ကျွန်မကို အနိုင်ယူလိုက်ပါ
Vol. 11-16 Ch. 210
အခန်း (၂၁၀) : ကျွန်မကို အနိုင်ယူလိုက်ပါ
ခုံမုန့်၏ စကားများက ကျင်းယုအား ချက်ချင်း ကြောင်အမ်းသွားစေသည်။
အရင်တုန်းက သူမရဲ့ လုပ်နိုင်စွမ်းအတွင်း ရှိတယ်လို့ မပြောခဲ့ဘူးလား …
နတ်မိမယ်ခုံမုန့်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အတွက် ဘယ်လိုလုပ် ကူပြောပေးနေတာလဲ … သူမက ဘယ်သူ့ဘက်ကလဲ …
“နတ်မိမယ် ကျုပ်တို့ကို ကူညီပေးပါ။ စကားကို ပြန်ရုတ်သိမ်းလို့ မရဘူးလေ ”
ကျင်းယုက အင်မတန်မှားယွင်းသွားသလို ခံစားနေရသည်။ သူက တိုက်ပွဲ၌ မနိုင်နိုင်သောကြောင့် သူမကို ဖျောင်းဖျဖို့သာ တတ်နိုင်ပေသည်။ ခုံမုန့်သာ နောက်ခံမပေးထားလျှင် သူက သတ္တိကောင်းလှသည့် ချင်ယွင်တိနှင့်ပင် မယှဉ်နိုင်ချေ။
လခွမ်းနဲ့မှ ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေ … ရွှေအမြုတေအဆင့်ထက်က ကျင့်ကြံသူတွေပဲ ကျင့်ကြံဆင့် ဖိနှိပ်ရတယ်လို့ မတရားဘူး …
သူတို့စွမ်းအားသာ ကန့်သတ်မခံထားရလျှင် ကျင်းယုက သူတို့အား ကြောက်နေမည် မဟုတ်ပေ။ သူက အားလုံးကို တစ်ယောက်တည်း အနိုင်ယူပစ်ဖို့ ယုံကြည်ချက် ရှိ၏။
သို့သော်လည်း “ ကန့်သတ်မခံထားရလျှင်” ဆိုသည့် ကိစ္စ မဖြစ်လာခဲ့ပေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဖမ်းနိုင်ဖို့အတွက် သူ့အနေနှင့် ခုံမုန့်အပေါ်သာ မှီခိုနိုင်ပေသည်။ ခုံမုန့်က ကျင်းယု ပြောစကားများကို မကြားမိသည့်အလား ရှန်ထျန်းကိုသာ စိုက်ကြည့်နေလေ၏။ သူမက သူမရှေ့ရှိ အမျိုးသား၌ အဆီအနှစ်စွမ်းအား လောင်ကျွမ်းထားကြောင်း ခံစားမိလိုက်သည်။
သူမက ရှန်ထျန်းအား မီးတောင်တစ်လုံးကို ကြည့်နေသကဲ့သို့ ပြင်းပြင်းရှရှ ကြည့်လိုက်သည်။ မီးတောင်က အချိန်မရွေး ပေါက်ကွဲသွားကာ ချော်ရည်များက သူမကို ဝါးမျိုသွားနိုင်၏။
“ သူက နတ်ဘုရားကိုယ်ထည်မာကျင့်စဉ်ကို သာလွန်ကိုယ်ထည်အဆင့်အထိ ရောက်ထားပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ အရှိန်အဝါကောင်းတယ် ” ခုံမုန့်က တီးတိုးပြောလိုက်သည် “ ရှင်သာ ရွှေအမြုတေအဆင့် ရောက်သွားရင် ကျွန်မ ရှင့်ပြိုင်ဖက် မဖြစ်နိုင်လောက်တော့ဘူး ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … ရှင့်နာမည်ကို ပြောပြလို့ ရမလား ”
ခုံမုန့်က ရှန်ထျန်းအား ခြုံငုံကြည့်နေစဉ် သူကလည်း ခုံမုန့်ကိုလည်း ဂရုတစိုက် လေ့လာနေသည်။
သို့သော်လည်း သူ တွေးလိုက်မိသည်က ခုံမုန့် မည်မျှ အားကောင်းကြောင်း မဟုတ်ဘဲ ဤလူက မိန်းကလေးလား ယောက်ျားလေးလားဆိုသည့် ကိစ္စ ဖြစ်၏။
ဒေါင်းထီးတွေကပဲ အမြီးကို ဖြန့်ထားကြတာ မဟုတ်ဘူးလား … သူမနောက်က ပုံရိပ်က ဒေါင်းမြီးဖြန့်ထားသလို ဘာလို့ ဖြစ်နေရတာလဲ …
