ဒေါင်းမျိုးနွယ်ရဲ့ အားအကောင်းဆုံး တိုက်ကွက် သက်တံ့အံ့ဖွယ်အလင်း
Vol. 11-16 Ch. 208
အခန်း (၂၀၈) : ဒေါင်းမျိုးနွယ်ရဲ့ အားအကောင်းဆုံး တိုက်ကွက် သက်တံ့အံ့ဖွယ်အလင်း
ညကောင်းကင်ယံအောက်တွင် အဖြူရောင်ပုံရိပ်လေးတစ်ခုက တောင်တန်းတွေကို အလျှင်အမြန် ဖြတ်သန်းသွားသည်။ ထိုပုံရိပ်၏ အမြန်နှုန်းက ညနှင့် ပေါင်းစပ်နေသည့်အလား အရမ်းမြန်လွန်းသောကြောင့် မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
သူ့နောက်တွင် ငှက်မွေးဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်ငါးယောက်က အသည်းအသန် လိုက်နေကြသည်။ သူတို့က ထိုအဖြူရောင် ပုံရိပ်အား မမောနိုင်မပမ်းနိုင် လိုက်ဖမ်းနေကြခြင်း ဖြစ်၏။
“ မိစ္ဆာကောင် ငါ့ရတနာကို ခိုးရဲသေးတယ်။ မင်း သေချင်နေတာပဲ ”
ရွှေရောင်ငှက်မွေးဝတ်စုံနှင့် အမျိုးသားက အင်မတန် ဒေါသူပုန်ထနေပြီး သူ့လက်ထဲမှ ရွှေဓားဖြင့် မရပ်မနား ရမ်းနေသည်။ ဓားအငွေ့အသက်လှိုင်းများက မြေပြင်ပေါ် ဆက်တိုက် ကျရောက်နေသော်လည်း အဖြူရောင် ပုံရိပ်လေးကား ထိခိုက်ဒဏ်ရာမရှိဘဲ အကောင်းအတိုင်း ဖြစ်နေဆဲ ဖြစ်ပြီး မည်သူမှလည်း သူ့ကို လိုက်မဖမ်းနိုင်ကြသေးပေ။
ဝတ်စုံဖြူနှင့် အမျိုးသားက ကြိုးကြာငှက်မွေးမှ လုပ်ထားသည့် စုတ်တံတစ်ချောင်း ကိုင်ဆောင်ထားပြီး ဝေ့ယမ်းနေသည်။ သူက ထိုအရာကို နတ်ဓားတစ်ချောင်းသဖွယ် အသုံးပြုနေပြီး အဖြူရောင်ပုံရိပ်ဆီ ဆက်တိုက် ပစ်လွတ်နေသည်။ သို့သော် ရိုက်ချက်များက အဖြူရောင်ပုံရိပ်ဆီ ရောက်ရှိတော့မည့်ဆဲဆဲတွင် သူက တိုက်ခိုက်သူများကို စနောက်နေသည့်အလား ဘေးဘက်သို့ အသာလေး ရှောင်လိုက်ပြန်သည်။
“ဟားဟား မင်းတို့က ကလေးပဲ ရှိပါသေးတယ်ကွာ … ငါ့နောက်ကို လိုက်ဖမ်းကြသေးတယ်ပေါ့။ ငါ နယ်မြေငါးခုကို အုပ်စိုးတုန်းက မင်းတို့ဘိုးဘေးတွေက ငါ့စားသောက်ပွဲက စားပွဲပေါ်မှာကွ … ငါ့ဧည့်သည်တော်တွေရဲ့ ပန်းကန်တွေထဲမှာ အမဲလိုက်ပွဲအနေနဲ့ပေါ့ကွာ။
အခုလိုမျိုး နိမ့်ကျသွားလိမ့်မယ်လို့ မထင်ထားမိပေမဲ့ မင်းတို့ ကလေးစုတ်တွေက ငါ့ကို လာယှဉ်ရဲသေးတယ်။ စောင့်နေကြ ငါ ပြန်ကောင်းလာတာနဲ့ မင်းတို့ ငှက်မွေးသားရဲတွေကို ဖျက်စီးပြမယ်။
အခု ကြောက်နေပြီမလား … ကြောက်နေရင် နောက်ဆုတ်လိုက်ကြစမ်း။ ငါ ပြန်လာတဲ့အခါ မင်းတို့အသက်ကို ချမ်းသာပေးမယ် ”
...............
အဖြူရောင်ပုံရိပ်လေးက လူငယ်ငါးယောက်၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ တောင်တန်းများကြား သွားလာနေရင်း စော်ကားမော်ကား ပြောဆိုနေသေး၏။
လရောင် ဖြာကျလာသောကြောင့် လိုက်ဖမ်းသူ ငါးယောက်၏ မျက်ဝန်းထဲ၌ အဖြူရောင်ပုံရိပ်မှာ ထင်ဟပ်နေသည်။ ပြောရလျှင် မတ်တတ်ရပ် အနေအထားဖြင့် နောက်ခြေနှစ်ချောင်းနှင့် ပြေးနေသည့် အဖြူရောင် လိပ်ကြီး ဖြစ်၏။
နောက်ခြေဖြင့် ရပ်နေစဉ် ထိုလိပ်က တစ်မီတာမျှသာ အမြင့်ရှိပြီး ကျောက်စိမ်းဖြူကဲ့သို့ ဖြူဆွတ်နေသည်။ လရောင်အောက်တွင် တလက်လက် တောက်ပနေသေး၏။
ထိုလိပ်က အင်မတန် ထူးဆန်းနေသည်ဟု ဆိုနိုင်ပေသည်။ သို့သော် သူ့ပါးစပ်မှ ထွက်လာသော စကားလုံးတိုင်းက တစ်ဖက်လူကို သွေးအန်စေ၍ သူ့အား တစစီ ဆွဲဖြဲပစ်ချင်စိတ်ပေါက်လာစေသည်။
လက်တွေ့၌ တောင်ပိုင်းနယ်မြေမှ ပါရမီရှင်ငါးယောက်က အမှန်တကယ်ပင် ထိုအတွေး တွေးမိနေကြသည်။
မဟာရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်အနေနှင့် ကျင်းယုက သူ့မိတ်ဆွေကောင်းများကို ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ သွားဖို့ တိတ်တဆိတ် ဖိတ်ကြားလာခဲ့သည်။ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား ရှာ၍ စာရင်းရှင်းရန် အင်မတန် စိတ်တက်ကြွနေသည်။ သူတို့က သွေးနတ်ဆိုးတောင်ကြားထဲ၌ တစ်ရက်လုံးလုံး စောင့်ဆိုင်းခဲ့သော်လည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် မတွေ့ခဲ့ရဘဲ အားကော်းသည့် သွေးနတ်ဆိုးများနှင့်သာ ကြုံတွေ့ခဲ့ရသည်။
ထိုသွေးနတ်ဆိုးက ရှေးစစ်သည်တော် တစ်ယောက်၏ အငွေ့အသက်၊ သွေးတို့ဖြင့် ဖြစ်တည်လာသောကြောင့် အင်မတန် အားကောင်းလှသည်။ စွမ်းအားက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူထက် နိမ့်ကျမည် မဟုတ်ပေ။
ငါးယောက်လုံးက ထူးချွန်ကြသည့် ရွှေအမြုတေအဆင့် နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြကာ ကမ္ဘာဦးတိုက်ပွဲနယ်မြေအပြင်ဘက်တွင် ကနဦးဝိညာဉ်အဆင့်ကိုပင် သတ်နိုင်စွမ်း ရှိကြသူ ဖြစ်၏။
သို့သော်လည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း သူတို့စွမ်းအားမှာ ဖိနှိပ်ခံထားရသောကြောင့် သွေးနတ်ဆိုးနှင့် တစ်ယောက်ချင်း ရင်ဆိုင်ဖို့ရာ စိမ်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
