အပ်ချုပ်ခြင်း
Vol. 29 Ch. 396
နေရေတွင်းဧရိယာထဲတွင်သာ ပုန်းနေပြီး ရန်သူ၏တိုက်ခိုက်မှုကို ခုခံနေခြင်းက ချင်မူ၏ပုံစံ မဟုတ်ပေ။ သူ တိုက်ခိုက်သော ပုံစံက အခွင့်အရေးမှန်သမျှ အမိအရဖမ်းဆုပ်ပြီး လျှပ်စီးလို အမြန်နှုန်းဖြင့် ရန်သူကို အသေသတ်ပစ်ခြင်းဖြစ်သည်။
အခွင့်အရေးကို မြင်တတ်ရန်က ခက်ခြင်းမဟုတ်ဘဲ အမိအရ ဖမ်းဆုပ်ဝံ့သူများကသာ သူရဲကောင်းများအဖြစ် ကျော်ကြား၏။ အခွင့်အရေးကို မြင်သော်လည်း ပုန်းနေပြီး မလှုပ်ရှားရဲသောလူများက ငကြောက်ဖြစ်သည်ဟု သားသတ်သမား သူ့ကို တစ်ခါပြောခဲ့ဖူးသည်။
သားသတ်သမားထက် သန်မာအားကောင်းသော သိုင်းပညာရှင်များ သားသတ်သမားကို မနိုင်ခဲ့ကြခြင်းမှာ သားသတ်သမားသည် ရဲရဲဝံ့ဝံ့ တိုးဝင်တိုက်ခိုက်တတ်သောကြောင့် ဖြစ်၏။ သူက မည်သည်ကိုမှ တွေးမနေဘဲ မြင်သမျှ အခွင့်အရေးတိုင်းကို အမိအရ ဖမ်းဆုပ်တတ်သည်။
ချင်မူ မြင်လိုက်သော အခွင့်အရေးက မိစ္ဆာနတ်ဆိုးကြီး ခန္ဓာပွားကောင်များကို နေရေတွင်းထဲသို့ လွှတ်နေရ၍ မလှုပ်နိုင်သော အခိုက်အတန့်အား အခွင့်ကောင်းယူရန် ဖြစ်သည်။ ထို့ကြောင့် သူ နေသင်္ဘောဖြင့် နေရေတွင်းကမ္ဘာထဲမှ ဖောက်ထွက်ကာ နေလုံးကြီးကို လွှဲရမ်း၍ ရန်သူအား အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲလိုက်ခြင်းဖြစ်သည်။
နေရေတွင်းထဲတွင်သာ ပိတ်မိနေပြီး ရန်သူ့သိုင်းကွက်များ တွန်းလှန်ခုခံနေရခြင်းက သူ့ပုံစံမဟုတ်ပေ။ နေရေတွင်းထဲတွင်သာ နေလျှင် ရန်သူ၏စည်းချက်အတိုင်း လှုပ်ရှားနေရပြီး ဝိုင်းအုံတိုက်ခိုက်ခြင်းသာ ခံရလိမ့်မည်။ ထိုအခါ ရန်သူက စိတ်တိုင်းကျ တိုက်ခိုက်နိုင်မည်။
သို့ဖြစ်၍ သူ နေရေတွင်း၏ အပြင်ထွက်ကာ မိစ္ဆာနတ်ဆိုးကြီးကို တစ်ချက်တည်း ဖျက်စီးပြီး စည်းချက်ကို ပြောင်းလဲလိုက်သည်။
‘မင်းက မင်းနည်းလမ်းနဲ့မင်း တိုက်ခိုက်သလို၊ ငါလည်း ငါ့နည်းလမ်းနဲ့ငါ တိုက်ခိုက်မယ်။ ငါ နိုင်ရင် မင်း သေပြီပဲ’
ထိုမျှရိုးရှင်းသည်။
ဤသည်က သားသတ်သမား၏ ဓားမသိုင်းအနှစ်သာရလည်း ဖြစ်သည်။
နေထိန်းကျောင်းသူခေါင်းဆောင်မှာ မထနိုင်သေးပေ။ ချင်မူ့လက်ထဲတွင် တဂျုန်းဂျုန်း မြည်နေသော သံကြိုးများကို သူ ကြည့်နေမိသည်။ ချင်မူက နေလုံးကြီးကို လွှဲယမ်း၍ မိစ္ဆာနတ်ဆိုးကြီးကို ရိုက်ချလိုက်သဖြင့် နေမီးလျှံများက ပတ်ဝန်းကျင်ကို မီးလောင်တိုက်သွင်းလိုက်ပြီး မြေကြီးမှာ ပူပြင်းတောက်လောင်နေသော ချော်ရည်ပြင် ဖြစ်လာသည်။