ဒီမိန်းကလေးက လိင်ပြောင်း ခုံရွမ်လိုမျိုးများလား …
(ခုံရွမ်သည် ဖုန်းရှန်ယန်ယီ ဝတ္ထုထဲမှ ဘုရင်ကျိုး၏ တပ်မှူး ဖြစ်ပြီး ဒေါင်းဝိညာဉ်လည်း ဖြစ်၏)
ထိုအတွေးဖြင့် ရှန်ထျန်း၏ အမူအယာက ထူးဆန်းသွားလေသည် “ မင်းက ဘယ်သူလဲ ”
ခုံမုန့်က ပြန်ဖြေလိုက်သည်
“ အိုး ကျွန်မ ကိုယ့်ဘာသာ အရင်မိတ်ဆက်သင့်တာကို အားနာလိုက်တာ။ ကျွန်မက တောင်ပိုင်းနယ်မြေရဲ့ အံ့ဖွယ်ဒေါင်းမျိုးနွယ်က ခုံမုန့်ပါ။ ဒီအရှေ့ပိုင်းလွင်ပြင်မှာ ပါရမီရှိသူတွေပေါများတယ်လို့ ကြားလို့ လက်ရည်ယှဉ်ခွင့် ရဖို့ မျှော်လင့်မိပါတယ် …
သူတော်စင်က အားကောင်းတယ်။ ဒီမှာ အားလုံးရဲ့ ကျင့်ကြံဆင့်က အခြေတည်အဆင့်ကို ကန့်သတ်ထားတာဆိုတော့ အရှေ့ပိုင်းလွင်ပြင်ရဲ့ ပါရမီရှင် စွမ်းအားကို တွေ့ကြုံခံစားရအောင် ကျွန်မနဲ့ လက်ရည်ယှဉ်ကြည့်ပေးဖို့ မျှော်လင့်ပါတယ် ”
ခုံမုန့်၏ အသံက ပို၍ ညင်သာလာသော်လည်း ရှန်ထျန်းအား စိမ်ခေါ်ချင်နေဆဲ ဖြစ်၏။ သူမက အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေလိုသည့် အမျိုးသမီးမှန်း သိသာလှသည်။ သူမက ပြိုင်ဖက်ကင်းနေသည့်အတွက် အထီးကျန်မှုကို ကြုံတွေ့နေရပြီး ပြိုင်ဖက်ကောင်းများကို တွေ့ဆုံလိုသည့် စိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်နေလေပြီ။
ရှန်ထျန်းအနေနှင့် ခုံမုန့် သူ့အား ပြင်းပြင်းရှရှ စိုက်ကြည့်နေသောကြောင့် နေရခက်လာမိသည်။ ထိုအကြည့်ကား အတော်လေး ထက်သန်နေသည်။
လက်ရည်ယှဉ်ချင်တာ သေချာပါတယ်နော် …
“ အနောက်ဖက်သို့ ခရီးသွားခြင်း” ဇာတ်ကြောင်း၌ ဒေါင်းများသည် လူသားစားရသည်ကို နှစ်ခြိုက်ကြကြောင်း ပြန်တွေးမိသွား၏။ ဂေါတမဗုဒ္ဓအရှင်ပင် အစားခံလိုက်ရသေးသည်။
ဟူး … သူမက ငါ့ကို လက်ရည်စမ်းပွဲ အကြောင်းပြပြီး စားချင်နေတာများလား …
ထိုအတွေးဖြင့် ရှန်ထျန်းက ချက်ချင်း သတိကြီးလာသည်။
သူက အသာပြုံးကာ
“ နတ်မိမယ်ခုံမုန့်က တောင်ပိုင်းနယ်မြေရဲ့ ပါရမီရှင်လေ။ အရှေ့ပိုင်းလွင်ပြင်အထိ အဝေးကြီး လာခဲ့ရတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အနေနဲ့ ဧည့်ဝတ်ကျေရမှာပေါ့။ နတ်မိမယ် ခုံမုန့်နဲ့ ဘယ်လိုလုပ် လက်ရည်ယှဉ်နိုင်မှာလဲဗျာ … အဝေးကြီးလာခဲ့ရလို့ ပင်ပန်းနေလောက်ရောပေါ့။ ကျွန်တော်က အခွင့်ကောင်းယူသလို ဖြစ်နေမှာဆိုတော့ လက်ရည်စမ်းဖို့ မေ့ထားလိုက်ရအောင်ပါ ”
