ဒီဓားက သခင်အသစ် လိုချင်နေပြီ
Vol. 11-16 Ch. 205
အခန်း (၂၀၅) : ဒီဓားက သခင်အသစ် လိုချင်နေပြီ
လေးစားခံရတဲ့ နဂါးသူရဲကောင်း ဖြစ်လာရမယ်တဲ့လား …
သို့သော်လည်း ရှန်ထျန်းက ထိုနဂါးမယ်က သူ့အပေါ် လှည့်စားနေသလို ခံစားလာရသည်။ ဤနဂါးမယ်၏ ပုံရိပ်ကို လေ့လာလိုက်ပြီးနောက် သူမအပေါ် ဒါမှမဟုတ် ဤအရိုးစုပေါ် တက်စီးနိုင်လားဟု မေးချင်လာမိ၏။
သို့သော် ဘေးကင်းဖို့ရာအတွက် ရှန်ထျန်းက ထိုနဂါးမယ်ကို လွယ်လွယ်လေး မယုံဖို့ ဆုံးဖြတ်လိုက်သည်။
သူက ဝတ်ရုံနက် နဂါးမယ်လေးအား သတိထားကာ ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်
“ ကျွန်တော်ကြားတာတော့ နဂါးမျိုးနွယ်က ကမ္ဘာမှာ အားအကောင်းဆုံးနဲ့ မာနအကြီးဆုံး မျိုးနွယ်ဆို … ခင်ဗျားက ကျွန်တော်ကို ဒီလိုကမ်းလှမ်းမှုမျိုး လုပ်တယ်ဆိုတော့ ယုံဖို့တော့ အခက်သား။
တကယ်လို့ ကျွန်တော်က ဒီနတ်ဓားရဲ့ အသိအမှတ်ပြုမှုကို ကံကောင်းလို့ ရပြီး ခင်ဗျားကို လွတ်ပေးနိုင်ခဲ့ရင်ရော ခင်ဗျားက စကားပြန်ရုတ်သိမ်းပြီး ကျွန်တော်ကို သတ်ပစ်မှာပဲမလား ”
ဝတ်ရုံနက် နဂါးမယ်က သရော်ရယ်ကာ
“ ငါက အောင်းပင်း ... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက မြောက်ပင်လယ်ထဲက နဂါးနက်ကျွန်းရဲ့မင်းသမီးတစ်ပါး … မြောက်ပင်လယ်ရဲ့ နဂါးနက်တွေက အမြဲတမ်း ကတိတည်တယ်။ မဟုတ်ရင် ကျန်ရှိနေတဲ့ တစ်ဘဝလုံး ဆိုးဆိုးရွားရွား အကျိုးဆက်ကို ခံစားရလိမ့်မယ်။ တကယ်လို့ မင်း ငါ့ကို လွတ်မြောက်ဖို့ ကူညီပေးမယ်ဆိုရင် မင်းနဲ့ နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုပြီးတော့ နဂါးနတ်ဘုရားရဲ့ စွမ်းအားကို ပေးမယ် …
လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုပြီး အားကောင်းတဲ့သူ ဖြစ်လာတဲ့ လူသားအရေအတွက်က လက်တစ်ဖက်နဲ့တောင် ရေတွက်လို့ ရတယ်ဆိုတာ သိသင့်တယ်။”
ရှန်ထျန်းက နဂါးမယ် အောင်းပင်းအား သံသယဖြင့် ကြည့်လိုက်ပြီးနောက် “ တကယ်လို့ ကျွန်တော်ကို ခင်ဗျားကို ကယ်ပေးရင် နဂါးနတ်ဘုရား စာချုပ် ချုပ်ဆိုနိုင်တယ်ပေါ့ ”
အရိုးသားဆုံးပြောရလျှင် သူမအသက်ကို ကယ်ပေးရုံဖြင့် နဂါးနတ်ဘုရား စာချုပ် ချုပ်ဆိုနိုင်နေလျှင် ဒဏ္ဍာရီလာ နဂါးသူရဲကောင်းများ လက်တစ်ဖက်အရေအတွက်သာ ရှိနေဖို့ အကြောင်း မရှိတော့ချေ။
နဂါးမယ် အောင်းပင်းက ရှန်ထျန်းအား ခြုံငုံကြည့်ကာ အပြုံးလေးဖြင့် “ ဘယ်ဟုတ်ပါ့မလဲ ”
“ မြောက်ပင်လယ်က နဂါးနက်ကျွန်းမှာ ရတနာအများကြီးရှိတယ်။ တကယ်လို့ မင်းသာ နဂါးနက်မျိုးနွယ်ကို ကယ်ခဲ့ရင် သူတို့က အဲဒီရတနာတွေကို ပေးကြမှာ အသေအချာပဲ။ ဒါပေမဲ့ ချောမောတဲ့ ရုပ်ရည်၊ ပါရမီကောင်းပြီး အကျင့်စာရိတ္တကောင်းတဲ့ လူသားတွေသာ ငါတို့မျိုးနွယ်ကို ကယ်ပြီး အသိအမှတ်ပြုမှု ရယူနိုင်မှာ … အဲဒီကံစပ်တဲ့ လူသားတွေကပဲ နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုဖို့ အရည်အချင်း ပြည့်မှီတာ
