← Chapters

ကောင်လေး ငါ့ကို လိုချင်လား

Vol. 11-16 Ch. 204

ကောင်လေး ငါ့ကို လိုချင်လား

Vol. 11-16 Ch. 204

အခန်း (၂၀၄)  :  ကောင်လေး ငါ့ကို လိုချင်လား

“ ထားလိုက်ပါတော့ … အားလုံးက ဒီလိုဆိုမှတော့ ကျွန်တော် လက်ခံထားလိုက်ပါ့မယ် ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်  “ အားလုံး နဂါးသွေးမြက်ကို ခူးရအောင် … အမြစ်နဲ့ အရွက်တွေ ထိသွားစေနိုင်လို့ ကြမ်းကြမ်းတမ်းတမ်း မလုပ်မိစေနဲ့နော်”

ပြောရလျှင် ကောင်းမွန်ပြီးပြည့်စုံသော နဂါးသွေးမြက်က ပျက်စီးနေသော နဂါးသွေးမြက်ထက် အချိန်ပိုကြာရှည်ခံပေသည်။ ထို့အပြင် ဈေးနှုန်းကလည်း များစွာ မြင့်မားလေ၏။

“ ပြီးတော့ နဂါးသွေး စွန်းနေတဲ့ မြေကြီး … နဂါးအငွေ့အသက်က အထွတ်အထိပ်အဆင့် ဝိညာဉ်မြေအဖြစ် ပြောင်းပေးလိုက်တယ်ဆိုတော့ အားလုံး သိမ်းလိုက်ကြဦး ”

ရှန်ထျန်း၏ စကားများက အားလုံးကို ဉာဏ်အလင်းပွင့်လာစေသလို အံ့ဩသွားစေသည်။

အစ်ကိုရှန် ပြောတာ မှန်တယ် …

ရှန်ထျန်း၏ သတိပေးချက်သာ မရှိလျှင် သူတို့ ထိုဝိညာဉ်မြေကြီးကို လျစ်လျူရှုသွားမိလောက်ကြသည်။

နဂါးသွေးမြက်သည် အထွတ်အထိပ်အဆင့် ဝိညာဉ်မြေကြီးပေါ်တွင် ကြီးထွားလာသောကြောင့် ရှားပါးဆေးပင်များနှင့် အဖိုးတန်ဆေးပင်များ စိုက်ပျိုးဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ အားလုံးက တွေးမိလိုက်ပြီးနောက် အားမာန်အပြည့်ဖြင့် သိမ်းယူကြတော့သည်။

ခဏအကြာတွင် နဂါးသွေးမြက်များနှင့် နဂါးချိုအရိုးစုများကို သိမ်းဆည်းပြီးသွားလေပြီ။ နဂါးအရိုးစုအောက်ရှိ မြေကြီးအမြင့်မှာလည်း သုံးပေလောက် နိမ့်ကျသွားလေ၏။

အားလုံး၏ မျက်နှာမှာ ပျော်ရွင်ကျေနပ်မှုအတိ ဖြစ်နေကြသည်။

ရှန်အောင်းက ရတနာအပြည့် ဖြစ်နေသည့် သူ့သိုလှောင်အိတ်လေးကို ကြည့်ကာ စိတ်အေးသွားသည့် အပြုံးလေး ဖြစ်ပေါ်လာသည်။ သူက နဂါးသွေးမြက်နှင့် ဝိညာဉ်မြေကြီး အများအပြား ရရှိလိုက်သည်။ ဤစစ်ဆေးမှု၏ အကျိုးမြတ်မှာ ရှန်အောင်း စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသေး၏။

နဂါးသွေးမြက် သုံးပင်မှ ငါးပင်ကြားသည် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကို အဆုံးအစွန်အထိ တိုးမြင့်ပေးဖို့ရာ လုံလောက်ပေသည်။ ပါရမီရှင်များအတွက်ပင် ပုံမှန်အားဖြင့် ရှစ်ပင်မှ ဆယ်ပင်ဆိုလျှင် လုံလောက်သည်ထက် ပိုနေလေပြီ။ ပိုတောင် ပိုနေနိုင်သေး၏။

ထိုစဉ် ရှန်အောင်း၏ သိုလှောင်အိတ်ထဲ နဂါးသွေးမြက် အရေအတွက်က အနည်းဆုံး တစ်ရာလောက် ရှိထားသည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးမြင့်ဖို့ လုံလောက်နေလေပြီ။ ပြောရလျှင် စိတ်ကူးမကြည့်နိုင်သည့် ချမ်းသာမှုမျိုး ဖြစ်၏။

ညီတော်(၁၃) နောက်လိုက်ရတာ တကယ်ကောင်းတာပဲ …

..............

