← Chapters

ချုပ်ရိုးကြောင်းမရှိသော အံ့ဖွယ်အဝတ်အစား

Vol. 29 Ch. 397

ချုပ်ရိုးကြောင်းမရှိသော အံ့ဖွယ်အဝတ်အစား

Vol. 29 Ch. 397

မိစ္ဆာနတ်ဆိုး၏ ခေါင်းပြတ်အလောင်းက အရုပ်ကြိုးပြတ် လဲကျသွားပြီး တောင်နှစ်လုံးကို ကုပ်တွယ်ထားသော လက်သည်းချွန်များလည်း လျော့ရဲကျသွားသည်။ အလောင်းကြီးက တံခါးအပေါက်ဝကို ပိတ်၍ အောက်ရှိ မြစ်ထဲ လဲကျသွား၏။

ထိုအချိန်တွင် နေသင်္ဘောအပေါ်၌

နတ်ဆိုးများစွာ စုပြုံနေသည့်အတွက် နေထိန်းကျောင်းသူများ အထိနာနေကြသည်။ နေထိန်းကျောင်းသူများသည် သဘာဝအတိုင်း မွေးဖွားလာသော စစ်သည်တော်များ ဖြစ်‌‌သော်လည်း အင်အားမမျှသဖြင့် အရေးနိမ့်နေကြ၏။ စစ်သည်များစွာ ကျဆုံးသွားပြီး နတ်ဆိုးမျိုးနွယ် ဖြစ်ကုန်ကြသည်။

ရုတ်တရက် နတ်ဆိုးအားလုံး ရပ်တန့်သွားကြသည်။ နောက်တခဏတွင် ဝိညာဉ်နှစ်ခု ခန္ဓာကိုယ်ကို လုနေကြသကဲ့သို့ သူတို့၏မျက်နှာများက တွန့်လိမ်ပုံပျက်လာကြသည်။ နတ်ဆိုးမျက်လုံးကြီးက နှစ်လုံးကွဲသွားလိုက်၊ တစ်လုံးတည်း ပြန်စုလိုက်ဖြစ်နေရာ အလွန်ထူးဆန်း၏။

နေထိန်းကျောင်းသူများ တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်နေကြသည်။ စောစောကပင် ရန်သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သော်လည်း နောက်တခဏ၌ ထူးဆန်းသောအခြေအနေထဲ ရောက်သွားကြသည်။

နေထိန်းကျောင်းသူခေါင်းဆောင်နှင့် တိုက်ခိုက်နေသော နတ်ဆိုးကြီးက ဝုန်းခနဲ ပြိုကွဲသွားပြီး ခန္ဓာပွားနတ်ဆိုးအကောင်သေးသေးများ ပြန်ဖြစ်သွားသည်။ ခေါင်းဆောင်နေရာရှိ နတ်ဆိုး၏မျက်နှာ ပြောင်းလဲသွားပြီး ကိုယ်ပေါ်ရှိ နတ်ဆိုးအမှတ်အသားများလည်း လျင်မြန်စွာ ဆုတ်ခွာပျောက်ကွယ်သွားသည်။ တခဏကြာသော် နတ်ဆိုးသည် မိန်းမတစ်ယောက်ပုံစံ ပြန်ပြောင်းသွား၏။ ထိုအမျိုးသမီးက အကြေးခွံဖြင့် ချုပ်လုပ်ထားသော အလင်းဖောက် ငှက်မွှေးဝတ်ရုံကို ဝတ်ထားသည်။

အမျိုးသမီးက အကြေးခွံများ သူမခန္ဓာကိုယ်အား ကောင်းကောင်းမွန်မွန် ဖုံးမထားသည်ကို သတိမထားမိဘဲ ဘေးဘီဝဲယာကို ငေးငေးကြောင်ကြောင် ကြည့်နေသည်။

“ဒီနေရာက ဘယ်နေရာလဲ” သူမမျက်ဝန်းများတွင် တွေဝေရှုပ်ထွေးမှုတို့ ပြည့်နေ၏။ သူမက ပါးစပ်ဖွင့်၍ စကားပြောလိုက်ခြင်းမဟုတ်ဘဲ ဦးနှောက်လှိုင်းများ ထုတ်လွှတ်လိုက်ခြင်းဖြစ်သော်လည်း လူတိုင်း သူမအသံကို ကြားလိုက်ရသည်။ “ကျွန်မ ဘာလို့ ဒီနေရာ ရောက်နေတာလဲ”