မင်းက အခြေတည်အဆင့် ကျင့်ကြံသူဆိုပေမဲ့ နဂါးဖိအားကို တောင့်ခံပြီး ဒီနဂါးဦးခေါင်းခွံအထိ တက်နိုင်ခဲ့တယ်။ မင်းဆီမှာ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေ ရှိနေတာ သိသာတယ်။
ပြီးတော့ မင်းဆီမှာ နောက်လိုက်အများကြီး ရှိနေတာဆိုတော့ အကျင့်စာရိတ္တကလည်း ပြောစရာ မလိုတော့ဘူး။ အဲကြောင့် နောက်ဆုံးရလဒ်အနေနဲ့ မင်းကို နဂါးသူရဲကောင်း ဖြစ်လာပြီး ဂုဏ်ကျက်သရေ ရရှိဖို့ နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုခွင့်ပေးမယ်။
တကယ်လို့ အခြားပါရမီ မရှိတဲ့ ရုပ်ဆိုးဆိုးလူတွေဆိုရင်တော့ စာချုပ်ချုပ်ဆိုခွင့် လုံးဝ လုံးဝ မရှိဘူး ”
နဂါးမယ် အောင်းပင်းကို ကြည့်ကာ ရှန်ထျန်းက သူမအနေနှင့် အရေးကြီးသောအချက်တချို့ကို တမင်တကာ ချန်ထားသလို ခံစားနေရသည်။
ငါက ပါရမီပါပြီးတော့ အကျင့်စာရိတ္တကောင်းတော့ အခွင့်အရေးပေးတာတဲ့လား … ကျွန်တော်က ရုပ်ချောပြီး လူအများကြား ထင်းထွက်နေလို့ မဟုတ်ဘူးဆိုတာ သေချာရဲ့လား …
ကျွန်တော်ကို ကာမတဏှာစိတ်ကြောင့် စာချုပ်ချုပ်တာလား ….
ဘယ်လိုဖြစ်ဖြစ် ပြီးပြည့်စုံသော အကြောင်းအရင်းတစ်ခု ဖြစ်နေဆဲသာ …
မိန်းမလှလေးတွေက ဘေးဒုက္ခကနေ ကယ်တင်ခံရပြီးသွားရင် ဒီလိုပဲ ပြုမူတတ်ကြတာလား …
အကယ်၍ သူတို့ကယ်တင်ရှင်က ချောမောခန့်ညားနေလျှင် လက်ထပ်ဖို့ တောင်းဆိုကြမည် ဖြစ်ပြီး ရုပ်ဆိုးနေပါက အစေခံဖြစ်ဖို့သာ မျှော်လင့်နိုင်ပေမည်။
ဤသည်မှာ ရှေးခေတ်ဖြစ်စေ၊ ခေတ်သစ်ဖြစ်စေ၊ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ အရာအားလုံးအတွက် အမှန်တရားတစ်ခု ဖြစ်၏။
ရှန်ထျန်းက ထိုအအတွေးဖြင့် စိတ်အေးသွားကာ
“ အရင်ဆုံး ကတိကဝတ်ပြုလို့ ရမလား။ ကျွန်တော်က ခင်ဗျားကို ကယ်တယ်နိုင်သည် ဖြစ်စေ၊ မကယ်နိုင်ဘူး ဖြစ်စေ ကျွန်တော်နဲ့ ကျွန်တော်အပေါင်းအပါတွေအပေါ် ဒေါသပုံမချရဘူး ”
နဂါးမယ်က နဂါးအရိုးစုနား စုရုံးနေကြသော လူအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီးနောက် “ စိတ်မပူစမ်းပါနဲ့ … ဒီလိုသနားစရာကောင်းတဲ့ လူသားတွေကို ခက်ခက်ခဲခဲ ဖြစ်အောင် လုပ်ရတာ စိတ်မဝင်စားဘူး ”
ရှန်ထျန်းက ထပ်မေးလိုက်သည် “ ကျိန်ဆိုနိုင်မလား ”
နဂါးမယ်က “ ကျိန်ဆိုတယ် … အခု ရပြီလား ”
ရှန်ထျန်းက လေးလေးနက်နက် ပြောလိုက်သည် “ ကျွန်တော့်နောက်ကနေ လိုက်ဆိုပေးပါ … တကယ်လို့ ကျွန်တော်က ဓားကို မယူနိုင်ဘဲ ခင်ဗျားကို မကယ်တင်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့အပေါ် ဘာမှမလုပ်ပါဘူး ”
နဂါးမယ်လေးက ဒေါသထွက်လာကာ “ နဂါးနက်မျိုးနွယ် မင်းသမီး တစ်ပါးရဲ့ ဂုဏ်သိက္ခာကို သံသယဝင်နေတာလား။ မင်းသာ ရုပ်မချောနေရင် မင်းကို သတ်ပြီးလောက်ပြီ ”
ရှန်ထျန်းက အနည်းငယ် တုန်ယင်သွားသည်။ သူက စည်းကျော်သွားသလို ခံစားလိုက်ရ၏။
သူက ဒေါသကြီးတတ်သည့် ကျားဖြူ ကျန်းယွင်ရှီးကို ကိုင်တွယ်ဖြေရှင်းပြီးခါစသာ ရှိသေးပြီး ယခုအခါ နဂါးမယ်လေးကို ရန်စမိနေပြန်ပြီ ….