ရုတ်တရက် ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ခေါင်းဆောင်အဘိုးအို၏ မျက်လုံးထောင့်စွန်းများလည်း တွန့်သွား၏။
နေလုံးကြီးထံမှ တဖျောက်ဖျောက် အက်ကွဲသံများ ထွက်လာသည်။
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး သံကြိုးများကို ညင်ညင်သာသာ လှုပ်ကာ နေလုံးကြီးကို အပေါ်ပြန်မြှောက်လိုက်သည်။ နေလုံးကြီး ကွဲထွက်သွားမည်စိုး၍ သူ အားကုန်မသုံးလိုက်ပေ။
ခေါင်းဆောင်အဘိုးအိုမှာ အယိမ်းယိမ်းအယိုင်ယိုင်ဖြင့် ထလိုက်သော်လည်း ကောင်းကင်ပေါ် ပြန်မြောက်တက်သွားသော နေလုံးကြီးထံမှ ခွပ်ခနဲ အက်ကွဲသွားသံ ကျယ်လောင်စွာ ထွက်လာပြန်သည်။ ခေါင်းဆောင်အဘိုးအို မော့ကြည့်လိုက်သည့်အခါ မျိုးနွယ်၏ အဖိုးတန်ရတနာအပေါ်တွင် သည်းထိတ်ဖွယ်ရာ အက်ကြောင်းကြီးတစ်ကြောင်းအား မြင်လိုက်ရ၏။ သူ့ခြေလက်များ ပြန်လည်ပျော့ခွေသွားသည်။
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး” ချင်မူက နှစ်သိမ့်သည်။ “မကွဲပါဘူး မပူနဲ့”
ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီးက တစ်ချက်တည်း ပြိုကွဲသွားသော်လည်း နေသင်္ဘောကို ပြင်းထန်စွာ တိုက်ခိုက်နေသော ခန္ဓာပွားနတ်ဆိုးများစွာ ရှိသေးသည်။ သူတို့က နေထိန်းကျောင်းသူစစ်သည်များကို သတ်ဖြတ်၍ စိတ်ညို့နေကြသည်။
တစ်ချိန်တည်းမှာပင် အကောင်ကြီးကြီး ခန္ဓာပွားနတ်ဆိုးများက အကောင်သေးများကို စားလိုက်ကြ၍ အရွယ်အစားကြီးမားလာကြသည်။ ကျင့်စဉ်စွမ်းအင်ကလည်း ဒီရေလှိုင်းကြီးပမာ တဟုန်ထိုး ထောင်တက်သွားကြ၏။ ခန္ဓာပွားနတ်ဆိုးကြီးသုံးကောင်က နေသင်္ဘောပေါ်တွင် ရပ်နေပြီး အကောင်သေးများက သူတို့၏ပါးစပ်ထဲ အုံလိုက်ကျင်းလိုက် ပြေးဝင်ကာ အစားခံနေကြသည်။
“စောစောက ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီးက ကိုယ်အစစ်မဟုတ်ဘူးလား”
ချင်မူ အံ့အားသင့်သွားသည်။ သူ မာန်သွင်းအော်ဟစ်လိုက်သည့်အခါ အလွန်အားကောင်းသော အစစ်အမှန်မီးလျှံများက နေသင်္ဘောတစ်လျှောက်လုံး လိမ့်ဆင်းဖြာထွက်သွားသည်။
အစစ်အမှန်နေမီးလျှံတို့ တဟုန်းဟုန်း တောက်လောင်နေ၍ နေသင်္ဘောတစ်စင်းလုံး မီးလောင်နေသော သင်္ဘောတစ်စင်းပမာ ဖြစ်လာ၏။ မရေမတွက်နိုင်သော နတ်ဆိုးများမှာ မီးလောင်တိုက်သွင်းခံလိုက်ရသဖြင့် စူးစူးဝါးဝါး အော်ဟစ်ကာ အမည်းရောင်အခိုးအငွေ့များအဖြစ် တဖြည်းဖြည်း အငွေ့ပျံကုန်ကြသည်။