မကြာခင် နတ်ဆိုးများစွာ ပြောင်းလဲသွားကြသည်။

အကုန်လုံးက အမျိုးသမီးနည်းတူ ဝတ်ထားကြ၏။ သူတို့ကိုယ်ပေါ်ရှိ အဝတ်အစားများက တကယ့် အဝတ်အစားမဟုတ်ပေ။ အကြေးခွံများမှ ဖွဲ့တည်နေသော နူးနူးညံ့ညံ့ငှက်မွှေးများ ဖြစ်ပြီး သူတို့တစ်ကိုယ်လုံးတွင် ငှက်မွှေးတောင်ပံအရွယ်အစားမျိုးစုံ ဖုံးနေသည်။

သူတို့၏ငှက်မွှေးများက မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲများအကြား၌ပင် တွေ့ရခဲလေသည်။

မဟာမြို့ပျက်တွင် ဤကဲ့သို့ သတ္တဝါများရှိသော်လည်း အကြေးခွံ၊ ငှက်မွှေးများဖြင့် လူသားများ မရှိပေ။

ထို့အပြင် ထိုငှက်မွှေးများက အမှန်တကယ် ပြောင်းလဲနိုင်၏။ သူမအဝတ်အစားများ လုံလုံခြုံခြုံ မရှိသည်ကို ထိုအမျိုးသမီး သတိထားမိသည့်အခါ သူမ၏အကြွေးခွံငှက်မွှေးများက သူမစိတ်တိုင်းကျ ပြောင်းလဲသွားသည်။ ၎င်းတို့က တဖျပ်ဖျပ် လက်လာကာ အနက်ရောင်ပြောင်းသွားသည့်အတွက် အမျိုးသမီးမှာ အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ထားသကဲ့သို့ ဖြစ်သွားသည်။

တခြားသူများ၏ ကိုယ်ပေါ်ရှိ အကြေးခွံငှက်မွှေးများလည်း အရောင်ပြောင်းကာ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြသည်။ အကုန်လုံး လုံလုံခြုံခြုံ ဖြစ်သွားသည့်အခါ မည်သည့်နေရာရောက်နေမှန်း မသိ၍ ပတ်ဝန်းကျင်အား ကြောင်ကြောင်ငေးငေး ကြည့်နေကြ၏။

နေသင်္ဘောပေါ်ရှိ နေထိန်းကျောင်းများလည်း ငေးကြောင်နေကြသည်။ အဘယ်သို့ပြု၍ နတ်ဆိုးများက ယခုလိုပြောင်းလဲသွားမှန်း သူတို့ မသိတော့ပေ။

သို့သော် နေထိန်းကျောင်းသူအဘိုးအိုကတော့ ရိပ်စားမိလိုက်သည်။ “သူတို့က ခန္ဓာပွားမိစ္ဆာနတ်ဆိုး ဖမ်းစားလိုက်တဲ့ ကမ္ဘာခြားမျိုးနွယ်တစ်စု ဖြစ်လောက်တယ်။ အခု ပင်မအသိစိတ် သေသွားလို့ သူတို့ကို ထိန်းချုပ်ထားတွေ ပျောက်သွားပြီး လွတ်လပ်သွားတာပဲဖြစ်မယ်။ ဒါက ခန္ဓာပွားနတ်ဆိုး သေသွားပြီလို့ ဆိုလိုတယ်”

သူ့ဘေးရှိ အကြီးအကဲများ ဝမ်းမြောက်သွားကြသည်။ ရုတ်တရက် သူတို့အနောက်မှ တဂျုန်းဂျုန်းမြည်သံများ ထွက်လာ၍ အကုန်လုံး ကပျာကယာ လှည့်ကြည့်လိုက်ကြသည်။ ချင်မူက လက်နှစ်ဖက်ဖြင့် တိုင်လုံးများကို ဆုပ်ကိုင်ထားပြီး ကျန်နှစ်ဖက်ဖြင့် သံကြိုးများအား ဆွဲနေသည်။