သို့သော်လည်း သူမသာ မကျိန်ဆိုပါက သူ့အနေနှင့် ဤနဂါးမယ်အား လွှတ်မပေးရဲချေ။ ထိုသူမှာ သူတော်စင်နယ်ပယ်အဆင့် ဖြစ်၍ အိုနာကျိုးကန်း ဝိညာဉ်တစ်ခုနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေနှင့် အခွင့်အရေး ရလာမည် မဟုတ်ပေ။
ရှန်ထျန်းက လက်လျော့ဟန်ဖြင့် “ တကယ်လို့ ခင်ဗျား ဆက်ငြင်းနေမယ်ဆိုရင် … ”
သူ့စကားမဆုံးခင် နဂါးမယ်အောင်းပင်းက မကြည်မလင်ဖြင့် ဖြတ်ပြောလိုက်သည်။
အောင်းပင်းက ရှန်ထျန်းကို စိုက်ကြည့်ရင်း ကျိန်ဆိုလိုက်လေသည် “ နဂါးနတ်ဘုရား၏ အမည်နာမဖြင့် ဒီကောင်စုတ်လေးက ကျွန်မကို မကယ်နိုင်ခဲ့ရင်လည်း သူနဲ့ သူ့မိတ်ဆွေအပေါ် ဒေါသပုံမချပါဘူး ”
ရှန်ထျန်းက သက်ပြင်းချလိုက်ပြီး “ မဟုတ်ရင် … ”
အောင်းပင်းက ဒေါသပေါက်ထွက်တော့မည့်အတိုင်း ဆက်ပြောလိုက်သည် “ မဟုတ်ရင် ကျွန်မ အကျပ်အတည်းကြားကနေ ဘယ်သောအခါမှ မလွတ်မြောက်ပါစေသား … အခုရပြီလား ”
ရှန်ထျန်းက ပြုံးကာ “ ကျွန်တော် ဒါလေးပဲ တောင်းဆိုတာပါ ”
ရှန်ထျန်းက စိတ်အေးလက်အေးဖြင့် ဧရာမဓားကြီးဆီ သွားကာ ထိကြည့်လိုက်သည်။
“ ဓားကို ဘယ်လိုဖယ်ရမှာလဲ … သွေးစက်ချလိုက်ရုံပဲလား ”
အောင်းပင်းက ခေါင်းညိတ်ကာ
“ အင်း … ဒီဓားက ထာဝရလက်နက်ဆိုတော့ သူ့အသိစိတ် ဖွဲ့စည်းပြီးပြီ။ ဒီနေရာမှာ ငါနဲ့အတူတူ ရှိနေတာ ကြာလှပြီ။ သူ့သခင်လည်း သေဆုံးသွားပြီဆိုတော့ ဒီဓားက သခင်အသစ်လိုချင်နေတာ ငါ ခံစားမိတယ်။ မင်းဆီမှာ ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ရှိတယ်ဆိုပေမဲ့ မင်းကျင့်ကြံဆင့်က နိမ့်ကျနေသေးတယ် …
တကယ်လို့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းကဆိုရင် ဓားရဲ့ သခင် အသိအမှတ်ပြုမှုကို ဘယ်လိုမှ ခံယူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်း သွေးစက်သာချလိုက်ရင် သူက ချက်ချင်း အသိအမှတ်ပြုလိမ့်မယ် ”
ရှန်ထျန်းက တွေးတောနေမိသည်။
ခင်ဗျား လိုချင်တာနဲ့ ရနိုင်တာ တလွဲစီ ဖြစ်နေရင်ရော
အကယ်၍ ဤနတ်ဓားကို လိုချင်တပ်မက်ဖို့ စွမ်းရည်ကောင်းများစွာ ရှိနေလျှင် သူ့အနေနှင့် ပိုင်ရှင်ကို ဂျီးများနိုင်ပေသည်။ သို့သော်လည်း အံ့ဩဖို့ကောင်းသည့် လူကို မဆွဲဆောင်နိုင်လျှင် ပို၍ သင့်တော်သည့်လူကိုသာ ရွေးချယ်ရုံမှအပ မရှိပေ။
ဓားများလည်း သူတို့လိုအပ်ချက်များ ရှိသေးသည် မဟုတ်ပါလော။ သူတို့ကို ကိုင်တွယ် ပွတ်သပ် တိုက်ချွတ်ကာ အခြေအနေကောင်းတွင် ထိန်းထားနိုင်ဖို့ အရေးကြီးသေးသည်။ သူတို့က တိုက်ပွဲ၏ စိတ်လှုပ်ရှားမှုနှင့် သွေးဆာမှုတို့ကို လိုချင်တပ်မက်ကြသည်။
…………....
