← Chapters

စကားများလွန်းသော နဂါးမယ်

Vol. 11-16 Ch. 206

စကားများလွန်းသော နဂါးမယ်

Vol. 11-16 Ch. 206

အခန်း (၂၀၆) :  စကားများလွန်းသော နဂါးမယ်

ရှန်ထျန်းက ဧရာမဓားတစ်ချောင်း သူ့ဆီ ပျံသန်းလာနေသည်ကို မြင်လိုက်သည့်အခါ နှလုံးခုန်မြန်မိသွားသည်။ အကယ်၍ သူသာ အချိန်မီ မရှောင်နိုင်လိုက်လျှင် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူအဆင့်ပင် တစစီ ဖြစ်သွားပေမည်။ ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင် သုံးကာ မြေလျိုးပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ဓားက သူ့အနား ရောက်လာသည့်အခါ အရွယ်အစားက အလျှင်အမြန် ကျုံ့သွားလေ၏။ သိပ်မကြာခင် တစ်မီတာခန့်သာရှည်သော  အနီရောင် ဓားရှည်တစ်ချောင်းသာ ဖြစ်သွားသည်။

ဓားပေါ်မှ အနီရောင်အလင်းသည် အနည်းငယ် တုန်ခါသွားပြီး သတ္တုအသံထွက်ပေါ်လာလေ၏။ ဓားသွားမှာ ချွန်ထက်ရှလွန်းသည့်အတွက် လေကိုပင် ပိုင်းဖြတ်ပစ်နိုင်လောက်သည်။

ဓားကောင်းလေးပဲ … အရမ်းကို ကောင်းတဲ့ ဓားလေး …

ရှန်ထျန်း မျက်ဝန်းတို့ လင်းလက်သွားကာ ရုတ်ချည်းဆိုသလို စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာသည်။

တစ်ဖက်တွင် သူ့နတ်ဓားဖွဲ့စည်းပုံက ထိုနတ်ဓားကို အငမ်းမရ လိုချင်နေသလို နောက်တစ်ဖက်တွင် မီးစာကျမ်းက ထာဝရတပိုင်း သတ္တုကို လိုချင်နေပြန်သည်။

ရှန်ထျန်းက ဘာလုပ်ရမှန်းပင် မသိတော့ချေ။

မီးစာကျမ်းက ဘာတုန်း … ဒီဓားသတ္တုကိုတောင် စားချင်နေတာလား … ငါ့ခန္ဓာကိုယ်ထဲ မနာကုန်လောက်ဘူးလား

ရှန်ထျန်းက ဓား သူ့ရှေ့ရောက်မလာခင်အထိ များများစားစား တွေးဖို့ အချိန်မရလိုက်ပေ။

အနီရောင်အလင်း မှိန်ကျသွားပြီး သာမန်ဓားတစ်ချောင်းလို ဖြစ်သွားသည်။ သို့သော်လည်း ရှန်ထျန်းက ၎င်း၏ သဘာဝအခြေအနေသာ ဖြစ်ကြောင်း သိထားသည်။ ဓားတဖန်ပြန်လည် အသက်ဝင်လာပြီး စွမ်းအားထုတ်လွှင့်လိုက်သည်နှင့် အံ့မခန်းအလင်းရောင် ပြန်လည်ပေါ်ပေါက်လာလိမ့်မည်။

ရှန်ထျန်းက ဓားကို ညာဘက်လက်မှ ကိုင်ကြည့်လိုက်သည်။

လက်ကိုင်လေးက တော်တော် ကောင်းသား …

ရှန်ထျန်းက ဓားကို ထိလိုက်သည်နှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။ သူ့ဓားအငွေ့အသက်က ပျံ့နှံ့သွားကာ ရှန်ထျန်းအနားမှာ ရပ်နေသည့် အားလုံးကို မွန်းကျပ်လာစေသည်။

ကျောက်ဟောင်နှင့် ချင်ယွင်တိအပါအဝင် အားလုံးက နောက်ဆုတ်လိုက်ကြရ၏။

ရှန်ထျန်း၏ ဓားအငွေ့အသက်က နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး အနီရောင်ဓားအငွေ့အသက်တို့က နေရာအနှံ့ ပြန့်ကျဲနေသည်။ အထဲဝင်လာသည့်အရာတိုင်း ချက်ချင်း ဖျက်စီးခံရမည်သာ ဖြစ်၏။ ဤဓား၏ စွမ်းအားက အံ့မခန်း ဖြစ်၏။

