ဒေါင်းသူရဲကောင်းတဲ့လား…စိတ်ဝင်စားစရာပဲ
Vol. 11-16 Ch. 211
အခန်း (၂၁၁) : ဒေါင်းသူရဲကောင်းတဲ့လား…စိတ်ဝင်စားစရာပဲ
ဒါပေမဲ့ အဲဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ …
ခုံမုန့်၏ သက်တံ့အံ့ဖွယ်အလင်းတန်းတွင် မြစိမ်းရောင် နွယ်ပင်ကြောင့် ဖြစ်ပေါ်လာသော အက်ကြောင်းများကို မြင်လိုက်ရသည့်အခါ သူမ၏ အပေါင်းအပါများလည်း အံ့အားသင့် ထိတ်လန့်သွားကြသည်။
ဒါက သူမ ရှိသမျှအားအင်တွေ အကုန်စိုက်ထုတ်ပြီးတော့ ကျင့်ကြံထားတဲ့ သက်တံ့အံ့ဖွယ်အလင်းတန်းလေ။ ပြီးတော့ အမြင့်ဆုံးအဆင့်ထိ ရောက်အောင် သန့်စင်ထားတဲ့ သက်တံ့အံ့ဖွယ်အလင်းတန်းပညာရပ်လေ
ခုံမုန့်၏ ကျင့်ကြံဆင့်က အခြေတည်အဆင့်ထိ ဖိနှိပ်ခံထားရသော်လည်း သက်တံ့အံ့ဖွယ်အလင်းတန်းဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်သေးသည်။
သို့သော် ရှန်ထျန်း၏ တိုက်ခိုက်မှုကြောင့် သူမ၏ သက်တံ့အံ့ဖွယ်အလင်းတန်း အက်ကြောင်း ထင်သွားရသည်။
ဒါက ဘာကိုဆိုလိုတာလဲ
ဒါက ရှန်ထျန်း ကြာပွတ်ရဲ့ စွမ်းအားကို သေချာပြသလိုက်တာပဲ။ ကနဦးဝိညာဉ်အဆင့်ကိုတောင် ရောက်နေနှင့်လောက်ပြီ
ဒါ တကယ်ကို ကြောက်လန့်ဖို့ ကောင်းတာပဲ
“ အရမ်းစွမ်းအားကြီးတာပဲ။ ဒါက ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ အရှေ့ပိုင်းလွင်ပြင်ရဲ့ စွမ်းအားအစစ်အမှန်လား”
ခုံမုန့်၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်
“ ရှင်က ကျွန်မကို စိတ်မပျက်စေဘူးပဲ”
အသက်ပြင်းပြင်းရှူသွင်းကာ ခုံမုန့်က ပြုံးပြီး ပြောလိုက်သည်
“ ကြည့်ရတာ ကျွန်မရဲ့ အရည်အချင်းအစစ်တွေကိုလည်း ပြသမှ ဖြစ်တော့မယ် ထင်တယ်”
ထို့နောက် ခုံမုန့်၏ ငါးရောင်ခြယ်ဒေါင်းက ရုတ်တရက် ရွှေရောင်သို့ ပြောင်းလဲသွားကာ မူလသက်တံ့အံ့ဖွယ်အလင်းတန်းကလည်း ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
အက်ကြောင်းများကိုလည်း အလျင်အမြန် ကုစားကာ ခုံမုန့်လည်း ရွှေရောင်ဒေါင်းမလေးအဖြစ် အသွင်ပြောင်းသွားသည်။
သူမက ဒေါင်းဘုရင်မကဲ့သို့ ခမ်းနားပြီး တော်ဝင်ဆန်လှသည်။
သူမ၏ နောက်တွင် ကျင်းယုနှင့် ဟယ်ဝူရွှမ်းတို့က အံ့ဩထိတ်လန့်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်
“ သူမက ထာဝရသတ္တုနှောကို အသုံးပြုပြီးတော့ သန့်စင်လိုက်တာပဲ”
ထာဝရသတ္တုနှောက တောင်ပိုင်းနယ်မြေရှိ ဒေါင်းမျိုးနွယ်၏ အဖိုးတန်ရတနာတစ်ပါး ဖြစ်ပြီး ဘိုးဘွားပိုင်ခန်းမ၏ အတွင်းဆုံးပိုင်းတွင် သိမ်းထားသည်။
ထာဝရသတ္တုစာရင်းတွင် အဆင့် ၁၂ သာ ချိတ်သော်လည်း ဓာတ်ငါးပါး၏ စွမ်းအင်နှင့် ပေါင်းစပ်လိုက်သည့်အခါ ဒေါင်းမျိုးနွယ်၏ သက်တံ့အံ့ဖွယ်အလင်းတန်းကို စွမ်းအား အဆမတန်မြင့်တက်လာအောင် လုပ်ပေးနိုင်သည်။
