အချိန်မှန် နေရာမှန်
Vol. 11-16 Ch. 209
အခန်း (၂၀၉) : အချိန်မှန် နေရာမှန်
ဇာမဏီမျိုးနွယ်က တောင်ပိုင်းနယ်မြေ၏ အုပ်ချုပ်သူ ဖြစ်သည်။ အခြားသော မျိုးနွယ်စုများကလည်း သူတို့အင်အားကြောင့် နာမည်ကြီးကြပြီး အထွတ်အမြတ်မြေကိုပင် ယှဉ်နိုင်စွမ်း ရှိကြ၏။ ဒေါင်းမျိုးနွယ်နှင့် ရွှေတောင်ပံ လင်းယုန်မျိုးနွယ်ထဲမှ ထိုမျိုးနွယ်စုများအနက် အကောင်းဆုံးနှစ်ခု ဖြစ်ပြီး အထွတ်အမြတ်မြေများထက် အားနည်းခြင်း မရှိပေ။
ရွှေတောင်ပံ လင်းယုန်မျိုးနွယ်သည် အမြန်နှုန်းနှင့် တိုက်ခိုက်ရေးကို အထူးသီးသန့် လေ့ကျင့်ပြီး ဒေါင်းမျိုးနွယ်သည် ဓာတ်ငါးပါး စွမ်းအားများ၌ ထူးချွန်ကြသည်။
သက်တံ့အံ့ဖွယ်အလင်းသည် ဒေါင်းမျိုးနွယ်၏ အားအကောင်းဆုံး အမွေအနှစ်တစ်ခု ဖြစ်၏။ ပြောကြသည်ကား ဓာတ်ငါးပါး ဖွဲ့စည်းပုံနှင့် မွေးဖွားလာသော အသန့်စင်ဆုံး ဒေါင်းမျိုးနွယ် သွေးမျိုးဆက်သာ ထိုပညာရပ်ကို ကျင့်ကြံနိုင်ခွင့် ရှိပေသည်။
ထိုပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သွားပြီးနောက် သူတို့က ဓာတ်ငါးပါး သဘာဝပိုင်ဆိုင်သော မည်သည့်အရာကိုမဆို စုပ်ယူနိုင်စွမ်း ရှိလာလိမ့်မည်။
လွန်ခဲ့သော နှစ်တစ်သန်းအတွင်း ခုံမုန့်က ဒေါင်းမျိုးနွယ်၏ အသန့်စင်ဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
သူမ မွေးဖွားလာစဉ်အခါက ဒေါင်းရွာအပေါ်၌ ငါးရောင်ခြယ် တိမ်တိုက်ကြီး ဖြစ်ပေါ်လာပြီး တစ်နယ်မြေလုံးကို အလင်းတန်းများဖြင့် ကာဆီးအုပ်လွှမ်းထားလေသည်။ ရွာအလယ်ရှိ ဒေါင်းရုပ်တုကြီးက နိုးထလာကာ ခုံမုန့်ထံ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးခဲ့သည်။
ထိုစဉ်ကတည်းက ခုံမုန့်က ဒေါင်းမင်းသမီး ဖြစ်လာပြီး အကြီးအကဲအများစုထက်ပင် လေးစားခံရသည်။
အကြောင်းအရင်းက ရိုးရှင်းလှပေသည်။ ဒေါင်းမျိုးနွယ်သည် အကြီးအကဲတချို့ဖြင့် ဆုံးဖြတ်ချက် လုပ်ကိုင်နိုင်သော်လည်း ခုံမုန့်ကား ဒေါင်းမျိုးနွယ် ပြန်လည်တောက်ပလာဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က ဘာကိုမှ အမှားအယွင်း မဖြစ်ဖို့ သေချာအောင်လုပ်ထားရသည်။
ငါးရောင်ခြယ်ဒေါင်းက ထာဝရအရှင်တစ်ပါးကိုပင် သတ်နိုင်ခဲ့သည်ဟု ပြောစမှတ်ရှိဖူးသည်။
ခုံမုန့်က အသက်နှစ်ဆယ်မျှသာ ရှိသေးသော်လည်း ပြိုင်ဖက်ကင်း ဖြစ်နေလေပြီ။
သူမ၏ သက်တံ့အံ့ဖွယ်အလင်းကြောင့် တောင်ပိုင်းနယ်မြေရှိ မည်သူကမှ သူမကို အနိုင်မယူနိုင်ကြပေ။ တော်ဝင်မင်းသမီးပင် သူမထံ ရှုံးနိမ့်သွားရသည်။ သူမက တောင်ပိုင်းနယ်မြေ၏ ရွှေအမြုတေ အဆင့်ဇယားတွင် အဆင့်(၁) ဖြစ်သည်။
