အစ်ကိုကြီးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ဘယ်လိုလုပ် အများကြီး လက်ခံနိုင်မှာလဲဗျာ
Vol. 11-16 Ch. 203
အခန်း (၂၀၃) : အစ်ကိုကြီးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ဘယ်လိုလုပ် အများကြီး လက်ခံနိုင်မှာလဲဗျာ
နဂါးဆန်ဆန် အကြေးခွံများက ဝိညာဉ်ဆေးပင်များအပေါ် ရှိနေပြီး ပုံသဏ္ဌာန်များက ရေနဂါးနှင့် အတော်လေး ဆင်တူပေသည်။ ဝိညာဉ်ဆေးပင် တစ်ပင်ချင်းစီတိုင်းသည် နဂါးနီ၏ အသေးစားပုံစံ ဖြစ်နေပြီး အပူများ ထုတ်လွှင့်နေလေ၏။ ဝိညာဉ်ဆေးပင်က ပိုကြီးလေလေ အရောင်က ပိုရင့်လေလေ ဖြစ်သည်။
နဂါးအရိုးနှင့် နီးကပ်နေသည့် ဝိညာဉ်ဆေးပင်၏ အရောင်သည် နီညိုရောင်သမ်းနေလေသည်။ ထို့အပြင် အပူဓာတ် ထုတ်လွှင့်နေခြင်း မရှိပေ။ ထို့အစား စွမ်းအားများကို အတွင်းပိုင်းသိုလှောင်ထားသောကြောင့် အနည်းငယ် အေးစက်စက် ဖြစ်နေသေး၏။
ထိုဝိညာဉ်ဆေးပင်ကို နဂါးသွေးမြက်ဟု ခေါ်ဆိုပြီး နဂါးစစ်စစ်၏ သွေးစွန်းထားသော မြေ၌သာ ရှင်သန်ကြီးထွားလေ့ရှိကြသည်။
ထိုဝိညာဉ်ဆေးပင်များသည် အလွန်အဖိုးတန်ပြီး ကျင့်ကြံသူများအတွက် ခန္ဓာဖွဲ့စည်းပုံ တိုးတက်လာစေရန် ဆေးလုံးများအဖြစ် အသုံးပြုနိုင်သေး၏။ အာနိသင်မှာ အားကောင်းလွန်းလှသည်။ အထူးသဖြင့် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများအတွက် ဖြစ်၏။ အကယ်၍ သူတို့သာ နဂါးသွေးမြက်ကို ရရှိသွားပြီး စုပ်ယူနိုင်ခဲ့လျှင် နဂါးသွေးစွမ်းအား ရရှိလာဖို့ အခွင့်အရေး ရှိ၏။
ထိုအခါ သူတို့၏ တိုက်ခိုက်မှုများသည် နဂါးအငွေ့အသက် ကိန်းအောင်းနေပြီး အင်အားနှင့် အမြန်နှုန်းတို့မှာ သိသိသာသာ တိုးတက်လာပေမည်။
အားလုံးက နဂါးမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာသည် အားအကောင်းဆုံး ဖြစ်ကြောင်း အသိအမှတ်ပြုထားကြရ၏။ နဂါးသွေးမြက်သည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် သာလွန်ကိုယ်ထည်အဆင့် ကျင့်ကြံသူများအတွက် ပို၍ သက်ရောက်မှု ရှိပေသည်။
နဂါးသွေးမြက်ဖြင့် ရုပ်ခန္ဓာတိုးတက်အောင် ပြုလုပ်ပြီးနောက် အားအကောင်းဆုံး အခြေခံအုတ်မြစ် ရှိလာလိမ့်မည်။ တခြားနည်းဖြင့်ဆိုရလျှင် ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်အလားအလာအတွက် အတော်လေး အကျိုးရှိသည်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေတစ်ခုလုံး၌ပင် ဤသို့သော ဝိညာဉ်ဆေးပင်မျိုးက အဖိုးမဖြတ်နိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်၏။ သို့သော်လည်း ဤတောင်ကြား၌ နဂါးသွေးမြက်က နေရာအနှံ့နီးပါး ရှိနေလေသည်။
…………....