ထိုအရာက ဒေါင်းမျိုးနွယ်နှင့် အကိုက်ညီဆုံးသော ထာဝရသတ္တုဖြစ်ပြီး ဓာတ်ငါးပါးကျင့်စဉ်အတွက် အသင့်တော်ဆုံးသော သတ္တု ဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ထိုသတ္တုကို ထာဝရသတ္တုစာရင်းတွင် ထိပ်ဆုံး ၁၀ ဆင့်ဝင် သတ္တုနှင့် လဲလှယ်ရန် တောင်းဆိုခဲ့သော်လည်း ဒေါင်းမျိုးနွယ်က ငြင်းဆိုခဲ့သည်။
ထို့ကြောင့် ဒေါင်းမျိုးနွယ်က သူတို့၏ ထာဝရသတ္တုကို ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာကို မြင်တွေ့ရသည်။
ကျင်းယုတို့က ခုံမုန့်သာ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားသည့်အချိန်မှ ဤမျိုးနွယ်၏ အထွတ်အမြတ်ထားရာ ရတနာကို သူမဆီ လက်လွှဲပေးမည်ဟု တွေးထားခဲ့ကြသည်။ ဒေါင်းမျိုးနွယ်က ယခုလို စွန့်စားပစ်ရဲလောက်အောင်အထိ ခုံမုန့်အပေါ် အများကြီးမျှော်လင့်ထားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ယခု ခုံမုန့်က ထာဝရသတ္တုနှောကို သူမ၏ သက်တံ့အံ့ဖွယ်အလင်းတန်းနှင့် ပေါင်းစပ်လိုက်ပြီးနောက် တိုက်ကွက်က အဆမတန် တိုးမြင့်သွားသလို နောက်ထပ်တစ်ဆင့် ရောက်ရှိသွားသည်။
ရှန်ထျန်းက နောက်ထပ်တစ်ခါ အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့် သက်တံ့အံ့ဖွယ်အလင်းတန်းကို ရိုက်လိုက်သော်လည်း အက်ကြောင်းထင်အောင် မလုပ်နိုင်တော့ပေ။
ခုံမုန့်က ဓာတ်နှောအံ့ဖွယ်အလင်းတန်း၏ အလင်းရောင်အောက်တွင် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေရင်း ရှန်ထျန်းကို စူးစူးရှရှ အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်
“ ရှန်ထျန်း … ဒီထက်ပိုပြီးတော့ မတိုက်ခိုက်နိုင်ဘူးလို့တော့ ပြောမှာ မဟုတ်ပါဘူးနော်။
ရှင့်ဆီမှာ ဖုံးကွယ်ထားတဲ့ ပညာရပ်တွေ ရှိသေးတယ်ဆိုတာကို ကျွန်မ မြင်နေရတယ်။ ရှင့်ရဲ့ ကန့်သတ်ချက်တွေကို ဖယ်ထုတ်ပြီးတော့ ဒီတိုက်ပွဲအပေါ် လေးစားမှု ရှိပေးပါ …
ကျွန်မက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပြိုင်ဘက်ကင်း မိုးကြိုးပညာရပ်ဖြစ်တဲ့ ဓာတ်နှောနတ်မိုးကြိုးကို တကယ် မြင်ချင်မိပါတယ်။
ဟိုးအရင်တုန်းက အထွတ်အမြတ်မြေက ဒေါင်းမျိုးနွယ်ရဲ့ ကျွန်မတို့ ဘက်တော်သားတွေကို တစ်ခါ ဖိနှိပ်ခဲ့ဖူးတယ်။
ကျွန်မက အသန်မာဆုံးအထဲက အသန်မာဆုံးကိုပဲ တိုက်ခိုက်ရဖို့ မျှော်လင့်မိတယ် ”
ထပ်ပြီး မတိုက်ခိုက်နိုင်တော့ဘူးတဲ့လား။ အဲဒီစကားကို ဘယ်လိုလုပ်ပြီးတော့ ယောက်ျားတစ်ယောက်ကို ပြောနေရတာလဲ
အပွင့်လင်းဆုံးပြောရလျှင် ခုံမုန့်က ဒေါင်းမျိုးနွယ်၏ သက်တံ့အံ့ဖွယ်အလင်းတန်းအတွက် အသင့်တော်ဆုံး ပစ္စည်းဖြစ်တဲ့ ထာဝရသတ္တုနှောနှင့် ပေါင်းစပ်ထားသော သက်တံ့အံ့ဖွယ်အလင်းတန်းက အရမ်းစွမ်းအားကြီးသည်။