ရှန်ထျန်းက ဓားကို မြောက်ကာ အာရုံစိုက်ထားလိုက်သည်။

အနက်ရောင်နှင့် အပြာရောင်မိုးကြိုးတို့က ရှန်ထျန်းနား ဖြစ်ပေါ်လာသည်။

ရေက သစ်သားကို မွေးထုတ်ပေးပြီး သစ်သားက မီးတောက်ကို အရှိန်မြင့်စေသည်။ အဆုံးသတ်၌ ကျန်ရှိသည်မှာ ကြက်သွေးရောင် ဇာမဏီ နတ်မိုးကြိုးသာ ဖြစ်၏။

ရှန်ထျန်း၏ ကြက်သွေးရောင် ဇာမဏီနတ်မိုးကြိုးဖြင့် နန်မင်လီမီးတောက်တို့ ပေါင်းစပ်သွားကာ အနီရောင်ဓားအနား မြွေတစ်ကောင်လို ရစ်ပတ်ထားသည်။

ရှန်ထျန်းက သူ့ဓားလေးကို သဘောကျနှစ်ခြိုက်စွာ ထိလိုက်ပြီးနောက် အနီရောင်အလင်းက ပို၍ တောက်ပလာသည်။

သူက တောင်ကြားကို ချိန်ရွယ်၍ ခုတ်ချလိုက်သည်။

ရွပ်

ဓားမှ ပေတစ်ရာရှည်လျားသော မိုးကြိုးနှင့် မီးတောက် လွှမ်းခြုံထားသည့် ဓားအငွေ့အသက် ထွက်ပေါ်လာသည်။ ဤအရာမှာ အခြားသော ဓားကျင့်စဉ် သို့မဟုတ် ဓားအမွေအနှစ်ကျမ်းမှ မဟုတ်ဘဲ သာမာန်ရိုးရိုး ဓားချက်တစ်ခုသာ ဖြစ်၏။

တိုက်ခိုက်မှုက တောင်ကြားဆီ ကျရောက်သွားသည့်အခါ အက်ကြောင်းကြီး ဖြစ်ပေါ်လာလေ၏။

ဓားအသွားဖျားက တောင်ကုန်းကို ပိုင်းဖြတ်လိုက်သလို ဖြစ်သွားသည်။ ထို့အပြင် စောစောလေးမှ ဓားချက်ကြောင့် မိုးကြိုးများနှင့် မီးတောက်များက လေထုထဲ ကျန်ရှိနေဆဲ ဖြစ်၏။

ကျောက်ဟောင်၊ ရှန်အောင်း၊ ကွေ့ကုန်းကုန်းတို့လို ဓားသမားများပင် ထိုမြင်ကွင်းကြောင့် ကြောင်အမ်းကုန်ကြသည်။

သူတို့ မည်မျှထိတ်လန့်သွားသည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။ သူတို့က ရှန်ထျန်းကို ပို၍ လေးစားမိသွားကြသည်။

“ အားကောင်းလိုက်တာ … ကနဦးဝိညာဉ်အဆင့်ကိုတောင် အလွယ်လေး အဆုံးသတ်ပစ်နိုင်လောက်တယ် ”

“ တကယ့်ကို ထာဝရတပိုင်းလက်နက်ကိုး ”

“ ဒါက နတ်ဓားဖွဲ့စည်းပုံရဲ့ စွမ်းအားလား … အစ်ကိုရှန်က ဘာဓားတိုက်ကွက်မှ ထုတ်သုံးသွားတာ မဟုတ်သေးဘူးနော် ”

“ မယုံနိုင်လောက်စရာပဲ … ဒါက ငါ့ညီတော်ရဲ့ အရည်အချင်းလား။ ငါ ဓားသမားလုပ်ဖို့ ဘာအကျိုးရှိတော့မှာလဲ ”

“ အစ်ကိုရှန်က ဓားနဲ့ အရမ်းလိုက်ဖက်တာပဲ … သူက လျန်အာရဲ့ကောင်လေး အမှန်ပဲ ”

…………...