ပါရမီရှင်တော်တော်များများက သူမ အရည်အချင်းကို သံသယဝင်ကြပြီး ရွှေအမြုတေ အဆင့်ဇယားမှ အမျိုးသားခုနှစ်ယောက်ပေါင်းကာ သူမအား စိမ်ခေါ်ခဲ့ကြသေးသည်။ အဆုံးသတ်၌ သူတို့သာ ရှုံးနိမ့်သွားလေ၏။
ခုံမုန့်က ထိုစဉ်ကတည်းက လူသိများလာခဲ့သည်။
တချို့လူများက သူမအား အင်မော်တယ် ဇာမဏီအရှင်မနှင့်ပင် နှိုင်းယှဉ်ကြသည်။ ကောလဟာလများအရ ဇာမဏီအရှင်မကိုယ်တိုင်ကပင် ခုံမုန့်အား သဘောကျကာ မွေးစားသမီးအဖြစ် ခေါ်ထားသည်ဟု ဆိုကြသည်။ ထို့ကြောင့် တောင်ပိုင်းနယ်မြေ နတ်ဆိုးများကြား၌ ခုံမုန့်၏ အဆင့်အတန်းက မြင့်ပေသည်။
သူမက ချင်ယွင်တိရှေ့ ပြုံးရင်း ရပ်နေသော်လည်း ဖိအားက သူ့အား အသက်ရှုမဝသလို ဖြစ်လာစေသည်။
သူမက ရှုံးနိမ့်ခြင်းကို မခံစားဖူးသည့် တကယ့် စစ်သည်တော်တစ်ယောက် ဖြစ်၏။ သူမ၏ ကျင့်ကြံဆင့်မှာ အခြေတည်အဆင့်အထိ လျော့ချထားသော်လည်း ဒုက္ခများသည့် ပြိုင်ဖက် ဖြစ်နေသေး၏။
“ ခင်ဗျားက ဒေါင်းမျိုးနွယ်က … အဲဒီလူလား ”
ချင်ယွင်တိက ချွေးစေးများ ထွက်လာကာ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်အားလုံးက တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်ကုန်ကြသည်။
“ ဒီဓမ္မပစ္စည်းက စိတ်ဝင်စားဖို့ ကောင်းသားပဲ ” ခုံမုန့်က ချင်ယွင်တိ၏ သေနတ်နှင့် ဆော့ကစားရင်း အလင်းတန်းတစ်ချက် ထွက်သွားသည်။
ဝုန်း
ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်၏ အလိုလိုဖျက်စီးမှု ဖြစ်ပြီး သက်ရောက်မှုက အားပြင်းပေသည်။ သို့သော်လည်း ခုံမုန့်ကိုတော့ ထိခိုက်မှု မရှိခဲ့ပေ။
သက်တံ့အံ့ဖွယ်အလင်းက ပေါက်ကွဲမှုမှ သူမအား တိတိကျကျ ကာကွယ်ပေးထား၏။
“ ကောင်းလိုက်တဲ့ အစီအရင် … ကြည့်ရတာ ပညာရှင်တစ်ယောက် လုပ်ပေးထားတဲ့ပုံပဲ ”
ခုံမုန့်က ပြုံးရင်း ချင်ယွင်တိအား ကြည့်လိုက်ကာ “ ငါ ဒီလက်နက်ကို အရမ်းသဘောကျတယ်။ မင်း ငါ့ကို ပစ္စည်းတချို့ပေးမယ်ဆိုရင် မင်းကို မသတ်ဘူး”
တချို့ပေးရင် မသတ်ဘူးတဲ့လား …
ခုံမုန့်၏ အသံက အလေးအနက်ထားဟန် မပေါ်ပေ။
လူသားနှင့် နတ်ဆိုးကြားရှိ ဆက်ဆံရေးမှာ အစကတည်းက မကောင်းခဲ့ပေ။ ခုံမုန့်က လူသားများကို သုတ်သင်ပစ်ဖို့ မရည်ရွယ်ထားသော်လည်း တိုက်ပွဲဆင်နွဲဖို့ အဆင့်သင့် ဖြစ်နေလေပြီ။ အမဲလိုက်မုဆိုးများက သားကောင်များကို မသနားသည့်အတိုင်း နတ်ဆိုးများကလည်း သက်ညှာသနားပေးမည် မဟုတ်ပေ။
ချင်ယွင်တိက အံ့ကြိတ်ကာ “ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ ”