ထာဝရသတ္တုနှောနှင့် သက်တံ့အံ့ဖွယ်အလင်းတန်းတို့ ပေါင်းစပ်ထားသည့်အတွက် ခုခံအားက အင်မတန် တိုးပွားလာကာ ယခု ဖျက်စီးလို့ မရနိုင်လုနီးပါး ဖြစ်သွားသည်။
သက်တံ့အံ့ဖွယ်အလင်းတန်းက ရှန်ထျန်းကို အဘက်ဘက်မှ ဝန်းရံထားပြီးလေပြီ။ လွတ်မြောက်ဖို့အတွက် နေရာ မရှိတော့ပေ။ ထိုအလင်းတန်းများသာ ပိုပြီးနီးကပ်လာပါက ရှန်ထျန်းအနေဖြင့် ထိုအလွှာအတွင်းမှာ ဖောက်ထွက်သွားဖို့ နည်းလမ်းမရှိပေ။
“ ဒါဆိုရင်လည်း မင်း ဆန္ဒကို ဖြည့်စည်းပေးရသေးတာပေါ့”
ရှန်ထျန်း ဒီတစ်ခေါက်တော့ ကြာပွတ်ကို ဆွဲမထုတ်တော့ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူ့နဖူးပေါ်ရှိ ရွှေရောင်မိုးကြိုးအမှတ်အသားက ရုတ်တရက် တောက်ပလာသည်။
ရွှေရောင်မိုးကြိုးက ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားရာမှ ခြေလက်များကို ထပ်မံရစ်ပတ်နေပြန်သည်။ ဓားစွမ်းအားကလည်း ရှန်ထျန်း၏ ရင်ဘတ်မှ ထိုးဖောက်ထွက်လာသည်။ ငွေရောင် လေးလံရေစင်က သူ့ ခါးမှ စီးဆင်းထွက်လာသည်။ ဝမ်းဗိုက်တစ်ဝိုက်တွင် ကျောက်စိမ်းရောင် လင်းလက်နေသည်။
နန်မင်လီ မီးတောက်ကလည်း သူ့နှလုံးသားကို တောက်လောင်နေသည်။
ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ရွှေရောင် အလင်းတန်းကို ကြည့်ကာ ရှန်ထျန်းက တိုက်ခိုက်ဖို့ အသင့်ပြင်သည့်အနေဖြင့် ဒူးကို ကွေးထားလိုက်သည်။
ရွှေရောင်မီးတောက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်လောင်ပြီးနောက် ဆံပင်နှင့် မျက်ခုံးမွေးများလည်း ရွှေရောင်အဖြစ် ပြောင်းသွားကာ အရှိန်အဝါကလည်း ရုတ်တရက် အမြောက်အများ မြင့်တက်လာသည်။
ထို့နောက် အားကောင်းသော အရှိန်အဝါများ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ငှက်မွေးမျိုးနွယ်မှ တခြားပါရမီရှင်များအပြင် ကျင်းယုနှင့် ဟယ်ဝူရွှမ်းတို့ ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။
ရှန်ထျန်းက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသေးသော်လည်း ယခုလိုမျိုး ကြောက်စရာကောင်းသည့် အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်သည့်အတွက် သူတို့ အံ့အားသင့်နေကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက လူသားမျိုးနွယ်ရဲ့ ဒီစံပြလူက ဘယ်လောက်ထိတောင် လူရှိန်ဖို့ကောင်းလိုက်လဲ
တောင်၏ အလယ်တစ်နေရာတွင် တစ်မီတာအမြင့်ရှိသည့် လိပ်ဖြူက မြေအောက်မှ ထိုးထွက်လာသည်။ သူ၏ အစိမ်းရောင်မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေရင်း ရှန်ထျန်းဆီသို့ အကြည့်ကျရောက်သွားသည်။
“ အရမ်းချောတဲ့ လူငယ်လေးပဲ။ သူက အသက်ငယ်သေးပေမဲ့ ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ်ကိုတောင် ရအောင်လုပ်နိုင်နေပြီ။ ကလေးတစ်ယောက်အတွက်တော့ မဆိုးပါဘူး။
