ရှိသည်။
ထိုသားမွေးသည် ရှေးခေတ်သားရဲနှင့် သက်ဆိုင်နေလိမ့်မည်ဟု ဟန်မူယဲ့သံသယရှိသည်။ မိစ္ဆာတစ်သောင်းအံ့ဖွယ်ဘုံတွင် သဲလွန်စများ ရှာတွေ့နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအတွက် ထိုအံ့ဖွယ်ဘုံမျိုးကို ဝင်ရောက်ခွင့်ရခြင်းသည် နောက်ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်းတွင် ကျွမ်းကျင်သူတချို့ ထပ်မံပေါ်ထွက်လာရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။
ထိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမည့်သူ မရှိပါ။
“ဟန်မူယဲ့၊ ငါတို့က အံ့ဖွယ်ဘုံကို ဝင်ရောက်ခွင့်ရဖို့အတွက် ဂိုဏ်းကိုးဂိုဏ်းအဆင့်သတ်မှတ်ချက်မှာ တိုက်ခိုက်ရမယ်။ ငါတို့က ဂိုဏ်းကိုထောက်ပံ့ဖို့ တိုက်ခိုက်နေတာပဲ။ မင်းနားလည်ရဲ့လား”
ကျန်းကျစ်ဟယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေ အနောက်ဘက်နယ်စပ်ကုန်းမြေကို ရောက်လာရင် အခြေအနေ ပြောင်းလဲသွားလိမ့်မယ်”
အနောက်ဘက်နယ်စပ်ကုန်းမြေကို ဂိုဏ်းကိုးဂိုဏ်းက လွှမ်းမိုးထားသည်။
သို့ပေမဲ့ တောင်ပိုင်းမိစ္ဆာများရောက်လာလျှင် အပြောင်းအလဲ ဖြစ်လာနိုင်သည်။
ဂိုဏ်းများသည် အနာဂတ်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိစေရန်အတွက် အင်အားများ ဖြည့်တင်းနေကြရသည်။
“ဝိညာဉ်ကျောက်တုံးတစ်သန်း၊ ဝိညာဉ်ဆေးပင်သုံးစုံ”
ထို့ပါ့ချန်က လက်မြှောက်ပြီး တောင်ခြေကိုညွှန်ပြသည်။
“ပြီးတော့ ဝိညာဉ်ကျောက်တုံးငါးသိန်းအောက်က ရတနာတစ်ခု”
ထိုဈေးနှုန်းက သူ၏ စိတ်ရင်းကို ပြသခြင်း ဖြစ်သည်။
ဟန်မူယဲ့က တစ်ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်သည်။
“ကောင်းပြီလေ”
သူ သဘောတူလိုက်သောကြောင့် ထို့ပါ့ချန်က ပြုံးလျှက် ပြောသည်။
“ကောင်လေး၊ မင်းက အကျိုးအမြတ်ရဖို့ မသေချာရင် ဘာမှလုပ်မပေးဘူးပဲ”
ထို့နောက် သူက ညင်သာစွာ ပြောသည်။
“အာကာသဝိညာဉ်သူငယ်ဆေးလုံးကို မင်းဖော်စပ်နိုင်လား”
ကမ္ဘာမြေအထွတ်အထိပ်အဆင့် အာကာသဝိညာဉ်သူငယ်ဆေးလုံး။ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းနေစဉ်တွင် ထိုဆေးလုံးကို အသုံးပြုလိုက်ပါက ဝိညာဉ်သူငယ်အဆင့် နားလည်နိုင်စွမ်းကို ခဏတာရရှိလာပေလိမ့်မည်။
ထိုနားလည်နိုင်စွမ်းကြောင့် အဆင့်တက်ခြင်းမှာ ချောမွေ့သွားပေမည်။
ထိုဆေးလုံး၏ အဖိုးတန်ပုံကို တွေးကြည့်နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိုဆေးလုံးမျိုး ရရှိရန် မလွယ်ကူပါ။