သူက လက်ကျန် သေနတ် ၆၃ လက်ကို ထိန်းချုပ်ကာ ပစ်ခတ်လိုက်သည်။ သေနတ်ပြောင်းဝမှ ကျည်ဆန်များက မိုးသဖွယ် ခုံမုန့်ထံ ဝင်ရောက်သွားသည်။
ဘန်း
ဘန်း ဘန်း
ဘန်း ဘန်း ဘန်း …
.............
ရုတ်ချည်းတိုက်ခိုက်မှုက ကျင်းယုနှင့် ဟယ်ဝူရွှမ်းအား လန့်ဖြတ်သွားစေသည်။ ထိုသေနတ်များက သူတို့အား ဒဏ်ရာပေးထားပြီးပြီ မဟုတ်ပါလော။ သူတို့အနေနှင့် ပုန်းအောင်းဖို့လည်း မဖြစ်နိုင်ပေ။
“ မင်း ငါ့ကို မနိုင်ပါဘူး ” ခုံမုန့်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ သူမက လက်ဟန်အချို့ ပြုလုပ်လိုက်သည့်အခါ ဒေါင်းက အမြီးကို ဖွင့်ဟလိုက်သည်။ ထို့နောက် သူမရှေ့ အလင်းဒိုင်းကာကြီးတစ်ခု ပေါ်လာပြီး ကျည်ဆန်အားလုံးကို တားဆီးပေးထားသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ချင်ယွင်တိက အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားသည်။ သူ့တိုက်ခိုက်မှုက ရွှေအမြုတေ၏ ကန့်သတ်နယ်မြေကိုပင် ထိုးဖောက်သွားနိုင်သည်။ သေနတ်အလက် ၆၀ ကျော် ဆက်တိုက်ပစ်ခတ်မှုဖြင့် ထိပ်တန်းရွှေအမြုတေအဆင့် ကျင့်ကြံသူပင် အင်မတန် သတိထားရပေမည်။
သူမက ကျင့်ကြံဆင့်ကို အခြေတည်အဆင့်အထိ ဖိနှိပ်ခံထားရသည့် ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်းတွင် တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်လိုက်သည်လား။
“ မင်းက တကယ်ရိုင်းတာပဲ ” ခုံမုန့်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး လက်ချောင်းကို လှုပ်ရှားလိုက်သည်။
သက်တံ့အံ့ဖွယ်အလင်းက ဝှစ်ခနဲ ပေါ်လာကာ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်အများစုကို လွှမ်းခြုံသွားလေသည်။
ချင်ယွင်တိက လက်ကျန်သေနတ်များဖြင့် မြန်မြန် နောက်ဆုတ်လိုက်၏။ သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက လက်နက်အားလုံး ပါသွားလောက်လေပြီ။
“သူမက အရမ်းအားကောင်းတာပဲ ”
ချင်ယွင်တိက တွေးရင်း ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ သူ့အနေနှင့် သူမကို ရင်ဆိုင်ဖို့ရာ ခက်ခဲလှပေသည်။
သူတော်စင်အစ်ကိုရှန်ပဲ သူမကို ကိုင်တွယ်နိုင်မှာ …
ကျင်းယုနှင့် ဟယ်ဝူရွမ်းတို့က ခုံမုန့် အရေးသာသွားသည့် မြင်ကွင်းကို မြင်ကာ စိတ်အားတက်ကြွလာကြသည်။
“လူသား … မင်းကိုယ်မင်း မှန်ထဲ ပြန်ကြည့်လိုက်ဦး။ တကယ်လို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အဆင့်ဖိနှိပ်ထားတာသာ မရှိရင် မင်းကို တစ်ယောက်တည်း ဖြေရှင်းလို့ ရတယ်ကွ … နတ်မိမယ်ခုံမုန့် သူ့လက်နက်အားလုံးကို စုပ်ယူပစ်လိုက် ။ ကျုပ်တို့ သူ့ကို ဖြည်းဖြည်းချင်း တစစီ လုပ်ပစ်လိုက်မယ် ”