အခု ငါ နိုးထလာပြီဆိုတော့ အစေခံတစ်ယောက်လောက် ရှာဖို့ လိုအပ်တယ်။ ဒီကောင်လေးက သန်မာတယ်။ သူက ပြည့်စုံနေတာတော့ မဟုတ်ပေမဲ့လည်း ငါ့ရဲ့နောက်ကို တကောက်ကောက် လိုက်ခိုင်းဖို့အတွက် အနည်းနဲ့အများတော့ ထိုက်တန်ပါတယ်။
အင်း…နောက်ထပ် လေ့လာပြီးမှ ထပ်ပြီးစဉ်းစားကြရအောင်”
တစ်ယောက်တည်း ရေရွတ်နေရင်း လိပ်ဖြူက မြေကြီးထဲသို့ ပြန်ဝင်သွားကာ ပျောက်ကွယ်သွားသည်။
ရှန်ထျန်း၏ အရှိန်အဝါက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ လေတိုက်ခတ်နေသည့်အတွက် မီးတောက်များကလည်း ပိုမိုပြင်းထန်စွာ တောက်လောင်နေသည်။
သူက လက်ဖြင့် ပွင့်ဖတ်ပုံစံလုပ်ကာ လက်ဖဝါးနှစ်ခု ကြားထဲတွင် အမြန်အဆန်ပြင်းထန်လာသော ဓာတ်ငါးပါး စွမ်းအင်ကို ကိုင်ဆောင်ထားပြီး စွမ်းအားပိုမိုသိပ်သည်းလာကာ စွမ်းအား ပိုကြီးလာသည်။
ဤသည်မှာ ကမ္ဘာမြေကို တုန်လှုပ်သွားစေသည့် ထူးခြားအံ့ဖွယ်ပစ္စည်း မဟုတ်ပေမဲ့ လူသားခန္ဓာကိုယ်ကို ထူးခြားအံ့ဖွယ်ပစ္စည်း လေးမျိုး ရစ်ပတ်ထားတာကို မြင်ရတာက ဆန်းကြယ်မှုတစ်ရပ်သာ ဖြစ်၏။
နှစ်ပေါင်းတစ်သောင်းအတွင်း သူတို့ဘာသာ သူတို့ ပေါက်ကွဲပြီး သေသွားမှာ စိုးရိမ်သည့်အတွက် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို တစ်ယောက်မှ မလုပ်ရဲခဲ့ကြပေ။
ရှန်ထျန်းက ယခင်ကတည်းက ကြာပြာကောင်းကင်အသျှင်ပင် အံ့ဩထိတ်လန့်သွားစေလောက်သည့် ထူးခြားအံ့ဖွယ် ပစ္စည်းသုံးမျိုးကို သူ့ခန္ဓာကိုယ်ထဲမှာ ထည့်ထားနိုင်ခဲ့သည်။
ယခု ထာဝရတပိုင်း သတ္တုမှ ထုဆစ်ထားသည့် ထျန်းကျူဓားပါ ရှိလာလေရာ ထိုစွမ်းအားက သန့်စင်သော ထာဝရသတ္တုထက် မနိမ့်ကျပေ။
ထူးခြားအံ့ဖွယ် ပစ္စည်းများ၏ အကူအညီလည်း ပါဝင်နေသည့်အတွက် ရှန်ထျန်း၏ ဓာတ်နှောမိုးကြိုး လက်သီးက ယခင်တစ်ခေါက် ဂိုဏ်းချုပ်၏ စံအိမ်တော်တုန်းကထက် ပိုပြီးတော့ အားကောင်းလာသည်။
“ ဓာတ်နှော…မိုးကြိုး…”
ခုံမုန့်က ရိုးသားဖြောင့်မတ်စွာ ပြုမူနေသည်။ ရှန်ထျန်း စွမ်းအားစုဆောင်းနေစဉ် သူမက အလစ်ဝင်တိုက်ခိုက်တာမျိုး မလုပ်ပေ။
သူမကလည်း သူမ၏ ကိုယ်ပိုင်စွမ်းအားများကို စုစည်းနေပြီး သူမ၏ စွမ်းအား အားလုံးကို ဓာတ်နှောအံ့ဖွယ်အလင်းတန်းထဲသို့ ပေါင်းထည့်ကာ စွမ်းအားအကြီးဆုံး နတ်မိုးကြိုးအလွှာကို ဖန်တီးနိုင်ရန်အတွက် သေချာအာရုံစိုက်နေသည်။
ထိုတိုက်ပွဲက နှစ်ပေါင်းများစွာကြာမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ဒေါင်းမျိုးနွယ်ကြားက ပထမဆုံးအကြိမ် တိုက်ပွဲတစ်ခု ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပြိုင်ဘက်ကင်း ဓာတ်နှောနတ်မိုးကြိုးက ပိုပြီးတော့ ဖျက်စီးစွမ်းအားတွေ ကြီးနေမလား ဒါမှမဟုတ် ဒေါင်းမျိုးနွယ်ရဲ့ သက်တံ့အံ့ဖွယ်အလင်းတန်းရဲ့ ခုခံမှုက ပိုပြီးတော့ စွမ်းအားကြီးနေမလား
