အဆုံးစွန်သော တိုက်ခိုက်ရေး စွမ်းအား
Vol. 004 Ch. 349
လျှပ်စီးများ ပြည့်နေသော ကမ္ဘာထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ထိပ်သီး အင်အားစုများမှ ပါရမီရှင်များပင်လျှင် တိုက်ပွဲ တစ်ခုတည်းကြောင့် မဟုတ်သော ဖိအားများကို ခံစားနေရသည်။
ရီဖူရှင်းက အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သူ့နောက်မှ ချင်လီနှင့် အဆင့်မြင့် အကာနာ တန်ခိုးရှင်နှစ်ယောက် လိုက်ပါသွားကြသည်။
တောင်ကြားလမ်းကား လွန်စွာ ကြမ်းတမ်းသည်။ ရီဖူရှင်းက နောက်ကို မကြည့်ဘဲ ရှေ့ကို ဆက်သွားနေသည်။ သူ့ရှေ့တွင်ကား လျှပ်စီးကမ္ဘာက ရေခဲကမ္ဘာသို့ ပြောင်းလဲ သွားဟန်ရကာ ရေခဲမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေသည်။ သူက ထိုနေရာသို့ မဝင်ရသေးမီတွင်ပင် အေးစက်မှုကို ခံစားရ၏။
ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များက မြေပြင်ကို ရောက်လျှင် ရေခဲများအဖြစ် ချက်ချင်း ပြောင်းလဲသွားကြကာ ကောင်းကင်တောင်အား ရေခဲတောင် ဖြစ်စေသည်။ ရီဖူရှင်းက ရေခဲပြင်ပေါ်ကို တက်လိုက်သည်နှင့် အရိုးထဲအထိ စိမ့်ဝင်လာသော အအေးဓာတ်ကို ခံစားရသည်။ ထို့အပြင် မကောင်းဆိုးဝါး အငွေ့အသက်များ ကလည်း အအေးဓာတ်နှင့် ရောနှောနေပုံရကာ သူ၏ စိတ်အား လာရောက် လွှမ်းမိုးကြသည်။
မကောင်းသော အငွေ့အသက်များက သူတို့၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာလျှင် ချင်လီနှင့် တခြားတန်ခိုးရှင် နှစ်ယောက်တို့၏ မျက်လုံးများက ပိုမိုနီရဲလာကာ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
သူတို့ရှေ့တွင်ကား ချင်းရွှီဘုရားကျောင်းမှ အဟံနှင့် မှော်ကလန်မှ ဂူကျီချူတို့၏ ပုံရိပ်ကို ရေးရေးမျှ မြင်ရသည်။ သူတို့က မည်သည့် အနှောင့်အယှက်မှ မရှိဘဲ ရှေ့ကို သွားနေကြသည်။ သူတို့တွင် ကောင်းကင် တောင်ထိပ်ပေါ်ကို ရောက်ရန် ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။ တခြားလူများ အားလုံးက ရှေ့ကို ဆက်မသွားနိုင်ကြတော့ရာ လမ်းခုလတ်တွင် ကျန်နေခဲ့ကြပြီး ဖြစ်သည်။
ရုတ်တရက် ရီဖူရှင်းက သူ၏ လမ်းကြောင်းကို ပြောင်းလိုက်ကာ ဘေးဘက်ကို ပြေးသည်။
ချင်လီ၏ ခန္ဓာကိုယ်အား နဂါးချပ်ဝတ်က ဖုံးအုပ်ထားသည်။ ရေခဲပြင်ပေါ်သို့ တက်ကာ သူက ဆက်လိုက်သည်။
သူတို့လေးယောက်က နောက်ဆုံးတွင် လွန်စွာ ကြီးမားသော ကျောက်တုံး တစ်တုံးပေါ်သို့ တက်ရောက်လာကြလျှင် မြေပြန့်နေရာတစ်ခုသို့ ရောက်လာသည်။ မလှမ်းမကမ်းတွင်ကား အငူစွန်းတစ်ခုသာ ကျန်ရှိတော့ကာ ဆက်သွားစရာ နေရာ မရှိတော့ပေ။