“ ဂိုဏ်းတူအစ်ကိုကတော့ တကယ့်ကို ကောင်းကင်ဘုံက မျက်နှာသာပေးခံထားရတဲ့ ကံကြမ္မာသားတော်ပဲဗျို့ ”
ချင်ယွင်တိက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသော မျက်ဝန်းအစုံဖြင့် “ ကျွန်တော်တို့တွေ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်လာတာ နေ့ဝက်လောက်နဲ့ ဒီလိုရတနာနယ်မြေကို ရှာတွေ့သွားပြီ ”
ရှန်ထျန်းက ခေါင်းခါကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည် “ ပျော်ရမဲ့အချိန် မဟုတ်သေးဘူး။ ငါတို့တွေ ဒီတောင်ကြားထဲက အကောင်တွေကို အရင်ဆုံးရှင်းပစ်ရဦးမယ် ”
မှန်ပေသည်။ ဤတောင်ကြားထဲ၌ သတ္တဝါဆန်းများနှင့် ပြည့်နှက်နေသည်။
ဦးခေါင်းအထက်တွင် ချွန်ထက်သော ချိုများဖြင့် အရိုးခြောက်များက လှည့်လည်သွားလာနေကြသည်။ သူတို့အရိုးများက ငွေဖြူရောင် မဟုတ်တော့ဘဲ အနီဖျော့ဖျော့ ဖြစ်နေသည်။ ထို့အပြင် သူတို့ခန္ဓာကိုယ်က ကြီးမားလေလေ အနီရောင့်က ပိုရင့်လေလေ ဖြစ်ပြီး သူတို့အငွေ့အသက်များမှ သွေးဆာလိုစိတ်များ ပို၍ ထုတ်လွှင့်နေသည်။
ထိုအရိုးခြောက်များက တောင်ကြားအပြင်ဘက်မှ အကောင်များထက် ပိုအားကောင်းကြသည်။ အရိုးခြောက်တစ်ခုချင်းစီက ထိပ်သီး အခြေတည်အဆင့်သို့ ရောက်ရှိနေကြလေပြီ။
လူသား ရွှေအမြုတေအဆင့်နှင့် ယှဉ်နိုင်လောက်သည့် အရှိန်အဝါ ထုတ်လွှင့်နေသော အနီရင့်ရင့် အရိုးခြောက်ဆယ်ခုကျော် ရှိနေသေး၏။ နဂါးသွေးသည် ဤတောင်ကြားရှိ အရိုးခြောက်များကို အားဖြည့်ပေးထားသောကြောင့် သူတို့နှင့် ရင်ဆိုင်ဖို့ရာ ခက်ခဲကြောင်း သိသာလှသည်။
ချင်ကောင်း၏ ရောင်ဝါထဲတွင် ရှန်ထျန်းအနေနှင့် ထိုမသေဆုံးနိုင်သော သူရဲကောင်းအုပ်စုက နဂါးသွေးတောင်ကြားထဲ ပြေးဝင်လာပြီး ထိုအရိုးခြောက်များနှင့် နှစ်ရက်တိုင်တိုင် တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်။
ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် ချင်ကောင်းက သူ့အမြန်နှုန်းဖြင့် နဂါးသွေးမြက် ဆယ်ပင်ကျော်ကို ရယူနိုင်ပြီး ထွက်ပြေးနိုင်ခဲ့သည်။
ပြောရလျှင် ချင်ကောင်းနှင့် အခြားလူများက ရှန်ထျန်းနောက်လိုက်မလာလျှင် သူတို့က သတ္တဝါဆန်းများကြောင့် တကွဲတပြား ဖြစ်သွားပေလိမ့်မည်။ ချင်ကောင်းက ဤတောင်ကြားထဲ ရောက်လာစဉ် တခြားသူများကလည်း ကိုယ်ပိုင်အခွင့်အရေးများ တွေ့ဆုံသွားကြသည်။
တကယ်တော့ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအတွင်း ပုံမှန်ကိစ္စသာ ဖြစ်၏။ မည်သူကမှ သူတို့အဖွဲ့နှင့် တစ်ချိန်လုံး ရှိနေလိမ့်မည်ဟု အာမ မခံနိုင်ပေ။
အန္တရယ်များသော အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ တစ်ယောက်ချင်းစီ ထွက်ပြေးလိုက်ခြင်းက အကုန်လုံး တစ်စုတတည်း ထွက်ပြေးခြင်းထက် ပို၍ အသက်ရှင်နိုင်ခြေ များ၏။
ချင်ကောင်း၏ နဂိုကံအပြောင်းအလဲ အခွင့်အရေး၌ သူ့အနေနှင့် ထွက်မပြေးခင်အထိ နဂါးသွေးမြက် ဆယ်ပင်ကျော်သာ ရယူနိုင်ခဲ့သည်။
သို့သော်လည်း လက်ရှိ ရှန်ထျန်းက နဂါးသွေးမြက်အပင်အားလုံးကို အမြစ်ပါမကျန် မည်သို့ ရယူရမည်ကို တွက်ချက်စဉ်းစားခန်းဝင်နေသည်။ ပြောရလျှင် အမြစ်ပင် ကျင့်ကြံရေးဈေးကွက်၌ အဖိုးတန်လှပေသည်။
အားလုံး အကုန်ယူလိုက်တာ ပိုမကောင်းဘူးလား …
…………...