ဟန်မူယဲ့က ခေါင်းယမ်းလျှက် ပြောသည်။
“ပြီးပြည့်စုံတဲ့ဆေးညွှန်းနဲ့ ဝိညာဉ်ဆေးပင်တွေမရှိရင် ကျွန်တော် ဖော်စပ်နိုင်မှာ မဟုတ်ဘူး”
သူက အမှန်အတိုင်းပြောခြင်း ဖြစ်သည်။
သူသည် အာခီမီစံအိမ်ငယ်တွင် အာကာသဝိညာဉ်သူငယ်ဆေးလုံးအတွက် ဆေးညွှန်းတစ်ဝက်ကို မြင်ဖူး၏။
ထိုဆေးလုံးအတွက် လိုအပ်သောဆေးအမယ်များမှာလည်း အဖိုးမဖြတ်နိုင်ပေ။
တခြားသော ဆေးညွှန်းတစ်ဝက်ကို ဖော်ထုတ်ရန်အတွက် အလွန်အားထုတ်ရပေလိမ့်မည်။
“ခေါင်းဆောင်တောက်ရင်က အခုတစ်လော အာကာသဝိညာဉ်သူငယ်ဆေးလုံးကို လေ့လာနေပြီး တိုးတက်မှုတချို့ ရထားတယ်”
ထို့ပါ့ချန်၏ စကားများကြောင့် ဟန်မူယဲ့ အံ့အားသင့်သွားသည်။
“ဝိညာဉ်ဆေးပင်တွေကိုတော့ ဂိုဏ်းက အစွမ်းကုန်ကြိုးစားပြီး ရှာပေးလိမ့်မယ်”
ထို့ပါ့ချန်က ထူးဆန်းသောအကြည့်ဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“ကောင်လေးဟန်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အင်အားကြီးလေလေ မင်းရဲ့အဆင့်အတန်းနဲ့ နောက်ခံလည်း ပိုကောင်းလေပဲ”
“အနာဂတ်မှာ ဒါတွေအားလုံးက မင်းရဲ့ကျင့်ကြံခြင်းလမ်းစဉ်အတွက် အကူအညီဖြစ်လိမ့်မယ်။ အဲဒီလို မထင်ဘူးလား”
ခန်းဆောင်ထဲတွင် အခြေအနေသည် ရုတ်တရက်လေးနက်လာ၏။
ထိုမေးခွန်းအတွက် လွယ်ကူသော အဖြေမရှိပေ။
သူက မှန်ကန်ကြောင်း ထောက်ခံလိုက်လျှင် ဂိုဏ်းခေါင်းဆောင်ရာထူးကို ရည်မှန်းနေသည်ဟု ထင်သွားလိမ့်မည်။
သူက ငြင်းပယ်လိုက်လျှင်လည်း ဂိုဏ်းအပေါ်မှာ သစ္စာမဲ့သလို ဖြစ်နေလိမ့်မည်။
‘လူအိုကြီး ထို့ပါ့ချန်က တကယ်ဆိုးတာပဲ’ သူက တွေးမိသည်။
“ဆရာဦးလေးထို့ပါ့၊ စိတ်မပူပါနဲ့။ အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ဖို့အခွင့်အရေး ရှိလာရင် ကျွန်တော်ကူညီပေးပါ့မယ်”
ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။
ခန်းဆောင်ထဲမှ ထွက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျန်းကျစ်ဟယ်က ပြုံးလျှက် ပြောသည်။
“ဒီကလေးက ဂိုဏ်းအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ သူ့ကို တွန်းအားမပေးပါနဲ့”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဝူကျီးယွမ်က ထူးဆန်းသောအကြည့်နဲ့ လှည့်ကြည့်သည်။ သူက တီးတိုးပြောလိုက်သည်။
“သူ့ကို တွန်းအားမပေးရဘူးလား။ အဲဒါဆိုရင် ဖုန်းလင်ဓားဂိုဏ်းက ငါတို့ကို တွန်းအားမပေးတော့ဘူးလား”