ရီဖူရှင်းက နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ အေးစက်သော လေများက တဟူးဟူး တိုက်ခတ်နေကာ သူ၏ အဝတ်အစားများက နှင်းများ ဖုံးလွှမ်းနေသည်။
“အခု မင်းက ဘယ်ကို ပြေးမလဲ….” ချင်လီ၏ မျက်လုံးများက ကြောက်မက်ဖွယ် နီရဲနေသည်။ ခုနက ရီဖူရှင်းက သူ့အား နှင်တံဖြင့် ဒူးထောက်ကျစေရာ သူ့အတွက် လွန်စွာ အရှက်ရစရာ ဖြစ်ခဲ့သည်။ ရီဖူရှင်းအပေါ် သတ်လိုသော သူ၏လူသတ်စိတ်က လွန်စွာ အားကောင်းနေသည်။ ယခုတွင် သူက ရီဖူရှင်းအား သေစေလိုသည်ကိုသာ သိသည်။
“အခု ငါတို့ကို နှောင့်ယှက်မယ့်လူ ဘယ်သူမှ မရှိတော့ဘူး….” ရီဖူရှင်းက နောက်မလှည့်သေးဘဲ ပြောလိုက်သည်။ ချင်လီ၏ မျက်လုံးက အရောင်လက် သွားသည်။ သူက ဘာကို ဆိုလိုသနည်း။
ဘယ်သူမှ သူတို့ကို မနှောင့်ယှက်ဘူးလား…။
မူလကတည်းက ဤနေရာကို ရောက်လာသူများ သိပ်မရှိပေ။ ထို့အပြင် လမ်းခုလတ်တွင် တိုက်ပွဲဖြစ်နေရာ ဤနေရာသို့ နောက်ထပ် ရောက်လာမည့်သူ အမှန်ပင် မရှိပေ။
“ဒီနေရာက မင်းရဲ့ အလောင်းကို မြှုပ်ဖို့နေရာ ကောင်းလို့ မင်းထင်သလား….” ရီဖူရှင်းက နောက်ကို ဖြည်းညင်းစွာ လှည့်ကာ ချင်လီကို စိုက်ကြည့်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးက အနည်းငယ်သော ဂုဏ်ရှိန်ကြီးမားမှုကို တွေ့ရသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်မှ သွေးများက စတင် ဆူပွက်လာသည်။ သူ၏သွေးထဲတွင် နတ်မီးလျှံများက စတင် လောင်ကျွမ်းနေပုံရသည်။ သူ၏ခန္ဓာကိုယ်မှ များစွာသော အလင်းတန်းများ ဖြာထွက်လာ၏။
ဝုန်း….
နိုဘယ်အသိက လေထဲ ထိုးတက်သွားကာ ရွှေရောင်ပင် အနည်းငယ် သန်းနေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ဆင့်ကဲပြောင်းလဲ သွားပုံရသည်။ သူ၏ သွေး၊ ကြွက်သားနှင့် ကံစွမ်းအားများက လွန်စွာ အားကောင်းလာနေသည်။ သူ့အနီးမှ သဘာဝ စွမ်းအင်များက လေပွေအလား ဖြစ်ပေါ်လာကာ ရီဖူရှင်းအနီးတွင် စုစည်း လာနေကြ၏။ ကောင်းကင်မှ နှင်းပွင့်များ သိပ်သည်းစွာ ကျဆင်းလာနေသည်။ သူ့အနီးမှ နှင်းပွင့်များပင်လျှင် ရွှေရောင် အလင်းများ ဖြာထွက်နေပုံ ရသည်။
သူ၏ မျက်လုံးများမှ ရွှေရောင် အလင်းများ ထွက်ပေါ် လာနေသည်ကိုလည်း မြင်ရသည်။ ချင်လီက ရီဖူရှင်း၏ မျက်လုံးကို ကြည့်လျှင် အမှန်တကယ် သိမ်ငယ်မှုကို ခံစားရကာ ရီဖူရှင်းထံ ခစားလိုသော ခံစားချက်ကို ရသည်။