ငါးယောက်လုံးက ထိုသွေးနတ်ဆိုးကို သတ်နိုင်ဖို့အတွက် အားများစွာ စိုက်ထုတ်လိုက်ရသည်။ သူတို့က သွေးနတ်ဆိုး၏ ခန္ဓာကို ဖွင့်ကာ သွေးအဆီအနှစ်ပုလဲကို ထုတ်ယူနိုင်လိုက်ကြသည်။ သွေးအဆီအနှစ် ပုလဲသည် သွေးနတ်ဆိုး၏ အသက်ဓာတ် အရင်းအမြစ်ဖြစ်ပြီး အသက်စွမ်းအားတို့ ပါဝင်သည်။
နတ်ဆိုးမျိုးနွယ်အတွက် သွေးအဆီအနှစ် ပုလဲသည် ပြီးပြည့်စုံသည့် ဆေးလုံး ဖြစ်၏။
သွေးနတ်ဆိုး၏ သွေးက မသတီစရာကောင်းလှသော်လည်း သွေးအဆီအနှစ် ပုလဲကား သန့်စင်ကာ အသက်ဓာတ်များနှင့် ပြည့်ဝနေသည်။ သွေးအဆီအနှစ် ပုလဲကို သန့်စင်ပြီးနောက် နတ်ဆိုးများက သူတို့သွေးကို သန့်စင်ပြီး စွမ်းအားမြင့်တင်ဖို့ရာအတွက် အသုံးပြုနိုင်သည်။ အကယ်၍ သူတို့သာ ကံကောင်းပါက သူတို့၏ ရှေးနတ်သားရဲ့ သွေးမျိုးဆက်ကိုပင် လှုံ့ဆော်ပေးနိုင်လိမ့်မည်။
ထိုသွေးနတ်ဆိုးက ဉာဏ်ရည်နိမ့်ကျကာ စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်စွမ်း မရှိပေ။ ထိုသို့ဆိုလျှင်ပင် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားရှိနေဆဲ ဖြစ်၏။
သွေးနတ်ဆိုးပုလဲက မည်မျှ ထူးခြားအဖိုးတန်ကြောင်း သိနိင်ပေသည်။
ထိုငါးယောက်အတွက် ဤသည်မှာ အင်မတန် အဖိုးတန်လှသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့၏။ သူတို့က သွေးအဆီအနှစ်ပုလဲကို ထုတ်ယူကာ သူတို့ဘာသာ ခွဲဝေယူတော့မည့်အချိန် ထိုလိပ်စုတ် ပေါ်လာခဲ့သည်။
သူ့အမြန်နှုန်းမှာ မယုံကြည်နိုင်လောက်ဖွယ် လျှင်မြန်လွန်း၏။
မျက်စိတစ်မှိတ်အတွင်း သွေးနတ်ဆိုးပုလဲမှာ လိပ်စုတ်၏ ပါးစပ်ထဲ ရောက်သွားသောကြောင့် သူတို့မျက်လုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။
ထို့နောက် လိပ်ဖြူကက တိုက်ပွဲနယ်မြေ အနက်ပိုင်းသို့ ချက်ချင်း ထွက်ပြေးသွားသည်။ တောင်ပိုင်းနယ်မြေ၏ ပါရမီရှင်ငါးယောက်က ထိုကျူးကျော်မှုကို လက်ပိုက်ကြည့်မနေနိုင်ပေ။ သူတို့က ရတနာကို ရဖို့ရာ သွေးနတ်ဆိုး သတ်ဖို့ အားများစွာ စိုက်ထုတ်ထားရလေရာ တခြားသူက လုယူသွားပေသည်။
ဒီလိုလူလည်ကျမှုမျိုးကို မည်သူကများ လက်ခံနိုင်မည်နည်း။
ကျင်းယု၏ မျက်ဝန်းများက ရွှေရောင်တောက်လာကာ ထိုလိပ်စုတ်အား သေချာမှတ်ထားပြီး သူ့မြင်ကွင်းမှ ထွက်သွားခွင့် မပေးချေ။
ဤသည်မှာ မဟာရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ သီးသန့်ပညာရပ် တစ်ခုဖြစ်ပြီး အဆင့်မြင့်ဆုံး၌ ကောင်းကင်ဘုံကိုးလွှာနှင့် ငရဲအနက်ဆုံးပိုင်းအထိ ဖောက်ထွင်းမြင်နိုင်သည်။ မည်သည့်အရာမှ ထိုမျက်လုံးအောက်မှ မလွတ်နိုင်ချေ။
ကျင်းယုက ထိုအဆင့်မြင့်အထိ မရောက်ရှိသေးသော်လည်း ထိုပညာရပ်၌ ကျွမ်းကျင်ပေသည်။ မဟုတ်ပါက သူတို့အနေနှင့် လိပ်ဖြူကို မျက်ခြေပြတ်သွားတာ ကြာလောက်လေပြီ။
လိပ်ဖြူကို ကြည့်နေရင်း ကျင်းယုက အေးစက်စက်ပြုံးကာ “လိပ်စုတ် … မင်းကို ဒီနေ့ မသတ်ရရင် ငါ ယောက်ျား မဟုတ်ဘူးကွ ”
လိပ်နက်က အားရပါးရ အော်ရယ်ကာ “ ယောက်ျားတဲ့လား … မင်းက လူသားရော ဟုတ်လို့လား။ မင်းက ငှက်မွေးသားရဲတစ်ကောင်ပါကွာ။ ဒါပေမဲ့ ရွှေတောင်ပံ လင်းယုန်အသားက အရမ်းအရသာရှိတယ်။ လင်းယုန်အိုကြီးတွေကို စွတ်ပြုတ်လုပ်သောက်ပြီးတော့ အငယ်လေးတွေကို ကင်စားလိုက်ရရင် နူးညံ့ပြီးတော့ အနံ့လေးကအစ သရေယိုချင်စရာလေး …
ဟူး အမှတ်တရကောင်းလေးတွေ … ငါ နေရာကို ပြန်ရယူပြီးတာနဲ့ ငါ မင်းကို ပထမဆုံး လင်းယုန်စတူး လုပ်စားပစ်ဦးမှာ ”
ဝုန်း
လိပ်ဖြူ စကားအဆုံးတွင် ဓားသွားတစ်ခု သူ့ဆီ ရောက်ရှိလာလေ၏။
ရွှေရောင်ဓားစွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်ပေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်လောက်၏။ လိပ်ဖြူ၏ တုံ့ပြန်မှုနှင့် အမြန်နှုန်းက အရမ်းမြန်နေ၍ နှမြောစရာ ကောင်းလှသည်။ သူက တိုက်ခိုက်မှုကို မြန်မြန်ရှောင်လိုက်ပြီး ပုံရိပ်ယောင်များသာ ချန်ထားရစ်ခဲ့သည်။
သူတို့တိုက်ခိုက်မှုများက ပြင်းထန်သော်လည်း လိပ်စုတ်အပေါ် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေပေ။ သူတို့က စိတ်ဓာတ်ကျလာမိစဉ် လိပ်ဖြူက ပို၍ စိတ်ကြီးဝင်လာသည်။
ဒီလိပ်က ဘယ်လိုအမျိုးအစားတုန်း …
ရောင်စုံဝတ်စုံနှင့် နတ်မိမယ် ခုံမုန့်က ထိုလိပ်ဖြူကို တိတ်တဆိတ် လေ့လာနေသည်။ အချိန်အတော်ကြာပြီးနောက် သူမက ပြောလိုက်သည် “ ဒါက ဒဏ္ဍာရီလာ လျှပ်စီးအရိပ်ခြေလှမ်းပဲ ”
ကျန်လေးယောက်၏ မျက်နှာမှာ ခုံမုန့်စကားကို ကြားပြီး တောင့်တင်းသွားလေသည် “ ဒီမှော်ခြေလှမ်းက ပျောက်နေတာ ကြာပြီမလား ”
ခုံမုန့်က ခေါင်းခါကာ “ အပြင်လောကမှာပဲ ပျောက်သွားတာလေ။ ငါတို့က ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ရောက်နေတာကို မမေ့လိုက်နဲ့ ”
ကျင်းယု၏ မျက်နှာက မှိုင်းကျသွားလေသည်။ ရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ ပါရမီရှင်အနေနှင့် နယ်မြေငါးခုရှိ နာမည်ကျော်ကြားလှသော ပညာရပ်အားလုံးကို သိထားပေသည်။ ဤလျှပ်စီးအရိပ်ခြေလှမ်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ထိပ်တန်း လျို့ဝှက်ချက် ပညာရပ်တစ်ခု ဖြစ်၏။ မိုးမြေအရှိန်ဟု သိထားကြသည်။
ထိုပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သွားသူကား နေရာအနှံ့ လျှပ်စီးအားလို သွားလာနိုင်မည် ဖြစ်ပေသည်။ သူတို့အမြန်နှုန်းက အလွန်မြန်ဆန်လွန်းသောကြောင့် အဆင့်တူအတွင်း မည်သူမှ လိုက်ဖမ်းနိုင်မည် မဟုတ်ပေ။
ထိုခြေလှမ်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ဖို့လည်း အလွန်ခက်ခဲလှသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ထဲမှ တစ်ယောက် ဖန်တီးထားခြင်း ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်တစ်လျှောက် နာမည်ကျော်ကြားခဲ့သည်။ ထိုအံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဓာတ်နှော နတ်မိုးကြိုးဖွဲ့စည်းပုံကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ပြီး အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ် အလံကို ထိန်းချုပ်နိုင်ခဲ့ကာ အရှေ့ပိုင်းလွင်ပြင်ရှိ အားအကောင်းဆုံး ဂိုဏ်းချုပ်ထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သူ အထွတ်အထိပ်ရောက်နေစဉ် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဤလျှပ်စီးအရိပ်ခြေလှမ်းကို အသုံးပြုကာ ပြင်ပနယ်မြေမှ မိစ္ဆာနတ်ဆိုးများကို သုတ်သင်နိုင်ခဲ့သည်။ ပြောရလျှင် ရွှေရောင်လင်းလက်ခဲ့သော အတိတ် ဖြစ်ပြီး ပြင်ကနယ်မြေရှိ အားကောင်းသော ကျင့်ကြံသူအားလုံး ခေါင်းဖြတ်ခံရကာ သွေးချောင်းစီးခဲ့ရသည်။
ထိုတိုက်ပွဲအတွင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ “ရွှေအလင်း ဂိုဏ်းချုပ်” ဟူသော နာမည်ကို ကြားလိုက်ရုံနှင့်ပင် ပြင်ပနယ်မြေရှိ မိစ္ဆာဝိညာဉ်များ ကြောက်ဒူးတုန်ကြသည့်အထိ ဖြစ်၏။
ပြောကြသည်ကား ပြင်ပနယ်မြေရှိ မိစ္ဆာဝိညာဉ်များသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အဓိကတိုက်ခိုက်ခဲ့သည်မှာ သူတို့က ရွှေအလင်းဂိုဏ်းချုပ်ကို ကြောက်ကြ၍ ဖြစ်သည်။
သူတို့က ရွှေအလင်း ဂိုဏ်းချုပ် တိုက်ပွဲအတွင်း အောင်မြင်မှုကြောင့် အရိုက်အရာ တက်လှမ်းနိုင်သွားမည်ကို စိုးရိမ်ကြောက်ရွံ့ကြသည်။
ထိုအခါ တိုက်ပွဲစီးကြောင်းအား ပြောင်းပြန် ပြောင်းလဲသွားစေလိမ့်မည်။
အဆုံးသတ်၌ ရွှေအလင်းဂိုဏ်းချုပ်ကို လုပ်ကြံလိုက်ပြီးနောက် ဂိုဏ်းချုပ်လည်း ကျရှုံးသွားကာ လျှပ်စီးအရိပ်ခြေလှမ်းလည်း ပျောက်ကွယ်သွားခဲ့ရသည်။
ကျင်းယုက ကမ္ဘာဦးတိုက်ပွဲနယ်မြေရှိ လိပ်ဖြူသည် ရွှေအလင်းဂိုဏ်းချုပ်၏ လျှပ်စီးအရိပ်ခြေလှမ်းကို အသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားမိပေ။
ဟားဟား အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေပဲလား …
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လင်းယုန်တွေကို ထပ်အနိုင်ကျင့်နေတာပဲ …
“ လင်းယုန်သွေးလှိုင်း တိုက်ကွက်”
ရွှေတောင်ပံ လင်းယုန်က သူတို့ဒေါသကြီးမှုကြောင့် လူသိများကြသည်။
လိပ်ဖြူသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ပညာရပ်ကို ထုတ်ပြသွားကြောင်း သိပြီးနောက် ကျင်းယုပေါ်ရှိ ငှက်မွေးများက ဒေါသကြောင့် ထောင်မတ်လာသည်။ သူ့သွေးများ ဆူပွက်လာပြီး ခန္ဓာကိုယ်အတွင်း ပွက်ပွက်ဆူ စွမ်းအားအဖြစ် ပြောင်းလဲသွားကာ အမြန်အဆန် ထွက်ပေါ်လာသည်။
လင်းယုန်မျိုးနွယ်သည် အရှိန်နှုန်း သဘာဝအရည်အချင်း ပိုင်ဆိုင်ထားသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ သွေးသန့် လင်းယုန်တစ်ကောင် တောင်ပံဖြန့်ကျက်လိုက်သည့်အခါ လေဆင်နှာမောင်းပင် လိုက်မယှဉ်နိုင်လောက်ချေ။
ကျင်းယု၏ သွေးများက ဆက်တိုက် ဆူပွက်လာပြီး ရွှေရောင်အသားကင်အဖြစ် ပြောင်းလဲသွားတော့မည့်ပုံ ပေါ်ကာ လိပ်ဖြူအနီးနား ချက်ချင်း ရောက်သွားသည်။
“ ဟိုကောင်စုတ်လေး ငါက မင်းပုလဲကိုပဲ စားခဲ့တာပါ ကြက်ကလေးရဲ့ ... ဘာလို့ ဒေါသကြီးနေရတာလဲ ”
သူ့နောက်မှ သတ်ဖြတ်ငွေ့များကို ခံစားမိကာ လိပ်ဖြူက သူ့လိပ်ခွံထဲမှ ခုန်ထွက်လုနီးပါး ကြောက်လန့်သွားလေသည်။
သူ့တစ်ကိုယ်လုံး အဖြူရောင်လျှပ်စီးလှိုင်းများ ထွက်ပေါ်လာကာ ခြေတိုတိုနှစ်ချောင်းက အလိုအလျောက် စက်အခြေအနေ ပြောင်းလိုက်သည့်အလား မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလေသည်။
“ ကယ်ကြပါဦး …ဒီကြက်ကလေးက ကြက်တုပ်ကွေးဖြစ်ပြီးတော့ ရူးသွားပြီ။ ဒီနားမှာ လူသားမျိုးနွယ် ဒါမှမဟုတ် လိပ်မျိုးနွယ်တို့ရှိရင် ငါ့ကို လာကယ်ကြပါဦး။ ကြက်ကလေး ငါ့နောက်ကို လိုက်ဖမ်းကြည့်စမ်းပါ … မင်း ငါ့ကို ဖမ်းနိုင်ရင် မင်းက တကယ်မြန်တယ်ဆိုတာ အသိအမှတ်ပြုပေးမယ် ….
ဟာ ငါ့နောက်ကို မလိုက်နဲ့ ကြက်ကလေး … ယောက်ျားတစ်ယောက်အနေနဲ့ မြန်လွန်းရင် လူတွေက ဟာသလုပ်ကြမှာပေါ့ကွ ”
………...