“ရှန့်ယန်မိစ္ဆာဂိုဏ်းရဲ့ လီမူပိုင်လည်း ရှိသေးတယ်။ သူက နှစ်တွေ အများကြီး သူ့သမီးအရင်းကို အံ့ဖွယ်ကိုးပါးတောင်မှာ ထားတယ်။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းတယ်လို့ အပြင်လူတွေ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ သူက သူ့သမီးကို နည်းနည်းလေးမှ ဂရုစိုက်တာ မဟုတ်ဘူး။”
“ပြီးတော့ တောင်ပိုင်းကုန်းမြေက နှစ်တစ်ရာအတွင်းမှာ အနောက်ဘက်နယ်စပ်ကုန်းမြေကို ရွှေ့ပြောင်းလာလိမ့်မယ်။ ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခက်ခဲလာလိမ့်မယ်”
ဝူကျီးယွမ်က ထို့ပါ့ချန်ကို ကြည့်လိုက်သည်။
“ဂိုဏ်းတူညီလေးထို့ပါ့၊ ဂိုဏ်းခေါင်ဆောင်နဲ့ စီနီယာအစ်ကိုလုဟောင်တို့ရဲ့ စတေးမှုတွေက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အမွေအနှစ်အတွက်ပဲ”
“ဟန်မူယဲ့ရဲ့ နှလုံးသားထဲမှာ ဂိုဏ်းအတွက်တွေးပေးနေရင် ငါတို့က အလဲအလှယ်လုပ်ပြီး သူ့ကို အလုပ်အမျိုးမျိုးခိုင်းနေလို့မဖြစ်ဘူး”
ထို့ပါ့ချန်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“စီနီယာအစ်ကိုပြောတာ သင့်တော်ပါတယ်”
ဝူကျီးယွမ်၏ မျက်နှာက တောက်ပသွားသည်။ သူက ဆက်ပြောတော့မည့်အချိန်မှာ ထို့ပါ့ချန်က ပြောလိုက်သည်။
“ပိုင်စုကျန်းနဲ့ ဟန်မူယဲ့က ဘယ်လိုနေလဲမသိဘူး။ ပြီးတော့ တိမ်မြုံကမ်းပါးမှာ ထူစွန်းရှစ်က သူ့ကို ထိုက်ရီဓားဂိုဏ်းဆီ ဖိတ်ခေါ်ခဲ့သေးလား”
ဝူကျီးယွမ်၏ အပြုံးက အေးခဲသွားသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ အံ့ဖွယ်နေမင်းသက်တော်စောင့် ကျွမ်းကျင်သူတစ်ယောက်က သူ့ကို ဖိတ်ခေါ်ခဲ့သေးတယ်”
ထို့ပါ့ချန်က လှည့်ကြည့်လိုက်ပြီး လမ်းလျှောက်သွားလျက် ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူ့ကို လမ်းဆုံးအထိ တွန်းပို့လိုက်လို့ သူ ထွက်သွားရင်လည်း အပြင်မှာဆိုရင် ဒီကထက် ပိုပြီး သက်တောင့်သက်သာ နေနိုင်သေးတယ်”
ကျန်းကျစ်ဟယ် ပြုံးလျှက် ထွက်သွားသောအချိန်အထိ ဝူကျီးယွမ်၏ အမူအရာမှာ ပျက်ယွင်းနေ၏။
ထို့ပါ့ချန် ပြောသွားသည့်အတိုင်း ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မှီခိုနေစရာမလိုပေ။
ဂိုဏ်းတစ်ခု၏ စည်းလုံးခြင်းသည် ဂိုဏ်းတပည့်၏ အကျိုးအမြတ်ကို မစွန့်လွှတ်ခြင်း ဖြစ်သည်။
“ကျင်းကျီး မင်းကိုရွေးတာ မထူးဆန်းတော့ပါဘူး”
ဝူကျီးယွမ်သည် ဟာလာဟင်းလင်း ဖြစ်နေသောခန်းဆောင်ကို ကာ တီးတိုးရေရွတ်လျက် ထွက်သွားသည်။
....