ခေါင်းမာကာ မာနကြီးသော ရှန်အောင်းပင် ရှန်ထျန်းကို စိတ်ရင်းဖြင့် အသိအမှတ်ပြုနေလေရာ အခြားသူများအနေနှင့် ပြောဖို့ပင် လိုတော့ပေ။

အားလုံးက ရှန်ထျန်း၏ စွမ်းရည်နှင့် လုပ်နိုင်စွမ်းကို စိတ်ထဲမှ လေးစားအားကျနေကြသည်။ မဟုတ်လျှင် သူတို့က လက်ခံယုံကြည်ကြမည် မဟုတ်ပေ။

သူတော်စင်အစ်ကိုက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ဆိုင်ခန်းခင်းရင်း  ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့နဲ့ ကျားနဂါးဆွဲပြားကိုတောင် ရခဲ့သေးတာလေ …

မြူခိုးလွင်ပြင် သွားတော့လည်း ရေချိုးလို့တောင် ရတဲ့ နိဗာနတော်ဝင်ရေစင်တွေ ရခဲ့သေးတာ … အခု ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ရောက်တာ မကြာသေးပေမဲ့ နဂါးသွေးမြက်က နေရာအနှံ့ တွေ့နေရပြီ …

အံ့ဖွယ်မိုးကောင်းကင်မှာ ဆရာနတ်မင်း ရှိနေရင် အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး လွှမ်းမိုးနိုင်ဖို့ စိုးရိမ်စရာ မလိုတော့ဘူး။

ဆိုင်ရှင်စုန့်က ဒုတိယမြောက် သိုလှောင်လက်စွပ် ထုတ်ကာ စိတ်အားထက်သန်စွာ မမောနိုင်မပမ်းနိုင် ဆက်လက် သိမ်းဆည်းနေသည်။

လျိုထိုက်ယီက ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ကာ ဂရုတစိုက် ရေးချကာ မှတ်သားနေသည်။ သူက အယုံကြည်ဆုံး ကိုးကွယ်သူတစ်ယောက်ကဲ့သို့ အလေးအနက်ဖြစ်နေသည်။

သူတို့က ကိုယ့်ဘာသာ မထိန်းချုပ်နိင်လောက်သည့်အထိ စိတ်လှုပ်ရှားနေကြသည်။ စွမ်းအားကြီးသော မိန်းမပျိုတစ်ယောက်က သူတို့အား မေးခွန်းထုတ်ခဲ့ဖူးသည်။ ဆရာနတ်မင်းနောက်လိုက်လျှင် ပိုအားကောင်းလာမည်လား ဟူ၍ ဖြစ်၏။

ယခု သူတို့က ထိုအချက်ကို သက်သေပြစရာ ရှိသွားလေပြီ။ မှန်ပေ၏။ သူတို့ အားပိုကောင်းလာနိုင်သည်။ သူတို့ အားပိုကောင်းလာရုံသာမက  ချမ်းသာကြွယ်ဝသွားသေးသည်။ ထို့အပြင် အထက်ဘုံအထိ အတူတကွ တက်လှမ်းနိုင်ပေလိမ့်မည်။

ငါတို့ဘဝမှာ အကောင်းဆုံး လုပ်ခဲ့တဲ့ ရွေးချယ်မှုက ဆရာနတ်မင်းကို ယုံကြည်ကိုးကွယ်ခဲ့တာပဲ …

သူက ငါတို့ရဲ့ အသက်တမျှ ကိုးကွယ်ယုံကြည်ရာသာ …

………...

အခြားလူများက ရှန်ထျန်းသည် သူတို့ကံအပြောင်းအလဲ အခွင့်အရေးကို အလကားမျှဝေယူမှန်း မသိကြချေ။ ထို့အစား အားလုံး၏ စိတ်ထဲ၌ သူ့ပုံရိပ်မှာ များစွာ မြင့်တက်သွားချေပြီ။

ထိုစဉ် ရှန်ထျန်းက သုခဘုံရောက်သွားသလို ခံစားလိုက်ရသည်။ သူက ကြေးမုံကို ထုတ်ကာ သူ့ခေါင်းအထက်ရှိ ရောင်ဝါကို ကြည့်လိုက်သည်။ သူ့ရောင်ဝါက မျက်စိနှင့်အထင်းသား မြင်နိုင်လောက်သည့်အထိ နီရဲလာလေပြီ။

အနီနဲ့ အစိမ်း …

အတော်လေး လှပလွန်းပေသည်။

ထိုစဉ် ရှန်အောင်း၊ ကျောက်ဟောင်နှင့် အခြားလူများ၏ ရောင်ဝါများလည်း ပိုမို တောက်ပလာလေသည်။ အထူးသဖြင့် ချင်ကောင်း ဖြစ်၏။ သူ့ရောင်ဝါရှိ ရွှေရောင်အစက်အပြောက်များက ပိုများလာကာ ရွှေရောင်ပိုသမ်းလာသည်။