“ဘာဖြစ်နေတာလဲ….” ချင်လီ၏မျက်နှာက အမှန်တကယ် နက်မှောင်သွားသည်။ ရီဖူရှင်း၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်အား ကောင်းလာနေသည်။ ထိုအရာက သူ့ထံတွင် ခစားလိုသော စိတ်ကို အမှန်တကယ် ဖြစ်ပေါ်လာစေသည်။ ဘယ်လောက် အဓိပ္ပာယ် ကင်းမဲ့လိုက်သနည်း။
ချင်လီ ဟူသည် မည်သူနည်း။ သူက ချင်ဘုရင်၏မြေး ဖြစ်သည်။ ချင်ပြည်ထောင် အိမ်ရှေ့စံမင်းသား၏ သားဖြစ်သည်။ အနာဂတ်တွင် သူက ချင်ပြည်ထောင်အား ဆက်ခံမည့်သူ ဖြစ်သည်။ သူက မွေးရာပါ အဆင့်အတန်းမြင့်ကာ ဂုဏ်သိက္ခာ ကြီးမြတ်သူ ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသတွင် သူ့ထက် ဂုဏ်အရှိန်အဝါ ကြီးမားကာ ထိုလူထက် နိမ့်ကျသည် ဟူသော ခံစားချက်ကို ပေးနိုင်သူ မည်သူ ရှိသနည်။ အရှေ့မြေရိုင်း ဒေသကို ရောက်ရှိသည်မှာ နှစ်နှစ်တာ ကာလမျှသာ ရှိသေးသူထံတွင် သူက မည်သို့ သိမ်ငယ်စိတ် ဝင်ရသနည်း။
ချင်လီ တစ်ယောက်တည်းသာ မဟုတ်ပေ။ သူ့ဘေးမှ နှစ်ယောက်မှာလည်း ချင်ဘုရင်၏ သွေးမျိုးဆက်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့က အဆင့်မြင့် အကာနာ တန်ခိုးရှင်များ ဖြစ်ကြသည်။ ကွာဟချက်ကား အလွန့်အလွန် ကြီးမားလွန်းလှသည်။ သို့သော်လည်း လက်ရှိတွင် သူတို့က ရီဖူရှင်းအား ခစားလိုကြသည်။
ရီဖူရှင်းက သူ့ရှေ့မှ လူသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ ဧကရာဇ်အသိက လောင်ကျွမ်းနေကာ သူ၏ခန္ဓာကိုယ်က ထိုစွမ်းအင်အောက်တွင် ဆူပွက်နေပုံရသည်။ သူက လူသားကမ္ဘာသို့ ဆင်းသက်လာသော ဧကရာဇ်တစ်ပါးအလား လွန်စွာ အရှိန်အဝါ ကြီးမားနေသည်။
ဒွန်ဟိုင်မြို့တွင် ဧကရာဇ်အသိ စတင် ဖြစ်ပေါ် လာကတည်းက ယခုတစ်ကြိမ်သာ သူက ဧကရာဇ် အသိအား အဆုံးစွန်အထိ အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ အတိတ်တွင် သူက ဧကရာဇ်အသိအား ရှေးဟောင်း အကြွင်းအကျန် နယ်မြေများအား ထိန်းချုပ်ရန် အသုံးပြုခဲ့ကာ တစ်ခါတစ်ရံ တိုက်ပွဲများတွင် အသုံးချခဲ့သည်။ သို့သော် ဧကရာဇ်အသိ နိုးထလာကတည်းက သူက အဆုံးစွန်အထိ တစ်ခါမှ အသုံးပြုခဲ့ခြင်း မရှိပေ။
တန်ခိုးအဆင့် ကွာဟမှုကို ချုံ့ချရန် ခက်ခဲသည်ကို သူကလည်း သိသည်။ ချင်လီကို သူက ထည့်မတွက်သော်လည်း ချင်လီ၏ဘေးမှ နှစ်ယောက်က အဆင့်မြင့် အကာနာ တန်ခိုးရှင်များ ဖြစ်ကြသည်။ အကာနာ အဆင့်နှင့် ဓမ္မအဆင့်မှာ အဆင့်ငယ် ကိုးဆင့် ခွဲခြားထားသည်။ ရီဖူရှင်းက အဆင့်မြင့် ဓမ္မအဆင့်တွင် ရှိနေသော အချိန်တွင် ထိုနှစ်ယောက်မှာ အဆင့်မြင့် အကာနာ အဆင့်တွင် ရှိနေသည်။ တန်ခိုးရှင်လောကတွင် တန်ခိုးအဆင့် ကွာဟမှုကို မည်သည့်အခါကမှ လျှော့ချ၍ မရပေ။ ထို့ကြောင့် ချင်လီတို့ သုံးယောက်က ရီဖူရှင်းနောက်ကို လိုက်ရာတွင် လွန်စွာ ယုံကြည်မှု ရှိကြသည်။