လိပ်ဖြူလေးက အရည်အချင်း ထင်ထားသလောက် မမြင့်သည်မှာ သိသာလှသည်။ ကျင်းယု အသည်းအသန်လိုက်ပြီးနောက် သူက ဒေါသထွက်လာသည့် အရိပ်အယောင် ပြလာသလို သူ့ရှောင်ရှားနှုန်းမှာလည်း ကိုးရို့ကားယား ဖြစ်လာသည်။
သို့သော် ကျင်းယုကို ဒေါသထွက်သွားစေသည်မှာ ထိုလိပ် စိုးရိမ်လာသည်နှင့် ပါးစပ်မှ အရည်မရအဖတ်မရ စကားများ ဆက်တိုက် ထွက်လာခြင်း ဖြစ်၏။ သူ့နှုတ်ခမ်းမှ စကားများ ဆက်တိုက် ထွက်နေပြီး လိပ်ရိုင်းတစ်ကောင် ဖြစ်ကြောင်း သိသာလှသည်။
ဤသည်မှာ စိတ်တိုဖို့ ကောင်းလှသည်။
“ သေနာလေး … ငါ မင်းကို အရည်ခွာပြီးတော့ စွတ်ပြုတ်လုပ်သောက်ပစ်မယ် ”
ကျင်းယုက သူ့ရွှေဓားဖြင့် နေရာအနှံ့ ခုတ်ချပစ်နေပြီး လိပ်ဖြူအား မရပ်မနား ရှောင်ခိုင်းလိုက်သည်။
ရုတ်ချည်းဆိုသလို လိပ်ဖြူက တစ်ခုခုကို ခံစားမိဟန်ဖြင့် အနီးအနား တောင်ကြားထဲ လှမ်းကြည့်လိုက်လေသည် “ အိုရား … ဒီမှာ လူသားကျင့်ကြံသူတွေ ရှိနေတာပဲ ”
မျက်စိတစ်မှိတ်အတွင်း သူက တောင်ကြားထဲ ဝင်ချသွားပြီး စက္ကန့်ပိုင်းလေးအတွင်း နေရာထဲ ခုန်ဝင်လိုက်သည်။ တောင်ကြားဝင်ပေါက်ရှိ အစီအရင်က လိပ်ဖြူနှင့် တွေ့သွားသည့်အခါ အသုံးမဝင်တော့ချေ။ သူက တန်းဝင်လိုက်နိုင်၏။
“ ထွက်ပြေးချင်နေတာလား … ဒီနေ့ မင်းကို လွှတ်ပေးလိုက်ရရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ် ”
ကျင်းယုက ရွှေနတ်ဓားသဖွယ် ပြောင်းလဲသွားကာ တောင်ကြားထဲ ပြေးဝင်သွားလေသည်။
ဝုန်း …
ရိုးရိုးရှင်းရှင်း အစီအရင်က တစစီ ဖြစ်သွားကာ သတိပေး အစီအရင်ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။
သတိပေးသံက တောင်ကြားတစ်လျှောက် ဆူညံသွားပြီး အားလုံး၏ အာရုံစိုက်မှုကို ရသွားသည်။ ချင်ယွင်တိက ထိုင်လျက် အိပ်စက်နေသောကြောင့် တန်းနိုးလာသည်။ သူ့အနေနှင့် မျက်လုံး ဖွင့်ထားသည် ဖြစ်စေ၊ ပိတ်ထားသည် ဖြစ်စေ သိပ်ကွာခြားမှု မရှိချေ။
သို့သော် သူ့ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် ၆၄ လက်က သူ့အနောက်ဘက်၌ အဆင့်သင့်ချိန်ရွယ်ထားပြီးပြီ ဖြစ်ပြီး လရောင်အောက်တွင် အေးစက်စက် တောက်ပနေသည်။
ကျောက်ဟောင်က နဂါးသွေးမြက်ကို သုံးစွဲထားပြီး နန်မင်လီ မီးတောက်ဖြင့် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ အနီတောက်တောက် ဓားအငွေ့အသက်များ ဖွဲ့စည်းထားသည်။ ကျောက်ဟောင်က တောင်ကြားကို လှမ်းကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ ရန်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာလေ၏။
ကွေ့ကုန်းကုန်း၊ ချင်ကောင်း၊ ရှောင်လင်း၊ လီလျန်အာနှင့် ကျန်လူများကလည်း လက်နက်ကိုယ်စီ ကိုင်ဆွဲကာ ရှန်ထျန်းအား ဝန်းရံကာကွယ်ပေးလိုက်ကြသည်။
လက်ရှိ ရှန်ထျန်းမှာ နဂါးသွေးမြက် အဆီအနှစ်ကို ဆက်တိုက် စုပ်ယူကာ ကျင့်ကြံနေဆဲ ဖြစ်၏။ သူတို့အနေနှင့် နှောင့်ယှက်၍ ဖြစ်မလား၊ မဖြစ်မလား သေချာမသိသောကြောင့် ဘာမှမလုပ်ရဲချေ။
…………...
အဝင်ပေါက်ရှိ အစီအရင်သည် ချက်ချင်း ကြေမွသွားပြီး ရွှေရောင်ပုံရိပ်က တောင်ကြားထဲ ရောက်လာသည်။
ထိုသူမှာ ရွှေတောင်ပံ ရှိသည့် ကျင်းယု ဖြစ်၏ “ သေနာလေး ထွက်ခဲ့စမ်း ”
နတ်ဆိုးလား …
တောင်ကြားအဝင်ဝ၌ ချင်ယွင်တိက ရပ်နေရင်း မျက်မှော်ကြုတ်မိလိုက်သည်။ အံ့ဖွယ်မိုးကောင်းကင်၏ တပည့်တစ်ယောက်အနေနှင့် သူက တောင်ပိုင်းနယ်မြေ၏ နတ်ဆိုးမျိုးနွယ်များအကြောင်း ကောင်းကောင်း နားလည်ထားပေသည်။ ယခင်နှစ်တစ်သောင်းလောက်တုန်းက တောင်ပိုင်းနယ်မြေ၏ နတ်ဆိုးမျိုးနွယ်သည် အင်မော်တယ် ဇာမဏီအရှင်မ၏ အမိန့်အောက်တွင် နေထိုင်ခဲ့ကြသည်။
အခု အရှေ့ပိုင်းလွင်ပြင် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ နတ်ဆိုးတွေ ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ … သူတို့ရဲ့ သွေးမျိုးဆက်အရ သာမန်နတ်ဆိုးတော့ မဖြစ်နိုင်ဘူး …
ချင်ယွင်တိက မျက်လုံးမှေးမှေးနှင့် ပြုံးလိုက်ကာ “ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့် ချင်ယွင်တိပါ။ ဒီက ရောင်းရင်းနာမည်ကရော … ”
“ မင်း သောက်လုပ်မဟုတ်ပါဘူး။ ငါက ဟိုသေနာကို လိုက် … ”
ကျင်းယုက တောင်ကြားရှိ လူများကို ထွက်သွားဖို့ ပြောတော့မည့်ဆဲဆဲတွင် တစ်ခုခုကို သတိပြုမိသွားသည်။ သူ့ရွှေရောင် မျက်ဝန်းတို့ဖြင့် ချင်ယွင်တိအား စိုက်ကြည့်လိုက်ပြီး “ မင်း ဘာပြောလိုက်တာလဲ … မင်းက အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့်တဲ့လား ”
ချင်ယွင်တိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ “ ဟုတ်ပါတယ် … ဘာလို့များ ဒီကို ရောက်လာတာလဲ သိပါရစေ ”
ကျင်းယုက မဲ့ပြုံးပြုံးကာ “ စိတ်ဝင်စားစရာပဲ… ဟိုသေနာကို မဖမ်းမိပေမဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့်တွေနဲ့ မျက်နှာချင်းဆိုင် လာတွေ့ရတယ်။ မင်းတို့အားလုံးက အတူတူပါပဲ။ မင်းကို ဖမ်းနိုင်ရင် မင်းတို့ရဲ့ သူတော်စင်က သူ့ဘာသာ ရောက်လာမှာပဲ ”