ရှန်ထျန်း၏ ဖြောင့်မတ်ရိုးသားသည့် စကားကို နားထောင်ပြီးနောက် ခုံမုန့်၏ မျက်ဝန်းထဲ လေးစားသည့် အရိပ်အယောင်တို့ တိုးမြင့်လာသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အံ့ဩဖို့ ကောင်းတာပဲ။ ဒါပေမဲ့ ကျွန်မက စိတ်ရှိသလောက် တိုက်ခိုက်ချင်တာ ကြာလှပါပြီ။ ထပ်မစောင့်နိုင်တော့ဘူး။ သူတော်စင်က ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ။ ကျွန်မက စိတ်အားတက်ကြွနေတဲ့ ပြိုင်ဖက်ကောင်း တစ်ယောက်ဆိုတော့ ကျွန်မကို သင်ပြပေးပါဦး ”
ကျေးဇူးပြုပြီး သင်ပြပေးပါဦး …
ထိုစကားများ ထွက်လာပြီးနောက် ခုံမုန့်၏ မျက်ဝန်းမှ ညင်သာနူးညံ့မှုတို့က ရုတ်ချည်း ပျောက်ကွယ်သွားပြီး တိုက်ပွဲစိတ်ဓာတ် နိုးကြားလာပြီး သူမအနောက်ဘက်ရှိ သက်တံ့အံ့ဖွယ်အလင်းလည်း ပို၍ တောက်ပလာသည်။
သက်တံ့အံ့ဖွယ်အလင်းလည်း ဧရာမဒေါင်းဘုရင်ကြီး အမြီးဖြန့်ကျက်နေသကဲ့သို့ ဖြာထွက်လာသည်။ မြင်ကား အတော်လေး ကြီးကျယ်ထည်ဝါလှသည်။ ပုံမှန်အားဖြင့် အကြီးမားဆုံး အန္တရာယ်မှာ အလှပဆုံးအရာ၌ ကိန်းအောင်းနေစမြဲ ဖြစ်ပေသည်။
သက်တံ့အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာသည့်အခါ ရှန်ထျန်းက သူ့အလိုလိုသိစိတ်က သူ့အား အပြင်းအထန် သတိပေးနေကြောင်း ခံစားမိလိုက်သည်။
သက်တံ့အံ့ဖွယ်အလင်းသည် အင်မတန် ထူးခြားကြောင်း သိသာလှသည်။ အကယ်၍ သူ့ကို ဖုံးအုပ်သွားပါက အခက်အခဲကြား ရောက်သွားနိုင်သည်။ သက်တံ့အံ့ဖွယ်အလင်း သူ့ဆီ ဝင်ရောက်လာသည်ကို မြင်ကာ ရှန်ထျန်း မျက်ဆံတို့က ချက်ချင်း ကျုံ့သွားပြီး ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်ဆယ်ရွက်ကျော်ကို ပစ်လွှတ်လိုက်သည်။
ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်တို့က ဓားများအလား လေဟုန်ခွင်းသွားကာ သက်တံ့အံ့ဖွယ်အလင်းဆီ ဝင်ရောက်သွားသည်။
သူတို့အမြန်နှုန်းက သက်တံ့အံ့ဖွယ်အလင်းနှင့်ပင် ယှဉ်နိုင်ပေသည်။
ကျောက်ဟောင်က ရှန်ထျန်းအား စိုက်ကြည့်ကာ “ ကောင်းလိုက်တဲ့ ဓားကွက် … ”
သူက ရေရွတ်လိုက်ရင်း မိုးကြိုး ဖောက်ခွဲရေးအဆောင်များကို လွှမ်းခြုံထားသော ဓားအငွေ့အသက်ကို ကြည့်နေလိုက်သည် “အစ်ကိုရှန်က တကယ်အံ့ဩဖို့ ကောင်းတယ်။ သူက အရမ်းမြန်တာပဲ ”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့လည်း ရှန်ထျန်းအား စိတ်အားထက်သန်စွာ ကြည့်နေကြသည် “ အရှင့်သားက တကယ်ကို အားပိုကောင်းလာပြီး ဓားရေးနဲ့ ဒီမိုးကြိုးဖောက်ခွဲရေး အဆောင်ကို ပေါင်းစပ်နိုင်ခဲ့တာပဲ။ ကြည့်ရတာ ဟရူးဂါနတ်ဆိုးကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အရာအားလုံးက ဓားတစ်ချောင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ အထွတ်အထိပ်နယ်ပယ်အဆင့်များ ဖြစ်နေမလား … ”
ရှန်အောင်းက သူ့လက်ထဲမှ ဓားကို ပြန်ငုံ့ကြည့်လိုက်ပြီး “ ငါက မထိုက်တန်ဘူး ”
…………..