ထို့ကြောင့်ပင်လျှင် ရီဖူရှင်းက သူ၏ ဧကရာဇ်အသိအား အသက် သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဧကရာဇ်အသိက စတင် လောင်ကျွမ်းလာသည်။ သူက ချင်လီအား လူသတ်လိုသော အကြည့်ဖြင့် ကြည့်သည်။
“မင်းက ဘယ်သူလဲ….” ချင်လီက ထိတ်လန့်မှုကို တည်ငြိမ်အောင် ကြိုးစားကာ ရီဖူရှင်းအား စိုက်ကြည့်သည်။ ရီဖူရှင်းက ဘာစွမ်းရည်ကို ထုတ်သုံး လိုက်သည်ကို သူမသိပေ။ သို့သော် လက်ရှိရီဖူရှင်း၏ အပြောင်းအလဲက သူက ကော့တေး တပည့် တစ်ယောက်သာ မဟုတ်တော့ပေ။ ချင်လီက နန်ဒူနိုင်ငံကို ရောက်ဖူးသည်။ ရီဖူရှင်းက နယ်မြေတစ်ရာမှ ထိုသို့ သေးငယ်သော နိုင်ငံကလာသည်။ သို့သော် ဘာကြောင့် သူက ကြီးမြတ်သော ဧကရာဇ်တစ်ပါးနှင့် ဆင်တူနေရသနည်း။
“မင်းကိုသတ်မယ့်လူ…” ရီဖူရှင်းက သူ၏ လက်ထဲမှ ဓာတ်ငါးမျိုး နှင်တံအား ဆုပ်ကိုင်လိုက်လျှင် သူ၏ခန္ဓာကိုယ်တွင် ဧကရာဇ် ချပ်ဝတ်တန်ဆာ ပေါ်လာသည်။ ထိုအရာက ချင်လီ ဝတ်ဆင်ထားသော နဂါးချပ်ဝတ်ထက်ပင် များစွာ တောက်ပ လင်းလက် ပေသည်။
ရီဖူရှင်း၏ ကု့ချင်းဝိညာဉ်က သူ့နောက်တွင် ပေါ်လာသည်။ ရီဖူရှင်းက ကု့ချင်းဝိညာဉ်အား တီးခတ်နေခြင်း မရှိသော်လည်း ထိုအရာမှ သံစဉ်များ ထွက်ပေါ်လာသည်။ သဘာဝ စွမ်းအင်များက ကု့ချင်းဝိညာဉ် အနီးတွင် စုစည်း လာနေကြသည်။ စိတ်ဝိညာဉ် အသိတစ်ခုက ကု့ချင်းဝိညာဉ်အား လှည့်ပတ်နေသည်။ ရီဖူရှင်းက သူ၏ စိတ်ဖြင့် ထိန်းချုပ်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်အသိက ဓာတ်ငါးမျိုးနှင်တံထဲကို စီးဆင်းသွားလျှင် နှင်တံက မီးလျှံများ တောက်လောင်က ကြီးမားလာသည်။ နှင်တံမှ ဓာတ်ငါးမျိုးကလည်း ရွှေဝါရောင်အဖြစ် ပြောင်းလဲသွားသည်။ ရီဖူရှင်းက သူ၏လက်ကို ဝှေ့ယမ်းလျှင် ကောင်းကင် တစ်ခုလုံးက အရောင်ပြောင်းလဲသည်။
ထိုအခိုက်တွင် ရီဖူရှင်းက ဒွန်ဟိုင်မြို့တွင် ထို ထူးခြားသော ခံစားချက် ပေါ်လာသော အခိုက်အတန့်ကို သတိရမိသည်။ တော်ဝင်နည်းစနစ်အား အဆုံးစွန်အထိ အသက် သွင်းလိုက်ခြင်းက သူ၏ လှုပ်ရှားမှုတိုင်းက ဧကရာဇ်တစ်ပါးအလား ထင်မြင်ရစေသည်။ ကွာခြားသည်ကား ဒွန်ဟိုင်မြို့တုန်းက ဧကရာဇ်အသိက သူ့ကို ဦးဆောင်ပေးသော်လည်း လက်ရှိတွင် သူက ဧကရာဇ်အသိအား ထိန်းချုပ်နေခြင်း ဖြစ်သည်။
ကောင်းကင်မှ ဓာတ်ငါးမျိုးနှင်တံက ဆင်းသက်လာလျှင် မြေပြင်က အက်ကွဲသွားသည်။ ချင်လီ ထိုနေရာတွင်ပင် အေးခဲသွား၏။ သိဒ္ဓိဝင် လက်နက်များဖြင့်ပင်လျှင် သူတို့က ထိုသို့သော စွမ်းအားကို ယှဉ်တိုက်နိုင်စွမ်း မရှိပေ။