ကျင်းယုက ချင်ယွင်တိအား စိုက်ကြည့်လိုက်ပြီး သူ့အရှိန်အဝါတို့ အားကောင်းလာကာ ချင်ယွင်တိထံ အားလှိုင်းသဖွယ် ဝင်ရောက်သွားသည်။
ကျင်းယုက ချင်ယွင်တိသည် သူ့ကြောက်ခမန်းလိလိ အရှိန်အဝါအောက်တွင် သက်ညှာပေးဖို့ ချက်ချင်း တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူ အလွန်မှားယွင်းသွားခဲ့လေသည်။
ချင်ယွင်တိ မျက်နှာအထက်မှ အပြုံးတို့က တောင့်တင်းသွားသော်လည်း အကြောက်တရား မရှိပေ “ ခင်ဗျားက သူတော်စင်အစ်ကိုကို နာကျင်အောင် လုပ်ချင်တယ်လို့ ပြောချင်တာလား ”
ကျင်းယုက
“ သူ့ကို ထိခိုက်အောင် လုပ်တော့ ဘာဖြစ်လဲ။ မင်းတို့ရဲ့ ကြာပြာက ငါတို့ အကြီးအကဲကိုတောင် တိုက်ခိုက်ခဲ့တာလေ။ သူ သေသင့်တယ်။ ငါ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ လက်စားလာချေတာ … မင်းတို့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေအားလုံးကိုလည်း သတ်မယ်။
သူတော်စင်ကိုလည်း သတ်ပစ်မယ်။ ငါတို့တောင်ပိုင်းနယ်မြေ လင်းယုန်မျိုးနွယ်ကို လုပ်ချင်တိုင်းလုပ်လို့ မရဘူးဆိုတာ မင်းတို့ လူသားမျိုးနွယ်တွေ သိသွားစေရမယ် ”
ကျင်းယုက ပြောနေရင်း အနည်းငယ် ကတိုက်ကရိုက်ဖြစ်သွားစဉ် ချင်ယွင်တိ၏ အမူအယာမှာ မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။
သူ့မျက်လုံးမှေးမှေးလေးက အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။
သူက ညင်ညင်သာသာ မေးလိုက်သည် “ အခု ငါတို့သူတော်စင်ကို သေနာလို့ ပြောလိုက်တာလား ”
ကျင်းယုက ကြောင်အမ်းသွားလေသည်။
ငါ ဘယ်တုန်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သေနာလို့ ခေါ်လိုက်တာလဲ … ထားလိုက်ပါတော့
ဒါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ အခြေတည်အဆင့်သာ ရှိသေးတဲ့ တပည့်တစ်ယောက်ပဲလေ …
သူက ကျင်းယုအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
ချင်ယွင်တိ၏ အငွေ့အသက်အရ ကျင်းယုက သူ့အား တိုက်ကွက်သုံးကွက်အတွင်း သတ်နိုင်ဖို့ ယုံကြည်ချက်အပြည့်အဝ ရှိလေသည်။
“ ဒူးထောက်ပြီး သနားခံလိုက် … မင်းသာ ငါနဲ့ ပူးပေါင်းပြီးတော့ သူတော်စင်ကို မျှားခေါ်ပေးမယ်ဆိုရင် မင်းကို သက်သက်သာသာ သေခွင့်ပေးမယ်”
ကျင်းယုက တောင်ပံဖြန့်ကာ အလင်းတန်းများ ထုတ်လွှင့်လိုက်သည်။ သူက နေဝန်းသဖွယ် မျက်လုံးစူးမတတ် တောက်ပနေသည်။ သူ့လက်ထဲရှိ ဓားကိုလည်း အငွေ့အသက်ပြင်းများဖြင့် ရစ်ပတ်ထားလေ၏။ ထိုမြင်ကွင်းက ကြက်သီးထဖွယ် ဖြစ်ပေသည်။
“ အရူး … ရွှေတောင်ပံ ကိုးချက် - ပထမရိုက်ချက် တောင်နဲ့မြစ်ကို ဖြိုခွင်းခြင်း ”
ကျင်းယုက ချင်ယွင်တိ တစ်ယောက် သနားခံဖို့ ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ပြီးနောက် သရော်မိလိုက်သည်။ သူက ဓားကို မြှောက်ကာ မိုးကုတ်စက်ဝန်းသဖွယ် ဝိုက်သွားကာ ပြင်းထန်သော အငွေ့အသက်များ တစ်လှိုင်းများ တစ်လှိုင်း ထွက်ပေါ်လာသည်။
ချင်ယွင်တိ၏ မျက်လုံးမှေးမှေးများက လေထဲရှိ ကျင်းယုအား မကျေနပ် ကြည့်လိုက်သည်။
ဒီလောက်အရည်အချင်းလေးနဲ့ သူတော်စင်ကို လာစော်ကားရဲတယ်ပေါ့လေ …
“ သူတော်စင်အစ်ကိုကို စော်ကားတဲ့သူတိုင်း သေသင့်တယ် ”
ပြတ်ပြတ်သားသား အသံတစ်သံ ထွက်ပေါ်လာလေ၏။
ချင်ယွင်တိ အနောက်ဘက်ရှိ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် ၆၄ လက်က မှိန်ဖျဖျ တောက်ပလာသည်။
ဘန်း
ကျင်းယုထံ ဝိညာဉ်ရွေကျည်ဆန် တစ်တောင့် ပြေးဝင်လာပြီး မီးတောက်အရိပ်အယောင်သာ ချန်ထားခဲ့သည်။ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသောကြောင့် ပုံရိပ်အပွားများသာ မြင်လိုက်ရသည်။
“မြန်လိုက်တာ ”
ကျင်းယု၏ အမူအယာမှာ ပြောင်းလဲသွားကာ သူ့ရှေ့မှောက်၌ ရွှေရောင်ဒိုင်း ဖြစ်ပေါ်လာသည်။ ဒိုင်းက ကြီးကျယ်ခမ်းနားကာ ဝိညာဉ်ရွှေကျည်ဆန်၏ လမ်းကြောင်းကို ကာဆီးပိတ်ဆို့ထားလိုက်ပြီး တခြားနေရာသို့ လွှင့်စင်သွားစေသည်။
“ ဟားဟား သာမန်ပါပဲ ”
ကျင်းယုက သရော်လိုက်ပြီးနောက် သူ့လက်ထဲမှ ရွှေရောင်ဓားမှာ ပို၍ သိပ်သည်းခိုင်မာလာပုံပေါ်၏။ သို့သော် နောက်စက္ကန့်ပိုင်းလေး၌ သူ့မျက်နှာ၌ အမူအယာ ပြောင်းလဲသွားပြီး နဖူးမှ ချွေးအေးများ ထွက်လာလေသည်။ အကြောင်းမှာ ကျန်ရှိနေသော ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ် ၆၃ လက်မှ ကျည်ဆန်အသီးသီး ထွက်လာ၍ ဖြစ်၏။
ဘန်း
ဘန်း ဘန်း ဘန်း
ဘန်း ဘန်း ဘန်း ဘန်း ဘန်း ဘန်း
……………...
ချင်ယွင်တိ အနောက်ဘက်ရှိ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် ၆၄ လက်မှ ကျည်ဆန်များ ဆက်လက် ထွက်နေဆဲ ဖြစ်သည်။
သေနတ်ပြောင်းဝမှ ထွက်လာသော ဝိညာဉ်ရွှေကျည်ဆန်များက ကျင်းယုဆီ ပြေးဝင်သွားကြသည်။
ချွမ်
ချွမ် ချွမ်
ချွမ် ချွမ် ချွမ်
…………...