နဂါးသွေးအရိုးခြောက်များသည် အလွန်အားကောင်းကြသော်လည်း သူတို့အသိဉာဏ်မှာ လူသားများနှင့် မယှဉ်နိုင်သောကြောင့် ကံကောင်းသွားသည်။ အရိုးခြောက်တိုင်းက ဦးတည်ရာမရှိ လျှောက်သွားနေကြပြီး အချင်းချင်း တိုးတိုက်မိလျှင်ပင် တုံ့ပြန်မှု မရှိကြပေ။
သူတို့က သူတို့ပင်ကိုယ်အသိစိတ်ဖြင့် လှုပ်ရှားနေသည်မှာ သိသာလှသည်။ ရန်သူကို ရှာမတွေ့ခင်အထိ သူတို့အနေနှင့် စဉ်းစားနိုင်စွမ်းနှင့် အကဲဖြတ်နိုင်စွမ်း မရှိကြပေ။
ရှန်ထျန်းတို့က တောင်ကြားထဲ ချုံခိုနေကြသည်။ သူတို့က တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားပြီး တည်ရှိမှု ဖုံးကွယ်ရေး အစီအရင်ပါ ခင်းကျင်းထားသောကြောင့် နဂါးသွေးအရိုးခြောက်များအား အောင်အောင်မြင်မြင် လှည့်စားနိုင်လိုက်သည်။
“ ယွင်တိက ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်တွေကို ဝေပေးလိုက်ပြီး လူစုခွဲနေကြ။ တစ်ယောက်နဲ့ တစ်ယောက် နီးနီး ကပ်မနေကြနဲ့ ”
ရှန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည် “ ဆူညံသံ လျော့ချရေး အစီအရင်ကို အသက်သွင်းလိုက်ပြီးတော့ ဘာအသံမှ မထွက်စေနဲ့။ နဂါးသွေး အရိုးခြောက်က အားကောင်းပေမဲ့ အားနည်းချက်ကြီး တစ်ခု ရှိတယ်။ သူတို့က ဓမ္မကာကွယ်ရေးဂါထာတွေ မထုတ်လွှင့်နိုင်ဘူး။ သူတို့ရဲ့ အားနည်းချက် ဝိညာဉ်မီးတောက်ကို ချိန်ရွယ်ပြီးတော့ တစ်ချက်တည်းနဲ့ တန်းသတ်ပစ် … အားနည်းတဲ့ အရိုးခြောက်တွေကို အရင်ရှင်းကြမယ်။ အားကောင်းတာတွေကို နောက်မှာ ချန်ထားလိုက် … အားလုံး နားလည်ကြလား ”
အားလုံးက တညီတညွှတ်တည်း ခေါင်းညိတ်လိုက်ကြသည် “ နားလည်ပါပြီ ”
သူတော်စင်အစ်ကိုရှန်က ဒီလိုဩချလောက်တဲ့ နည်းလမ်းမျိုးကို တွေးမိသွားတာပဲ … သေနတ်တွေကို ဒီလိုအကျိုးရှိရှိ အသုံးချလိုက်တာပဲ
ချင်ယွင်တိ မျက်ဝန်း၌ လေးစားမှုအပြည့် ဖြစ်လာသည်။
သူက သုတေသနဦးတည်ချက် အသစ်တစ်ခု ရှာတွေ့သွားဟန် ပေါ်သည်။
နဂို ချင်ယွင်တိက သေနတ် ၆၄ လက်ကို ထိန်းချုပ်ကာ တောင်ကြားထဲ ပြေးဝင်သွားကာ ထိုအရိုးခြောက်များနှင့် မျက်နှာချင်းဆိုင်တိုက်ဖို့ ရည်ရွယ်ထားခဲ့သည်။ သူက သေနတ်စွမ်းအားဖြင့် အရိုးခြောက်များကို နှိမ်နင်းပစ်မည် ဖြစ်၏။ သူ့အနေနှင့် သာမန်နဂါးသွေး အရိုးခြောက်ဆယ်ချီနှင့် အဆင့်မြင့် အရိုးခြောက် သုံးကောင်မှ ငါးကောင်အတွင်း သတ်နိုင်ဖို့ ယုံကြည်ချက် ရှိသည်။
သို့သော်လည်း တခြားအရိုးခြောက်များနှင့် ရင်ဆိုင်ဖို့ ခက်ခဲပေမည်။ အကယ်၍ သူသာ သတိလက်လွှတ်ဖြစ်သွားပါက အသားပြား ဖြစ်သွားနိုင်သေး၏။
ထိုစဉ် ရှန်ထျန်း၏ နည်းလမ်းက ပို၍ အန္တရာယ်ကင်းပေသည်။
ပုန်းအောင်းပြီး ပစ်မယ် …
တည်ရှိမှုနှင့် အသံမရှိဘဲ ကျည်ဆန်ပိစိလေးများဖြင့်သာ တိုက်ခိုက်မည် ဖြစ်သောကြောင့် သူတို့တိုက်ခိုက်ရေး နည်းလမ်းမှာ ဓားများကို အသုံးပြုခြင်းနှင့် ကွဲပြားလှသည်။
ထိုဉာဏ်တုံးအရိုးခြောက်များအနေနှင့် တိုက်ခိုက်မှုများက မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း ရှာနိုင်မည် မဟုတ်ပေ။
………….....