ချင်ကောင်က သူ့ကံအပြောင်းအလဲ အခွင့်အရေးတွင် နဂါးသွေးမြက် ဆယ်ပင်မျှသာ ယူနိုင်ခဲ့သည်။ သို့သော်လည်း ယခုတွင် သူက နဂါးသွေးမြက် အပင်တစ်ရာဝန်းကျင်လောက် ရရှိလိုက်သည်။

ထိုအရာက ရှန်ထျန်းအား ဝမ်းမြောက်သွားစေသည်။ ချင်ကောင်းလည်း အကျိုးမြတ်ရသလို သူလည်း အကျိုးမြတ်ရလိုက်လေသည်။ အဖွဲ့ရှိ ကျန်လူများလည်း အကျိုးမြတ်ကိုယ်စီ ရရှိလိုက်ကြသည်။

အဲဆို ဘယ်သူက ဆုံးရှုံးသွားတာလဲ …

ရှန်ထျန်းက ပေတစ်သောင်းရှည်လျားသော နဂါးအရိုးစုကို ကြည့်ကာ ပြောစရာစကားပင် ရှာမတွေ့တော့ချေ။

နဂါးက ကမ္ဘာတွင် အားအကောင်းဆုံး မျိုးနွယ်များအနက် တစ်ခု ဖြစ်၏။ နှစ်တစ်သောင်းကြာပြီး အဆီအနှစ်အားလုံး ကုန်ဆုံးသွားပြီးနောက်တွင်ပင် လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုး ထုတ်လွှင့်နိုင်ဆဲ ဖြစ်သည်။

လက်ရှိ အားလုံးက နဂါးအရိုးစုနား ရောက်ရှိနေကြပြီး သူတို့ခန္ဓာကိုယ်ပေါ် ကီလိုဂရမ်ရာချီ အလေးချိန်ဖြင့် ဖိထားသလို ခံစားနေကြရသည်။ လှုပ်ရှားဖို့ပင် မလွယ်ကူတော့ချေ။

သူတို့က အခြေတည်အဆင့်သာ မဟုတ်လျှင် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။

ဒီနဂါးအရိုးစုကိုရော ပြန်သယ်သွားလို့ ဖြစ်ပါ့မလား …

ဤသည်မှာ သန့်စင်သွေးမျိုးဆက် နဂါးဖြစ်သောကြောင့် စွတ်ပြုတ်လုပ်စားလိုက်ရလျှင် အရသာရှိပေမည်။

ဟမ် .. ငါက ဘာလို့ အစားအသောက်အကြောင်း တွေးမိသွားပြန်တာလဲ … နှစ်တစ်သောင်းအရိုးဆိုတော့ မကောင်းလောက်တော့ဘူးမလား …  ကြောက်စရာကြီး

…………...

ရှန်ထျန်းက ခေါင်းခါကာ နဂါးဦးခေါင်းအထက်ရှိ ဧရာမဓားကြီးကို လှမ်းကြည့်လိုက်သည်။

ထိုဓားကြီးက သံချေးရောင် ဖြစ်နေပြီး အပင်လေးများပင် ပေါက်ရောက်နေသေး၏။ ထိုသစ်ပင်လေးများအပေါ်တွင် ဓားရှည်အသေးစားလိုမျိုး အသီးတချို့ ရှိနေပြီး လေနှင့်အတူ ယိမ်းနေသည်။

ရှန်ထျန်းက ဤသည်မှာ အင်မတန် အဖိုးတန်လှသော ဝိညာဉ်သစ်သီး ဖြစ်ကြောင်း သိလိုက်သည်။

ဤဝိညာဉ်သစ်သီး၏ နာမည်မှာ ဓားနှလုံးသား သစ်သီး ဖြစ်ပြီး ပုံမှန်အားဖြင့် ပြိုင်ဖက်ကင်း ဓားထာဝရအရှင်တစ်ယောက် သေဆုံးပျောက်ကွယ်သွားသည့် ကုန်းမြေ၌သာ ရှင်သန်ပေါက်ရောက်လေ့ ရှိ၏။

ဤနယ်မြေ၌ ပြိုင်ဖက်ကင်း ဓားထာဝရအရှင်တစ်ယောက် မပျောက်ကွယ်ဖူးခဲ့သော်လည်း နတ်ဓားက သွေးသန့်နဂါးကို သတ်ခဲ့ဖူးသည်။ ထိုဓားအငွေ့အသက်၏ အားဖြည့်မှုအောက်တွင် ဓားနှလုံးသား သစ်သားက ကြီးထွားလာသည်မှာ ပုံမှန်သာ ဖြစ်သွားသည်။

