← Chapters

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

Vol. 4 Ch. 51

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

Vol. 4 Ch. 51

အခန်း (၅၁) : စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု

ဝမ်ဝေ့ တည်းခိုဆောင်သို့ ရောက်သွားသည့်အခါ အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်နှင့် မဟာအကြီးအကဲ ဝမ်ဖူကို ချက်ချင်း ခေါ်လိုက်ပြီး သူ စောနတုန်းက ရခဲ့သည့် ခံစားချက်ကို ရှင်းပြလိုက်သည်။

ထို့နောက် ဝမ်ဖူက အခန်းကို ပြင်ပကမ္ဘာမှ သီးသန့်ခွဲထွက်သွားစေရန် အစီအရင်တစ်ခု လုပ်လိုက်ပြီး အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် စီမံခန့်ခွဲနိုင်ဖို့ ဆိတ်ငြိမ်သော အခန်းတစ်ခုကို စီစဉ်ပေးလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်ရှုစစ်ဆေးနေသည့် စွမ်းအားကြီးသည့် အားတစ်ခုကို ဝမ်ဝေ့ ခံစားလိုက်ရသည်။ သူ့ဆီမှာ ကိုယ်ပိုင်လွတ်လပ်မှု မရှိတော့သည့်အချက်နှင့် ပတ်သက်ပြီး အနည်းငယ် စိတ်မသက်မသာဖြစ်သော်လည်း ယခုလက်ရှိ ဖြေရှင်းစရာရှိသည့်အတွက် သူ ဘာမှမပြောတော့ပေ။

ယန်းချန်မှ သခင်လေး၏ သက်တောင့်သက်သာ မဖြစ်မှုကို သတိထားမိသွားသည့်အတွက် စကားအချို့ဖြင့် နှစ်သိမ့်ပေးလိုက်သည်

“ သခင်လေး ဒါနဲ့ ပတ်သက်ပြီး သက်တောင့်သက်သာ မဖြစ်ဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ အချိန်ခဏလေးပဲ သည်းခံပေးပါ”

ခဏအကြာတွင် ယန်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မျက်နှာထား ပြောင်းလဲသွားသည်ကို သတိထားမိသော ဝမ်ဝေ့က မေးလိုက်သည်

“ တစ်ခုခု ရှာတွေ့လား။ ကျွန်တော် ဘာဖြစ်နေတာလဲ”

“ မဟုတ်ဘူး။ အဲလိုမဟုတ်ပါဘူး။ သခင်လေး… သခင်လေးရဲ့ ဝိညာဉ် အရမ်းစွမ်းအားကြီးနေတာကို ကြည့်ပြီး အံ့အားသင့်သွားလို့ပါ”

“ အာ …”

ယန်းချန်က အမှန်တရားအားလုံးကို ထုတ်မပြောလိုက်ပေ။ သူ မပြောလိုက်သည်က သခင်လေး၏ ဝိညာဉ်ထဲတွင် ထူးဆန်းသော သက်ပြင်းရှိုက်သံကို သတိထားမိကြောင်း ဖြစ်သည်။ သို့သော် သူ စစ်ဆေးဖို့ နီးကပ်သွားသည့်အခါတိုင်း သူ လွှမ်းမိုးသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။ သူသာ ဒီထပ်ပိုပြီး နီးကပ်သွားပါက ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု အသိစိတ်မှ သတိပေးနေသည်။

စစ်ဆေးပြီးနောက် ယန်းချန် ထင်ရှားသည့်အရာ ဘာမှ ရှာမတွေ့ပေ။ သခင်လေး ဘာမှမဖြစ်ပေ။ သို့သော် သူ စိတ်လေးနေမိသေးသည်။ သခင်လေး၏ ဝိညာဉ်က သူ့ ကျင့်ကြံရေးလမ်းကြောင်းအတွက် မြှင့်တင်ပေးနိုင်သည့်အရာ ဖြစ်မလာခင် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း သူ ရုတ်တရက် သတိထားလိုက်မိသည်။ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် တခြားအကြီးအကဲများကို သူ အသိပေးသင့်သည်။ အချိန်များစွာလည်း ကျန်နေသေးသည်။