မိုးကြိုး ဖောက်ခွဲရေးအဆောင်များကို လွှမ်းခြုံထားသော ဓားအငွေ့အသက်များက သက်တံ့အံ့ဖွယ်အလင်းဆီ ပြေးဝင်သွားကာ အလင်းအား စုတ်ဖြဲဖျက်စီးပစ်လိုက်သည်။
ဝုန်း
ဝုန်း ဝုန်း
ဝုန်း ဝုန်း ဝုန်း
သက်တံ့အံ့ဖွယ်အလင်း၏ အရှိန်က သိသိသာသာ လျော့ကျသွားစဉ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုစဉ် ရှန်ထျန်းက သက်တံ့အံ့ဖွယ်အလင်း ခြုံလွမ်းထားသော နေရာအတွင်းမှ ထွက်နိုင်လိုက်လေပြီ။
ရှန်ထျန်းက သက်ပြင်းချကာ ခုံမုန့်အား ကြည့်လိုက်သည်။ သူမ၏ တိုက်ခိုက်လိုစိတ်က မြင့်တက်လာကာ ဆက်လက်တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသေးသည်။
“ နတ်မိမယ် ခုံမုန့် … ဘာလို့ အကျိုးမရှိတဲ့ တိုက်ပွဲကို တိုက်ချင်နေရတာလဲ ”
ရှန်ထျန်းက တကယ်နားမလည်ပေ။
အားလုံးက အသက်ရှည်ရှည် ကောင်းကောင်းမွန်မွန် နေချင်လို့ ကျင့်ကြံနေကြတာ မဟုတ်ဘူးလား
ဒီပါရမီရှင်တွေက အခြားလူတွေကို ရှာပြီး ဘာလို့ တိုက်ခိုက်ချင်နေရတာလဲ …
နိုင်ပြန်ရင်လည်း အငြိုးထားဦးမယ် … ရှုံးသွားရင်လည်း သေဦးမယ် … နိုင်နိုင်ရှုံးရှုံး အကျိုးမှ မရှိတာ ဘာလို့များ တိုက်ခိုက်နေဦးမှာလဲ …
ခုံမုန့်က ရှန်ထျန်းအား စိုက်ကြည့်ကာ သူမတိုက်ခိုက်လိုစိတ်က တဖန်ပြန်လည် တက်ကြွလာပြန်သည် “ ဒါက အဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲ မဟုတ်ပါဘူး။ နတ်ဆိုးမျိုးနွယ်မှာ အားကောင်းသူတွေကို အလေးထားကြတယ်။ အားကောင်းသူကိုသာ လေးစားဖို့ ထိုက်တန်တယ်။ သူတော်စင်က ပြိုင်ဖက်ကင်း ရုပ်ရည်သွင်ပြင် ရှိပေမဲ့ တကယ်လို့ ကျွန်မရဲ့ လေးစားမှုကို ရယူချင်ရင် တစ်ယောက်ချင်းတိုက်ပြီး အနိုင်ယူလိုက်ပါ …
ကျွန်မ လက်ရည်တူပြိုင်ပွဲကို စောင့်နေတာ ကြာလှပြီ။ ကျွန်မ ရှုံးသွားရင် အကောင်းဆုံး … ကျေးဇူးပြုပြီး ကျွန်မ ကျေနပ်အောင် ဖြည့်ဆည်းပေးပါ ”
ဝှီး
ခုံမုန့်၏ ရောင်စုံဝတ်စုံက ရုတ်ချည်း ဒေါင်းမြီးသဖွယ် ဖြန့်ကျက်သွားကာ သက်တံ့အံ့ဖွယ်အလင်းတန်းများ ပို၍ ထုတ်လွှင့်လိုက်သည်။
“ ဘာလို့ ဖိအားပေးနေတာလဲဗျာ ”
ခုံမုန့်က ဆက်လက် တိုက်ခိုက်နေသောကြောင့် ရှန်ထျန်းက သက်ပြင်းသာချလိုက်ရသည်။
အကယ်၍ သူမသာ သာမန်နတ်ဆိုးဖြစ်နေလျှင် သူ့ထျန်းကျူဓားကို ထုတ်ကာ ခုတ်ပြီးလောက်လေပြီ။
ပြီးတော့ ဒေါင်းစွတ်ပြုတ်လေး လုပ်သောက် …
သို့သော်လည်း ပြဿနာကား သူမခေါင်းအထက်ရှိ ရွှေရောင်တောက်တောက် ရောင်ဝါစက်ဝန်း ဖြစ်ပြီး အရောင်က ကျန်းယွင်ရှီးထက်ပင် ပို၍ အသက်ဝင်နေသေးသည်။ ထိုအထဲ၌ ခရမ်းရောင်အလင်းပြောက်တချို့ပါ ပါရှိနေသေး၏။