“ အားလုံး အသင့်ပြင်ထားကြ … စတိုက်မယ် ”
အားလုံးက ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်တချို့ကို ရရှိထားပြီ ဖြစ်၍ သူတို့နတ်ဘုရားအသိစိတ်နှင့် ထိန်းချုပ်ကာ ချိန်ရွယ်ထားလိုက်ကြသည်။
ရှန်အောင်းလည်း သေနတ်တစ်လက် ရရှိထားလေ၏။ သူ့လက်ထဲမှ သေနတ်တိုကို ကြည့်ကာ နားမလည်နိုင် ဖြစ်လာမိသည်။
ဤသို့သော သာမန်သေနတ်အတိုတစ်လက်ဖြင့် ခြေလှမ်းတစ်ထောင်အကွာက ရန်သူကို သတ်နိုင်မည်လား … ဟာသများလား …
သေနတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး အရိုးခြောက်များကို သတ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။
“ အရှင့်သားကို ဘယ်လိုသုံးရတာလဲဆိုတာ ပြပေးပါ့မယ် ”
ဆိုင်ရှင်စုန့်က ရှန်အောင်းအနား ချည်းကပ်လာကာ သေနတ်အသုံးပြုပုံအား အားတက်သရော သင်ပေးတော့သည်။
သူက နတ်ဘုရားအသိစိတ်ဖြင့် တောင်ကြားအစွန်အဖျားပိုင်းရှိ အနီဖျော့ဖျော့ နဂါးချိုအရိုးခြောက်အား ပစ်မှတ်ထားလိုက်ပြီး မိုးကြိုးအဆောင် ပေါက်ကွဲထွက်သွားဖို့အတွက် သေနတ်ထဲမှ အစီအရင်ကို အသက်သွင်းလိုက်သည်။
ဒိုင်း
ဆူညံသံ လျော့ချရေး အစီအရင် အသက်ဝင်လာသည့်အခါ သေနတ်ပစ်ခတ်မှု၏ အသံမှာ အနိမ့်ဆုံးသို့ ရောက်ရှိသွားလေသည်။ အသံနည်းနည်းသာ ပဲ့တင်ထွက်လာသော်လည်း တည်ရှိမှု ဖုံးကွယ်ရေး အစီအရင်က ဖုံးအုပ်ထားနိုင်လိုက်သည်။
ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်က အသာတုန်ခါသွားပြီး အနက်ရောင် ကျည်ဆန်က လေဟုန်ခွင်းကာ ထွက်သွားပြီး နဂါးချိုအရိုးခြောက်၏ မျက်အိမ်အတွင်း ဝင်ရောက်သွားသည်။
ဘမ်း …
ပစ်ခတ်မှုက နဂါးချိုအရိုးခြောက်ကို ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေပြီး ဝိညာဉ်မီးတောက်လည်း ချက်ချင်း ချုပ်ငြိမ်းသွားရသည်။
တိတိကျကျ ပတ်ခတ်မှုနှင့် တစ်ချက်တည်းဖြင့် အသေသတ်နိုင်လိုက်၏။
ရှန်အောင်းက သူ့သာမန်အသိများ ဖြည်းဖြည်းချင်း ပြိုကျပျက်စီးသွားသလို ခံစားလာရသည်။
သူက ဓားကျင့်စဉ်ကို ကျင့်ကြံသော်လည်း အပြင်ဘက်ရှိ အားနည်းလှသော အရိုးခြောက် တစ်ကောင်ကိုပင် အနိုင်မယူနိုင်ခဲ့ပေ။ သို့သော်လည်း နဂါးသွေးဖြင့် အဆင့်မြင့်နေသော နဂါးချို အရိုးခြောက်က ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်ကြောင့် သေသွားလေသည်။ ထိုအရာက ရှန်အောင်းအား သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိသွားစေသည် “ ငါ ဓားပညာလေ့ကျင့်နေတာ ဘာအသုံးဝင်တော့မှာလဲ ”
နဂါးချိုအရိုးခြောက် မြေပြင်ပေါ် လဲကျသွားသည့်အခါ အားလုံးက စိတ်လှုပ်ရှားလာကြသည်။ သူတို့က အချိန်မရွေး ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားကြ၏။ သို့သော်လည်း အခြားသော နဂါးချိုအရိုးခြောက်များက သူတို့မျိုးနွယ်ထဲမှ တစ်ကောင် သေဆုံးသွားတာကို သတိထားမိဟန်မပေါ်ပေ။