“ သခင်လေး ဘာပြဿနာမှ ရှာမတွေ့ပါဘူး။ သခင်လေး တစ်ခုခုမှားပြီး မြင်တာ ဖြစ်ပါလိမ့်မယ်”

“  အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် … ကျွန်တော် အရမ်း တစ်ဖက်စွန်း ရောက်နေတာများလား” ဝမ်ဝေ့က စတင်စဉ်းစားလိုက်သည်။ ထို့နောက် သူက ထိုအကြံကို လွှင့်ပစ်လိုက်သည်။ သူ ကြိုမြင်ရသည့်အရာကို သူ ယုံကြည်သည်။

ယခု သူ့အနေဖြင့် ပြဿနာဖြစ်စေသည့် အကြောင်းအရင်းကို ရှာရမည် ဖြစ်သည်။ ထို့နောက် နေ့ဘက်မှာ ဖြစ်သွားသည့် အခြေအနေကို စဉ်းစားကြည့်လိုက်သည်။

အဲဒီရုန်းရင်းဆန်ခတ်ဖြစ်မှုက အရမ်းကို တိုက်ဆိုင်လွန်းအားကြီးတယ်

“ ထပ်ပြီးတော့ စစ်ဆေးပေးပါ။ ဒီတစ်ခေါက် ဝင်တိုက်ခဲ့တဲ့ လက်မောင်းကို ပိုပြီးတော့ အာရုံစိုက်ပေးပါ။ စစ်ဆေးတဲ့နေရာ မကျန်နေပါစေနဲ့”

“ သခင်လေး ဆန္ဒအတိုင်းပါပဲ”

ယန်းချန်ကလည်း အမိန့်ပေးသည့်အတိုင်း ပုခုံးနှင့် လက်မောင်းကို စစ်ဆေးဖို့အတွက် နတ်ဘုရားအသိစိတ်ကို အသုံးပြုလိုက်သည်။

ရုတ်တရက် မေးလိုက်သည်

“ သခင်လေး ညှပ်ရိုးမှာ တက်တူး ဒါမှမဟုတ် မှဲ့တစ်ခု ရှိခဲ့ဖူးလား”

“ တက်တူး … မှဲ့ …ဟုတ်လား… ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး”

ဝမ်ဝေ့က ဝတ်ရုံလေးကို အသာလျှောချရင်း ကြည့်လိုက်သည့်အခါ ပုခုံးပေါ်တွင် မှဲ့သေးသေးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ယခင်က မရှိခဲ့သည့်အတွက် သူ စိတ်ရှုပ်ထွေးနေမိသည်။

ယန်းချန်က မှဲ့ကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

“ ဒါက အဆောင်တစ်မျိုးပဲ။ သေးသေးလေးလုပ်ပြီး လူပေါ်မှာ အမှတ်အသားဖြစ်အောင် လုပ်လိုက်တယ်ဆိုတာ အံ့ဩဖို့ကောင်းတဲ့ အကြံဉာဏ်ပဲ။ ဒါပေမဲ့ ကျုပ်က ရှေးအက္ခရာစာတွေမှာ မကျွမ်းကျင်လို့ ဘာအတွက် လုပ်ထားတယ်ဆိုတာကိုတော့ မသိဘူး။ ဝမ်ဖူ မင်း တစ်ခုခုသိနိုင်မလားဆိုတာ လာကြည့်ကြည့်ဦး”