ဤသို့သော တည်ရှိမှုမျိုးက ကံကြမ္မာကောင်းချီးပေးခံထားရပြီး နတ်ဆိုးမျိုးနွယ်၏ အဓိကဇာတ်လိုက်ထဲမှ တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။
ထို့အပြင် သူမက လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း တစ်ယောက်တည်းသော သွေးသန့် သက်တံ့အံ့ဖွယ်ဒေါင်း ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် သူမက ဒေါင်းမျိုးနွယ် ပြန်လည်ထွန်းလင်းမြင့်တက်လာဖို့ မျှော်လင့်ချက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် သူမက မျိုးနွယ်အတွင်း တန်ဖိုးအထားခံရဆုံး တည်ရှိမှု ဖြစ်၏။
အကယ်၍ တစ်ယောက်ယောက်က သူမတွင် အသက်ကယ်နိုင်မည့် ရတနာမရှိဘဲ အလွယ်တကူ အသတ်ခံနိုင်ရကြောင်း ပြောလာခဲ့လျှင် ရှန်ထျန်းအနေနှင့် ယုံမည် မဟုတ်ပေ။
ခုံမုန့်တွင် မကောင်းသည့် အကြံအစည် မရှိချေ။ သူမ၏ စိတ်ဝိညာဉ်က တိုက်ခိုက်လိုစိတ် ပြင်းပြနေခြင်းသာ ဖြစ်ပြီး အနိုင်ရသူ ဆုံးဖြတ်ဖို့အတွက် ရှန်ထျန်းနှင့် သူမကြား ယှဉ်ပြိုင်ကြခြင်းသာ ဖြစ်သည်။
ရှန်ထျန်းက ရန်သူဖြစ်လာဖို့ မလိုအပ်မှန်း ခံစားမိပေသည်။ အထူးသဖြင့် သူ့ထက် ရောင်ဝါစက်ဝန်း ပိုကောင်းနေသည့် အားကောင်းသော ရန်သူများ ဖြစ်၏။
သိုသိုသိပ်သိပ်နေထိုင်ပြီး အားကောင်းလာဖို့က ရှန်ထျန်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သူက သတ္တိကြောင်၍ မဟုတ်ရပေ။
သူ့ခန္ဓာကိုယ်ပေါ်တွင် နဂါးပြာချပ်ဝတ် ဖြစ်တည်လာပြီး နဂါးပြာ နတ်မိုးကြိုးကလည်း ရှန်ထျန်းလက်ထဲ စုစည်းလာသည်။ ဤတစ်ကြိမ် သူက မိုးကြိုးအလုံးအသွင် မပြောင်းထားဘဲ မိုးကြိုးဓား ဖွဲ့စည်းလိုက်၏။
ထိုမိုးကြိုးဓားက မြွေစိမ်းတစ်ကောင်နှင့် တူပြီး သက်တံ့အံ့ဖွယ်အလင်းကို ဆက်တိုက် ရိုက်ခတ်နေကာ အလင်းတန်းအား တစစီ ကြေမွသွားစေသည်။
သက်တံ့အံ့ဖွယ်အလင်းတန်း ကြေမွသွားသည့်အခါ ချင်ယွင်တိက သူ့ဘာသာ ရေရွတ်လိုက်၏ “ အားကောင်းလိုက်တဲ့ ဓား ”
ထိုသက်တံ့အံ့ဖွယ်အလင်း မည်မျှမာကြောတောင့်ခိုင်ကြောင်း မည်သူကမှ သူ့ထက် ပိုမသိနိုင်ပေ။ သူ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။