ဒါမှမဟုတ် သူတို့အသိဉာဏ်က အရမ်းနိမ့်ကျလွန်းနေ၍ သူတို့ထဲမှ တစ်ကောင် သေဆုံးသွားသည့် အဓိပ္ပါယ်ကို နားမလည်ခြင်းများလား …
ထိုအရိုးခြောက်များက ကျည်ဆန်က ဦးခေါင်းခွံနှင့် ထိမှန်သွားသံကို ကြားလိုက်ရသည့်အခါ လှည့်ကြည့်လာကြ၏။ သို့သော်လည်း ဦးတည်ရာမရှိ ဆက်လက် လျှောက်သွားနေကြသည်။
သူတို့အသားမဲ့ မျက်နှာက ဗလာကျင်းနေသည်။
သူတို့တုံ့ပြန်မှု မည်မျှနှေးကွေးကြောင်း မြင်လိုက်ပြီးနောက် ရှန်ထျန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။
တကယ်တော့ ထိုနဂါးချိုအရိုးခြောက်များသည် ဤတောင်ကြား၏ အရှင်သခင် မဟုတ်ချေ။ ဤတောင်ကြားထဲ၌ ပို၍ အားကောင်းသော တည်ရှိမှုများ ရှိနေသေး၏။
ငါးနှစ်တစ်ကြိမ် စစ်ဆေးမှုအတွင်း ကနဦးဝိညာဉ်အဆင့်အထက်ရှိ ကြောက်မက်ဖွယ် သတ္တဝါဆန်းများက ကမ္ဘာဦးတိုက်ပွဲနယ်မြေအနက်ပိုင်းသို့ ဝင်ရောက်သွားကြသည်။ ထို့ကြောင့် နဂါးတောင်ကြား၌ ဤအရူးများနှင့်သာ ပြည့်နှက်နေပြီး ရှန်ထျန်းတို့အား အခွင့်အရေးပေးလိုက်သလို ဖြစ်သွားသည်။ မဟုတ်လျှင် သူတို့အစီအရင်က အဆင့်မြင့် သတ္တဝါဆန်းများအား လှည့်စားဖို့ မလုံလောက်ပေ။
မည်သို့ပင်ဆိုစေကာမူ အားလုံးက ထိုပစ်ချက်ကို အသားယူကာ နဂါးချိုအရိုးခြောက်များအား အသည်းအသန် တိုက်ခိုက်ကြတော့သည်။
ဘန်း
ဘန်း ဘန်း
ဘန်း ဘန်း ဘန်း …
အရိုးခြောက်များ၏ ဦးခေါင်း မြေပေါ် ပြုတ်ကျသွားပြီးနောက် သူတို့၏ ဝိညာဉ်မီးတောက်လည်း ချုပ်ငြိမ်းသွားသည်။ သိပ်မကြာခင် တောင်ကြားရှိ အရိုးခြောက်တစ်ရာအနက် ထက်ဝက်ကျော်လောက်က အရိုးစုများ တစစီ ဖြစ်သွားလေပြီ။
ထိုစဉ် သွေးရင့်ရောင် အရိုးခြောက်များက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် ကာကွယ်ရန် အသင့်အနေအထား ပြောင်းသွားပြီး တောင်ကြားပတ်လည် စေ့စေစပ်စပ် လိုက်ကြည့်နေကြသည်။
သူတို့နဖူးအထက်ရှိ ဝိညာဉ်မီးတောက်များက သူတို့ တစ်ခုခု ခံစားမိသည့်အခါ လှုပ်ခါသွားကြသည်။
ထိုအရိုးခြောက်များက ရန်သူများကို အနံ့၊ အသံနှင့် ယန်အငွေ့အသက်မှတဆင့် အာရုံခံနိုင်ကြပြီး လူသား၏ တည်နေရာကို မမှန်းဆနိုင်သောကြောင့် တိုက်ခိုက်မှုများသာ လက်ခံနေကြရသည်။ ရှန်ထျန်းတို့ကလည်း ထိုအရိုးခြောက်များ၏ အာရုံမှ ဖုံးကွယ်ထားနိုင်သော တည်ရှိမှု ဖုံးကွယ်ရေး အစီအရင်အတွင်း ရှိနေကြသည်။
ထိုသွေးရင့်ရောင် အရိုးခြောက်များက ဝိညာဉ်ရွှေကျည်ဆန်များ၏ တည်နေရာကို အာရုံခံနိုင်သောကြောင့် ရှောင်ရှားနိုင်သော်လည်း သူတို့မျိုးနွယ်ကို မည်သို့အကူအညီပေးရမည်ကို မသိကြပေ။ ထို့ကြောင့် သူတို့က သာမန်အရိုးခြောက်များ တစ်ကောင်ပြီး တစ်ကောင်ကျရှုံးသွားသည်ကိုသာ ကြည့်နေနိုင်သည်။
ခဏအကြာတွင် ထိုသွေးရင့်ရောင် နဂါးချိုအရိုးခြောက်များမှလွဲ၍ အခြားသော အနီဖျော့ဖျော့ နဂါးချိုအရိုးခြောက်များအားလုံး ရှင်းပစ်ပြီးလေပြီ။
………....