ပြဿနာတစ်ခုမှာ ထိုဧရာမဓားကြီးက နဂါးဦးခေါင်းကို ထိုးဖောက်ကာ မြေကြီးထဲ စိုက်ဝင်နေခြင်း ဖြစ်၏။ အကယ်၍ ဓားနှလုံးသား သစ်သားများကို ခူးဆွတ်လိုလျှင် အားပြင်းသည့် နဂါးအငွေ့အသက်ကို တောင့်ခံပြီး နဂါးအရိုးစုပေါ် တွားသွားတက်သွားရပေမည်။

နဂါး အနီးတွင် ရှိနေခြင်းကပင် ကီလိုဂရမ်ရာချီ ဖိအားကို တောင့်ခံနေရပြီ ဖြစ်ရာ အသက်ရှုဖို့ပင် ခက်ခဲလာချေသည်။

နဂါးဦးခေါင်းခွံအထိ တက်သွားပြီး ဓားနှလုံးသား သစ်သီးကို သွားယူဖို့ရာအတွက် ဖိအားက အဆများစွာ တိုးသွားပေမည်။ အခြေတည်အဆင့် ကျင့်ကြံသူများအတွက် ဤသည်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ချေ။

………….....

ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ နဂါးအမြီးပေါ် စတက်လိုက်တော့သည်။ ခြေလှမ်းတစ်လှမ်းချင်းစီက ဖိအားတိုးလာကြောင်း ခံစားနေရသည်။

ရှန်ထျန်းက ပေးငါးထောင်အထိ တက်ပြီးနောက် နဂါးကျောရိုးပေါ် ရောက်ရှိသွားလေပြီ။ သူက နဂါးဦးခေါင်းကို မြင်နေရပြီး ဧရာမဓားကြီး ထိုးစိုက်ထားသည့် ဒဏ်ချက်ကိုပင် တွေ့နေရသည်။ အားကောင်းသည့် နဂါးအငွေ့အသက်နှင့် ဓားအရှိန်အဝါတို့က သူ့အား ဖိအားအမြောက်အများ ခံစားရစေသည်။ သူ့ခန္ဓာကိုယ်ပင် ကျိုးကြေလုမတတ် ဖြစ်နေလေပြီ။

“ နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ် ပေါ်လာခဲ့ ”

နတ်သားရဲပုံသဏ္ဌာန်ငါးခု ပေါ်လာပြီးနောက် ရှန်ထျန်းက သူ့ဖိအားမှာ အတော်အတန် လျော့ကျသွားကြောင်း ခံစားမိလိုက်သည်။ သူက နဂါးအငွေ့အသက်နှင့် ဓားအရှိန်အဝါတို့၏ ဖိအားကို တောင့်ခံထားရင်း ဆက်တက်လိုက်သည်။ ရှန်ထျန်းက တက်နေရင်း စိတ်လှုပ်ရှားမှုအမျိုးမျိုး ဖြစ်နေလေ၏။

သူ့လက်ချောင်းမှ လက်စွပ်က တောက်ပလာကာ ပုလင်းအသေးလေး တစ်ပုလင်း ပေါ်လာသည်။ ထိုပုလင်းထဲ၌ နိဗာနတော်ဝင်ရေစင် ပါဝင်သည်။

ဂလု

ဂလု ဂလု

ဂလု ဂလု ဂလု …

တော်ဝင်ရေစင် သောက်လိုက်ပြီးနောက် ရှန်ထျန်း တစ်ကိုယ်လုံး တောက်ပသွားလေသည်။ သူ့ဆံပင်များပင် ထောင်မတ်လာသည်။ ရှန်ထျန်း ခန္ဓာကိုယ်တစ်လျှောက် ဆူပွက်နေသည့် ချီစွမ်းအားများ လောင်ကျွမ်းသွားသလို ဖြစ်၏။ ယခု သူက ထိုချီစွမ်းအားများဖြင့် အင်အားကို တိုးမြင့်ထားသည်။

ဖိအားက တိုးမြင့်လာသော်လည်း ရှန်ထျန်းက အရှိန်ဖြင့် တက်လှမ်းနေဆဲ ဖြစ်၏။ နဂါးဦးခေါင်းခွံမှ အလင်းရောင် ထွက်ပေါ်လာကာ ဒေါသထွက်လာသည့်အလား  ဖိအားမှာ နှစ်ဆဖြစ်သွားသည်။

ထိုစဉ် ရှန်ထျန်းက သူ့ခန္ဓာကိုယ်ကို ငါးတန်လောက်ဝန်ဖြင့် ဖိထားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က မည်မျှမာကြောစေကာမူ မြေကြီးပေါ် ပြားပြားဝပ်တော့လုနီးပါး ဖြစ်နေလေပြီ။

“ နဂါး .. စောင့်ကြည့်နေလိုက်။ မင်းခေါင်းပေါ် ရောက်အောင် တက်ပြမယ် ”