ရှန်ထျန်းက ယုံကြည်ချက်အပြည့်အဝဖြင့် လက်ညိုးကို ထိုးဖောက်လိုက်သည်။ ရွှေရောင်ဖျော့ဖျော့ သွေးစက်လေး ထွက်ပေါ်လာလေ၏။ ထိုသည်မှာ နတ်မိုးကြိုး ဖွဲ့စည်းပုံနှင့် လူတစ်ယောက်၏ ရွှေရောင်သွေး ဖြစ်ပေသည်။
ထိုအရာမှ ဧရာမဓားကြီးပေါ် ကျရောက်သွားပြီး စုပ်ယူခံလိုက်ရသည့်အခါ ဝိညာဉ်သံဇဉ်လေး ထွက်ပေါ်လာသေး၏။ သို့သော်လည်း နတ်ဓားက ရှန်ထျန်း၏ သွေးကို စုပ်ယူပြီးနောက် သခင်အဖြစ် အသိအမှတ်မပြုခဲ့ပေ။
ဓားမှ နည်းနည်းတောက်ပလာပြီး နဂိုအခြေအနေသို့ ပြန်ပြောင်းသွားလေသည်။
ရှန်ထျန်းက နည်းနည်းကြောင်အမ်းသွားကာ “ သူက ကျွန်တော်ကို သခင်အဖြစ် အသိအမှတ်မပြုဘူးပဲ ”
အောင်းပင်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားကာ
“ ဒီဓားစုတ်ကတော့ ဒီလောက်ဇီဇာကြောင်နေတုန်းပဲ … ငါနဲ့အတူတူ ဒီနေရာမှာ ပျက်စီးသွားချင်တာလား။ ကောင်လေး နောက်ထပ် သွေးထပ်ချလိုက်။ ဒီဓားစုတ် ဆက်တင်းခံနေလိမ့်မယ်လို့ မထင်ဘူး။ ဒီလိုလူသူကင်းမဲ့တဲ့နေရာမျိုးမှာ မင်းလိုမျိုး သခင်ကို လွတ်သွားရင် နောက်ထပ် နှစ်တစ်သောင်းလောက် ထပ်စောင့်ရလိမ့်မယ်။ ဒီဓားစုတ်ရဲ့ အသိစိတ်က အပြည့်အဝ ပုံမပေါ်သေးဘူး။ ထပ်စမ်းကြည့် ”
သွေးစက်ထပ်ချရမှာလား …ထပ်စမ်းကြည့်ရဦးမှာလား …
အရင်အားနည်းဖူးသည့် ခံစားချက်ကို တစ်ဖန်ပြန်ခံစားမိလာကာ ရှန်ထျန်းက ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ဤနဂါးမယ်က သူ့သွေးက သူ့အတွက် ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ မသိသေးဘူးကိုး …
သူက အေးဆေးပြောလိုက်သည်
“ ကျွန်တော်တို့ သဘောတူပြီးပြီလေ။ ကျွန်တော်က သွေးတစ်စက်ပေးပြီးတော့ အသိအမှတ်ပြုမှု ရလား စမ်းကြည့်ဖို့လေ။ အခု ကျွန်တော် သွေးတစ်စက် ပေးပြီးပြီဆိုပေမဲ့ ဓားက အသိအမှတ်မပြုဘူးဆိုတော့ ကျွန်တော်လည်း မဖြေရှင်းတတ်တော့ဘူး။
ဒီလိုဆိုရင်ရော … ကျွန်တော် ဒီကနေ ထွက်သွားရင် ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်ကို ရှာပြီး ခင်ဗျားကို လာကယ်ခိုင်းလိုက်မယ်လေ ”
ရှန်ထျန်းက နဂါးအရိုးစုပေါ်မှ ခုန်ချလိုက်သည်။ သူက နောင်တမရှိဘဲ ထွက်သွားဖို့ အသင့်ဖြစ်နေလေပြီ။
အောင်းပင်းက သူတို့အား ပြဿနာမရှာဖို့ရာ ကျိန်ဆိုထားသောကြောင့် ဤအခွင့်အရေးကို အသုံးချကာ မြန်မြန် ထွက်သွားရမည်။ မဟုတ်ပါက အချိန်ကြာလာပြီး သူမ၏ ကတိကဝတ်၌ ဟာကွက်ရှိတွေ့သွားခဲ့လျှင် သူတို့ ဒုက္ခရောက်သွားနိုင်သည်။
……….....