ရှန်ထျန်းက သူတို့ မည်မျှအံ့ဩသွားမှန်း မသိချေ။ သူက စောစောလေးမှ တိုက်ခိုက်မှုကို ပြန်လည်သုံးသပ်နေဆဲ ဖြစ်၏။

သူက နတ်ဓားဖွဲ့စည်းပုံနှင့် အနီရောင်ဓားတို့၏ အားအပြည့်ကို ထုတ်မသုံးထားချေ။ မည်သို့ပင်ဆိုစေကာမူ သူ့စွမ်းအားနည်းနည်းလေးဖြင့် ထိုတိုက်ခိုက်မှုက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကိုပင် သတ်နိုင်လောက်၏။

ဒါက ထာဝရတပိုင်း လက်နက်အစွမ်းလား … အရမ်းချစ်သွားပြီ

နောင်ကျ အသက်ကယ်ကတ်တစ်ခု ရတာပေါ့ …

နောင်ကျ ငါသာ ဓားကျင့်စဉ်ကို သင်ယူလိုက်ရင် အရှေ့ပိုင်းလွင်ပြင်မှာ အားအကောင်းဆုံး ဓားသမား ဖြစ်လာနိုင်တယ် …

ရှန်ထျန်းက သူ့ဓားသည်လည်း သင့်တော်သည့် သခင်ဖြစ်သူနှင့် ဆုံစည်းရသည့်အတွက် စိတ်လှုပ်ရှားနေမှန်း ခံစားမိပေသည်။

“ ငါ့နာမည်က ရှန်ထျန်း … အခုကစပြီး မင်းက ထျန်းကျူဓားပဲ။ မင်းကို နောင်တစ်ချိန်ကျ ထာဝရလက်နက်အဖြစ် ပြောင်းပြီးတော့ ငါးနယ်မြေလုံး မင်း ဘယ်လောက် အားကောင်းကြောင်း သိသွားစေရမယ် ”

ရှန်ထျန်းက ထိုသို့ပြောလိုက်ပြီးနောက် အနီရောင်ဓားက ပျော်ရွှင်သွားသလိုမျိုး ရုတ်ချည်း တောက်ပလာလေသည်။

ထိုအရာက ရှန်ထျန်း လက်ထဲမှ ထွက်သွားကာ ဘေးနား ဝဲပျံနေလေ၏။

ဝှီး …

ရှန်ထျန်းက ဓားသည် သူ့နာမည်ကို မကြိုက်၍ သူ့အား သတ်တော့မည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း ဓားက ရှန်ထျန်းကို လုံးဝ ထိခိုက်မှု မရှိစေပေ။ ဓားက အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ရှန်ထျန်း ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး အဆုတ်နေရာ၌ နေရာယူထားလေ၏။

ဓားက ရှန်ထျန်း၏အဆုတ်ထဲ သူ့နဂိုသွင်ပြင်ကို ဖြည်းဖြည်းချင်း ပြောင်းကာ အားကောင်းအောင် လုပ်ပေးနေသည်။

တစ်ချိန်တည်းတွင် ရှန်ထျန်း၏ စွမ်းအားတို့မှာ ဓားဖြစ်သည့် သတ္တုစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး စုပ်ယူခံလိုက်ရသည်။ သူတို့က တစ်ခုနှင့် တစ်ခု ကူညီပေးနေလေ၏။

ရှန်ထျန်းက သူ့ဓားနှင့် တစ်သားတည်း ဖြစ်သွားသည့် ခံစားချက်ကို နားလည်သွားလေပြီ။

ရှန်ထျန်းက သူ အလိုရှိသည့်အခါတိုင်း ဓားကို စိတ်တိုင်းကျ ထုတ်လွှင့်နိုင်ပေသည်။

လှည့်စား … အဲလေ ကာကွယ်ဖို့ နည်းလမ်းကောင်းလေးပဲ …

................

ထျန်းကျူဓားက ပိတ်လှောင်ရေး အစီအရင်၏ ဗဟိုချက် ဖြစ်သောကြောင့် ပျောက်ကွယ်သွားပြီးနောက်တွင် နဂါးအရိုးစုတစ်ခုလုံး စတင် ပြိုကျလာသည်။

“ ကောင်လေး ငါ ထွက်လာတော့မယ်။ ဒီနေရာကနေ ဝေးဝေးကိုသွား ” အောင်းပင်းက အရိုးစုအတွင်းမှ ပြောလိုက်သည်။

ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီးနောက် အထွတ်အမြတ်နဂါးတောင်ကြားမှ တုံ့ဆိုင်းမနေဘဲ ထွက်လာလိုက်သည်။

ထိုပိတ်လှောင်မှုက ဝိဇ္ဇာအဆင့် နဂါးကို ချုပ်နှောင်ထားခြင်း ဖြစ်ရာ နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်ကို မည်သူသိမည်နည်း။ အရိုးစုများပိ၍ သေသွားရလျှင် နှမြောဖို့ ကောင်းလှပေမည်။