ခုံမုန့်က သေနတ်များဖြင့် ကစားရင်း ခေါင်းခါကာ “ သူက သူ့မိတ်ဆွေကို အရင်ထွက်ပြေးခိုင်းလိုက်တယ်။ ဒါက တော်တော်သတ္တိရှိတာပဲ … ငါ အခုလိုနေတာ သူ မဟုတ်ဘူး။ ဒီနေ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ လိုတယ်။ မရုန်းနေဘဲနဲ့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကို လာပြီး ကယ်တင်ခိုင်းလိုက် … သူ ဘယ်လောက်အားကောင်းလဲ သိချင်တယ် ”
ခုံမုန့် မျက်ဝန်းများက စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။
သူမက အားကောင်းလွန်းကာ အထီးကျန်နေမိသည်။
သက်တံ့အံ့ဖွယ်အလင်းက သူမ မွေးဖွားလာကတည်းက အဖော်ပြုပေးလာပြီး သူမနှင့် ရွယ်တူများက တိုက်ကွက် ဆယ်ကွက်ကိုပင် မခံနိုင်ကြပေ။ ထို့ကြောင့် ခုံမုန့်အနေနှင့် အားလုံး သဘော ထင်ထားသည့်အတိုင်း သက်တောင့်သက်သာ ဘဝကို ရရှိနေခြင်း မဟုတ်ပေ။
သူမအနေနှင့် တိုက်ပွဲအတွင်း သူမနှင့် လက်ရည်တူ သို့မဟုတ် သူမကို အနိုင်ယူနိုင်မည့် ပြိုင်ဖက်မျိုးနှင့် ဆုံဖူးချင်သည်။ အရှေ့ပိုင်းလွင်ပြင် ရောက်လာသည့်အကြောင်းမှာ ကျင်းယုအတွက် ကူညီပေးဖို့က ဦးစားပေး မဟုတ်ပေ။ သူမက အရှေ့ပိုင်းလွင်ပြင်ရှိ ခရမ်းစံအိမ်တော်၏ သူတော်စင်သည် အင်မတန် ထူးချွန်ပြောင်မြောက်သော ကျင့်ကြံသူ ဖြစ်ကြောင်း ကြားထားဖူး၍ ဖြစ်၏။ သူ့တွင် ကံကြမ္မာကောင်း ရှိပြီး နဂါးနက်ကျွန်းနှင့်လည်း ဆက်သွယ်ထားသေးသည်။ ပြောရလျှင် နောင်အနာဂတ်၌ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။
ခုံမုန့်က သူတော်စင်နှင့် တိုက်ခိုက်ရန် မျှော်လင့်မိသည်။
အကယ်၍ သူမ၏ သက်တံ့အံ့ဖွယ်အလင်းက တိုက်ပွဲကြောင့် တိုးတက်လာခဲ့လျှင် ပိုကောင်းပေမည်။ သို့သော်လည်း ခုံမုန့်က ကမ္ဘာဦးတိုက်ပွဲနယ်မြေက သူမအား အံ့ဩစရာ ယူဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်ယွင်တိက ခုံမုန် မျှော်လင့်ထားသည်ထက် ပို၍ အားကောင်းနေသည်။
ကျင်းယုနှင့် ဟယ်ဝူရွှမ်းတို့က တောင်ပိုင်းနယ်မြေ၏ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အဆင့်နံပါတ် နိမ့်ကျကာ လက်ရှိအနေအထားအရ အခြေတည်အဆင့်သာ ရှိသေးသော်လည်း ရွှေအမြုတေ ကျင့်ကြံသူကိုပင် အလွယ်တကူ အနိင်ယူနိုင်စွမ်း ရှိ၏။
သို့သော်လည်း ချင်ယွင်တိကို ပစ်မှတ်ထားပြီးနောက် သူတို့အနေနှင့် အရေးမသာခဲ့ပေ။ အကယ်၍ ခုံမုန့်သာ အချိန်မီ ဝင်မကူညီခဲ့လျှင် သေသွားနိုင်ပေသည်။