“ နောက်ပစ်မှတ်က ရွှေအမြုတေ နဂါးချိုအရိုးခြောက်တွေပဲ ”
ရှန်ထျန်းက အသာပြုံးလိုက်မိသည်။ ထိုအရိုးခြောက်များ၏ အင်အားက သာမန်အရိုးခြောက်များကို သာလွန်နေသည့်အပြင် သူတို့က ကျည်ဆန် လေဟုန်ခွင်းလာသည့်အခါ ပစ်ခတ်ရာလမ်းကြောင်းကို အာရုံခံနိုင်ကြသောကြောင့် ရှောင်ရှားနိုင်သလို ပြန်လည် တိုက်ခိုက်နိုင်ကြသည်။
သို့သော်လည်း ရှန်ထျန်း၏ အမြင်အရ ကျည်ဆန်တစ်ချက်တည်းဖြင့် မလုံလောက်လျှင် အကြိမ်အနည်းငယ် ထပ်ပစ်ရုံသာ ဖြစ်၏။
“ အစ်ကိုတော်(၆)၊ စုန့်ဖူကွေ့၊ လျိုထိုက်ယီ၊ ကျန်းကျစ်ကျား၊ ရှုန်းမုန့်တို့ ငါးယောက်က အရှေ့ဘက်မှ ခေါင်းကုတ်နေတဲ့ အရိုးခြောက်ကို ချိန်ထားကြ …
ကျောက်ဟောင်၊ ရှောင်လင်း၊ လျန်အာ၊ ချင်ကောင်းနဲ့ ဦးလေးကွေ့တို့က အနောက်ဖက်မှာရှိတဲ့ သူ့ရင်ဘတ်ကို ထုနေတဲ့ အရိုးခြောက်ကို ချိန်လိုက် … ယွင်တိက တောင်ဘက်အစွန်းက ထိုင်ပြီး မြေပေါ်က အရိုးစုတွေနဲ့ ကစားနေတဲ့ကောင်ကို ချိန်လိုက် … ”
“ ပစ်မှတ်ကို ချိန်ထားပြီးပါပြီ ”
“ ပစ် ”
ရှန်ထျန်း၏ အမိန့်ကို ကြားလိုက်သည်နှင့် ဝိညာဉ်ရွှေကျည်ဆန် ၁၅ တောင့်က လေဟုန်ခွင်းကာ အားအပြည့်ဖြင့် အရိုးခြောက်သုံးကောင်ဆီ ဝင်ရောက်သွားသည်။
ထိုအရိုးခြောက်သုံးကောင်လည်း အန္တရာယ်ကို ခံစားမိဟန်ဖြင့် သူတို့ဦးခေါင်းရှိ ဝိညာဉ်မီးတောက်က တောက်ပလာသည်။ သူတို့က လက်ထဲမှ လက်နက်အကျိုးအပျက်များဖြင့် ကျည်ဆန်ကို တားဆီးလိုက်ကြသည်။ သူတို့က ကျည်ဆန်တစ်ထောင့်ကို ကာဆီးနိုင်သော်လည်း ဘက်ပေါင်းစုံမှ ဝင်လာသော ကျည်ဆန်အားလုံးကို ကာဆီးဖို့ မဖြစ်နိုင်ချေ။
ဘန်း
ဘန်း ဘန်း
ဘန်း ဘန်း ဘန်း ဘန်း ဘန်း …
ဝိညာဉ်ရွှေကျည်ဆန်က ဦးခေါင်းသုံးလုံးကို လွှင့်ထွက်သွားစေပြီး ဝိညာဉ်မီးတောက်များ ချုပ်ငြိမ်းသွားစေသည်။
ပြောရလျှင် အရိုးခြောက်များ၏ အရိုးက အင်မတန် မာကြောသောကြောင့် ကျည်ဆန်များအနေနှင့် ခြစ်ရာပင် မထင်နိုင်စေပေ။ ထို့ကြောင့် ထိုအရိုးခြောက်များက အသက်ရှင်နေစဉ်အခါက ပြိုင်ဖက်ကင်း အင်အားရှိမှန်း သိသာလှသည်။
ပို၍ အရေးကြီးသည့်အချက်မှာ နဂါးအငွေ့အသက်၏ အားဖြည့်မှု ဖြစ်၏။
နဂါးချိုအရိုးခြောက်သုံးကောင် မြေပြင်ပေါ် လဲကျသွားပြီးနောက် ရှန်အောင်း၏ မျက်နှာအထက်၌ စိတ်လှုပ်ရှားမှုအတိ ဖြစ်နေသည်။