သံကြိုးများက နေလုံးကြီးထဲ နစ်မြုပ်နေသည်သာမက နေကို ချည်ထားသော ရတနာများဖြစ်၍ ပြန်ဆွဲရန် အားတော်‌တော်သုံးရလေသည်။

ခေါင်းဆောင်အဘိုးအို စိတ်ပူလာပြန်သည်။ သူ သင်္ဘော၏ အလယ်ရှိ တိုင်လုံးများဆီ ကမန်းကတန်း သွား၍ ‌မော့ကြည့်လိုက်သည်။ “မင်းသား၊ ဘာလို့ နေကို ပြန်ဆွဲနေတာလဲ”

ချင်မူ ငုံ့ကြည့်လိုက်ပြီး အဘိုးအို၏ မျှော်လင့်အားကိုးနေသော အကြည့်ကို မြင်လျှင် ချီတုံချတုံ ဖြစ်သွားသည်။ “ဒါက...”

တခဏကြာသော် နေလုံးကြီးကို ခေါင်းဆောင်အဘိုးအို မြင်သွား၏။ အနက်ရောင်နေလုံးကြီးမှာ အုန်းသီးတစ်လုံးကို တိတိရိရိ ပိုင်းခြမ်းထားသကဲ့သို့ နှစ်ခြမ်းကွဲနေသည်။

ခေါင်းဆောင်အဘိုးအိုနှင့် အကြီးအကဲများ ဆွံ့အမှင်သက်သွားကြသည်။ နေထိန်းကျောင်းသူများလည်း အနက်ရောင်နေနှစ်ခြမ်းကို ကြည့်ကာ ဆွံ့အမှင်သက်နေကြသည်။

သူတို့၏နေလုံးကြီးမှာ ပြန်ငြိမ်းသေသွားရုံတင်မက နှစ်ခြမ်းပင် ကွဲသွား၏။

ဂျလိန်း ဂျိန်း

သံကြိုးများ ဆွဲလာသည့်အသံက အသည်းခိုက်အောင် နာကျင်စရာကောင်းသည်။

ချင်မူ နေနှစ်ခြမ်းကို ပြန်ဆွဲပြီး သူ၏ရွှင်ပျော်ပျော်ဓားအား ဆင့်ခေါ်လိုက်သည်။ ဓားက နေကျောက်စိမ်းမျက်လုံးကို ပင့်မြှောက်၍ သူ့ဆီ ပျံသန်းလာ၏။

“ခေါင်းဆောင်၊ သတင်းကောင်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီး တကယ် သေသွားပြီ” ချင်မူ မလုံမလဲ ပြောလိုက်သည်။

ကျောက်ရုပ်သဖွယ် ဖြစ်နေသော ခေါင်းဆောင်အဘိုးအိုက သူ့ကို လှည့်ကြည့်သည်။ သူ့အသံက ယန္တရားစက်ရုံမှ ထွက်လာသည့်အသံကဲ့သို့ တောင့်တင်းနေ၏။ “နောက်တစ်ခုက ဘာများပါလဲ”

“ကျွန်တော်တို့ အခု နေအသစ် လဲနိုင်ပြီ”

ခေါင်းဆောင်အဘိုးအိုမှာ သူတို့၏မင်းသားကို မော့ကြည့်ရင်း ငိုချင်လာပါသော်လည်း မျက်ရည်က ကျမလာပေ။ “သိပ်ကောင်းတဲ့ သတင်းပါပဲ ၊ သိပ်ကောင်းတဲ့ သတင်းပါပဲ...” သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ချင်မူ အနက်ရောင်နေနှစ်ခြမ်းကို ဆွဲနေစဉ် နေ၏အနောက်မှ ငှက်မွှေးများရှိသော လူများ ပြေးလိုက်လာသည်။

တချို့က နေကို လိုက်မမှီ၍ မဟာမြို့ပျက်၏ အမှောင်ထုထဲတွင် သေဆုံးသွားကြသည်။ ကျန်ခဲ့သူများက အမှောင်ထု မည်မျှအန္တရာယ်များကြောင်း သိသွားကြပြီး တစ်ယောက်ကိုတစ်ယောက် သတိပေးလိုက်ကြ၏။ နေနှင့်နီးကပ်နေမှသာ သူတို့ အသက်ရှင်နိုင်ပေမည်။