ကွေ့ကုန်းကုန်းနှင့် ကျန်လူများလည်း ရှန်ထျန်းအနား စုရုံးလာကြသည်။
“ အစ်ကိုရှန် အဲဒီအမျိုးသမီးက ဘယ်သူကြီးလဲ ”
ချင်ယွင်တိက မျက်လုံးကို ထပ်မှေးလိုက်သည်။ သူ့နောက်ရှိ ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်ပေါင်းများစွာက နဂါးအရိုးစုကို ချိန်ရွယ်ထားပြီး အချိန်မရွေး ပစ်ခတ်ဖို့ အဆင့်သင့်ဖြစ်နေလေပြီ။
ရှန်ထျန်းက ခေါင်းခါကာ “ ဒါက အထွတ်အမြတ်နဂါးရဲ့ ဝိညာဉ်အကြွင်းအကျန်ပါ … အခု ထွက်သွားကြစို့”
ထို့နောက် ရှန်ထျန်းက ပြန်လှည့်မကြည့်ဘဲ တောင်ကြားမှ ထွက်သွားဖို့ ပြင်လိုက်သည်။ ထိုအခိုက်အတန့်လေး၌ နဂါးဦးခေါင်းခွံရှိ နတ်ဓားက ရုတ်ချည်း လှုပ်ခါလာလေသည်။
ထိုဓားသွားမှ အလင်းတန်းမြောက်များစွာ ထုတ်လွှင့်နေပြီး တောင်ကြားတစ်ခုလုံးမှာ လင်းလက်တောက်ပသွားလေသည်။
ချွင်
ကြည်လင်ပြတ်သားသော အသံတစ်သံက ပဲ့တင်ထွက်လာသည်။
ပတ်ဝန်းကျင်ရှိ အရိုးစုများစွာက ဓားအရှိန်အဝါကြောင့် မင်သက်ကုန်သွားကြသည်။ သူတို့အားလုံးက တုန်တုန်ယင်ယင်ဖြင့် မြေကြီးပေါ် ကျောက်ရုပ်နီးပါး ဖြစ်ကုန်ကြသည်။
ဓားဆီမှ အလင်းတန်း တစ်ခုက ရှန်ထျန်းဆီ ပြေးဝင်လာသည်။ သူတို့က ပုံသဏ္ဌာန်ပေါ်လာသည့်အလား ရှန်ထျန်း ရှေ့မှောက်တွင် လှေကားသဖွယ် ပေါင်းစပ်သွားလေသည်။
ထိုလှေကားကို ဓားအလင်းဖြင့် သီးသန့်ဖန်တီးထုဆစ်ထားလေ၏။ အလင်းတန်းတစ်ခုချင်းစီက လှေကားတစ်ထစ်စီ ဖြစ်ပေါ်နေပြီး ရှန်ထျန်းအား ဧရာမဓားကြီးဆီ ဦးဆောင်ခေါ်နေသည်။
ဤထူးထူးဆန်းဆန်း မြင်ကွင်းကြောင့် ရှန်ထျန်းဘေးရှိ အားလုံးမှာ ကြောင်အမ်းအံ့ဩကုန်ကြသည်။
ဒီရှေးဟောင်းနတ်ဓားက ရှန်ထျန်းကို ကြိုဆိုဖို့အတွက် အရင်စကမ်းလှမ်းခဲ့တာလား …
သူက ဓားအငွေ့အသက်နဲ့တောင် လိုလိုလားလား လှေကားဖွဲ့ပြီးတော့ ရှန်ထျန်း တက်နင်းပြီး သူ့ကို ထိန်းချုပ်စေချင်တယ်ပေါ့လေ … အစ်ကိုရှန်က ဓားကို ငြင်းပယ်ပြီးတော့ ထွက်သွားဖို့ လုပ်ခဲ့တာလား
တကယ်ကို သူက သူတော်စင်အစ်ကိုကြီးပဲ … သူက လွှမ်းမိုးနိုင်လွန်းတယ် …
ကွေ့ကုန်းကုန်းက ကျေနပ်စွာဖြင့် “ ဒီလိုထူးခြားတဲ့ နတ်လက်နက်ကတောင် အရှင့်သားဆီ ခစားဖို့ တောင်းဆိုနေတာပဲ ”
ချင်ကောင်း၏ မျက်နှာအထက်၌ လေးစားမှုအပြည့် ဖြစ်နေသည် “ ကိုယ်လုပ်တော်လန်သာ မြင်လိုက်ရရင် အရမ်းပျော်သွားမှာ ”
ချင်ယွင်တိက မျက်လုံးမှေးမှေးဖြင့် “ ဒီဓားရဲ့စွမ်းအားက ပြိုင်ဖက်ကင်းတယ်ဆိုတော့ အစ်ကိုရှန်အတွက် လိုက်ဖက်ညီတယ်”
ဆိုင်ရှင်စုန့်ကလည်း ဝင်ပြောလိုက်သည် “ ဒီဓားက ဆရာနတ်မင်းရဲ့ အဆင့်အတန်းအတွက် သိပ်မကောင်းသေးပေမဲ့လည်း လေးလေးနက်နက် သဘောထားကို ပြသနေမှတော့ လက်ခံလိုက်သင့်ပါတယ်လေ ”
…………...