သူက ဤဆန်းပြားနက်နဲသော လက်နက်လေးကို သဘောကျနှစ်ခြိုက်မိသွားလေပြီ။ ထိုအရာက ဓားပညာ လေ့ကျင့်ခြင်းထက် ပို၍ သက်ရောက်မှု အားကောင်း၏။ အခြေတည်အဆင့် ကျင့်ကြံသူလေးအနည်းငယ်ဖြင့် ရွှေအမြုတေ ကျင့်ကြံသူနှင့် ယှဉ်နိုင်သည့် သတ္တဝါဆန်းများကို ချက်ချင်း သတ်နိုင်ခဲ့လေသည်။
“ မင်းက ငါ့ကို မမြင်နိုင်ဘူး။ တခြားရွေးစရာ မရှိတော့ဘူး … ငါက ဒီလောက်အားကောင်းနေတာကိုး ”
ရှန်အောင်းက ပြုံးကာ “ အစ်ကိုစုန့် ဒီဓမ္မရတနာကို ဘယ်မှာဝယ်လို့ ရနိုင်မလဲ ”
စုန့်ဖူကွေ့က ပြန်ပြုံးပြလိုက်ပြီး “ ဒါက စမ်းသပ်ထုတ်ကုန်အဆင့်ပဲ ရှိသေးတာဆိုတော့ ရောင်းဖို့ မဟုတ်သေးဘူး ”
ရှန်အောင်း၏ စိတ်ပျက်လက်ပျက် အမူအယာကို သတိထားမိပြီး စုန့်ဖူကွေ့က “ ဒါပေမဲ့ ဒီယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်က သူတော်စင်အစ်ကိုနဲ့ အစ်ကိုယွင်တိတို့ ဖန်တီးထားတာလေ။ တကယ်လို့ အရှင့်သား ဝယ်ချင်ရင် သူတော်စင်အစ်ကိုဆီ ပြောပြလိုက်ရုံပဲ … အဲဆို ပြဿနာ မရှိလောက်တော့ဘူး”
ရှန်အောင်းက ကြောင်အမ်းသွားလေ၏ “ ဒီလိုအားကောင်းတဲ့ ဓမ္မအသုံးအဆောင်ပစ္စည်းကို ညီတော်(၁၃) ဖန်တီးထားတာလား ”
ထိုလက်နက်သည် မည်မျှအားကောင်းကြောင်း ရှန်အောင်းထက် မည်သူမှ ပိုမသိနိုင်ပေ။
ထိုနဂါးချို အရိုးခြောက်၏ အင်အားမှာ ရွှေအမြုတေ ကျင့်ကြံသူများထက် အားနည်းခြင်း မရှိပေ။ ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်များနှင့် အခြေတည်အဆင့် ငါးယောက်တည်းဖြင့် ထိုနဂါးချို အရိုးခြောက်များအား သတ်နိုင်ခဲ့သည်။ အကယ်၍ ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် ရလဒ်ကား သိပ်ကွဲပြားမည် မဟုတ်ချေ။
အကယ်၍ ဤသို့ဓမ္မလက်နက်သာ အမြောက်အများ ထုတ်လုပ်လိုက်လျှင် အကျိုးသက်ရောက်မှုက ပြိုင်ဖက်ကင်း ထာဝရကျမ်း ပေါ်ထွက်လာမှုထက် အားနည်းမည် မဟုတ်ပေ။
ညီတော်(၁၃)က တကယ်ကြီး ကံကြမ္မာသားတော်လား …
ထိုစဉ် ရှန်အောင်းက အတွေးနက်နေမိသည်။ သူက အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်နေသော်လည်း စိတ်ကတခြားရောက်နေသည်။ တောင်ကြားထဲရှိ အရိုးခြောက်အားလုံးကို ရှင်းထုတ်ပြီးသွားလေပြီ။
ရှန်ထျန်း စကားစပြောလိုက်သည့်အခါ သူ ပြန်အသိဝင်လာလေ၏။ “ အားလုံး ကောင်းကောင်း လုပ်ခဲ့ကြတယ်။ ဒီဟာက ပြီးပြည့်စုံတဲ့ အဖွဲ့တိုက်ပွဲပဲ … ”
ရှန်အောင်းက တောင်ကြားဆီ လှမ်းကြည့်လိုက်မိသည်။ သူက တောင်ကြားထဲတွင် နဂါးချိုအရိုးခြောက်များအား ထပ်မတွေ့ရတော့ပေ။ အရိုးစုများသာ ကျန်ရှိနေလေ၏။