သူတို့သည် ဆက်သွယ်ရန် အသံကို မသုံးဘဲ ဦးနှောက်လှိုင်းများကိုသာ အသုံးပြု၏။ စကားမပြောဘဲ ဆက်သွယ်နိုင်ခြင်းက အလွန်ထူးခြားလေသည်။

ချင်မူ နေနှစ်ခြမ်းကို နေသင်္ဘောပေါ် ပြန်ဆွဲတင်လိုက်သည့်အချိန်တွင် အသံတစ်သံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။ “ကောင်းကင်ငှက်မွှေးမျိုးနွယ်၊ ယွီကျောက်ချင်း ဒီမြေရဲ့ အရှင်သခင်ကို ဂါဝရပြုပါတယ်”

ချင်မူ အတန်ငယ် မှင်သက်သွားသည်။ အနက်ရောင်ဂါဝန်ဖြင့် အမျိုးသမီးတစ်ယောက်က သူ့ဆီ လျှောက်လာ၏။ သူမ၏အပြုအမူများက အလွန်ရိုးရှင်းပြီး သဘာဝဆန်သည်။ အနက်ရောင်ဂါဝန်သည် တမုဟုတ်ချင်း ဝါဖျော့ဖျော့အရောင် ပြောင်းသွားသည်။

နေကောင်းကင်တိုင်လုံးများ၏ ဘေးသို့ သူမ ရောက်သည့်အခါ သူမအဝတ်အစားများက ဝါဖျော့ဖျော့အရောင်ရှိသည်သာမက ခေါင်းဆောင်အဘိုးအိုတို့၏ အဝတ်အစားနှင့်ပင် ခပ်ဆင်ဆင် တူလာသည်။ သူမခန္ဓာကိုယ်ပေါ်ရှိ ငှက်မွှေးများက ပုံသဏ္ဍာန်ပြောင်းလဲနိုင်သည်သာမက အရောင်လည်း ပြောင်းလဲနိုင်၏။

ချင်မူ နေတိုင်လုံးများအား လက်လွှတ်လိုက်၍ သူ့ချိုင်းအောက်ရှိ လက်နှစ်ချောင်းလည်း တဖြည်းဖြည်း ပြန်လည်ကျုံ့ဝင်သွားသည်။ သူ့မြီးညှောင့်ရိုးမှ ထွက်နေသော တတိယခြေထောက်လည်း ကိုယ်ထဲ ပြန်ဝင်လာကာ နေသင်္ဘော၏ ကြောက်မက်ဖွယ်ရာစွမ်းအင်သည် ထိုးကျသွား၏။ တခဏကြာသော် သူ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသည်။

ချင်မူ တိုင်လုံးတစ်လုံး၏အနောက်တွင် ကပျာကယာ ပြေးပုန်းလိုက်ပြီး စုတ်ပြဲသွားသော အဝတ်များအတွက် အဝတ်အစားအသစ် လဲလိုက်သည်။ အတန်ငယ် ပြင်ပြင်ဆင်ဆင် လုပ်ပြီးနောက် သူ တိုင်လုံး၏အနောက်မှ ထွက်လာသည်။

နေတိုင်လုံးများကို ကိုင်ထားခဲ့စဉ်အခါက သူ၏ခွန်အားက ကြောက်ခမန်းလိလိ မြင့်တက်သွားခဲ့ပြီး သူ၏ရုပ်ခန္ဓာကလည်း ကြီးထွားလာခဲ့ရာ အင်္ကျီပြဲထွက်သွားခဲ့သည်။ သူ့အင်္ကျီက ဝိညာဉ်လက်နက်တစ်ခု ဖြစ်သော်လည်း ချင်မူ့အရွယ်အစားက ကိုက်သုံးရာအမြင့် လူ့ဘီလူးကြီး ဖြစ်သွားခဲ့၍ အင်္ကျီနှင့် မဆန့်တော့ပေ။ တတိယခြေထောက်ကလည်း မြီးညှောင့်ရိုးမှ ထွက်လာသဖြင့် ဘောင်းဘီလည်း ပြဲခဲ့သည်။