ဝိညာဉ်ရွှေကျည်ဆန်များနှင့် ရွှေရောင်ဒိုင်း တွေ့ဆုံသည့်အခါ ဒိုင်း၏ တောက်ပမှုက ဖြည်းဖြည်းချင်း အားနည်းလာသည်။ ကျင်းယု၏ မျက်နှာလည်း ဖြူဖျော့လာလေ၏။ ဤရွှေရောင်ဒိုင်းမှာ သူ့ပင်မလက်နက်ထဲမှ တစ်ခု ဖြစ်ပြီး အင်မတန် အားကောင်းကာ သူ့အတွင်းအားနှင့်လည်း ချိတ်ဆက်မှု ရှိထားသည်။
ရွှေရောင်ဒိုင်းအနေနှင့် ကျည်ဆန်အားလုံးကို ကာဆီးနိုင်ဖို့ရာက စိမ်ခေါ်မှု မဟုတ်သော်လည်း ချင်ယွင်တိက ကျည်ဆန်အများအပြား ဆက်တိုက် ပစ်လွှတ်နေလေသည်။ အဆုံးမရှိသည့် ကျည်ဆန်များက ဆက်တိုက် ကျရောက်နေဆဲ ဖြစ်၏။
ဝိညာဉ်ရွှေကျည်ဆန် ဆယ်ကြိမ်လောက် ပစ်လွှတ်ပြီးနောက် ရွှေရောင်ဒိုင်းသည် နဂိုတောက်ပမှုမျိုး မရှိတော့ပေ။ အက်ရာများပင် ဖြည်းဖြည်းချင်း ပေါ်လာလေ၏။
ကျည်ဆန်အကြိမ် နှစ်ဆယ်လောက် ပစ်လွှတ်ပြီးနောက် ကျင်းယုက ရွှေရောင်ဒိုင်းကိုသာ အားအကုန် စိုက်ထားသောကြောင့် လက်ထဲရှိ ဓားမှာ တစစီ ဖြစ်သွားလေသည်။ ကျည်ဆန်အချက်လေးဆယ်လောက် တစ်ပြိုင်နက် ခံယူပြီးနောက် ဒိုင်းမှာ တစစီ ဖြစ်သွားသည်။ ကျင်းယုလည်း သွေးတစ်ပွက် အန်လိုက်ရ၏။
ချင်ယွင်တိ၏ သေနတ်များက သူ့အား ဆက်လက် ပစ်ခတ်နေဆဲ ဖြစ်သောကြောင့် သူ့ရွှေရောင်ဒိုင်း ပျက်စီးသွားမှုအတွက် ဝမ်းနည်းပူဆွေးဖို့ အချိန်ပင် မရှိလိုက်ချေ။ ။
ထို့အပြင် ချင်ယွင်တိက ဝိညာဉ်ရွှေကျည်ဆန်များကို နည်းလမ်းတကျ ထည့်သွင်းထားသည့်အတွက် နောက်တစ်ကြိမ် ပစ်ခတ်ဖို့ အဆင့်သင့် ဖြစ်နေပြန်သည်။
ဒါက ဘယ်လိုလူသားတုန်း …
သူက အခြေတည်အဆင့် ကျင့်ကြံသူလေ သွေးနတ်ဆိုးထက်တောင် ဘာလို့ ကြောက်ဖို့ ကောင်းနေရတာလဲ …
“ သေနာလေး မင်း ငါ့ကို လိမ်ရဲတယ်ပေါ့။ မင်းက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်မလား … အယုတ်တမာကောင် ”
ကျင်းယုက ဝိညာဉ်ရွှေကျည်ဆန်များကို တောင်ပံခတ်ကာ ရှောင်ရှားနေသော်လည်း သူ့ဘက်မှ အနေအထားပျောက်ဆုံးပြီးနောက် ရှုံးပြီးသား တိုက်ပွဲကို တိုက်နေရသလို ဖြစ်နေသည်။
ဝှစ်
ဝှစ် ဝှစ်
………….....
ကျင်းယု၏ ခန္ဓာကိုယ်နှင့် တောင်ပံအထက်တွင် သွေးများ ပေစွန်းနေပြီး ယခု သနားစဖွယ် ဖြစ်နေလေပြီ။
ကျင်းယု၏ ငှက်မွေးဝတ်စုံက ရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ အားကောင်းသော ကာကွယ်ရေးဂုဏ်သတ္တိများ ပါဝင်သည့် အဖိုးတန် ချပ်ဝတ်တစ်ခု ဖြစ်ပေသည်။ မဟုတ်ပါက ချင်ယွင်တိ၏ ကျည်ဆန်တစ်ကြိမ်တည်းဖြင့် ကျင်းယုအား အသားလုံး ဖြစ်သွားစေလိမ့်မည်။
သို့သော် ရွှေငှက်မွေးဝတ်စုံက ကာကွယ်ပေးထားလျက်ပင် ကျင်းယုက ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ပေါ် လဲကျသွားဆဲ ဖြစ်၏။
သူက ချင်ယွင်တိအား ကြည့်ကာ
“ အယုတ်တမာကောင် … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလိုရက်စက်ပြီး လူမဆန်တဲ့သူမှန်း မသိခဲ့ဘူး။ မင်းသာ လုပ်နိုင်စွမ်း ရှိရင် ဒီလိုလက်နက်ကို မသုံးဘဲနဲ့ တကယ့်ဓားနဲ့ လာတိုက်လှည့် ”
ချင်ယွင်တိက ကျင်းယုအား သေနတ် ၆၄ လက်ဖြင့် ဆက်လက် ချိန်ထားရင်း ညင်ညင်သာသာ ကြည့်လိုက်ပြီး
“ ခင်ဗျား လူမှားနေပြီ … သူတော်စင်နဲ့ ယှဉ်လိုက်ရင် သူတော်စင်က နေမင်းကြီးဆိုရင် ကျုပ်က ပိုးစုန်းကြူးလောက်ပဲ ရှိသေးတာ။ ခင်ဗျားလိုလူမျိုးတွေက သူတော်စင်ကို စော်ကားချင်တယ်ပေါ့လေ။ နောင်ဘဝကျ အမြင်ကျယ်ကျယ်ထားကြဦး ”
ထို့နောက် ချင်ယွင်တိက ရွှေငှက်မွေး လင်းယုန်ကို ငရဲပို့ပေးဖို့ရာ နောက်ထပ် ထပ်ပစ်တော့မည်အချိန် ရုတ်ချည်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့သေနတ်များအား တောင်ကြားအဝင်ဝဆီ ထပ်မံချိန်ရွယ်ထားလိုက်သည်။
အဝင်ဝတွင် ငှက်မွေးပုံရိပ်လေးခုက ပျံသန်းလာကြ၏။ တစ်ယောက်ချင်းစီမှ အားကောင်းသော အငွေ့အသက်များ ထုတ်လွှင့်နေပြီး ကျင်းယုနှင့် လက်ရည်တူ ဖြစ်၏။
ရောင်စုံဝတ်စုံနှင့် မိန်းမပျိုလေးက ဦးဆောင်လာခြင်း ဖြစ်ပြီး သူမ အငွေ့အသက်တို့က အတော်လေး ထူးခြားပေသည်။ သူက ကမ္ဘာမြေထံ နတ်သမီးတစ်ပါး ဆင်းသက်လာသလိုမျိုး နတ်အလင်းရောင်များဖြင့် တောက်ပနေသည်။
ကျင်းယုက သူ့အပေါင်းအပါများ ရောက်လာသည်ကို မြင်လိုက်သည့်အခါ သက်ပြင်းချလိုက်မိသည် “ အားလုံး ဂရုစိုက်ကြ … ဒီကောင်စုတ်က အံ့ဖွယ်မိုးကောင်းကင်ရဲ့သူတော်စင်ပဲ။ သူက အရမ်းဉာဏ်များတယ်။ အထူးသဖြင့် သူ့နောက်က လက်နက်တွေပဲ။ အရမ်းမြန်ပြီးတော့ မင်းတို့ရဲ့ ရွှေအမြုတေကိုတောင် ထိုးဖောက်နိုင်လိမ့်မယ် ”
ကျင်းယု၏ သတိပေးစကားများကို ကြားပြီး သူ့ဒဏ်ရာများကို မြင်ပြီးနောက် လေးယောက်သား လေးနက်သွားပုံရ၏။ သူတို့က ချင်ယွင်တိအား ဝိုင်းထားလိုက်ကြပြီး တိုက်ခိုက်ဖို့ အဆင့်သင့်ပြင်ထားလိုက်ကြသည်။
“ ညီလေးကျောက်ဟောင် … ငါ သူတို့ကို ထိန်းထားလိုက်မယ်။ မင်း သူတော်စင်ကို သွားနှိုးလိုက်တော့။ သူတစ်ယောက်တည်းကသာ ဒီလူတွေကို ဖြေရှင်းနိုင်မှာ ”
ချင်ယွင်တိ မျက်ဝန်း၌ စိုးရိမ်သည့် အရိပ်အယောင်တချက် ဖြတ်ပြေးသွားလေသည်။ သူက ဤအဖွဲ့နှင့် မည်သို့ရင်ဆိုင်ရမည်ကို ကောင်းကောင်း သိထားသည်။ သူက ကျင်းယုကို တစ်ယောက်ချင်းတိုက်လျှင် ထိန်းထားနိုင်ဖို့ ယုံကြည်ချက် ရှိသော်လည်း ကျင်းယုအား အလွယ်တကူတော့ သတ်နိုင်မည် မဟုတ်ပေ။
အကယ်၍ ကျင်းယုသာ မောက်မာပြီး သတိလက်လွှတ်မနေခဲ့ဘဲ သူ့အမြန်နှုန်းနှင့် ချက်ချင်းတိုက်ခိုက်ခဲ့လျှင် သူ့ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များဖြင့်ပင် အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ယခု လေးယောက် ထပ်မံရောက်ရှိလာပြီ ဖြစ်ရာ တစ်ယောက်ချင်းစီကလည်း ကျင်းယုလောက် အားကောင်းနေပြီး ခေါင်းဆောင်က ပို၍ အားကောင်းနေသေးသည်။ ထို့အပြင် ကျင်းယုက သူတို့အား ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များအကြောင်း သတိပေးထားလိုက်၍ ရုတ်ချည်း တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘဲ အကျိုးသက်ရောက်မှု လျော့ကျသွားစေသည်။
ဤအခြေအနေ၌ ချင်ယွင်တိက ထိုလူများအား အနိုင်ယူဖို့ ယုံကြည်ချက် မရှိတော့ဘဲ အချိန်ဆွဲထားနိုင်ဖို့သာ မျှော်လင့်မိသည်။
ကျောက်ဟောင်က ခေါင်းညိတ်ကာ တောင်ကြားအတွင်းပိုင်းထဲ ရှန်ထျန်းကို နှိုးဖို့ အပြေးအလွှား ဝင်ရောက်သွားသည်။
………...