ရှန်ထျန်းက သူ့အပေါင်းအပါများ၏ စကားများကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှ တွေးလိုက်မိသည်။
ဘာတုန်း … ငါက ဓားကို ငြင်းခဲ့တာလား … သူက ငါ့ကို လက်မခံခဲ့တာ အသိသာကြီးလေ
အခု ငါထွက်သွားတော့မှ ဓားက သူ့သခင်အဖြစ် အသိအမှတ်ပြုချင်လို့ လာတောင်းပန်နေတာလား … ဟားဟား ဆုတောင်းလေ … ငါက မင်းကို လိုချင်သေးတယ် ထင်လို့လား …
ငါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ကွ … ငါ့ဂုဏ်သိက္ခာကို ထိန်းရဦးမယ်
နဂါးဦးခေါင်းခွံအထက်တွင် နဂါးမယ်အောင်းပင်းက မချေမငံ ပြောလိုက်သည် “ ခေါင်းမာတဲ့ဓားစုတ် … အခုတော့ နောင်တရနေပြီမလား။ မင်းရဲ့ အသိစိတ်က အပြည့်အဝ ဖြစ်မလာသေးဘဲနဲ့ မင်းရဲ့သခင် ရင်ဘတ်ပြားမလိုမျိုး ဂျီးများနေသေးတယ်။ အငြင်းခံရတာ နည်းတောင်နည်းသေးတယ် ”
အောင်းပင်း၏ စကားများက ဓားကို ရန်စလိုက်နိုင်ပုံပေါ်၏။
ဓားက မကြုံမစဖူးအလင်းတန်းများ ထုတ်လွှင့်ကာ ကျန်ရှိနေသော ဓားနှလုံးသား သစ်ပင်ရှစ်ပင်ကိုလည်း အမှုန့်ဖြစ်သွားစေသည်။ ထို့နောက် စွမ်းအားပုံစံတစ်ခု ဖြစ်တည်လာလေ၏။
ဓားသွားအချွန်လိုမျိုး ထိုစွမ်းအားက ရှန်ထျန်းခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
ရှန်ထျန်းက ထိုဓား ဒေါသပုန်ထကာ သူ့အား သတ်ချင်နေသည်ဟု တွေးလိုက်မိသည်။ သို့သော် ထိုစွမ်းအားက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီးနောက် သူ့မီးစာကျမ်းမှာ ပို၍ တက်ကြွလာလေသည်။ သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုအရာက စွမ်းအားကို အသည်းအသန်ဝါးမျိုလိုက်ပြီးနောက် သန့်စင်ကာ သူ့ခန္ဓာကိုယ်၊ စွမ်းအင်ဗဟိုချက်နှင့် စိတ်တို့ဖြင့် ပေါင်းစပ်ပေးနေသည်။
ထိုစဉ် ရှန်ထျန်းက သိချင်စိတ်တစ်ခု ကြီးစိုးလာလေ၏။
ဓားအပေါ် သူ့နားလည်နိုင်စွမ်းမှာ သိသိသာသာ တိုးမြင့်သွားကြောင်း ခံစားလိုက်ရသည်။ အသားတစ်လက်မချင်းစီမှ ဓားအငွေ့အသက်နှင့် ဓားအလင်းရောင်တို့ ထုတ်လွှင့်နေသည်။
ထိုစဉ် ရှန်ထျန်းက ဓားက သူ ဖြစ်သွားသလို သူက ဓားဖြစ်သွားသလို ခံစားမိသွားသည်။ သူက ဓားထာဝရအရှင်တစ်ပါးလိုမျိုး လူနှင့်ဓားက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေသည်။
သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဓားအငွေ့အသက်တို့ ထွက်ပေါ်နေပြီး မီတာသောင်းချီ ရှည်လျားသည့် ဓားသွားကို ဖန်တီးနေသောကြောင့် အားလုံးပင် နောက်ဆုတ်လိုက်ကြရသည်။
ထိုပုံရိပ်တံလျှပ်ထဲ၌ နဂါးစစ်စစ်များပင် ခေါင်းဖြတ်ခံရပြီး သွေးစွန်းထင်းနေသော နတ်ဆိုးများ၊ နတ်ဘုရားများ၊ ဗုဒ္ဓအရှင် မျက်နှာတော်မှ မျက်ရည်စီးကျနေသည့် ပုံရိပ်တို့နှင့် တခြားသော အလန့်တကြားပုံရိပ်များကို မြင်တွေ့နိုင်သည်။