“ခေါင်းဆောင်ယွီ” ချင်မူ နှုတ်ဆက်လိုက်သည်။

ကောင်းကင်ငှက်မွှေးမျိုးနွယ်၏ ခေါင်းဆောင် ယွီကျောက်ချင်း သူ့အား တအံ့တဩ ကြည့်လိုက်မိသည်။ စောစောက ဤကောင်လေးသည် ကောင်းကင်နတ်ဘုရားသဖွယ် လူ့ဘီလူးကြီး ဖြစ်ခဲ့သော်လည်း ရုတ်တရက် လူငယ်လေးဖြစ်လာ၏။

အမျိုးသမီးက ဂါဝန်စကို ဖြန့်ကာ ချင်မူ့အား လေးလေးစားစား အရိုအသေပေးလိုက်သည်။ ချင်မူ နေထိန်းကျောင်းသူခေါင်းဆောင်ဆီ လက်ညှိုးထိုး၍ ပြုံးလိုက်၏။ “ကျွန်တော်က ဒီနေရာရဲ့ ခေါင်းဆောင်မဟုတ်ပါဘူး။ ဒီဘိုးဘိုးကမှ ခေါင်းဆောင်ပါ။ ဒီနေရာက ကျွန်တော့်နေရာလို့ မဆိုဝံ့ပါဘူးဗျ”

ခေါင်းဆောင်အဘိုးအိုက‌ ခေါင်းယမ်းကာ ပြောလိုက်သည်။ “မိုးကောင်းကင်အောက်မှာရှိတဲ့ နေရာတိုင်းက လူသားဧကရာဇ်ရဲ့ အပိုင်ဖြစ်ပါတယ်။ နေထိန်းကျောင်းသူမျိုးနွယ်ကလည်း မင်းသားရဲ့ ပိုင်နက်ဖြစ်တဲ့အတွက် မင်းသားက ဒီနေရာရဲ့ အရှင်သခင်ဆိုလည်း ဟုတ်ပါတယ်”

ချင်မူ ကောင်းကင်ငှက်မွှေးမျိုးနွယ်မှ အမျိုးသမီး၏ အရိုအသေပြုမှုကို လက်ခံလိုက်ရသည်။ “ခေါင်းဆောင်ယွီ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ မျိုးနွယ်တွေကို သင်္ဘောပေါ် တက်ခိုင်းလိုက်ပါ။ ကျွန်တော်တို့ နေရေတွင်းထဲမှာ စကားပြောကြစို့”

ယွီကျောက်ချင်းက ဦးနှောက်လှိုင်းများ ဖြန့်ကျက်လိုက်၍ ကောင်းကင်ငှက်မွှေးမျိုးနွယ်အားလုံး သင်္ဘောပေါ် တက်လာကြသည်။ ချင်မူ နေသင်္ဘောကို အသက်ပြန်သွင်းပြီး နေရေတွင်း၏ဧရိယာထဲ ပြန်ဝင်လိုက်သည်။

သင်္ဘောပေါ်ရှိ ကောင်းကင်ငှက်မွှေးမျိုးနွယ်များမှာ ထူးဆန်းသော ကမ္ဘာလေးကို ကြည့်နေကြပြီး သူတို့ကိုယ်ပေါ်ရှိ အဝတ်အစားများက အရောင်တစ်မျိုးပြီးတစ်မျိုး ပြောင်းနေကြ၏။

သူတို့သည် သာမန်လူသားများထက် အတန်ငယ် အရပ်မြင့်ပြီး ပိန်သွယ်ကြ၏။ ယောက်ျား၊ မိန်းမအားလုံး ချောမောလှပကြပြီး သူတို့အဝတ်အစားများက စိတ်အခြေအနေအလိုက် ပြောင်းလဲကြသည်။ စိတ်ကြည်နေလျှင် သူတို့၏အဝတ်အစားများက လွန်စွာတောက်ပြောင်နေတတ်သည်။

နေတိုင်လုံးများကို လွှတ်လိုက်ပြီးနောက် ချင်မူမှာ နောက်တစ်ကြိမ် ထပ်ကိုင်ရမည်ကို ကြောက်သွားသည်။ သူ့ကြောင့် နေလုံးကြီး နှစ်ခြမ်းကွဲသွားခဲ့၍ ဟန်ချက်မမျှတော့ရာ နေသင်္ဘော၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်က သူ၏အသက်စွမ်းအားကို စားသုံးခဲ့သည်။ တခဏလေးအတွင်း သူ့ခြေထောက်များ နစ်မြုပ်သွားခဲ့၏။ ထို့ကြောင့် မနစ်မြုပ်သွားခင် ကပျာကယာ ခုန်ထွက်လိုက်သော်လည်း ခြေထောက်နှစ်ချောင်းလုံး ကိုက်ခဲပြီး နုံးခွေနေသေးသည်။