“ ရှင့်ရဲ့ ညီလေးကို အရင်ထွက်သွားခိုင်းလိုက်တယ်ပေါ့လေ ”
ဘီလုံးငှက်မျိုးနွယ်စုမှ ပါရမီရှင်က ပြုံးလိုက်သည် “ သူတော်စင်က ကြင်နာတတ်လိုက်တာ … ရှင်က မိန်းမဆန်ပေမဲ့ ယောကျ်ားစိတ်ဓာတ်တော့ ပိုင်ဆိုင်ထားသား ”
ကြိုးကြာဖြူ မျိုးနွယ်မှ ပါရမီရှင်ကလည်း ငေါ့တော့တော့ ပြောလိုက်သည် “ ကျင်းယု … သူက အခြေတည်အဆင့် ကျင့်ကြံသူလေကွာ။ မင်းက ဒီလောက်အခြေအနေအထိ ဖြစ်သွားရတာလဲ ”
ကျင်းယုက ပြန်လည်ချေပလိုက်၏ “ဟယ်ဝူရွမ်း … မင်း သတ္တိရှိရင် ဒီလူသားကို မင်းဘာသာ ဖြေရှင်းလိုက်။ သူ့လက်နက်နဲ့ သေမသွားနဲ့ဦး ”
ဟယ်ဝူရွမ်းက အားရပါးရ အော်ရယ်လိုက်ကာ “ စမ်းကြည့်ရတာပေါ့ … အားလုံး နောက်ဆုတ်နေ ဝင်မပါနဲ့ ”
ထို့နောက် ဟယ်ဝူရွမ်း ခန္ဓာကိုယ်ပေါ်မှ မြောက်များစွာသော ငှက်မွေးများ ထွက်ပေါ်လာသည်။ ထိုငှက်မွေးများက သန့်စင်သော မှော်စွမ်းအားသပ်သပ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ငှက်မွေးတစ်ခုချင်းစီက အခြေတည်အဆင့် ကျင့်ကြံသူကိုပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။
ထိုငှက်မွေးအားလုံးက ချင်ယွင်တိကို ချိန်ရွယ်ထားကြသည်။ သူတို့က အမြန်ဆုံးနှုန်းနှင့် မလှုပ်ရှားလျှင်ပင် ချင်ယွင်တိက ပြေးစရာနေရာ မရှိတော့ပေ။ တိုက်ခိုက်မှုက နေရာထောင့်စေ့အောင် ဖုံးလွှမ်းထားသည်။ ဟယ်ဝူရွမ်းက ကြွစောင်းစောင်းနိင်သော်လည်း ကျင်းယုထက် သတိကြီးပေသည်။
“ ပိုးကောင်လေး မင်းကို ခြေမွပစ်မယ် ”
ချင်ယွင်တိက ရယ်လိုက်သည်။ ထိုငှက်မွေးများထံ ဦးတည်နေသည့် အဆောင်ရာချီ ထွက်ပေါ်လာလေ၏။
“ ဂိုဏ်းတူအစ်ကိုက ပြောဖူးတယ် … အနုပညာဆိုတာ ပေါက်ကွဲခြင်းတဲ့ ”
ချင်ယွင်တိ၏ ရွှေရောင်ဆံပင်တွေက လေနှင့်အတူ ယိမ်းနွဲ့နေသည်။ သူ့မျက်လုံးမှေးမှေးလေးပင် ပွင့်လာပြီး အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
ဝုန်း …
ကြောက်မက်ဖွယ် ပေါက်ကွဲရေးလှိုင်းလုံးကြီးက မှော်ငှက်မွေးဖြူများကို ဖျက်စီးသွားပြီး ဖုန်မှုန့်အလုံးလိုက် ဖြစ်ပေါ်လာကာ ပြာမှုန့်များက တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ ဒါတွေအားလုံးက အရည်အသွေးအကောင်းဆုံး မိုးကြိုးဖောက်ခွဲရေး အဆောင်တွေပဲ ”
ဘီလုံးငှက်မျိုးနွယ်၏ ပါရမီရှင်က သူမ ပါးစပ်ကို အုပ်ထားလိုက်သည်။ သူမက အနည်းငယ် ကြောင်အမ်းမိသွားသည် “ သူက တကယ်ကို အံ့ဖွယ်မိုးကောင်ကင်ရဲ့ သူတော်စင်ပဲ … အထင်ကြီးလောက်ပါပေတယ်။ ”
“ အဲတော့ ဘာဖြစ်လဲ … ပြိုင်ဖက်ကင်း စွမ်းအားရှေ့မှောက်မှာ ဒါတွေအားလုံးက ရေကန်ထဲက လအရိပ်လိုပဲ။ တစ်ချက်တောင် ခံနိုင်ရည်မရှိတဲ့ ပုံရိပ်သပ်သပ်ပဲ ”
ဟယ်ဝူရွမ်းက အေးစက်စက် ရယ်မောလိုက်ပြီး ချင်ယွင်တိ၏ အနောက်ဘက်သို့ ရုတ်ချည်း ရောက်သွားသည်။ သူက ကြိုးကြာဖြူ ငှက်မွေး စုတ်တံကို ဓားတစ်ချောင်းကဲ့သို့ ကိုင်ဆောင်ထားပြီး ချင်ယွင်တိထဲ ထိုးသွင်းဖို့ အဆင့်သင့် ဖြစ်နေလေပြီ။
သို့သော် ငှက်မွေးစုတ်တံက ချင်ယွင်တိထဲ ဝင်ရောက်သွားစဉ် ဟယ်ဝူရွမ်း မျက်နှာအထက်၌ ပျော်ရွင်သည့် အရိပ်အယောင် မရှိနေချေ။ ထို့အစား သူ့မျက်နှာက မည်းမှောင်သွားကာ သူ့စုတ်တံကို မြန်မြန်ဆွဲယူပြီး နောက်ဆုတ်ဖို့ ကြိုးစားလိုက်သည်။
ကြိုးကြာငှက်မွေး စုတ်တံက သူ့အား ထိုးစိုက်လိုက်သော်လည်း သွေးတစ်စက်မှ ထွက်မလာချေ။ ထို့အစား မည်းနက်သွားလေ၏။
ဒါက … ဆန်းကြယ်ပညာရပ် နဲ့ မြေကြီးကနေ ငါးစာအနေနဲ့ လုပ်ထားတဲ့ ရွံ့စေးပုံစံလား ….