ရှန်ထျန်းက အံ့ကြိတ်ကာ သူ့အင်အားအကုန် ထုတ်လွှင့်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ဧရာမဓားကြီးက အနည်းငယ် တောက်ပသွားသည်။

ရှန်ထျန်းက သူ့အပေါ်မှ ဖိအားမှာ ရုတ်ချည်း ပျောက်ကွယ်သွားသလို ခံစားမိလိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံးမှာ အမြောက်စာသဖွယ် လေထဲ လွှင့်စင်သွားပြီး နဂါးပေါ်မှ ပြုတ်ကျသွားတော့မလို ဖြစ်သွားခဲ့ရသည်။

သူ အချိန်မီ တုံ့ပြန်နိုင်လိုက်၍ တော်သေး၏။  သူ့ညာဘက်လက်မှ အံ့ဖွယ်ဝါးမျိုနွယ်ပင်  ထွက်ပေါ်လာကာ နဂါးချိုကို ရစ်ပတ်ထားနိုင်လိုက်သည်။ ထိုအခါမှ နဂါးဦးခေါင်းခွံဆီလွဲယမ်းကာ အောင်အောင်မြင်မြင်  ရောက်ရှိသွားခြင်း ဖြစ်၏။

နဂါးဦးခေါင်းခွံတွင် ရပ်နေရင်း ရှန်ထျန်းက အတော်လေး နားမလည်နိုင် ဖြစ်နေမိသည်။

ဒါက ဘာအခြေအနေလဲ … လည်ပင်းအထိ တက်ပြီးတော့ ဖိအားက ဘာလို့ ပျောက်ကွယ်သွားရတာလဲ …

နဂါးကျောရိုးအောက်ပိုင်းအထိပဲ ပြီးပြည့်စုံနေပြီးတော့ ဦးခေါင်းက ကျိုးနေတာဆိုတော့ ဖိအား မရှိတော့တာလား…

...................

မည်သို့ပင်ဆိုစေကာမူ သူက နဂါးဦးခေါင်းအထိ တက်လာနိုင်ခဲ့လေပြီ။

ရှန်ထျန်းက နဂါးဦးခေါင်းခွံပတ်လည် လျှောက်ပတ်နေရင်း ဦးခေါင်းခွံကို လက်ဖြင့် ခေါက်ကြည့်လိုက်သည်။

ဤနဂါးဦးခေါင်းခွံကား အတော်လေး မာကြောလှသည်။

ရှန်ထျန်းက နဂါးအရိုးကို တစစီ လုပ်ကာ ရွေ့လျားပစ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့် အတွေးတစ်ခု တွေးမိသွားသည်။ သူက ထိုဧရာမဓားကြီးပေါ်ရှိ သစ်ပင်ငယ်လေးကို ကြည့်လိုက်မိသည်။

ရှန်ထျန်းက ထိုဧရာမဓားကြီးပေါ်တွင် အပင်ကိုးပင် ရှိနေကြောင်း ရေတွက်ပြီး‌နောက် သိလိုက်ရသည်။ တစ်ပင်ချင်းစီတွင်  သစ်သီး သုံးလုံးမှ ငါးလုံးအထိ ရှိနေပြီး လေနှင့် ယိမ်းခါကာ ဓားအငွေ့အသက်များ ထုတ်လွှင့်နေလေသည်။

ထိုသစ်သားများက ထူးခြားကြောင်း သိသာလှသည်။

အကယ်၍ စားသုံးလိုက်လျှင် ဓားကျင့်ကြံသူ၏ ကျင့်ကြံဆင့်နှင့် ပါရမီကို သိသိသာသာ တိုးတက်လာစေလိမ့်မည်။ ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ထုတ်ကာ သစ်ပင်ငယ်လေးများမှ သစ်သီး ၃၅ လုံးကို ခူးဆွတ်လိုက်သည်။

ရှန်ထျန်းက ဓားနှလုံးသား သစ်သီးများကို သိမ်းဆည်းလိုက်ပြီးနောက် ဧရာမဓားပေါ်ရှိ အပင်ငယ်ကိုးပင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ဓားနှလုံးသားသစ်ပင်ကိုရော စားလို့ရလား … အရသာနဲ့ အာနိသင်က ဘယ်လိုနေမလဲ …

ရှန်ထျန်း လက်ထဲမှ အံ့ဖွယ်ဝါးမျိုနွယ်ပင်သည် ဓားနှလုံးသား သစ်ပင်ကို ဖြည်းဖြည်းချင်း ရစ်ပတ်လိုက်သည်။ ထို့နောက် ရှန်ထျန်းက အားအပြည့်ဖြင့် ဆွဲနှုတ်လိုက်သည်။

ထိုအပင်ငယ်လေးများက အလွယ်တကူ ကျွတ်ထွက်လာမည့်ပုံ ပေါ်သော်လည်း ဓားပေါ် မြဲမြံနေဆဲသာ ဖြစ်၏။