မကြာခင်မှာ အဖြေကို သိရတော့မယ်
“ …လက်သီး”
ရှန်ထျန်းက တိုက်ကွက်၏ နောက်ဆုံးစကားလုံးကို ရွတ်ဆိုလိုက်သည့်အခါ သူ့လက်ဖဝါးနှစ်ဖက်ကြားတွင် ကြီးမားသော ရွှေမိုးကြိုးလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ရွှေမိုးကြိုးက အလျင်အမြန် ကျုံ့ဝင်သွားပြီးနောက် ရှန်ထျန်းက လက်ကိုဆန့်ကာ ပစ်လွှတ်လိုက်ပြီး ထိုမိုးကြိုးလုံးလည်း ပေါက်ကွဲသွားသည်။
ရွှေရောင်အလင်းတန်းက ချက်ချင်းဆိုသလို အထွတ်အမြတ် နဂါးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်များကိုလည်း လေထဲတွင် ရှင်းလင်းစွာ မြင်နေရသည်။
ကြောက်စရာကောင်းသော ရွှေမိုးကြိုး လှိုင်းများက ဆူနာမီကဲ့သို့ ခုံမုန့်ဆီ ဦးတည်သွားနေသည်။ ရွှေရောင်လမ်းကြောင်းကို နောက်မှာ ချန်ထားခဲ့ပြီး ရွှေမိုးကြိုးလုံးက လေထဲသို့ ဖြတ်သန်းသွားသည်။
ထိုအရာက ရွှေရောင်အလွှာထံ တည့်တည့်ပစ်လိုက်ခြင်း ဖြစ်သည်။
“ ဒါက ကျွန်မ မြင်တွေ့ရဖို့ မျှော်လင့်နေတဲ့ တိုက်ခိုက်မှုမျိုးပဲ”
ခုံမုန့်၏ မျက်နှာပေါ်မှ အဖက်မလုပ်သော မျက်နှာထား ပျောက်ကွယ်သွားကာ အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်သည်။
“ ရှင် ကျွန်မရဲ့ ခုခံမှုအကာအကွယ်ကို ဘယ်တော့မှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး”
သူမက ဒေါင်းမျိုးနွယ်၏ ဆန်းကြယ်ရှုပ်ထွေးသော လက်သင်္ကေတကို အလျင်အမြန်ပြုလုပ်လိုက်ပြီး သူမ၏ လှုပ်ရှားမှုများက လိပ်ပြာလေးများ ပန်းအုံထဲတွင် လှည့်လည်သွားလာနေပုံနှင့် သဏ္ဌာန်တူသည်။
တစ်ချိန်တည်းမှာပဲ သက်တံ့အံ့ဖွယ်အလင်းတန်းက စတင်ရစ်ပတ်ကာ ဝဲကတော့စွမ်းအားကို ဖန်တီးလိုက်သည်။
ဓာတ်နှောအံ့ဖွယ်အလင်းတန်းနှင့် ဓာတ်နှောနတ်မိုးကြိုးလက်သီးတို့ ထိပ်တိုက်တွေ့ကြလေပြီ။ ထိုအရာက ဓာတ်ငါးပါးအနှော နတ်မိုးကြိုးနှင့် ဓာတ်နှော အံ့ဖွယ်အလင်းတန်းတို့ကြားက တိုက်ပွဲ ဖြစ်သည်။
ဝုန်း…
အဆုံးမှာတော့ အားကောင်းသော တိုက်ခိုက်မှုက အားအကောင်းဆုံးသော အကာအကွယ်နှင့် သွားပြီး ရိုက်ခတ်သည်။
တောက်ပသော ရွှေရောင်အလင်းတန်းက အထွတ်အမြတ် နဂါးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးအားလုံးကို မျက်စိကျိန်းသွားစေသည်။
သူတို့ ကြားနိုင်တာက အဆုံးမရှိသော ကမ္ဘာမြေတုန်လှုပ်စေသည့် ပေါက်ကွဲသံများသာ ဖြစ်၏။
တောင်ကြားတွင် ကွဲအက်သွားသော ကျောက်တုံးအပိုင်းအစများက မြေပြင်ကို ရိုက်ခတ်နေသည်။ ထိုအရာက သူတို့နှစ်ယောက် တိုက်ခိုက်မှု၏ အကျိုးရလာဒ်များဖြစ်သည်။
ဘယ်နေရာမှာ ဒီလောက်ထိ အဆင့်မြင့်တဲ့ တိုက်ပွဲမျိုးကို တွေ့နိုင်ဦးမှာလဲ