“မင်းသား၊ ကောင်းကင်ငှက်မွှေးမျိုးနွယ် ခေါင်းဆောင်နဲ့ တွေ့တဲ့အခါ အလေးအနက်ထားပါ။ သူ့ကို လျစ်လျူရှုမထားပါနဲ့”

ခေါင်းဆောင်အဘိုးအိုက ချင်မူ့ကို နေကျောင်းဆောင်ထဲ ခေါ်သွားပြီး ယွီကျောက်ချင်းကိုလည်း ဖိတ်ခေါ်လိုက်သည်။

“မင်းသား”

နေကျောင်းဆောင်ထဲတွင် ယွီကျောက်ချင်းက ရှေ့သို့ လျှောက်လာကာ ချင်မူ့မျက်နှာကို ကိုင်၍ သူ့နဖူးကို သူမနဖူးဖြင့် အသာအယာ ထိလိုက်သည်။

“ဘာလုပ်နေတာလဲ” ဟူလင်းအာမှာ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းကို‌ ခေါ်၍ နေကျောင်းဆောင်ထဲ ဝင်လာသည့်အချိန်မှာပဲ ထိုမြင်ကွင်းကို မြင်သွားသည်။ သူမ ဒေါသတကြီး လှမ်းအော်လိုက်၏။ “သခင်လေးကို ဘာလို့နမ်းတာတုန်း..”

ယွီကျောက်ချင်းက သူမပေါင်လောက်သာ ရှိသော ကလေးမလေးကို စပ်စပ်စုစု ကြည့်လိုက်သည်။ ထို့နောက် ခါးကိုင်းပြီး ဟူလင်းအာ၏ ပါးလေးနှစ်ဖက်အား ကိုင်ကာ နဖူးချင်း ညင်ညင်သာသာ ထိလိုက်သည်။

ဟူလင်းအာ သဘောပေါက်သွား၏။ “ဪ နမ်းတာမဟုတ်ဘူးကိုး။ ကျွန်မက သခင်လေးကို ရှင် အခွင့်အကောင်းယူနေတယ် ထင်သွားတာ...”

ယွီ‌ကျောက်ချင်းက ပြုံးလိုက်ပြီး ဟူလင်းအာ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ ဟူလင်းအာ ရှက်သွေးဖြာသွားပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။ သူမက အရက်မူးသွားသကဲ့သို့ ယိုင်ထိုးသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ “အနမ်းကလည်း ဘာမှမဟုတ်ပါဘူး..”

ယွီကျောက်ချင်း လင်ယွိရှို့ဆီ လျှောက်လာသည့်အခါ လင်ယွိရှို့မှာ သူမရင်ဘတ်အပေါ် ယွီ‌ကျောက်ချင်း၏ အကြည့်ရောက်လာသဖြင့် ရင်တုန်လာသည်။ သို့သော် ယွီကျောက်ချင်းက နဖူးချင်းသာ ထိပြီး သူမကို မနမ်းပေ။ လင်ယွိရှို့ စိတ်သက်သာရာရသွားသည်။

စစ်ယွင်ရှန်းလည်း နဖူးချင်း ထိကာ ပြုံးလိုက်၏။ “ဒါက ဘာသာစကား ဖလှယ်တာမျိုးပဲ။ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ လက်ဆောင်လား၊ ကောင်းကင်နတ်သိုင်းတစ်ခုလား”