လက်ရှိ ရှန်ထျန်း၏ လက်မောင်းအားက ဆယ်တန်ထက် ပိုပေသည်။ သူက လူနှစ်ယောက်ဖက်ထားနိုင်သည့် မိုးမခသစ်ပင်ကိုပင် ဆွဲနှုတ်နိုင်မည့် အနေအထားသို့ ရောက်နေလေပြီ။ သို့သော်လည်း ဓားနှလုံးသား သစ်ပင်ကို ဆွဲနှုတ်ဖို့ ခက်ခဲနေသေး၏။ ရှန်ထျန်းက ဆယ်မိနစ်လောက် အချိန်ယူပြီးနောက် တစ်ပင်နှုတ်ယူနိုင်ခဲ့သည်။

ဓားနှလုံးသား သစ်ပင်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှန်ထျန်းက လက်အားသပ်သပ်ဖြင့် ထပ်ဆွဲနှုတ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်လေး၌ ဧရာမဓားကြီးက လင်းလက်လာကာ အမျိုးသမီးတစ်ယောက်၏ အေးစက်စက် အသံထွက်ပေါ်လာသည်။

“ ကောင်လေး ငါ့ကို လိုချင်လား ”

အံ့ဖွယ်ဝါးမျိုနွယ်ပင်သည် ရုတ်ချည်း မာကြောသွားစဉ် ရှန်ထျန်းက အံ့ဩမိသွားသည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်အပေါ်ရှိ ငွေရောင် လေးလံရေစင်တို့က ရန်သူအား တိုက်ခိုက်ဖို့ အဆင့်သင့် ဖြစ်နေလေပြီ။ သို့သော်လည်း ရန်သူ မရှိဘဲ မှိန်ဖျဖျ တောက်ပနေသည့် ဧရာမဓားကြီးသာ ရှိနေသည်။

“ အလန့်တကြား မဖြစ်ပါနဲ့ … ငါပါ။ ငါက ကောင်းကင်သုတ်သင်ဓားရဲ့ ဓားဝိညာဉ်ပါ။ ကောင်လေး မင်းက ဒီနေရာကို ရှာတွေ့တယ်ဆိုတော့ ငါနဲ့ ကံစပ်နေတာပဲ ”

ကျူထျန်းဓားလား …

(ကောင်းကင်သုတ်သင်ဓား)

ကံစပ်နေတာတဲ့လား … တကယ်ကြီးလား

ရှန်ထျန်းက မကောင်းအကြံအစည်များကို အာရုံခံမိသည့်အလား မဲ့ရွဲ့သွားသည်။

ဓားနာမည်တစ်ခုတည်းဖြင့်ပင် ဓားဝိညာဉ်က လူကောင်းဟုတ်ပုံ မပေါ်တော့ပေ။

ရှန်ထျန်းက သတိထားကာ  “ ခင်ဗျားက ဒီထျန်းကျူဓားရဲ့ ဓားဝိညာဉ်လား ”

ဓားဝိညာဉ်၏ အသံတစ်ဖန်ပြန်ထွက်လာသည်

“ ဟုတ်တယ် … ငါက သခင်ရဲ့ အမိန့်နဲ့  ဒီမိစ္ဆာနဂါးကို သတ်ပြီး နှစ်တစ်သောင်းလောက် စောင့်ကြပ်နေခဲ့တာ။ အခု သခင် ဆုံးသွားတာ နှစ်အရမ်းကြာနေပြီဆိုတာကို အာရုံခံမိတယ်။ ဒါပေမဲ့ မင်းဆီမှာ သခင်လိုမျိုး  စိတ်ဝိညာဉ်နဲ့ သွေးမျိုးဆက် ရှိနေတယ်။ လူငယ်လေး ငါ့ကို လိုချင်လား။ မင်းသွေးစက်ကို ဓားပေါ်ချလိုက် … တကယ်လို့ မင်းဆီမှာ ပြိုင်ဖက်ကင်း ပါရမီရှိရင် မင်းနောက်ကိုလိုက်ပြီး ကူညီပေးမယ်  ”

ဓားဝိညာဉ်၏ စိတ်အားတက်ကြွသော အသံကို နားထောင်ပြီးနောက် ရှန်ထျန်းက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာသည်။

ကြည့်ရတာ တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးချင်နေတဲ့ပုံပဲ …

ရှန်ထျန်းက ဓားကြီးကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးနောက် “ သွေးစက်ချရမှာလား … သွေးဘယ်လောက်တုန်း ”