ဒါကို ကမ္ဘာဦးတိုက်ပွဲနယ်မြေဆိုပြီး ညွှန်းဆိုလို့ ရတယ်။ တောင်တန်းတိုင်းက ရွှေအမြုတေအဆင့် စံပြပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကိုတောင် တောင့်ခံနိုင်စွမ်း ရှိတယ်
ရှန်ထျန်းနဲ့ ခုံမုန့်ရဲ့ တိုက်ပွဲတို့ရဲ့ နောက်ခံစွမ်းအားက ကနဦးဝိညာဉ်အဆင့်နဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ
တောက်ပသော ရွှေရောင်အလင်းတန်း မှေးမှိန်သွားပြီးနောက် ဖုန်မှုန့်များလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် ခုံမုန့်နှင့် ရှန်ထျန်းတို့လည်း လူအုပ်၏ ရှေ့တွင် ပြန်လည်ပေါ်ထွက်လာကြသည်။
သို့သော် ခုံမုန့်၏ ရောင်စုံဝတ်စုံက ရွှေမိုးကြိုး အစင်းများဖြင့် တောက်ပနေသည်။
သူမ၏ နဂို သေသေသပ်သပ် ဆံပင်သည်လည်း ဖရိုဖရဲ ဖြစ်နေသည်။ ယခင်က တက်ကြွနေသော မျက်နှာထားသည်လည်း ယခု ဆူပုတ်ပုတ် ဖြစ်နေမိသည်။
သူမ ပါးစပ်ဖွင့်လိုက်ပြီးနောက် ချောင်းဆိုးလိုက်သည့်အခါ မီးခိုးတွေပါ ထွက်လာသည်။
“ အရမ်းအားကောင်းတာပဲ။ အရမ်းလည်း ထုံသွားပြီ။ လျှပ်စစ်ကို ထိတွေ့လိုက်ရတဲ့ ခံစားချက်က”
ခုံမုန့်က ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ရှင် တကယ်ကို ချိုးဖောက်လိုက်နိုင်တာပဲ။
ရှင်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ပီသပါပေတယ်။ ရှင်က ကျွန်မရဲ့ သက်တံ့အံ့ဖွယ်အလင်းတန်းကို တကယ် ချိုးဖျက်လိုက်နိုင်တာပဲ။
ကျွန်မရဲ့ သက်တံ့အံ့ဖွယ်ဝတ်ရုံ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ဒီတိုက်ခိုက်မှု ကျွန်မ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ရှန်ထျန်းမှာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် လုံယွမ်နတ်ချပ်ဝတ်တန်ဆာ ရှိပြီး ခုံမုန့်က ဒေါင်းမင်းသမီးလေးဖြစ်သည့်အတွက် သူမ၏ ကိုယ်ပိုင် ချပ်ဝတ်တန်ဆာရှိခြင်းက သဘာဝကျသည်။
ရှန်ထျန်း၏ ဓာတ်နှော နတ်မိုးကြိုးလက်သီးက သက်တံ့အံ့ဖွယ်အလင်းတန်းကို ပျက်စီးသွားအောင် လုပ်နိုင်လိုက်သော်လည်း သက်တံ့အံ့ဖွယ်ဝတ်ရုံ၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
ခုံမုန့်က ရိုးသားဖြောင့်မတ်သည့်သူ ဖြစ်သည့်အတွက် ရှုံးသွားတာကို တန်းဝန်ခံလိုက်သည်
“ ရှင်က အရမ်းစွမ်းအားကြီးတာပဲ။ ကျွန်မ အရမ်းကျေနပ်တယ်”
ရှန်ထျန်းက တိတ်ဆိတ်စွာနေရင်း ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင်ကို ထုတ်ယူကာ သောက်လိုက်သည်။
ငါတို့ အလေးအနက်လေး ပြောကြရအောင်။ ဓာတ်နှော နတ်မိုးကြိုးလက်သီးက လိုချင်တဲ့အချိန်မှာ လိုချင်တဲ့အတိုင်း ထုတ်သုံးလို့ရတယ်လို့ ထင်နေတာလား
သူ့ကို ကြည့်ရတာ ပုံမှန်ဖြစ်နေသော်လည်း ခြေထောက်တွေကတော့ ဂျယ်လီလိုမျိုး ပျော့ဖတ်နေလေပြီ။