ချင်လီ၏ဘေးမှ နှစ်ယောက်က သူတို့၏ စွမ်းအင်များကို အဆုံးအထိ ထုတ်လွှတ် လိုက်ကြသည်။ သူတို့အနီးတွင် နဂါးစွမ်းအင်များ ရုန့်ရမ်းစွာ စီးဆင်းနေကာ နဂါးအော်သံများကို ကြားရသည်။ တစ်ယောက်၏ လက်ထဲတွင် ရွှေနဂါးဓားကို ကိုင်ဆောင်ထားပြီးနောက် တစ်ယောက်က ရေခဲနှင်တံ တစ်လက်အား ကိုင်ဆောင်ထားကြသည်။ ထိုအရာများအားလုံးက နိုဘယ်အဆင့် သိဒ္ဓိဝင်လက်နက်များ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့က တော်ဝင်မိသားစုမှ ပါရမီရှင်များ ဖြစ်ကြသည်။
နဂါးနှစ်ကောင်က ဓာတ်ငါးမျိုး နှင်တံထံသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် နှင်တံအား ရေခဲများ စတင် ဖုံးအုပ်လာသည်။
ဘန်း…
ကြမ်းတမ်းသော ပေါက်ကွဲမှုတစ်ခုကို ကြားရသည်။ မြေပြင်ကိုယ်တိုင်က အက်ကွဲသွားဟန် ရသည်။ နဂါးများက အပိုင်းအပိုင်းအစစ ကွဲထွက်သွားကာ ချင်လီ၏ မျက်နှာကလည်း လွန်စွာ ပျက်ယွင်း သွားသည်။ ရီဖူရှင်းက သူ့အားသတ်ရန် ဤနေရာသို့ တမင် လှည့်စားကာ ခေါ်လာသည်ကို သိလျှင် သူက မြန်ဆန်စွာ နောက်ဆုတ်ရန် ကြိုးစားသည်။ ဤတိုက်ပွဲတွင်သူက ပါဝင်၍ မဖြစ်သည်ကို နားလည်လိုက်ပြီး ဖြစ်သည်။
ဟူး…
ရီဖူရှင်းက ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူက နှင်တံအား ဝှေ့ယမ်းကာ အကာနာအဆင့် တန်ခိုးရှင်နှစ်ယောက်အား ဖြတ်ကျော်သွားသည်။ ချင်လီအား ဤနေရာသို့ ခေါ်ဆောင်ကာ သတ်ရန် အခွင့်အရေး ရပြီးနောက်တွင် သူ့အား မည်သို့ ပြေးရန် အခွင့်အရေး ပေးရမည်နည်း။
ကု့ချင်းဝိညာဉ်မှ ထွက်ပေါ်လာသော သံစဉ်များက အဆင့်မြင့် အကာနာ တန်ခိုးရှင်နှစ်ယောက်၏ နားများထဲသို့ တိုးဝင်လာကြသည်။ ရီဖူရှင်း၏ လက်ထဲမှ နှင်တံက သစ်သားဓာတ် နှင်တံအဖြစ် ပြောင်းလဲသွားကာ နွယ်ပင်အလား ရှည်လျားသွားပြီး ထွက်ပြေးရန် ကြိုးစားသော ချင်လီအား သွားရောက် ရစ်ပတ်သည်။
“ပြန်လာခဲ့….” နှင်တံရှည်ကာ ချင်လီအား ရစ်ပတ်လျက် ပြန်လည် ဆွဲငင်ယူလာသည်။
“ကယ်ပါ….” ချင်လီက အော်ဟစ်သည်။ သူ၏ အသံက ကောင်းကင်တောင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ရီဖူရှင်းထံမှ လူသတ်လိုသော အငွေ့အသက်ကို ခံစားရလျှင် သူက အန္တရာယ် ကျရောက်တော့မည်ကို သိသည်။