နေသင်္ဘောသည် အရှေ့အရပ်မှ နေထွက်၍ အနောက်အရပ်သို့ နေဝင်အောင် လမ်းပြပေးရသော ရတနာတစ်ပါးဖြစ်သော်လည်း အလွန်တရာ သန်မာအားကောင်းသည့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထား၏။ ယန်ကျင့်ကျင့် နေသင်္ဘောကို ထိန်းချုပ်ခဲ့တုန်းက နေလုံးကြီးမှာ ငြိမ်းသေနေခဲ့၍ စွမ်းအားအပြည့်အဝ မထုတ်လွှတ်နိုင်ခဲ့ပေ။ သို့သော် ချင်မူ နေလုံးကြီးကို ပြန်ထွန်းညှိလိုက်သည့်အခါ နေသင်္ဘော၏ စွမ်းအားသည် တမုဟုတ်ချင်း ထွက်ပေါ်လာတော့သည်။
အစစ်အမှန်နေမီးလျှံက ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း နေထိန်းကျောင်သူများအတွက် အန္တရာယ်မရှိပေ။ သူတို့က မွေးကတည်းက နေသင်္ဘောပေါ်တွင် နေထိုင်ပြီး သန့်စင်ယန်ချီကို ရှူရှိုက်ခဲ့ကြရသည့်အတွက် အစစ်အမှန်မီးဒဏ်ကို ခံနိုင်ရည်ရှိကြသည်။
ဟူလင်းအာ၊ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ကမူ နဂါးအုပ်နှင့်အတူ တိုက်ခိုက်နေကြ၍ နေသင်္ဘောအပေါ်တွင် မဟုတ်ပေ။ မြေခွေးလေး ဟူလင်းအာသည် စိမ်းပုပ်ရောင်နဂါးပေါ်တွင် ရပ်နေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ သို့သော်လည်း သူမ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်သည့်အရာ မရှိပေ။
နဂါးအုပ်နှင့် ယှဉ်လိုက်သည့်အခါ သူမ၏အစွမ်းအစမှာ မပြောပလောက်အောင် သေးငယ်သည်။
ချင်မူ မရေမတွက်နိုင်သော ခန္ဓာပွားနတ်ဆိုးများကို မီးလောင်တိုက်သွင်းလိုက်သော်လည်း အကောင်ကြီးကြီးနတ်ဆိုးသုံးကောင်က လောင်ကျွမ်းမသေဆုံးသွားပေ။ သူတို့က အလွန်ပူပြင်းသည့် မီးတောက်မီးလျှံများကြားမှ လျင်မြန်စွာ ထွက်လာပြီး လေပေါ် ခုန်တက်လိုက်ကြသည်။ ထို့နောက် ကျောနောက်ရှိ အရိုးတောင်ပံများကို တဖျပ်ဖျပ် ခတ်ကာ သင်္ဘော၏အလယ်ရှိ ချင်မူ့ဆီ တရှိန်ထိန်း ပျံသန်းလာကြသည်။
တစ်ကောင်က ခန်းမတစ်ခုထဲ စိုက်ဝင်နေသော မိစ္ဆာနတ်ဆိုးရဲတင်းလှံကို စွေ့ခနဲ ဆွဲနုတ်လိုက်သည်။ သူ၏အရှိန်အဝါက တမုဟုတ်ချင်း ကြီးထွားလာသည်။
“နေကို မသုံးနဲ့” ချင်မူ နေလုံးကြီးအား ထပ်မံလွှဲယမ်းရန် ပြင်နေသည်ကို မြင်လျှင် ခေါင်းဆောင်အဘိုးအို ကပျာကယာ လှမ်းအော်လိုက်သည်။ “နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ရင် သေချာပေါက် ကွဲသွားလိမ့်မယ်။ ကျွန်တော်တို့အရိုးအိုကြီးတွေ မင်းသားအတွက် ဒီနတ်ဆိုးတွေကို တားပေးထားပါ့မယ်”
“ဒါဆိုလည်း ဒုက္ခခံပေးပါဦး”
ချင်မူ ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်ကာ ခန္ဓာပွားမိစ္ဆာနတ်ဆိုး၏ ကိုယ်အစစ်ကို ရှာဖွေလိုက်သည်။