သူတို့သာ ဆက်လက်တိုက်ခိုက်ပါက သူ အသားကင် ဖြစ်တော့မှာ သေချာလှသည်။
ယခု ခုံမုန့်က ပိုပြီးတော့ သနားစရာကောင်းသည့်ပုံစံ ပေါ်သော်လည်း သူမမှာ စွမ်းအားတွေ ကျန်ရှိသေးသည်ဆိုတာ သေချာသည်။ သို့သော် ရှန်ထျန်းအတွက်တော့ နောက်ထပ်တစ်ခါ ဓာတ်နှော နတ်မိုးကြိုးလက်သီးကို အသုံးပြုဖို့အတွက် အရမ်းခက်ခဲလှသည်။
သူတို့သာ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ရှန်ထျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ နောက်ဆုံးအားကိုးရာဖြစ်သော ထျန်းကျူဓားကိုသာ ထုတ်သုံးရတော့မည်။
ရှန်ထျန်းအတွက် ထျန်းကျူဓားက သူ၏ စွမ်းအားအကြီးဆုံး လက်နက်ဖြစ်သည့်အတွက် လွယ်လွယ်ကူကူ ထုတ်ဖော်မပြလိုပေ။
ဒီလိုလုပ်တာက ပိုကောင်းမယ် ထင်တယ်။ ခုံမုန့်ကို ကျေနပ်အောင် လုပ်ပေးပြီးတော့ ထွက်သွားခိုင်းလိုက်မယ်။ ဒါက အကောင်းဆုံး ဖြေရှင်းချက်ပဲ
ရှန်ထျန်း ငြိမ်နေသည့်အတွက် ခုံမုန့်က ထပ်ပြောလိုက်သည်
“ ရှန်ထျန်း … ကျွန်မ ရှင့်ကို သတိရနေမှာပါ”
ခဏလောက်စဉ်းစားပြီးနောက် သူမ ထပ်ပြောသည်
“ ရှင် ဒေါင်းမျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာဖို့အတွက် စိတ်ဝင်စားလား။ ရှင် သဘောတူတယ်ဆိုရင် ကျွန်မရဲ့ မျိုးနွယ်က ရှင့်ကို သက်တံ့အံ့ဖွယ် အလင်းတန်း ပညာရပ်ကို မျှဝေပေးမယ်။ ဒီလိုဆိုရင် ဒေါင်းမျိုးနွယ်နဲ့အထွတ်အမြတ်မြေက မဟာမိတ်ဖွဲ့လိုက်နိုင်မှာပဲ”
သူက ဒေါင်းမျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ဒေါင်းမျိုးနွယ်ကြားမှာ မဟာမိတ်ဖွဲ့ဖို့အတွက် စိတ်ဝင်စားပါ့မလား
မင်း နောက်နေတာလား။ ဒေါင်းမျိုးနွယ်က တွဲဖကရှာတဲ့နေရာမှာ အဲလောက်ထိ လွယ်ကူခဲ့လို့လား
ခုံမုန့်၏ စကားကြောင့် ကျင်းယုက နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်
“ နတ်မိမယ်လေး ခုံမုန့် .. အဲလိုလုပ်ရင် အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား ”
ဒေါင်းမျိုးနွယ်၏ လူသားတွဲဖက်ဟုခေါ်သောအရာက နဂါးနက်ကျွန်း၏ နဂါးသူရဲကောင်းနှင့် အတူတူပင် ဖြစ်၏။ ထိုသူက လူသားနှင့် နတ်ဆိုးကြားက အထွတ်အထိပ်အဆင့် ဆက်နွယ်မှုကို ကျင့်ကြံရပေမည်။ တခြားတစ်နည်းဖြင့် ပြောရလျှင် နတ်ဆိုးမျိုးနွယ်နှင့် စာချုပ် ချုပ်ရမည် ဖြစ်၏။
ဒီလိုစံပြမျိုးက လူသားနှင့်နတ်ဆိုးများကြားတွင် တံတားသဖွယ် ဖြစ်လာလိမ့်မည်။ ထိုအရာက တိုင်းပြည်တစ်ခု၏ သံတမန်လိုမျိုး ဖြစ်သည်။
လက်တွေ့တွင် လူသားမျိုးနွယ်က အရာအားလုံး၏ စိတ်ဝိညာဉ် ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက မိစ္ဆာဝိညာဉ်က တိုက်ပွဲကြီးတစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ နတ်ဆိုးမျိုးနွယ် အသီးသီးတွင် လူသားတွဲဖက် ရှိလာသော ဖြစ်ရပ်များ ရှိခဲ့သည်။ ထိုအချိန်တုန်းက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ကြားတွင် မဟာမိတ်များလည်း ရှိခဲ့သည်။