“လက်ဆောင်ပါ” ယွီကျောက်ချင်း ပါးစပ်ဟ၍ လူ့စကား ပြောလိုက်သည်။ သူမအသံက ကောင်းကောင်းမထွက်တတ်သေးသော်လည်း တဖြည်းဖြည်း ရှင်းလင်းပီသလာသည်။ “မင်းသားက ခန္ဓာပွားမိစ္ဆာနတ်ဆိုးကို သတ်ပြီး ကျွန်မတို့ မျိုးနွယ်တွေကို လွှတ်ပေးခဲ့ပါတယ်။ ကျွန်မတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်အနေနဲ့ ဘယ်လောက်ကျေးဇူးတင်မိမှန်း မဖော်ပြတတ်တော့ပါဘူးရှင်”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ခေါင်းဆောင်ယွီတို့ကို ကယ်ဖို့ ကျွန်တော် လုပ်ခဲ့တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ပဲ လုပ်ခဲ့တာပါ။ ကျေးဇူးတင်မနေပါနဲ့။ ခေါင်းဆောင်ယွီတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ကလည်း မဟာမြို့ပျက်မှာ နေတာလား”

“ကျွန်မတို့က ဒီမှာ နေတာမဟုတ်ပါဘူး။ တခြားကမ္ဘာကပါ” ယွီကျောက်ချင်း ပြောလိုက်သည်။ “ကျွန်မတို့ လာတဲ့ ကမ္ဘာက ခန္ဓာပွားမိစ္ဆာနတ်ဆိုးရဲ့ လက်အောက် ရောက်သွားပြီး ကျွန်မတို့မျိုးနွယ်အားလုံးနီးပါး အစားခံလိုက်ရတယ်။ မင်းသားကယ်လိုက်လို့သာ ကျွန်မတို့ မျိုးမသုဉ်းသွားတာပါ။ မင်းသားက ကျေးဇူးမတင်ပါနဲ့ဆိုပေမယ့် ဒီကိစ္စက ကျွန်မတို့အတွက် ကျေးဇူးတင်စရာကိစ္စဖြစ်ပါတယ်”

“ခေါင်းဆောင်ယွီတို့ လာတဲ့ကမ္ဘာက မိစ္ဆာနတ်ဆိုးအလောင်းရဲ့ နောက်က ကမ္ဘာဖြစ်မယ်ထင်တယ်။ ဘာလို့ မဟာမြို့ပျက်နဲ့ ဆက်နေတာပါလိမ့်” ချင်မူ စပ်စုကြည့်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်သောင်းတုန်းက ကျွန်မတို့ကမ္ဘာက တခြားကမ္ဘာနဲ့ တိုက်မိသွားပြီး ကမ္ဘာနှစ်ခုကြားက နေရာဟင်းလင်းပြင် ထပ်သွားပါတယ်။ ညအခါ ကောင်းကင်ကို မော့ကြည့်လိုက်တိုင်း အင်မတန် ခမ်းနားလှပခဲ့ပါတယ်” ယွီကျောက်ချင်း ပြောလိုက်သည်။

“အဲဒီကမ္ဘာရဲ့ ဧကရာဇ်က နတ်ဘုရားတစ်ပါး စေလွှတ်လိုက်ပြီး ကျွန်မတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ကို သူ့လက်အောက်မှာ သစ္စာခံဖို့ မိန့်ကြားလိုက်တယ်။ အဲဒီနောက်ပိုင်းမှ ကျွန်မတို့ မြင်ခဲ့ရတဲ့ တခြားကမ္ဘာက ခိုင်ဧကရာဇ်အင်ပါယာမှန်း သိလိုက်ရတာပဲ။ ဒါပေမဲ့ တစ်နေ့ အဲဒီနေရာမှာ ထူးဆန်းတဲ့ ပြောင်းလဲမှုဖြစ်ပေါ်လာပြီး မဟာမြို့ပျက်အဖြစ် ပြောင်းလဲသွားတယ်။ ကျွန်မတို့ ကောင်းကင်ငှက်မွှေးကမ္ဘာလည်း ခံစားခဲ့ရတယ်။ ညအခါ ကျွန်မတို့ကောင်းကင်က ကြယ်တွေစုံတဲ့ ကောင်းကင်မဟုတ်တော့ဘဲ ပိတ်ပိန်းမည်းမှောင်နေတဲ့ အမှောင်ထု ဖြစ်လာခဲ့တယ်။ နောက်ပိုင်း သိပ်မကြာလိုက်ပါဘူး။ ခန္ဓာပွားမိစ္ဆာနတ်ဆိုးက ကျွန်မတို့ကမ္ဘာကို ကျူးကျော်လာခဲ့ပါတယ်...”

All Chapters