ခေါင်းဆောင်အဘိုးအိုက အကြီးအကဲများကို လှမ်းခေါ်ကာ နတ်ဆိုးကြီးသုံးကောင်အား ရင်ဆိုင်လိုက်သည်။ နတ်ဆိုးကြီးသုံးကောင်က မနှိုင်းသာလောက်အောင် ကြီးမားပြီး အလွန်သန်မာကြသည်။ ခေါင်းဆောင်အဘိုးအိုနှင့် အကြီးအကဲများကို ရင်ဆိုင်နေရသည့်အချိန်တွင်ပင် အရေးမနိမ့်ကြပေ။
ခေါင်းဆောင်အဘိုးအိုက ကြေးခေါင်းလောင်းတစ်ခုကို ဆုပ်ကိုင်ထားပြီး ကြေးခေါင်းလောင်းက တဒေါင်ဒေါင် မြည်နေသည်။ ကြေးခေါင်းလောင်းသည် လူ့လောကမှ ရတနာတစ်ပါးနှင့် မတူပေ။ သင်္ကေတအလွှာများက ၎င်း၏မျက်နှာပြင်အပေါ်တွင် ဖွဲ့တည်နေ၏။ တဒေါင်ဒေါင် မြည်သံများက ကြေးခေါင်းလောင်း၏ ပတ်ဝန်းကျင်တွင် မရပ်မနား မြည်ဟည်းနေပြီး နေပုံသဏ္ဍာန် မီးလုံးကြီးများက ရန်သူများကို အဆက်မပြတ် ပစ်ခွင်းနေသည်။
သို့သော် ထက်ပိုင်းကျိုးနေသော ရဲတင်းလှံက မိစ္ဆာနတ်ဆိုးလက်နက်တစ်ခု ဖြစ်နေသေးသည့်အတွက် ကြေးခေါင်းလောင်းမှ ကောင်းကင်နတ်သိုင်းများအား အလွယ်တကူ ပိုင်းဖြတ်ပစ်နိုင်၏။
ချင်မူ မဟာမြို့ပျက်၏ အမှောင်ထုကြီးအား ကြည့်နေသည်။ ခန္ဓာပွားမိစ္ဆာနတ်ဆိုး၏ ကိုယ်အစစ် မည်သည့်နေရာတွင် ရှိမှန်း သူ မသိသေးပေ။
ရုတ်တရက် အမှောင်ထုထဲမှ လေးလေးပင်ပင် နင်းချလိုက်သော ခြေသံများ ထွက်လာပြီး မြေကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာသည်။ ခြေလှမ်းများက အရပ်လေးမျက်နှာစလုံးမှ လာနေပြီး မြန်သထက် မြန်လာ၏။ အသံက တဒုန်းဒုန်း မြည်ဟည်းနေရာမှ လေကို ခွင်းလာသော အသံဖြစ်လာသည်။
ချင်မူ ရင်ထဲ လေးလံသွားသည်။ အလွန်ကြီးမားသော ခန္ဓာပွားနတ်ဆိုးကြီးများ အမှောင်ထုကို ခွင်း၍ နေသင်္ဘောဆီ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်ကို သူ မြင်လိုက်ရသည်။
”တကယ် ကိုယ်အစစ်မဟုတ်ဘူးပဲ”
ချင်မူ ရင်ထဲတွင် အတန်ငယ် လှုပ်ခါသွားပြီး ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲမှ ထွက်လာကာ ကောင်းကင်ထဲတွင် မလှုပ်မယှက် တိတ်ဆိတ်စွာ ပျံဝဲနေသည်။
နေသင်္ဘောပေါ်ရှိ စစ်သည်တော်များမှာ စိုးရိမ်ပူပန်မှုများဖြင့် လက်နက်များအား ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူတို့ အပေါ်မော့ကြည့်လိုက်သည့်အခါ အလွန်ကြီးမားသော နတ်ဆိုးကြီးများက နေသင်္ဘောမှ နေအလင်းတန်းများအား ဖုံးကွယ်သွားသည်ကို မြင်လိုက်ရ၏။ နတ်ဆိုးများ၏အရိပ်များကြောင့် သူတို့၏ရင်ထဲတွင် အကြောက်တရားများ ပေါက်ဖွားလာသည်။