“သူ့ကို လွှတ်လိုက်….” တစ်ယောက်က အော်သည်။ ရီဖူရှင်းနောက်မှ တန်ခိုးရှင် တစ်ယောက်က ရှေ့ကို နဂါးတစ်ကောင်အလား တိုးဝင်လာကာ သူ၏ဓားခြင့် ခုတ်သည်။ ထိုအခိုက်တွင် သူ့ထံသို့ နဂါးတစ်ကောင်က ဓားတစ်လက်အလား သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်တော့မည့် ခံစားချက်ကို ရသည်။ ထိုတိုက်ခိုက်မှုက လွန်စွာ အားကောင်းသည်။
ရီဖူရှင်းက ချင်လီအား ပြေး၍ မရအောင် သူ၏နောက်ကို လွှင့်ပစ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ဓာတ်ငါးမျိုးနှင်တံအား ပြန်ရုပ်သိမ်းကာ နောက်ထပ် တစ်ချက်ရိုက်သည်။ သူ၏ တိုက်ခိုက်မှုက ဟန်ချက်ညီစွာဖြင့် သူ့ထံ ရောက်လာသော ရွှေနဂါးအားပေါ်သို့ ကျဆင်းသွားပြီး အပိုင်းပိုင်းအစစ ဖြစ်စေသည်။
နှင်းတောထဲတွင် ဂီတသံစဉ်က ဆက်လက် ထွက်ပေါ်နေသည်။ ထိုအသံများက လွန်စွာ စူးရှကာ စိတ်ကို ရှုပ်ထွေးစေသည်။ ရီဖူရှင်းက သူ၏ဧကရာဇ်အသိကို သုံးလျက် တီးခတ်နေခြင်း ဖြစ်ရာ သံစဉ်က မူလကထက် အဆမတန် အားကောင်းနေသည်။
ရီဖူရှင်းက ဓာတ်ငါးမျိုးနှင်တံအား ဝှေ့ယမ်းကာ ရှေ့ကို ဆက်တိုးသွားသည်။ ကောင်းကင်မှ လေနှင့်တိမ်က အော်သံပေးလျှင် နှင်းပွင့်များက ဓာတ်ငါးမျိုး နှင်တံနှင့်အတူ ကခုန်ကြသည်။ ထို့နောက် ထိုအရာများက သဘာဝ အားအင်များနှင့်အတူ ထိတ်လန့်ဖွယ် လေပွေတစ်ခု ဖြစ်လာ၏။
ရီဖူရှင်းက အားလပ်ချိန်တိုင်း တော်ဝင်လက်သိုင်းအား လေ့ကျင့်လေ့ရှိသည်။ သူက လေ့ကျင့်သည့် အချိန်တိုင်း တော်ဝင်နည်းစနစ်အား အသက်သွင်းသည်။ ထို့ကြောင့် သူ့လှုပ်ရှားဟန်တိုင်းက ဧကရာဇ်တစ်ပါး၏ ဟန်ချက်များဖြင့် ပြည့်နေသည်။ ထို့ကြောင့် ယခုအချိန် သူက တော်ဝင်နည်းစနစ်အား အသက်သွင်းချိန်တွင် သူ့လှုပ်ရှားမှုတိုင်းက ကောင်းကင်ဘုံ ကိုးချက်၏ ရိုက်ချက်တိုင်းနှင့် ဟန်ချက် ညီနေသည်။
သူ၏ နှင်တံက ဆင်းသက်လာလျှင် ကောင်းကင်ကပင်လျှင် အော်ဟစ်ပုံရ၏။ သူ့ရှေ့မှ အကာနာ တန်ခိုးရှင်က ထိုရိုက်ချက်၏ စွမ်းအားကို ခံစားမိလျှင် သူ၏ မျက်နှာက ထိတ်လန့် ကြောက်ရွံ့မှုများ ဖုံးလွှမ်းသွားသည်။ ရီဖူရှင်း၏ စွမ်းအားနှင့် သူ့ဂီတသံစဉ်၏ လွှမ်းမိုးမှုအောက်တွင် သူကား ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါးအလား ခံစားရသည်။ ထိုရိုက်ချက်၏ အင်အားက ထိုတန်ခိုးရှင်အား အမှန်တကယ် ကြောက်ရွံ့စေသည်။
ချင်ပြည်ထောင် တန်ခိုးရှင်၏ဓမ္မက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ပြေးထွက်လာသည်။ သူက ဓားအား ဝှေ့ယမ်းကာ ထိုရိုက်ချက်အား ခုခံရန်ကြိုးစားသည်။
နှင်တံရှည်က ကောင်းကင်အား ဖုံးအုပ်ကာ ဆင်းသက်လာသည်။ ထိုအရာက ရှိရှိသမျှအား ရိုက်ချရာ ကောင်းကင်ပင်လျှင် ပြိုဆင်းလာသည့်အလား ထင်ရသည်။
ဘန်း….