ဓားဝိညာဉ်၏ အသံက ခဏတာ တုံ့ဆိုင်းသွားပြီး  “ အမ် … မင်းဆီမှာ ထူးခြားတဲ့ ခန္ဓာတည်ဆောက်ပုံနဲ့ သာမန်မဟုတ်တဲ့ ပါရမီရှိနေတာပဲ။ ကျူထျန်းဓားက မင်းကို သွေးတစ်စက်လောက်နဲ့ သခင်အဖြစ် အသိအမှတ်ပြုနိုင်မှာပါ ”

ရှန်ထျန်းက ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ  “ကျွန်တော်ရဲ့ ပါရမီနဲ့ သွေးတစ်စက်လေးနဲ့ ဒီထျန်းကျူဓားရဲ့ သခင်အဖြစ် အသိအမှတ်ပြုခံရမှာ သေချာလို့လား ”

ဓားဝိညာဉ်က ကူကယ်ရာမဲ့စွာဖြင့်  “ လူငယ်လေး မင်းက အရမ်းပါရမီထူးတယ်။ မင်းကိုယ်မင်း ယုံကြည်ချက်ရှိဖို့ပဲ လိုနေတာ ”

ရှန်ထျန်းက မဲ့ကာ “ ကျွန်တော်က ကိုယ့်ဘာသာ ယုံကြည်ချက်ရှိပေမဲ့ ခင်ဗျားရဲ့ ဇာစ်မြစ်ကိုတော့ မယုံဘူး ”

သူက ဓားကြီးဆီ လျှောက်လှမ်းသွားလိုက်ပြီးနောက် သူ့ညာဘက်လက်တွင် ခရမ်းရွှေတူ ပေါ်လာသည်။ ဘက်ဘယ်လက်၌မူ လိပ်နက်ဒိုင်းကာ ပေါ်လာလေ၏

“ ခင်ဗျားက ဓားဝိညာဉ် မဟုတ်ဘူးမလား ”

အသံက ဖြည်းဖြည်းချင်း အေးစက်လာကာ  “ငါ ဓားတောက်ပလာအောင် လုပ်နိုင်တော့ ဘာမှလွဲချော်မသွားဘူး ထင်နေတာ။ မင်း ဘယ်လိုလုပ် သတိထားမိတာလဲ ”

ရှန်ထျန်းက ပြုံးလိုက်ကာ  “ ရိုးရိုးလေးပါပဲ … ကျွန်တော် ဓားနာမည်ကို ပြောတုန်းက တမင်လွဲပြောလိုက်တာလေ။ ခင်ဗျားက ကျူထျန်းဓားရဲ့ ဓားဝိညာဉ်လို့ ပြောပေမဲ့ ကျွန်တော်က ထျန်းကျူဓားလို့ တမင်ပြောလိုက်တာ။ ဓားဝိညာဉ်တွေက သူတို့ရဲ့ ဓားကို တန်ဖိုးထားကြတော့ ဓားနာမည်က ဒုတိယနာမည်လိုပဲလေ …

ကျွန်‌တော် အခေါက်တိုင်း မှားပြောနေတာကို လုံးလုံး သတိမပြုမိသလို ဂရုလည်း မစိုက်မိဘူးမလား ”

အသံက ငေါ့တော့တော့ဖြင့်  “ ဒါလေးကြောင့်လား … ရယ်စရာပဲ ”

ရှန်ထျန်းက တဖန်ပြောလိုက်ပြန်သည်  “ တစ်ခုတည်းနဲ့တော့ ဘယ်လုံလောက်ပါ့မလဲ။ ကျွန်တော်က ကိုယ့်ဘာသာ ကံစမ်းကြည့်လိုက်တာလေ။ ခင်ဗျားက အလွယ်တကူ ဝန်ခံလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ ”

အသံက အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။ ကြည့်ရသည်မှာ ရှန်ထျန်း၏ စကားများက သူ့အား စိတ်ဆွပေးလိုက်သလို ဖြစ်သွားပုံရ၏။

ရှန်ထျန်းက ပြုံးကာ  “ ဘာလို့ ဘာမှဆက်မပြောတော့တာလဲ။ ကျွန်တော် မှန်းတာသာ မှန်ရင် ခင်ဗျားက ဓားဝိညာဉ်အစား ပိတ်လှောင်ခံထားရတဲ့ ဒီအထွတ်အမြတ်နဂါးရဲ့ ဝိညာဉ်မလား ”

ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ မဝင်ရောက်ခင်က ဝိညာဉ်နတ်မိမယ်လေးသည် ရှန်ထျန်းဆီ နတ်ဘုရားမှတ်တမ်း ပုံပွားကို ပေးခဲ့သေးသည်။

သူက ထိုစာအုပ်ကို နားမလည်သော်လည်း ဤတောင်ကြားသည် မရိုးရှင်းကြောင်း အကြမ်းဖျင်း သဘောပေါက်လိုက်သည်။ ဧရာမဓားကြီး၏ ပိတ်လှောင်မှုကြောင့် ဖြစ်ပေါ်လာရသော သီးသန့်နယ်မြေတစ်ခုသာ ဖြစ်လိမ့်မည်။

နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ် ကျင့်ကြံကြသော နတ်ဆိုးများက အခြားသော အဆင့်တူများအတွင်း အင်မတန် အသက်ပြင်းသည်ဟု ဆိုကြသည်။ သူတို့ကို ထာဝရရုပ်ခန္ဓာ ရှိသည်ဟုပင် ပြောနိုင်ပေသည်။

ထို့ကြောင့် အမှန်တကယ် အားကောင်းသော ပုဂ္ဂိုလ်တို့က တိုက်ခိုက်မှုအတွင်း သီးသန့်အစီအရင်များနှင့် ပေါင်းစပ်ကာ အားနည်း‌သော နတ်ဆိုးများကို ချုပ်နှောင်ထားနိုင်ကြသည်။ နတ်ဓားက နဂါးဦးခေါင်းခွံကို ထိုးစိုက်၍ ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ပိတ်လှောင်ထားခဲ့သည်။

သို့သော်လည်း နှစ်တစ်သောင်းကြာပြီးနောက်တွင် ဝိညာဉ်က ပြန်လည် ရှင်သန်လာလေ၏။

အပွင့်လင်းဆုံးပြောရလျှင် ဤနဂါးသည် အတော်လေး နက်နဲပေသည်။

……….....

အချိန်အတော်ကြာပြီးနောက် တောင်ကြားထဲတွင် ချိုမြမြ ဆွဲဆောင်မှုအပြည့်နှင့် အသံလေး ထွက်ပေါ်လာသည်။

“ မဆိုးဘူးပဲ … ဉာဏ်များလိုက်တဲ့ ကောင်လေး … မင်းက ငါလိမ်တာ မခံရဘူးဆိုတော့ သိပ် … ချစ်ဖို့ မကောင်းဘူးပဲ ”

အသံထွက်ပေါ်လာသည်နှင့် ပေတစ်သောင်း မြင့်မားသော နဂါးအရိုးစုကြီးက တောက်ပလာကာ ဝတ်စုံနက် အရပ်ရှည်ရှည် မိန်းမပျိုလေးသဖွယ် ပြောင်းလဲသွားသည်။

ထိုမိန်းမပျိုလေးက ဝတ်စုံအနက်အရှည်ကို ဝတ်ဆင်ထားပြီး ပခုံးလောက် ဆံပင်အရှည်က မျက်နှာတစ်ဝက်လောက်ကို ဖုံးအုပ်ထားသည်။ သူမ၏ သွင်ပြင်က အင်မတန် ထူးခြားကာ လက်ရာမြောက်လှသည်။

သူမ ခေါင်းအထက်တွင် ပန်းရောင် နဂါးဦးချိုနှစ်ခု ရှိနေပြီး ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။

ပို၍ အရေးကြီးသည်က ထိုမိန်းမပျိုသည် အင်မတန် အရိုင်းဆန်တာမျိုး ဒါမှမဟုတ် အရှင်းဆုံးပြောရလျှင် အရမ်းမိမိုက်နေပြီး အရိုင်းဆန်သော စနှိုးဝှိုက်ဟု ပြောသင့်ပေသည်။

ရှန်ထျန်း တွေ့ဖူးသော လူများအနက် ရွှေကြာ ကောင်းကင်အသျှင်တစ်ဦးတည်းကသာ သူမနှင့် ယှဉ်နိုင်ရုံလောက်သာ ဖြစ်၏။

စိတ်အနေအထားက ဝိဇ္ဇာတစ်ပါးကဲ့သို့ ခိုင်မာနေသည့် ရှန်ထျန်းပင် အနည်းငယ် တုန်လှုပ်မိသွားသည်။

ဤဝတ်စုံနက် မိန်းမပျိုလေးက ရှန်ထျန်းအနား ဖြည်းဖြည်းချင်း လျှောက်လာပြီး အသာပြုံးလိုက်လေသည်။

သူမက အသာရယ်မောလိုက်ပြီး ပြောလိုက်သည်  “ လူသားလေး … မင်းက တော်တော်ချောတာပဲ။ ငါနဲ့ စာချုပ် ချုပ်ပြီးတော့ နဂါးသူရဲကောင်း ဖြစ်လာချင်လား ”

ဝတ်စုံနက် အမျိုးသမီးက ရှန်ထျန်းနား တိုးလာကာ ဆွဲဆောင်ဖြာယောင်းဟန်ဖြင့်

“မင်းသာ ခေါင်းညိတ်လိုက်ပြီး ငါ့ကို အောင်အောင်မြင်မြင် လွတ်ပေးနိုင်တာနဲ့ မင်းနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားပေးမယ်လေနော် … နဂါးသူရဲကောင်း ဖြစ်လာရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်နော်”

All Chapters