ရွှင်ပျော်ပျော်ဓား၏ ကောင်းကင်စွမ်းအင်က ကောင်းကင်တစ်လျှောက် ဖြာဆင်းသွားပြီး အနက်ရောင်မိုးရေပေါက်များ ရန်သူတို့အပေါ် ကျရောက်လာသည်။ မရေမတွက်နိုင်သော ခြေပြတ်လက်ပြတ်များ ပြုတ်ကျလာပြီး တမုဟုတ်ချင်း နေသင်္ဘောတစ်စင်းလုံးနီးပါး ပြည့်နှက်သွား၏။
သို့တိုင်အောင် ကောင်းကင်ထဲရှိ နတ်ဆိုးတစ်ကောင်က ဓားရောင်များကို ရှောင်တိမ်း၍ တိုင်လေးတိုင်အနားဆီသို့ ပျံသန်းလာသည်။ သူက ချင်မူ့ဆီ တန်းတန်းပြေးဝင်လာသည်။
နတ်ဆိုး၏ မျက်နှာအလယ်တည့်တည့်ရှိ ဧရာမမျက်လုံးကြီးက အနက်ရောင်အလင်းအား ချင်မူ့မျက်နှာအပေါ် ဖြန့်ကျက်လိုက်သည်။
လက်သည်းချွန်များက ချင်မူ့ရင်ဘတ်အသားထဲထိ စိုက်ဝင်သွားသည်။ နတ်ဆိုးမျက်လုံးမှ အနက်ရောင်အလင်းက မည်သည့်အရာကိုမဆို ဝါးမြိုတော့မည့်အလား မည်းနက်သထက် မည်းနက်လာပြီး ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များကို ဖျက်စီးနေ၏။
သင်္ဘောပေါ်ရှိ လူတိုင်း အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ခေါင်းဆောင်အဘိုးအိုနှင့် အကြီးအကဲများ အကြီးအကျယ် မျက်နှာပျက်သွားကြပြီး နတ်ဆိုးသုံးကောင်ကို ပစ်ကာ ချင်မူ့ဆီ ကရောသောပါး ပြေးလိုက်ကြ၏။ သို့သော် နတ်ဆိုးသုံးကောင်က တမုဟုတ်ချင်း ဟန့်တားလိုက်ကြ၍ သူတို့ ချင်မူ့ကို လာမကယ်နိုင်ဖြစ်နေသည်။
“ငါ မင်းကို ခွင့်ပြုထားလို့ မင်း ဒီအထိ လာနိုင်တာ” ချင်မူ့မျက်လုံးများက နတ်ဆိုး၏ နတ်ဆိုးမျက်လုံးအား တည့်တည့်ကြည့်နေသည်။ “မင်းတို့ကောင်တွေ စိတ်ချင်းဆက်နေတာကို အသုံးချပြီး မင်းရဲ့ ကိုယ်အစစ် ဘယ်မှာ ပုန်းနေလဲ ငါ ရှာချင်တယ်”
နတ်ဆိုးမျက်လုံး၏ အနက်ရောင်အလင်းက ချင်မူ့မျက်လုံးပေါ်တွင် တောက်ပနေပြီး မရေမတွက်နိုင်သောအသံများ သူ့စိတ်ထဲတွင် ထွက်လာသည်။ မရေမတွက်နိုင်သော အရိပ်များကို သူ မြင်နေရပြီး ထိုအရိပ်များက ခန္ဓာပွားနတ်ဆိုးများ ဖြစ်ကြသည်။
နတ်ဆိုးအရိပ်များမှအပ မည်သည်ကိုမှ သူ မမြင်ရတော့။ နတ်ဆိုးအရိပ်များက တဖြည်းဖြည်း များပြားလာသည်။
ခန္ဓာပွားနတ်ဆိုးများ၏ စိတ်အာရုံနှင့် အသိစိတ်အလျဉ်များက ချင်မူ့စိတ်ထဲ တရဟော တိုးဝင်ကာ သူ့စိတ်ကို ညို့ယူစိုးမိုးပစ်ရန် ကြိုးစားနေကြ၏။
သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ သူ၏ဝိညာဉ်သန္ဓေသားက သူ့ဝိညာဉ်နှင့် ပေါင်းစည်းသွားသည်။ သူ၏စိတ်ထဲတွင် ဧရာမနေလုံးကြီးတစ်လုံး တမုဟုတ်ချင်း ဖွဲ့တည်လာပြီး ဝိညာဉ်သန္ဓေသားကို ဝန်းရံလျက် ဝိညာဉ်စင်မြင့်အား ကာကွယ်ကာ ကျူးကျော်ဝင်ရောက်လာသော အသိစိတ်အလျဉ်အားလုံးကို လောင်ကျွမ်းပြာချပစ်နေသည်။