ဟန်မူယဲ့သည် ဓားစံအိမ်၏ တတိယထပ်သို့ တိုက်ရိုက် တက်သွားလိုက်သည်။
သူက တံခါးပိတ်ကျင့်ကြံမည့်အကြောင်းကို လိမ်ညာပြောနေခြင်း မဟုတ်ပေ။
သို့ပေမဲ့ တိမ်မြူရွှေကြာပန်းအစေ့ကို ဆေးလုံးအဖြစ် ဦးဆုံး ဖော်စပ်ရပေဦးမည်။
ထိုနည်းဖြင့် သူ့ကျင့်ကြံခြင်းပါရမီ အဆင့်မြင့်သွားပြီး ကျင့်ကြံခြင်းလည်း ယခင်ထက် များစွာ မြန်ဆန်သွားနိုင်သည်။
ယခု သူ့တွင် ဝိညာဉ်ဆေးပင် အများအပြားမရှိပေ။ နောက်ပိုင်းမှ ဆေးလုံးဖော်စပ်ခြင်း နည်းစနစ်ကို ဆန်းစစ်လေ့လာကြည့်ရမည်။
“ခေါင်းဆောင်တောက်ရင်က မူရှန်မြို့မှာ အချိန်ဖြုန်းနေတာ မဟုတ်ဘူးပဲ”
ထို့ပါ့ချန်၏ စကားများကို ပြန်တွေးမိကာ ဟန်မူယဲ့က တီးတိုးရေရွတ်သည်။
ခေါင်းဆောင်တောက်ရင်သည် မူရှန်မြို့တွင် အာကာသဝိညာဉ်သူငယ်ဆေးလုံးကို လေ့လာနေ၏။
လက်ရှိအခြေအနေအရ အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ရန်အတွက် ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူတချို့ ထွက်ပေါ်လာသင့်သည်။
‘လင်တောက်တာအိုဂိုဏ်းက မျက်နှာတစ်ထောင်သူတော်စင်နဲ့ပတ်သတ်ပြီး ဘယ်လိုတွေးမလဲမသိဘူး’
ကျောက်တုံးနက်ရေကန်၏ မြေအောက်လိုဏ်ဂူတွင် မျက်နှာတစ်ထောင်သူတော်စင်၏ ကိုယ်ပွား ပြောသောစကားများကြောင့် ဟန်မူယဲ့၏ မျက်နှာ မသာမယာ ဖြစ်သွားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူ ဖြစ်နေသောကြောင့် မျက်နှာတစ်ထောင်သူတော်စင်သည် ချိပ်ပိတ်ထားသောလမ်းကြောင်းကို ဖွင့်ကာ ထွက်သွားလိုပါက အောင်မြင်နိုင်ချေ ရှိနေသည်။
သို့ပေမဲ့ လမ်းကြောင်းပွင့်သွားလျှင် ဖြစ်ပျက်လာမည့် အကျိုးဆက်ကို မည်သူမှ မသိပေ။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ဟွမ်လောင်လျှိုသည် အာကာသလမ်းကြောင်းကို ပိတ်ဆို့ပြီး ပြင်ပမိစ္ဆာများကို တားဆီးပေး၏။ ထို့သို့မဟုတ်လျှင် လက်ရှိအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေသည် အပြင်လောကမိစ္ဆာများဖြင့် ပြည့်နေပေလိမ့်မည်။
မျက်နှာတစ်ထောင်သူတော်စင်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်နိုင်စွမ်းရှိကြောင်း ပြောသည်။
အင်မော်တယ်များ၊ ဗုဒ္ဓများနှင့် ပြည့်နေသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ…။
လင်တောက်တာအိုဂိုဏ်း၊ ဝိညာဉ်သူငယ်တတိယအဆင့်ကျွမ်းကျင်သူ မျက်နှာတစ်ထောင်သူတော်စင်…။
ဟန်မူယဲ့သည် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လျှက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူက ကျောက်တုံးနက်ရေကန်၏ မြေအောက်လိုဏ်ဂူတွင် မျက်နှာတစ်ထောင်သူတော်စင်၏ ကိုယ်ပွားကို သတ်ပစ်ခြင်းကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကိုယ်ပွား သေဆုံးသွားသောကြောင့် မျက်နှာတစ်ထောင်သူတော်စင်သည် တံခါးပိတ်ကျင့်ကြံရန် ၂နှစ် ၃နှစ်ခန့် ကြာပေလိမ့်မည်။