လူသားမျိုးနွယ်မှ ပါရမီရှင်စံပြလူငယ်တစ်ယောက်နှင့် နတ်ဆိုးမျိုးနွယ်မှ ပါရမီရှင် စံပြလူငယ်တစ်ယောက်တို့ ပူးပေါင်းစာချုပ်ချုပ်ဆိုကာ ပေါင်းစပ်ပညာရပ်ကို ကျင့်ကြံကြသည်။ ထိုကဲ့သို့သော လက်တွဲမှုများမှ မျိုးနွယ်စုအတွင်း အချစ်ဇာတ်လမ်းတွေ စတင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မိစ္ဆာဝိညာဉ် ရှုံးနိမ့်သွားသည့်အခါ လူသားနှင့် နတ်ဆိုးမျိုးနွယ်တို့လည်း ဘုံရန်သူ ပျောက်သွားကာ သူတို့အချင်းချင်း စတင်သတ်ဖြတ်ကြကုန်သည်။
အချိန်ကြာသွားသည်နှင့် တစ်ပြိုင်နက် သူတို့ဆီမှာ မဟာမိတ်တွေ ပိုပိုပြီး နည်းလာသည်။
ကျင်းယုက ခုံမုန့်အနေဖြင့် ထိုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို ရုတ်တရက်လုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒါက ရယ်စရာပဲ။ သူမက သူမရဲ့ကိုယ်ပိုင် နတ်ဆိုးမျိုးနွယ်အတွက် သစ္စာတရားဆိုတာ လုံးဝ မရှိတာလား
နတ်မိမယ်လေး…ကျွန်တော် နတ်မိမယ်လေးကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းက သူ့ကို သတ်ပေးဖို့လေ ဟုတ်ပြီလား
ဒီသူတော်စင်က စွမ်းအားကြီးတာလေးနဲ့တင် မင်းက သူ့ကို စွဲလမ်းသွားပြီးတော့ ပရိတ်သတ်အဖြစ် ပြောင်းလဲသွားတာလား။ တကယ်ပြောနေတာလား
ကျင်းယု ဒေါသထွက်ပြီး ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
ရှန်ထျန်း ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဒေါင်းမျိုးနွယ်အတွက် လူသားတွဲဖက်ဆိုတာက ဘာကိုဆိုလိုမှန်း သူ သေချာမသိသောကြောင့် ဖြစ်သည်။
ဒါပေမဲ့ သူသာ ဒေါင်းမျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာခဲ့ရင် သက်တံ့အံ့ဖွယ်အလင်းတန်း ပညာရပ်ကို သင်ယူခွင့်ရမှာတဲ့လား
ဒေါင်းသူရဲကောင်းလား အမှန်အတိုင်းပြောရရင် ရှန်ထျန်း စိတ်ယိုင်သွားမိတယ်
ရှန်ထျန်းက သက်တံ့အံ့ဖွယ်အလင်းတန်းနှင့် ကြုံတွေ့ဖူးသည့်အတွက် အရမ်းအားကောင်းသည့် ခုခံရေးအကာအကွယ် တစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
အဲလိုမျိုး ခပ်မိုက်မိုက် အသက်ကယ်ပညာရပ်က ရှန်ထျန်းရဲ့ အကြိုက်ပဲလေ
ရှန်ထျန်းက ကမ်းလှမ်းချက်ကို တိတ်တဆိတ် အာရုံစိုက်ကာ စဉ်းစားနေစဉ် သူ့နောက်ရှိ နဂါးနက်ဥက အနည်းငယ်တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် နဂါးဥက ရုတ်တရက် ပိုမိုလေးလံလာသည်။
ကလေးမလေးတစ်ယောက်၏ စိတ်တိုနေသော အသံကလည်း ရှန်ထျန်း၏ စိတ်ထဲတွင် ပဲ့တင်သံထွက်သွားသည်
“ ကောင်လေး … မင်းကို အဲဒီကောင်မစုတ်လေးနဲ့ စာချုပ်ချုပ်ဖို့ တားမြစ်တယ်”