အရိပ်များက တစတစ များပြားလာ၍ သူ၏အသိစိတ်အလျဉ်မှာ ပြိုကွဲစပြုလာသည်။ အစုအပြုံလိုက် ဝင်ရောက်လာနေသည့် နတ်ဆိုးစိတ်အလျဉ်များကြားထဲတွင် သူ၏ဝိညာဉ်စင်မြင့်မှာ နစ်မြုပ်လုနီးပါး ဖြစ်လာ၏။
နစ်မြုပ်သွားသည်နှင့် နတ်ဆိုးများက သူ၏ဝိညာဉ်သန္ဓေသားကို သိမ်းပိုက်သွားလိမ့်မည်။ ထို့မတိုင်ခင် မိစ္ဆာနတ်ဆိုး၏တည်နေရာအား ရှာဖွေရန် လိုအပ်သည်။
ထိုအခိုက်အတန့်တွင် သူ့အကြည့်က မြင်ကွင်းများစွာကို ဖျတ်ခနဲ မြင်လိုက်ရပြီး တောင်နှစ်လုံးအကြား၌ ကုပ်တွယ်ထားသော မိစ္ဆာနတ်ဆိုးကြီးအား တွေ့လိုက်ရသည်။
မိစ္ဆာနတ်ဆိုးက လက်သည်းချွန်များအား တောင်နှစ်လုံး၏ နံရံများထဲ ထိုးစိုက်ထားသည်။ တောင်နှစ်လုံးအကြားတွင် မြစ်တစ်စင်းလည်း စီးဆင်းနေပြီး မြစ်၏အနောက်၌ တံခါးတစ်ချပ် ရှိနေသည်။
တံခါးထဲမှ ခန္ဓာပွားနတ်ဆိုးများက ရေလှိုင်းလုံးကြီးများသဖွယ် တရဟော ထွက်လာနေကြသည်။
မြစ်ရေပြင်တစ်လျှောက် ပြေးလာသော နတ်ဆိုးက ပြေးလာပြီး ကောင်းကင်ထဲတွင် ပျံသန်းနေသော နတ်ဆိုးက ပျံသန်းနေကြသည်။ သူတို့က တစ်ကောင်ကိုတစ်ကောင် ဝါးမြိုကာ ပို၍ကြီးမားသော နတ်ဆိုးကြီးများ ဖြစ်လာကြ၏။
ချင်မူ မိစ္ဆာနတ်ဆိုးကြီးကို ‘မြင်’လိုက်သော အခိုက်အတန့်တွင် မိစ္ဆာနတ်ဆိုးကြီးကလည်း သူ့ကို ‘မြင်’ သွားသည်။ မိစ္ဆာနတ်ဆိုးကြီးက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးကြီးထဲတွင် တွေဝေနေသောအရိပ်အယောင် ပေါ်လွင်လာသည်။
ထို့နောက် အမှောင်ထုကို ခွင်းလာသော အလင်းရောင်ကို မိစ္ဆာနတ်ဆိုးကြီး မြင်လိုက်ရသည်။ အလင်းရောင်က တောက်ပသထက် တောက်ပလာသည်။ အလင်းလုံးက တရှိန်ထိုး လာနေပြီး မြန်သထက် မြန်လာ၏။ မကြာမီ ဧရာမနေလုံးကြီးသဖွယ် မြစ်ရေပြင်တစ်လျှောက် ဖြတ်ပြးလာသည်။
နေလုံးကြီး ဖြတ်သန်းသွားသည်နှင့် မြစ်ရေများ တမုဟုတ်ချင်း ခမ်းပြီး လမ်းတစ်လျှောက်ရှိ နတ်ဆိုးအားလုံး ပြာကျအငွေ့ပျံကုန်သည်။
နေလုံးကြီး၏အရှိန်ကြောင့် တောင်များ တုန်ခါလာသည်။ တောင်နှစ်လုံးအကြား ကုပ်တွယ်ထားသော နတ်ဆိုးကြီးမှာ ထူးဆန်းစွာ ကနေသကဲ့သို့ ဖြစ်နေ၏။
မိစ္ဆာနတ်ဆိုး၏ပါးစပ်မှ နတ်ဆိုးစကား ထွက်လာပြီး ဦးနှောက်လှိုင်းများမှတစ်ဆင့် ချင်မူ၏စိတ်ထဲ ဝင်ရောက်လာသည်။ “ရိုက်ခွဲဖို့ပဲ သိတဲ့ ကောင်လေး...”
သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူ့ကျောနောက်ရှိ အရိုးတောင်ပံကြီးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည်။ တောင်ပံများက သူ၏ခန္ဓာကိုယ်မှ ကွာထွက်သွားပြီး နေသင်္ဘောပေါ်ရှိ ထက်ပိုင်းကျိုးနေသော ရဲတင်းလှံကဲ့သို့ အသွင်သဏ္ဍာန်များ ဖွဲ့တည်လိုက်ကြသည်။ ရဲတင်းလှံနှစ်စင်းက နေသင်္ဘောဆီ ပြေးဝင်လာ၏။
ရွှပ်...၊ ရွှပ်...၊ ရွှပ်။
ရဲတင်းလှံနှစ်လက်က နေလုံးကြီးထဲ စိုက်ဝင်သွားသည်။ နေလုံးကြီးမှာ တဖြည်းဖြည်း အရှိန်သေသွားပြီး နောက်ဆုံးတွင် မြစ်ရေပြင်ထက် ပြုတ်ကျကာ ကိုက်တစ်ထောင်ကျော် လျှောသွားပြီးနောက် ရပ်တန့်သွားသည်။
ဖျောက်
နေသင်္ဘော၏ နေလုံးကြီး နှစ်ခြမ်းကွဲသွား၍ မိစ္ဆာနတ်ဆိုး၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအခိုက်အတန့်၌ ကွဲသွားသော နေလုံးကြီးထဲမှ နေကျောက်စိမ်းမျက်လုံး လိမ့်ထွက်လာသည်။ နေကျောက်စိမ်းမျက်လုံး၏ သူငယ်အိမ်က ရုတ်ခြည်း ဖြောင့်တန်းသွားပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော အလင်းတန်းတစ်တန်း ထွက်လာကာ မိစ္ဆာနတ်ဆိုးကြီး၏ ဧရာမျက်လုံးကြီးဆီ ပြေးဝင်လာသည်။
မိစ္ဆာနတ်ဆိုးက ကြောက်လန့်တကြား အော်ဟစ်ရင်း ရှောင်လိုက်သည်။ အလင်းတန်းက မျက်လုံးဘေးရှိ အသားကို ပိုင်းဖြတ်သွား၍ အရိုးပင် ပေါ်လာ၏။
ထက်ခြမ်းကွဲနေသော နေ၏အနောက်မှ ရွှင်ပျော်ပျော်ဓားက အလင်းတန်းကြိုးမျှင်အသွင် ဖွဲ့တည်၍ မိစ္ဆာနတ်ဆိုး၏ ပါးစပ်ထဲ ဝင်သွားပြီး ဦးနှောက်မှ ဖောက်ထွက်သွားသည်။ ထို့နောက် ဓားက ပြန်လှည့်လာပြီး နောက်စိထဲ ဖောက်ဝင်ကာ မျက်နှာမှ ပြန်ထွက်လာ၏။
ရွှင်ပျော်ပျော်ဓားက အပ်သဖွယ် ပြုမူကာ မိစ္ဆာနတ်ဆိုးကြီး၏ခေါင်းကို ဖောက်ဝင်ဖောက်ထွက်ရင်း အချက်တစ်ထောင် ချုပ်ပစ်လိုက်လိုက်သည်။ ထို့နောက် ဓားရောင်က သူ၏လည်ပင်းကို လှည့်ပတ်သွားသည်။
ဓားပြန်ထွက်သွားသောအခါ မိစ္ဆာနတ်ဆိုး၏ခေါင်းမှာ အပေါက်များ ပြည့်နေတော့၏။ လည်ပင်းကြီး ယိုင်လာပြီး ခေါင်းက တဖြည်းဖြည်း လျှောကျသွားသည်။ ခန္ဓာကိုယ်က အနောက်ရှိ တံခါးကို မှီလျက် လဲကျသွား၍ တဝုန်းဝုန်း မြည်သံများက တောင်များကို ဖြတ်၍ ပဲ့တင်ထပ်လာတော့၏။