“ ခင်ဗျားက တော်တော်သွက်သားပဲ။ ဒါပေမဲ့ နောက်ကျလွန်းသွားတာ နှမြောစရာပဲ ” ချင်ယွင်တိ၏ အသံက ဖုန်မှုန့်ကြားမှ ထွက်ပေါ်လာသည်။
ငွေရောင်ချပ်ဝတ် ထိုးဖောက်ကျည်ဆန်က သူ့အနား ပေါက်ကွဲထွက်သွားသောကြောင့် ဟယ်ဝူရွမ်းအောက်မှ မြေကြီးသည် နှစ်ခြမ်းကွဲထွက်သွားသည်။
ထိုကျည်ဆန်အပြီးတွင် ဟယ်ဝူရွမ်းထံ အဘက်ဘက်မှ ပစ်ခတ်လာသော ဝိညာဉ်ရွှေကျည်ဆန်များ ရှိလာ၏။ သူက အလယ်တွင် ပိတ်မိသွားလေပြီ။
ပစ်ခတ်သည့် အသံများ ထွက်ပေါ်လာကာ ဟယ်ဝူရွမ်းထံ နေရာအနှံ့ဘက်ပေါင်းစုံမှ ကျည်ဆန်များ တိုးဝင်လာသည်။
ဤသည်မှာ ဟယ်ဝူရွမ်းအား မျှားခေါ်ရန်အတွက် စောစောလေးက ခင်းကျင်းခဲ့သော ထောင်ချောက် ဖြစ်၏။
သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ရွယ်တူများကြားတွင် တစ်ဦးတည်းသော အခြေတည်အဆင့် ကျင့်ကြံသူအဖြစ် ကျန်ရှိခဲ့သူ ဖြစ်သည်။ ချင်ယွင်တိ၏ ကျင့်ကြံဆင့်က တခြားတပည့်များလောက် မမြင့်သော်လည်း သူ့တိုက်ပွဲ အတွေ့အကြုံက အားလုံးနှင့် ယှဉ်နိုင်ပေသည်။ ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်ကို မဖန်တီးနိုင်ခင်က သူက သာမန်မိုးကြိုးဖောက်ခွဲရေး အဆောင်ဖြင့် ရွှေအမြုတေအဆင့် နတ်ဆိုးကို တိုက်ခိုက်ခဲ့ဖူးသည်။
ပြောရလျှင် တိုက်ပွဲအတွင်း ချင်ယွင်တိက ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုပုံမှာ မည်မျှအကျွမ်းတဝင်ဖြစ်နေကြောင်း သိသာပေသည်။
ယခု သူ့ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်နှင့် ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်များဖြင့် ချင်ယွင်တိ၏ တိုက်ခိုက်စွမ်းအားမှာ သိသိသာသာ တိုးမြင့်သွားသည်။
တောင်ပိုင်းနယ်မြေ၏ ပါရမီရှင်များနှင့် ရင်ဆိုင်ရသည့်အခါ ချင်ယွင်တိက အကြောက်တရားကို မပြခဲ့ပေ။ သူက ရင်ဆိုင်တိုက်ခိုက်လိုက်၏။
သူက ပျော့ညံ့သည့်လူတစ်ယောက်နှင့် တူသော်လည်း ထိုညင်သာနူးညံ့သည့် မျက်နှာအောက်တွင် သရဲသဘက်တစ်ကောင် ဖြစ်နေသည်။
ဖုန်မှုန့်များ အနည်ထိုင်သွားလေသည်။
ချင်ယွင်တိက တောင်ကြားအဝင်ဝ၌ မတ်မတ်ရပ်နေဆဲ ဖြစ်၏။
သူ့ခြေထောက်အောက်တွင် ဟယ်ဝူရွှမ်း ရှိနေပြီး မြေပြင်ပေါ် မှောက်သိပ်ခံထားရသည်။ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် သုံးလက်က ဟယ်ဝူရွှမ်း၏ ဦးခေါင်းကို ချိန်ရွယ်ထားပြီး အခြားသော သေနတ်များက ကျန်သုံးယောက်ကို ချိန်ရွယ်ထားသည်။
ချင်ယွင်တိက ညင်ညင်သာသာ ပြောလိုက်သည် “ နံပါတ်တစ် ကျုပ်က သူတော်စင် မဟုတ်ဘူး။ တကယ်လို့ သူ ဒီမှာသာ ရှိနေရင် ခင်ဗျားတို့ကို လက်တစ်ချောင်းလောက်နဲ့ အပြတ်ရှင်းပစ်နိုင်တယ်။ နံပါတ်နှစ် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘယ်တော့မှ ပြဿနာ စမရှာဘူး။ တကယ်လို့ တစ်ယောက်ယောက် လာစခဲ့ရင်တော့ သေနတ်နဲ့ ပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး …
နံပါတ်သုံး ခင်ဗျားတို့ မိတ်ဆွေကို မသေစေချင်ရင် ဘာမှလုပ်မယ် မကြံနဲ့ ”
ဟယ်ဝူရွှမ်းအနေနှင့် ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်သုံးလက်မှ အေးစက်စက် အငွေ့အသက်ကို ခံစားမိလာသောကြောင့် ချွေးအေးများ စီးကျလာသည်။ သူက မြန်မြန် အော်ပြောလိုက်သည် “ နတ်မိမယ်ခုံမုန့် … ကျုပ်ကို ကယ်ပါဦး ”
ရောင်စုံဝတ်စုံနှင့် မိန်းမပျိုလေးက ရှေ့ထွက်လာကာ ချင်ယွင်တိအား စိုက်ကြည့်လိုက်သည် “ မင်းက တိုက်ပွဲမှာ အတော်လေး ကျွမ်းကျင်တာပဲ။ ငါ လေးစားမိသား … မင်း အရမ်းညွှန်းနေတဲ့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က ငါ့အာရုံကို သိချင်အောင် လာနှိုးဆွနေတယ်။ ဟယ်ဝူရွှမ်းကို လွှတ်ပေးပြီးတော့ သူတော်စင်ကို ရှာပေးရင် မင်းကို မသတ်ဘူးလို့ ကတိပေးတယ် ”
ချင်ယွင်တိက ခုံမုန့်အကြည့်အား ပြန်တုံ့ပြန်လိုက်သည်။ သူက သတိမလွတ်ဘဲ “ ခင်ဗျားကို ယုံမယ်များ ထင်နေလား ”
ခုံမုန့်က ပြုံးကာ “ မင်း မယုံချင်ရင် မယုံနဲ့။ ငါ့အတွက် ဘာမှမကွဲပြားဘူး ”
ထို့နောက် ခုံမုန့်နောက်တွင် ဒေါင်းသဏ္ဌာန် ထွက်ပေါ်လာကာ ရောင်စုံအလင်းများ ဖြာကျလာသည်။
အံ့ဖွယ်အလင်းတန်းက အမြန်ဆုံးနှုန်းနှင့် ရွေ့လျားလာပြီး ချင်ယွင်တိ မတုံ့ပြန်နိုင်ခင် ဟယ်ဝူရွှမ်းက သူ့ခြေထောက်မှ ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းတွင် သူ့ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်ထဲမှ တစ်လက်လည်း ထိုအလင်းထဲ ပါသွားလေ၏။
ချင်ယွင်တိက အသက်ပြင်းပြင်းရှုကာ ခုံမုန့်၏ လွှမ်းမိုးနိုင်သော မျက်နှာထားကို ကြည့်လိုက်မိသည်။
“ ဒေါင်းမျိုးနွယ်ရဲ့ အားအကောင်းဆုံး ပညာရပ် သက်တံ့အံ့ဖွယ်အလင်းမလား။ ခင်ဗျားက ဒါကို အောင်အောင်မြင်မြင် လေ့ကျင့်ထားနိုင်တယ်လား ”