ထို့အပြင် အကြောင်းအရင်းအချို့ကြောင့် ထိုလူက အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်ကို အရမ်းလေးစားနေသည်။ ထိုအကြောင်းအရင်းကြောင့် ခုံမုန့်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိတ်ဝင်စားမိသွားခြင်း ဖြစ်၏။ သူတော်စင်နှင့် တိုက်ခိုက်ရင်း အချိန်ကောင်းလေးတွေရဖို့ မျှော်လင့်နေမိသည်။
ချင်ယွင်တိက ရယ်မောလိုက်ရင်း ခုံမုန့် မျက်လုံးထဲ စိုက်ကြည့်ကာ “ ကျုပ်က ဂိုဏ်းတူအစ်ကိုကို ဆက်သွယ်ပြီးပြီ။ တကယ်လို့ ခင်ဗျား အားကောင်းတယ်လို့ ထင်ရင် ဒီတောင်ကြားထဲမှာ စောင့်နေလိုက် … ကျုပ်ကို အနိုင်ရတော့ ဘာဖြစ်လဲ။ ခင်ဗျားစွမ်းအားက ကျုပ်ရဲ့ အစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်သေးဘူး။ သူက တစ်ချက်တည်းနဲ့ ခင်ဗျားကို အဆုံးသတ်ပစ်နိုင်တယ် ”
ကျင်းယုက ဒဏ်ရာများ ဆေးလိမ်းပြီးနောက် ချင်ယွင်တိအား အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်သည်။
“ နတ်မိမယ်ခုံမုန့် … ဒီလူနဲ့ အချိန်မဖြုန်းနေပါနဲ့။ ဒီလူကို အရင်သတ်လိုက်ရအောင် ”
ခုံမုန့်က သူ့အား စိုက်ကြည့်ကာ “ ငါ့ကို ဘာလုပ်ဆိုပြီး လာပြောနေတာလား ”
ကျင်းယုက ဖိအားကို ခံစားမိကာ မြန်မြန်ရှင်းပြလိုက်သည် “ တောင်းပန်ပါတယ်။ ကျွန်တော် အဲလို မရည်ရွယ်ပါဘူး ”
ခုံမုန့်က ခေါင်းညိတ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ နိုးထလာတဲ့ စွမ်းအားတစ်ခုကို ခံစားမိတယ်။ သူက အားကောင်းတယ်။ အားကောင်းလွန်းလို့ နှလုံးခုန်နှုန်းတောင် မြန်လာမိသလိုပဲ … ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လား … မဆိုးဘူးပဲ ”
ခုံမုန့်က တောင်ကြားထဲ ဝင်တော့မည်ကို ကြည့်ကာ ချင်ယွင်တိက စိတ်လှုပ်ရှားလာပြီး တားဖို့ ကြိုးစားလိုက်သည်။
ထိုစဉ် တောင်ကြားထဲမှ အသံတစ်သံ ပျံ့လွှင့်လာသည် “ ညီလေးယွင်တိ … မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ ”
ရင်းနှီးပြီးသား အသံလေး ဖြစ်၏။
ချင်ယွင်တိက စိုးရိမ်ပူပင်မှု အားလုံး ပျောက်ကွယ်သွားကာ စိတ်အေးသွားလေသည်။
ဒါက ဂိုဏ်းတူအစ်ကိုရှန်ပဲ … သူ နိုးလာပြီ
ချင်ယွင်တိက သူ့အစ်ကိုရှန် ရှိနေသရွေ့ ဘာမှစိုးရိမ်စရာ မလိုတော့ကြောင်း ခံစားမိသည်။
တောင်ပိုင်းနယ်မြေရဲ့ ပါရမီရှင်တွေတဲ့လား … ဒေါင်းမင်းသမီးတဲ့လား …
ငါ့အစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး …
မာနကြီးတဲ့ ဒေါင်းပျိုမယ် ကြည့်နေလိုက် … ငါ့အစ်ကိုရှန်က မင်းကို အနိုင်ယူပြလိမ့်မယ်
……………...