ရှန်ထျန်းက တောင်ကြားထဲ လျှောက်လာကာ အရိုးများအား ကောက်ယူလိုက်သည် “ ဒီအရိုးတွေမှာ နဂါးအငွေ့အသက်တွေ ပါတယ်ဆိုတော့ တန်ဖိုးက သာမန်အရိုးခြောက်တွေထက် ပိုမြင့်တယ်။ ဒီတစ်ခါ ငါတို့က ယွင်တိရဲ့ သေနတ်တွေကြောင့် ဒီအရိုးခြောက်တွေကို ရှင်းထုတ်နိုင်ခဲ့တာဆိုတော့ ယွင်တိက ဒီအရိုးစုတစ်ဝက် ယူသင့်တယ် … တခြားသူတွေရော ဘာပြောစရာရှိသေးလဲ ”
ချင်ယွင်တိက တအံ့တဩ အမူအယာဖြင့် “ ကျွန်တော် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ဒါက အစ်ကိုရှန်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ကျွန်တော့်ဆီ ဘာလို့ မျှဝေပေးရတာလဲ။ အစ်ကိုရှန်သာ ကံကြမ္မာ ကောင်းချီးပေးခံထားရတာ မဟုတ်ရင် ကျွန်တော်တို့ ဒီနဂါးတောင်ကြားကို ဘယ်လိုလုပ် ရှာတွေ့ပါ့မလဲဗျာ။ ပြီးတော့ အစ်ကိုရှန်ရဲ့ ညွှန်ကြားမှုတွေကြောင့်ပဲ ထိခိုက်ဒဏ်ရာမရဘဲ အရိုးခြောက်တွေကို ရှင်းထုတ်နိုင်ခဲ့တာလေ …
အဲဒါကြောင့် အစ်ကိုရှန်က နဂါးချိုအရိုးစုနဲ့ နဂါးသွေးမြက်ကို တစ်ဝက်ယူသင့်တယ်။ ကျွန်တော်တို့က ကျန်တာကို ညီတူညီမျှ ခွဲဝေယူလိုက်မယ်။ အားလုံးရော ဘယ်လိုသဘောရလဲ ”
အားလုံးက ချင်ယွင်တိ စကားအား သဘောတူကြသည်။
“ ကျုပ်တော့ သဘောတူတယ်။ သူတော်စင်က အများဆုံး ပံ့ပိုးပေးခဲ့ရတာဆိုတော့ တစ်ဝက်တော့ ယူသင့်တယ် ” ဆိုင်ရှင်စုန့်က ပြောလိုက်သည်။
“ ကျုပ် လျိုထိုက်ယီကလည်း ဆရာနတ်မင်းအတွက် တစ်ခုတော့ ဝင်ပြောရဦးမယ်။ ဆရာနတ်မင်းသာ မရှိရင် ကျုပ်တို့ ဘာမှမရနိုင်ဘူး ”
“ အစ်ကိုကြီး နှိမ့်ချမနေပါနဲ့ဗျာ … ဒါက အစ်ကိုကြီးနဲ့ ထိုက်တန်တာပဲလေ ”ကျောက်ဟောင်ကလည်း ဝင်ပြောလိုက်သည်။
“ ညီတော် … မင်းက အများဆုံး ဆောင်ရွက်ပေးခဲ့တာလေ ယူထားလိုက်ပါ ”
“လျန်အာလည်း သဘောတူတယ် ”
“ လင်းအာလည်း အတူတူပဲ ”
“ ကျုပ်ရောပဲ ” ကွေ့ကုန်းကုန်းလည်း ဝင်ထောက်ခံလိုက်သည်။
“ ကျွန်တော်ရောပဲ ” ရှုန်းမုန့်လည်း ဝင်ပြောလိုက်သည်။
…………...
အားလုံး၏ “ လေးလေးစားစား ” အမူအယာကို မြင်ပြီး ရှန်ထျန်းသာ သက်ပြင်းသာချလိုက်မိသည်။
ဟူး … ခေါင်းဆောင်အနေနဲ့ ဆွဲဆောင်မှုရှိလွန်းတာလည်း စိတ်ပူရတာပဲကိုး …
ငါ အားလုံးကို တန်းတူမျှဝေပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ် … အဆုံးကျတော့ ဘယ်သူမှ သဘောမတူကြဘူး …
ဟူး ငါတော့ ပြဿနာပဲ …