သက်တံ့အံ့ဖွယ်အလင်းရှေ့မှောက်တွင် ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ် ၆၃ လက်၏ ဆက်တိုက်ပစ်ခွင်းမှုပင် ခြစ်ရာမထင်စေခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက မထိုးဖောက်နိုင်သည့် သက်တံ့အံ့ဖွယ်အလင်းကို ခဏတိုင်း ဖျက်စီးပစ်နေသည်။ ဤသည်မှာ သက်တံ့အံ့ဖွယ်အလင်းက အားနည်းသွား၍ မဟုတ်ဘဲ မိုးကြိုးဖောက်ခွဲရေးအဆောင်နှင့် ဓားအငွေ့အသက်တို့ကို ပေါင်းစပ်သုံးသော ရှန်ထျန်းကြောင့် မိုးကြိုးဖောက်ခွဲရေး အဆောင်၏ စွမ်းအားနှင့် နတ်မိုးကြိုး(သစ်သား)စွမ်းအားကို အဆုံးအစွန်အထိ တိုးမြင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။
ရှန်ထျန်းတွင် နတ်ဓားဖွဲ့စည်းပုံ ရှိထားသောကြောင့် သာမန်ဟန်ထင်ရသော တိုက်ခိုက်မှုများပင် အဆင့်မြင့်သွားသည်။ သူတို့က အခြေတည်အဆင့် ကျင့်ကြံသူအများစု စိတ်ကူးမကြည့်နိုင်လောက်အောင်အထိ တိုးမြင့်သွားလေသည်။
………...
“ တကယ်ကို ကျေနပ်အားရစေခဲ့တာပဲ … ဒါပေမဲ့ တိုက်ခိုက်မှုက မလုံလောက်သေးဘူး။ အားပိုထည့် အားပိုထည့်”
သက်တံ့အံ့ဖွယ်အလင်း၌ ခြစ်ရာများ အက်ရာများ ပေါ်လာပြီးနောက် ခုံမုန့်က ကျေကျေနပ်နပ် ပြုံးလိုက်သည်။
သူမက ပြိုင်ဖက်ကင်း ဖြစ်နေရသည်မှာ သိပ်ကို ကြာမြင့်လွန်းနေလေပြီ။ တောင်ပိုင်းနယ်မြေရှိ မျိုးဆက်တူအတွင်း သူမ၏ သက်တံ့အံ့ဖွယ်အလင်းကို ဖျက်စီးနိုင်သည့်သူ မရှိပေ။ ပြိုင်ဖက်ကင်းရသည့် အထီးကျန်မှုနှင့် တသီးတခြားဖြစ်သည့် ခံစားချက်တို့ကို သူမက သူများထက် ကောင်းကောင်းကြီး ပိုသိထားသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ရှန်ထျန်းနှင့် တွေ့ခွင့်ရသည့်အတွက် လုံလောက်သွားလေပြီ။
ခုံမုန့်က ရှန်ထျန်းကြောင့် ဖြစ်သွားသော အက်ရာများမှတဆင့် သက်တံ့အံ့ဖွယ်အလင်း၏ အားနည်းချက်များကို သိလိုက်ရသည်။ တိုက်ပွဲရင်ဆိုင်နေစဉ် ခုံမုန့်၏ သက်တံ့အံ့ဖွယ်အလင်းပေါ် နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့မှာ သိသိသာသာ တိုးတက်သွားသည်။
နှစ်တစ်ရာလောက် တစ်ယောက်တည်း လေ့ကျင့်ခြင်းက စိတ်လိုလက်ရ တိုက်ပွဲတစ်ခုနှင့် မယှဉ်နိုင်ပေ။ တိုက်ပွဲကား လူတစ်ယောက်၏ အင်အား တိုးတက်လာစေဖို့ ဖြတ်လမ်းဖြစ်၏။
ခုံမုန့်၏ သက်တံ့အံ့ဖွယ်အလင်း အားပိုကောင်းလာသလို ဓားရေးပညာရပ်အပေါ် ရှန်ထျန်း၏ နားလည်နိုင်စွမ်းကလည်း နက်နဲလာသည်။
“ သဏ္ဌာန်မဲ့ခြင်းက အကောင်းဆုံး ပုံသဏ္ဌာန်ပဲ … ဓားမပါရှိခြင်းက အကောင်းဆုံး ဓား ဖြစ်ပြီးတော့ အရာအားလုံးက ဓားဖြစ်လာနိုင်တယ်။ ဘယ်ပညာရပ်ကမှ ပြီးပြည့်စုံမနေဘူး။ လျှင်မြန်မှုကသာ ရှုံးပွဲမရှိစေတာပဲ … ”
…………..