သူတို့က တောင်ကြားအဝင်ပေါက်နား ရပ်တော့မည့်ဆဲဆဲတွင် အောင်းပင်းက ထပ်ပြောလိုက်ပြန်သည်  “ ထပ်သွားဦး ”

ထို့ကြောင့် သူတို့က နောက်ထပ် ပြေးလိုက်ကြရပြန်သည်။ ထို့နောက် အထွတ်အမြတ်နဂါးတောင်ကြားတစ်လျှောက် ပေါက်ကွဲသံကျယ်ကြီးတစ်ခု ပဲ့တင်ထွက်လာ၏။ ကောင်းကင်ထဲ နဂါးနက်တစ်ကောင် ဝဲပျံလာကာ မြေပြင်ရှိ အရိုးခြောက်စစ်သည်တော်များလည်း အကြောက်တရားကြောင့် တုန်လှုပ်ကုန်ကြသည်။

အနီးအနားရှိ ကျင့်ကြံသူအားလုံးက နဂါးတောင်ကြား ရုတ်ရုတ်သည်းသည်းဖြစ်မှုကို အာရုံခံမိလိုက်ကြပြီး ယုံကြည်ချက်လွန်ကဲနေသော ပါရမီရှင်အချို့က လာကြည့်ကြသေး၏။ အခြားလူများက ပုန်းအောင်းကုန်ကြသည်။

“ နှစ်တစ်သောင်းကြာပြီးတော့ ငါ လွတ်လပ်ပြီ… ဟိုရင်ဘတ်ပြားမက ငါ့ကို ဒီလောက်တောင် အကြာကြီး ပိတ်လှောင်ထားခဲ့သေးတယ်။ ငါ ဒီနှစ်တစ်သောင်းမှာ ဘယ်လိုရှင်သန်လာရတာဆိုတာ နတ်ဘုရားပဲ သိလိမ့်မယ်။ နယ်မြေငါးခုက လူအိုကြီးတွေရေ ကြောက်ဒူးတုန်နေကြတော့ … ငါ ပြန်လာပြီ ”

နဂါးနက်ကြီးက ကောင်းကင်ကို လှည့်ပတ်နေသည်။

နဂါးအရိုးစုကြီးမှ အလင်းရောင်ဖျဖျ လင်းလာကာ ပျံသန်းနေသော နဂါးကြီးဆီ စုဝေးသွားလေသည်။ သိပ်မကြာခင် နဂါးကြီးကို အလင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။

ထို့နောက် နဂါးဥတစ်လုံးက ရှန်ထျန်းဆီ လွှင့်စင်ဝင်ရောက်လာသည်။

ငါကို ဒီဥနဲ့ ကောက်ပေါက်တာလား

ရှန်ထျန်းက နှလုံးခုန်ပင် မြန်လာမိသည်။ သို့သော်လည်း သူက ဥ မြေကြီးပေါ် ရောက်သည့်အခါ အက်ကွဲသွားမှာစိုး၍ မရှောင်လိုက်ပေ။

ဟိုနဂါးမယ်ဝိညာဉ်က ငါ့ကို သတ်လိမ့်မယ် …

ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ခေါ်ထုတ်ကာ  လက်ဟန်များ မြန်မြန် ပြုလုပ်လိုက်ပြီး ပိုက်ကွန်သဖွယ် ဖြန့်ကျက်ထားလိုက်သည်။

ပိုက်ကွန်က ဥကို အောင်အောင်မြင်မြင် ဖမ်းယူနိုင်လိုက်သော်လည်း ဥက အားပါနေသောကြောင့် ပိုက်ကွန်ထဲ သုံးလေးပတ်လောက် ကျွမ်းထိုးသွားသေး၏။

အံ့ဖွယ်ဝါးမျိုနွယ်ပင်က ခိုင်မာ၍သာ ကံကောင်းသွားပေသည်။

“ ကောင်းတယ် … မင်းက မရှောင်ခဲ့ဘူးပဲ။ ဂုဏ်ယူပါတယ် ကောင်လေး … မင်းက ငါ့ရဲ့ ဒုတိယစမ်းသပ်မှုကို အောင်မြင်သွားပြီ ”

အောင်းပင်း၏ အသံက ဥမှ ထွက်လာလေသည် “ အခု မင်း ဥပေါ်ကို သွေးစက်ချလိုက်ပြီးတော့ ငါ့နောက်က လိုက်ဆို ”

ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် လက်ချောင်းကို ဖောက်လိုက်ပြီး သွေးစက်ညှစ်ချလိုက်သည်။ ထိုအခါ ဥမှ သူ့သွေးစက်ကို စုပ်ယူသွားသည်။ ထို့နောက် သူ့ရှေ့မှောက် ဆန်းကြယ်ရှုပ်ထွေးလှသော သင်္ကေတများ ပေါ်လာသော်လည်း သူ့အနေနှင့် ဘာမှန်း မသိပေ။ ကြည့်ရသည်မှာ နဂါးမျိုးနွယ်၏ ရှေးဟောင်းအရေးအသားလိုမျိုး ဖြစ်၏။

သင်္ကေတများက ပေါင်းစပ်ကာ အနက်ရောင်အလင်းလုံး ဖြစ်တည်လာသည်။ ထိုစဉ် အောင်းပင်း၏ ပုံရိပ်က ဥပေါ် ပေါ်လာပြီး ပြောလိုက်သည် “ ကောင်လေး နားထောင် … ငါ့နောက်ကနေ လိုက်ဆို ဟုတ်ပြီလား ”

ရှန်ထျန်းက ပြန်ဖြေလိုက်သည် “ ကောင်းပါပြီ ”

အောင်းပင်းက ခေါင်းညိတ်လိုက်ပြီးနောက် ထိုအလင်းလုံးအား ဦးညွှတ်လိုက်သည်။

“ နဂါးနတ်ဘုရားကို မျက်မြင်သက်သေအဖြစ် တိုင်တည်ပါတယ် ”

သူမက စကားအဆုံးတွင် ရှန်ထျန်းကို ကြည့်လိုက်သည်။

ရှန်ထျန်းကလည်း ရွေးချယ်စရာမရှိဘဲ နောက်မှ လိုက်ဆိုလိုက်ရသည် “ နဂါးနတ်ဘုရားကို မျက်မြင်သက်သေအဖြစ် တိုင်တည်ပါတယ်”

အောင်းပင်းက ခပ်ယဲ့ယဲ့ ပြုံးကာ “ ကျွန်မ အောင်းပင်းက ရှန်ထျန်းအား တရားဝင် လက်တွဲဖော်အဖြစ် လက်ခံပါတယ် ”

ရှန်ထျန်းကလည်း ထစ်ထစ်ငေါ့ငေါ့ဖြင့်  “ ကျွန်တော် အောင်း … ရှန်ထျန်းကလည်း အောင်းပင်းကို တရားဝင် လက်တွဲဖော်အဖြစ် လက်ခံပါတယ်”

သူတို့ ပြောလိုက်သည့်အခါတိုင်း ရှေးဟောင်းသင်္ကေတတွေက စာချုပ် ရေးထွင်းမှတ်သားနေသကဲ့သို့ အလင်းရောင်အလုံး‌ပေါ် ပေါ်လာသည်။

အောင်းပင်းက ဆက်ပြောလိုက်သည် “ ဒီနေ့ကစပြီး ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ နာမကျန်းသည် ဖြစ်စေ၊ ကျန်းမာရေးကောင်းမွန်သည် ဖြစ်စေ သေခြင်းတရားမတိုင်ခင်အထိ အတူတကွ လက်တွဲသွားပါ့မယ် ”

ရှန်ထျန်း  “ … ”

ဒါက နဂါးသူရဲကောင်းစာချုပ် ဟုတ်ပါတယ်နော့ …

သူက သတိထားကာ မေးလိုက်သည်  “ အဟမ်း စီနီယာကြီး ဒီစာချုပ်က ဒီလိုဆိုရတာ သေချာရဲ့လား ”

အောင်းပင်း၏ မျက်နှာက ခက်ထန်လာကာ ရှန်ထျန်းအား စိုက်ကြည့်လိုက်ရင်း  “ဘာလဲ … မင်းက နဂါးနတ်ဘုရားကို မေးခွန်းထုတ်နေတာလား။ မင်းကို ငါ့နဂါးငွေ့နဲ့တင် သတ်ပစ်လို့ ရတယ် ”

ရှန်ထျန်းက အောင်းပင်းကို ဒေါသထွက်အောင် လုပ်မိလျှင် ကိုယ့်ပြဿနာကို ရှာနေသလို ဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူမရဲ့ပုံစံက ဒီလိုမျိုးပဲလား

တစ်ခုခုတော့ မှားနေတာ နေမယ် …

All Chapters