လွန်စွာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဓာတ်ငါးမျိုးနှင်တံက အတားအဆီးများ အားလုံးကို ဖျက်ဆီးကာ ချင်ပြည်ထောင်မှ အဆင့်မြင့် အကာနာ တန်ခိုးရှင်၏ ခန္ဓာကိုယ်သို့ တိုက်ရိုက် ထိတွေ့သည်။ ချင်ပြည်ထောင် တန်ခိုးရှင်၏ ခန္ဓာကိုယ်က မြေပြင်တွင် ပြားကပ်နေပြီ ဖြစ်ကာ သူ၏ခန္ဓာကိုယ်ပင်လျှင် ပုံစံပျက်ယွင်း နေသည်။ သွေးများက ရေခဲပြင်ပေါ်တွင် မြင်မကောင်းအောင် ပြန့်ကျဲနေ၏။
သူ၏ မျက်လုံးများက ပွင့်နေဆဲ ဖြစ်သော်လည်း သူ၏နှလုံးခုန်သံက ရပ်သွားပြီး ဖြစ်သည်။
သူက ချင်ပြည်ထောင်၏ သွေးမျိုးဆက်ဖြစ်သည်။ သူက ပါရမီမြင့်သော အဆင့်မြင့် အကာနာ တန်ခိုးရှင်ဖြစ်ကာ နိုဘယ်အဆင့်ကို ရောက်ရန် သိပ်မလိုတော့ပေ။ သူက နိုဘယ်ဖြစ်သောအခါ ချင်ပြည်ထောင်၏ အဓိက ဒေါက်တိုင်တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ သို့သော်လည်း သူက ကောင်းကင်တောင်တွင် သေဆုံးခဲ့ရသည်။
ထိုမြင်ကွင်းအား ကြည့်ကာ ချင်လီနှင့် နောက်ထပ် ချင်တန်ခိုးရှင် တစ်ယောက်တို့က ကြီးစွာ ထိတ်လန့်မှုဖြစ်၏။ ဂီတသံစဉ်၏ လွှမ်းမိုးမှု အောက်တွင် သူတို့၏ သဘာဝစွမ်းအင်များက ဆောက်တည်ရ ခက်ခဲကာ မှော်တိုက်ကွက်များ ထုတ်သုံးရာတွင် တည်ငြိမ်ခြင်း မရှိတော့ပေ။
မူလက ရီဖူရှင်းက ကောင်းကင် တောင်ပေါ်တွင် သူ၏လက်၌ သေရမည်ဟု ချင်လီက ယုံကြည်ထားခဲ့သည်။ သူကရီဖူရှင်းအား သတ်ရန်မှာ လွန်စွာ လွယ်ကူမည်ဟု ထင်ခဲ့သည်။
သို့သော် လက်ရှိတွင်ကား ရီဖူရှင်းက ဧကရာဇ်တစ်ပါး ဖြစ်ကာ သူက ပုရွက်ဆိတ် တစ်ကောင်ဖြစ်သည်။ သူ့တွင် ပြန်တိုက်ခိုက်ရန်ပင် စွမ်းအား မရှိပေ။
သူ၏ ကြောက်ရွံ့မှုကို မည်သူမှ နားလည်မည် မဟုတ်ပေ။
ရီဖူရှင်း၏ အကြည့်ကို မြင်လျှင် ချင်လီထံတွင် မူလက ရှိနေသော မောက်မာမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ရှိတွင် သူက လွန်စွာ နိမ့်ကျကာ သနားစဖွယ် ကောင်းသည်ဟုသာ ခံစားရသည်။
***