သို့ပေမဲ့ ထိုအချိန်က တိုတောင်းလွန်းသည်။
သူသည် လင်တောက်တာအိုဂိုဏ်း၏ ပထမအကြီးအကဲဖြစ်သူ မျက်နှာတစ်ထောင်သူတော်စင်ကို တိုက်ခိုက်နိုင်စွမ်းရှိအောင် ထိုအချိန်ကာလအတွင်း ကျင့်ကြံနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
ထို့အပြင် ဤအကြောင်းအရာကို တခြားလူများအား မပြောနိုင်ပေ။
တိမ်မြုံကမ်းပါး၏အောက်ခြေတွင်ရှိသော အာကာသလမ်းကြောင်း ပွင့်သွားသောအခါတွင် ထူစွန်းရှစ်သည်ပင် ဂိုဏ်းကို စွန့်ပစ်၍ ထွက်သွား၏။ ထို့အပြင် လင်တောက်တာအိုဂိုဏ်း ဖိနှိပ်ထားသောလမ်းကြောင်းမှာလည်း အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်ထားသည်။
တခြားကျင့်ကြံသူများ ထိုအကြောင်းကိုသိသွားလျှင် လမ်းကြောင်းဖွင့်ရန်အတွက် မျက်နှာတစ်ထောင်သူတော်စင်ကို ကူညီပေးကြပေလိမ့်မည်။
ဟန်မူယဲ့က စူးရှသော မျက်လုံးများဖြင့် လက်သီးကို တင်းတင်းဆုပ်ထားသည်။
‘အဲဒီကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကျူးကျော်လာရင် အလယ်ပိုင်းကုန်းမြေက တားဆီးနိုင်ပါ့မလား’ သူတွေးမိသည်။
‘အမတ်ချုပ်ကြီးဝမ်နဲ့ စစ်သူကြီးချွန်ဝူက ခုခံဖို့ခွန်အားရှိပါ့မလား’
‘ဒါပေမဲ့ အလယ်ပိုင်းကုန်းမြေက ခုခံနိုင်ရင်တောင်မှ အနောက်ဘက်နယ်စပ်ကုန်းမြေက အရင်ဆုံး ထိခိုက်ပျက်စီးမှာ…’
ယခုအချိန်တွင် အတွေးများနေ၍လည်း အကြောင်းမထူးပါ။ မိမိကိုယ်ကို ပိုသန်မာအောင် ကြိုးစားခြင်းသည်သာ လက်တွေ့ကျသော ဖြေရှင်းနည်း ဖြစ်သည်။
ဒန်ထျန်ထဲတွင် ရှိသော ဓားဆေးလုံးကို သန့်စင်ပေးရန်အတွက် ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်သည်။ ဟန်မူယဲ့၏ နှလုံးသားမှာ တဖန် လှုပ်ရှားသွားပြန်သည်။
သူက မတ်တပ်ထရပ်ပြီး အောက်ထပ်သို့ဆင်းလာသည်။
“စီနီယာအစ်ကိုဟန်”
စားပွဲရှည်နောက်မှာထိုင်နေသောလျှိုဟုန်နှင့် ဓားကို သုတ်နေသောယန်မင်ရွှမ်တို့က ဦးညွှတ်လိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လျှိုဟုန်ကို ကြည့်သည်။ “ဂိုဏ်းတူညီလေးလျှို၊ ဓားဆေးလုံးနဲ့ ပတ်သတ်ပြီး နားစွင့်ထားဦး”
ဓားဆေးလုံး…။
အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှိနေသော ဓားဆေးလုံးများသည် ဓားဘုရင်ယွမ်ထျန်း ချန်ထားရစ်ခြင်း ဖြစ်နိုင်သည်။
သူသည်သာ ထိုဓားဆေးလုံးတချို့ကို စုစည်းနိုင်ပါက တိုက်ခိုက်နိုင်စွမ်းသည်လည်း အဆပေါင်းများစွာ တိုးမြင့်သွားပေလိမ့်မည်။
“ဓားဆေးလုံးနဲ့ ပတ်သတ်ပြီး ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်”
လျှိုဟုန်က ခေါင်းညိတ်သည်။