ရှန်ထျန်းက ယခင်ဘဝမှ ဖတ်ထားဖူးသည့် ဓားပညာရပ်၏ သဘောတရားများကို စတင်နားလည်သဘောပေါက်လာပြီး သူ့ဓားတာအို၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲလိုက်၏။ သူက ဆက်လက်တိုက်နေရင်း ဓားပညာများကို မသင်ယူထားသော်လည်း ဓားတာအိုအပေါ် သူ့နားလည်စွမ်းမှာ နက်နဲလာကြောင်း ခံစားမိနေသည်။
ဓားပညာ လေ့လာထားသော ကျင့်ကြံသူများသာ ထိုမြင်ကွင်းကို မြင်တွေ့သွားပါက သူတို့ဘာသာ သံသယဝင်လာပေလိမ့်မည်။
“ သူတော်စင်နဲ့ တွေ့ရတဲ့အတွက် ဝမ်းသာတယ် ”
ခုံမုန့်က ရှန်ထျန်းအား အပြုံးလေးဖြင့် ပြောလိုက်သည်
“ တကယ်လို့ ဒီလိုစွမ်းအားမျိုးနဲ့ချည်း တိုက်နေရင် ဒီနေ့ ရှုံးလိမ့်မယ်။ ဓားကို ထုတ်လိုက် … ရှင်က ဓားပညာကောင်းကောင်း နားလည်ထားမှတော့ ဓားကောင်း မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဓားကို သုံးပြီး ကျွန်မကို အနိုင်ယူလိုက် ဒါမှမဟုတ် ကျွန်မ အနိုင်ယူတာကို ခံယူလိုက် … တကယ်လို့ ကျွန်မကို အနိုင်ယူနိုင်ရင် ဒေါင်းမျိုးနွယ်ရဲ့ လေးစားမှုနဲ့ ရင်းနှီးမှုကို ရလာမယ် ”
ထို့နောက် ခုံမုန့်က သူမအနောက်ဘက်ရှိ တောင်ပံများကို ရုတ်ချည်း ခတ်လိုက်ပြီး ကောင်းကင်သို့ ဝဲပျံသွားလေသည်။ သူမအနောက်ဘက်မှ သက်တံ့အံ့ဖွယ်အလင်းလည်း ပုံရိပ်ယောင်မှ အမှန်တကယ် တည်ရှိလာသလို ခံစားလာရ၏။
ထိုအရာမှ ဧရာမ သက်တံ့အံ့ဖွယ်အလင်း အကာအကွယ်အဖြစ် စုစည်းသွားကာ ရှန်ထျန်းဆီ အုပ်လွှမ်းတော့မတတ် ဖြစ်လာသည်။
ရှန်ထျန်းက ခုံမုန့်တစ်ယောက် သက်တံ့အံ့ဖွယ်အလင်း အကာအကွယ်ကို ထိန်းချုပ်ကာ သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ သူက တခြားရွေးချယ်စရာ မရှိတော့၍ သက်ပြင်းချလိုက်မိသည်။
ငွေရောင်လင်းလက်နေသော မြစိမ်းရောင် နွယ်ပင်ကြီးက သူ့ညာဘက်လက်မှ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်လေး၌ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြီးသည် ရုတ်ချည်း ရှည်လျားသွားပြီး ကောင်းကင်သို့ ထိုးဖောက်ထွက်သွားတော့သည်။ ဘေးပရိတ်သတ်များက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြီးနှင့် အလင်းအကာအကွယ်တို့ တိုက်မိသည့်နေရာကိုသာ အာရုံစိုက်ကြည့်နေကြသည်။
ဝုန်း
မထိုးဖောက်နိုင်သည့် အလင်းအကာအကွယ်၌ အက်ကြောင်းများ ပေါ်လာသည်။
သက်တံ့အံ့ဖွယ်အလင်းက ပွင့်ထွက်သွားလေပြီ။