ရှန်အောင်းက သူ့ညီတော်အား အဝေးတစ်နေရာမှ ကြည့်နေမိသည်။ သူ့ဆရာက ဤသို့ထူးထူးဆန်းဆန်း ဖြစ်ရပ်မျိုးအကြောင်း ပြောပြခဲ့ဖူးသည်။ ဤသည်မှာ ဤကမ္ဘာနှင့် လုံးဝမသက်ဆိုင်ချေ။ နတ်ဓားဖွဲ့စည်းပုံ သို့မဟုတ် ဓားတာအိုအပေါ် အမြင့်ဆုံးနားလည်နိုင်စွမ်း ရရှိပြီးသွားသည့် လူတစ်ယောက်သာ ထိုသို့ပုံရိပ်တံလျှပ်မျိုး ဖန်တီးနိုင်လေ၏။
ရှေးခေတ်အခါက ဤသို့အဖြစ်အပျက်မျိုး ပေါ်လာသည့်အခါတိုင်း ပြိုင်ဖက်ကင်း ဓားထာဝရအရှင်တစ်ယောက် ထွက်ပေါ်လာတော့မည်ဟု ဆိုကြသည်။
ထိုက်ပိုင်ချိုင့်ဝှမ်း၌ ဤသို့အဆင့်မျိုး ရရှိဖို့ ကြိုးစားရင်း ကျရှုံးသွားကြကာ တစ်ဘဝလုံး ရုန်းကန်နေရသည့် ပါရမီရှင်လူငယ် မည်မျှ ရှိနေပြီနည်း။ သို့သော် ရှန်ထျန်းက တောင်ကြားထဲ ရောက်လာရုံမျှဖြင့် နတ်ဓား၏ နွေးထွေးစီးကြိုခြင်းကို ခံလိုက်ရသည်။ ရှန်ထျန်းအတွက် ဓားငွေ့အသက်ဖြင့် ဓားနှလုံးသားသစ်ပင်ကို ပျိုးထောင်ကာ နတ်ဓားဖွဲ့စည်းပုံကို ရဖို့ ကူညီပေးခဲ့သည်။
အရိုးသားဆုံးပြောရလျှင် ရှန်အောင်းအတွက် နောက်ထပ် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်၏။
သူနဲ့ ရှန်ထျန်းကြားမှာ ဘာတွေများ ကွာခြားနေသနည်း။
ကျင့်ကြံရေးလောကကြီးက ရက်စက်လိုက်တာ …
…………....
နဂါးဦးခေါင်းခွံအထက်တွင် နဂါးမယ်အောင်းပင်း၏ မျက်နှာအထက်၌ လှောင်ပြောင်သည့် အပြုံးမျိုး ချိတ်ဆွဲထားသည်။
သို့သော် ရှန်ထျန်းက ဓားအငွေ့အသက် ထုတ်လွှင့်ကာ သူ့အနောက်ဘက်၌ အဆန်းတကြယ်ပုံရိပ်မျိုး ဖွဲ့စည်းနိုင်လိုက်သည့်အခါ သူမအပြုံးတို့ကား အေးခဲသွားလေ၏။
“ ဒီကောင်လေးက ဘယ်သူတုန်း … ဒဏ္ဍာရီလာ နတ်ဓားဖွဲ့စည်းပုံကို အလွယ်လေး ရသွားတယ်ပေါ့။ အတိတ်တုန်းက ဓားတာအို ဝါသနာအိုးလူအိုကြီးတွေသာ ဒီကလေးကို တွေ့သွားရင် အားကျလွန်းလို့ သေသွားနိုင်တယ်။ ဒီကောင်လေးက ဘယ်သူများလဲ … သူက ရုပ်ချောချောလေး ရှိရုံတင်မကဘူး။”
ထိုအတွေးဖြင့် အောင်းပင်း မျက်နှာအထက်မှ အပြုံးတို့က ဘဝင်ခိုက်သွားဟန် ပြောင်းလဲသွားသည်။
“ ကောင်းတယ် … ဒီလိုဆိုရင် ငါ့လူတွေလည်း သူနဲ့ ငါ့စာချုပ်ကို ငြင်းနိုင်မှာ မဟုတ်တော့ဘူး။ မဟုတ်သေးပါဘူး … နှစ်တွေဒီလောက်တောင် ကြာသွားပြီဆိုတော့ နဂါးနက်က လူအိုကြီးတွေလည်း အကုန်သေကုန်လောက်ပြီ။ ငါသာ ထွက်သွားနိုင်ခဲ့ရင် နဂါးနက်ကျွန်းကို ငါ အုပ်စိုးရလောက်တယ် … ဟားဟား ဒီနှစ်တစ်သောင်းက အလကားတော့ မဖြစ်ခဲ့ဘူးပဲ ”
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအားကို အပြည့်အဝ စုပ်ယူပြီးသွားကြောင်း ခံစားလိုက်ရသည်။
သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းမှ ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ရှေ့ရှိ မြေကြီးအား အပေါက်ဖြစ်သွားစေသည်။
အမလေး … ကြောက်စရာကြီး
ထိုစဉ် ရှန်ထျန်းက ကိုးဆင့်မြောက် ချီသန့်စင်ရေးအဆင့်ရှိ သူတိုင်းကို အကြည့်နှင့်ပင် သတ်နိုင်ကြောင်း ယုံကြည်ချက်အပြည့်အဝ ရှိသွားသည်။
အကယ်၍ သူသာ မျက်လုံးပြုတ်ထွက်လာမည်ကို မစိုးရိမ်ရလျှင် အခြေတည်အဆင့် ကျင့်ကြံသူကိုပါ သေသည့်အထိ စိုက်ကြည့်ပစ်မိလိမ့်မည်။
ပို၍ အရေးကြီးသည်က ရှန်ထျန်းက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ အားပြင်းသည့် ဓားစွမ်းအားများ လှုံ့ဆော်နိုင်သလို ခံစားနေရသည်။
တကယ်လို့ မင်းသာ အားကောင်းတဲ့သူနဲ့ နည်းလမ်းပေါင်းစုံသုံး တိုက်ခိုက်နေရမယ်ဆိုရင် သူက လေပြင်းပြင်းရှုလိုက်တဲ့အချိန် ခံတွင်းနံ့ဆိုးနေတာမျိုးမဟုတ်ဘဲနဲ့ အားပြင်းပြင်း ဓားစွမ်းအားထွက်လာခဲ့ရင် အလန့်တကြား ဖြစ်မသွားလောက်ဘူးလား …
နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေပြီး တစ်ဖက်လူ၏ အကြည့်ကြောင့် သေဆုံးသွားခဲ့တာဆိုရင် အရှက်ရဖွယ် ဖြစ်မသွားဘူးလား
နတ်ဓားဖွဲ့စည်းပုံဖြင့် ရှန်ထျန်းက အတိဒုက္ခလွန်စမ်းသပ်ချက် ကျော်ဖြတ်ပြီး ဝိဇ္ဇာအဆင့်ပညာရှင်များကို တွန်းလှန်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာသည်။
သူ အသက်တစ်ရှိုက်စာလောက်ပဲ ခံမယ်ဆိုပေမဲ့ …
................
ရှန်ထျန်းက မျက်လုံးဖွင့်ကာ မတ်တတ်ရပ်လိုက်သည်။
ထိုဧရာမဓားကြီးက အနည်းငယ် တုန်ခါလာကာ သံချေးများလည်း ကွာကျသွားပြီး ပတ္တမြားကဲ့သို့ ဓားသွားကို ထုတ်ဖော်ပြသထားသည်။ ထိုဓားက သဘာဝလွန်ဖြစ်၏။ ပြောရလျှင် ထာဝရသတ္တုနှင့် ထုဆစ်ဖန်တီးထားသောကြောင့် ဈေးနှုန်းမှာ အဖိုးမဖြတ်နိုင်ပေ။
မည်သည့် အထွတ်အမြတ်မြေဖြစ်ဖြစ် ထိုအရာကို ဂိုဏ်း၏ အခြေခံအုတ်မြစ် ရတနာအဖြစ်သာ မှတ်ယူကြပေမည်။
ယခင်က ဓားအသျှင်ချန်းယန်သာ နတ်ဓားကို ရရှိခဲ့လျှင် မာတာနွယ်ပင် လုကျီအား အလွယ်တကူ နိမ်နှင်းနိုင်လိမ့်မည်။ အားကောင်းသော ဓားသမားတစ်ယောက်အတွက် သူတို့လက်ထဲရှိ ဓားအမျိုးအစားသည် သူတို့ဇနီးမယား ရွေးချယ်ခြင်းထက်ပင် အရေးကြီးသေးသည်။
အားလုံး တအံ့တဩဖြစ်နေသည့် မြင်ကွင်း ရှေ့မှောက်တွင် ဓားကြီးက နဂါးဦးခေါင်းခွံမှ သူ့ဘာသာ ထွက်လာပြီး လေဟုန်ခွင်းကာ တောင်ကြားတစ်ဝက်လောက်ကို ကာဆီးထားလိုက်၏။
ထို့နောက် ထိုအရာက ရှန်ထျန်းဆီ တည့်တည့်ကြီး ဦးတည်လာသည်။
သူ့သခင်အသစ်ကို ဖက်ချင်နေသည့်အလား …