ချင်ယွင်တိက ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များကို သိမ်းကာ တောင်ကြားအတွင်း ဝင်သွားလိုက်သည်။
ခုံမုန့်က ထောင်ချောက်ရှိနေမည်ကို မစိုးရိမ်ဘဲ လိုက်ဝင်သွားသည်။
တောင်ကြားထဲတွင် ငယ်ရွယ်သော ကျင့်ကြံသူ ဆယ်ယောက်လောက် ရှိနေသည်။ အဟမ်း … လူအိုကြီးတချို့လည်း ပါပြီး နေရာနှင့် မသက်ဆိုင်သလို ဖြစ်နေသည်။
ခုံမုန့်က အားလုံးကို လျစ်လျူရှုလိုက်ပြီး ရှန်ထျန်းကိုသာ ကြည့်လိုက်သည်။ သူမ၏ ခက်ထန်ကြမ်းတမ်းသော အကြည့်တို့က သူ့ကို မြင်လိုက်သည်နှင့် တန်းနူးညံ့သိမ်မွေ့သွားလေသည်။ သူမနောက်ရှိ သက်တံ့အံ့ဖွယ်အလင်းတို့မှာ အနည်းငယ် ပြေလျော့သွားဟန် ပေါ်သည်။ ကြည့်ရသည်မှာ သက်တံ့လှလှလေးသဖွယ် ဖြစ်နေသည်။
“ မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်လား။ မင်းကို တစစီ လုပ်ပစ်မယ် ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အပေါ် ကျင်းယု၏ ရန်လိုမှုက ချင်ယွင်တိ ပေးထားသော ဒဏ်ရာများကို ခံယူပြီးနောက် ပိုမြင့်လာသည်။ တစ်ချိန်တည်းတွင် ရှန်ထျန်းက သူ့ထက် ရုပ်ရည်ပိုမိုချောမောခန့်ညားနေသည်ကို မြင်ကာ အမုန်းတရားတို့က ပိုမို များပြားလာလေသည်။
သူက “ နတ်မိမယ်ခုံမုန့် … ဒီလူကို အနိုင်ယူဖို့ ကူညီပေးပါ။ ကျွန်တော် သူ့ကို တစစီ … ”
ကျင်းယု စကားမဆုံးခင် ခုံမုန့်၏ အကြည့်တို့ ရောက်ရှိလာသည့်အတွက် တိတ်တိတ်နေလိုက်ရသည်။ သူမဆီမှ မတူညီကွဲပြားသော အငွေ့အသက်တို့ ထွက်ပေါ်နေလေသည်။ နူးညံ့ကာ ရင်းနှီးသော အငွေ့အသက်မျိုး ဖြစ်၏။
“ ကျင်းယု … ကြာပြာကောင်းကင်အသျှင်က မင်းတို့အကြီးအကဲကို သတ်လိုက်တာလေ။ အဲဒါက သူတော်စင်နဲ့ ဘာဆိုင်လို့လဲ။ မင်း အချိန်မှန် နေရာမှန် သိဖို့ လိုတယ်။ ငါက သူတော်စင်နဲ့ မိတ်ဖြစ်ဆွေဖြစ် လက်ရည်ယှဉ်ဖို့ ရောက်နေတာ … မင်းရဲ့ ဒေါသတွေကို တခြားလူဆီ ပုံချပြီးတော့ ငှက်မွေးမျိုးနွယ်ကို အရှက်မခွဲနဲ့ ”
ထို့နောက် သူမက ရှန်ထျန်းအား ရှက်သွေးဖြာနေသည့် အမူအယာတို့ဖြင့် ကြည့်လိုက်သည်။
“ ရှင်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်လား … ကျွန်မ ရှင်နဲ့ လက်ရည်ယှဉ်လို့ ရမလား ”