ဝမ်ဖူက လမ်းလျှောက်သွားကာ တက်တူးငယ်လေးကို သေချာကြည့်လိုက်သည်။

“ ဘယ်လောက်တောင် ပြောင်မြောင်လိုက်တဲ့ ပုံစံလဲ။ ကျုပ်သာ မမှားဘူးဆိုရင် ဒါက ခြေရာခံအဆောင်ပဲ။ သခင်လေး တစ်ချိန်လုံး ဘယ်မှာရှိနေလဲဆိုတာ ခြေရာခံနိုင်ဖို့အတွက် တစ်ဖက်လူဆီမှာလည်း ဒီလိုအဆောင်မျိုး ရှိနေမှာ။ ဒါပေမဲ့ ဘယ်သူက ဒီလိုမျိုး လုပ်တာလဲ”

“ မဟာကျိုးတော်ဝင်တိုင်းပြည်လေ” ထောင့်မှာရှိနေသည့် ဝမ်ကျူက ဖြေလိုက်သည်။

“ သခင်လေး ဘယ်မှာလဲဆိုတာ သိချင်နေတာ သူတို့ပဲ ရှိလိမ့်မယ်”

“ ကြည့်ရတာ ငါတို့ရဲ့ ငါးစာကို လာဟပ်သွားပြီပဲ” ဝမ်ဝေ့က စဉ်းစားတွေးတောလိုက်သည်။

“ မင်းသားကျီစုနဲ့ ပတ်သက်ပြီး မင်းကို ခိုင်းထားတဲ့အလုပ်ရော ဘယ်လိုနေလဲ”

“ သခင်လေး အမိန့်ပေးထားတဲ့အတိုင်း မင်းသားကျီစုအနားကို သွားသွားနေပါတယ်။ ဒါပေမဲ့ သူ သံသယမဝင်ဘဲ သူ့ရဲ့ အတွင်းစည်းထဲကို ရောက်ဖို့တော့ အချိန်နည်းနည်း ယူရပါလိမ့်မယ်”

“ ဝေ့အာ ဒီအစီအစဉ်ကို မင်းသားကျီစုက ကြံစည်ထားတယ်လို့ ထင်တာလား”

“ ဟုတ်တယ် ဦးလေးဝမ်ဖူ။ မင်းသားကျီစု ကျွန်တော်တို့ရဲ့ ဂိုဏ်းကို လာကတည်းက သူ့ကို သေချာအာရုံစိုက်ကြည့်နေခဲ့တာ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ဖတ်ထားတဲ့ အချက်အလက်အရ ကျီစုက သူ့ညီလေး အိမ်ရှေ့စံမင်းသားနေရာကို ယူသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအညှိုးအတေးမှ ရှိပုံမပေါ်ဘူး။

တချို့ကတော့ ထင်ကြလိမ့်မယ်။ အဲလို လက်လွှဲပေးလိုက်တာက သူ့ညီလေးကို တကယ်ချစ်လို့ပေါ့လေ။ ဒါပေမဲ့ တော်ဝင်မိသားစုဝင်တွေ ကြားထဲမှာ စစ်မှန်တဲ့ ညီအစ်ကို ဆက်ဆံရေး မရှိဘူးဆိုတာ ကျွန်တော်တို့ အားလုံး သိနေကြတာပဲ ...

ကျွန်တော်က မဟာကျိုးတော်ဝင် တိုင်းပြည်ရဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတွေကို ဝင်ရောက်စွက်ဖက်ရလောက်တဲ့အထိ မပျင်းပါဘူး။ ကျီစုကို အာရုံစိုက်ရတဲ့ အကြောင်းအရင်းက သူက အရမ်းဉာဏ်ကောင်းတဲ့ပုံပေါ်ပြီး ပါးနပ်တဲ့ပုံပေါ်တယ်။ ပြီးတော့ ကျီစုန့်က သူ ပြောတာကို နားထောင်တယ် အဲလိုမဟုတ်ရင်တောင် အနည်းဆုံး ကိစ္စအများစုအတွက် သူ့ရဲ့အကြံဉာဏ်ကို ထည့်တွက်ပေးတယ်။

ကျီစုန့်က သဘာဝအရ အရိုင်းဆန်တယ်။ သူ့ထက် ပိုပြီးတော့ အင်အားကောင်းနေသရွေ့ သူနဲ့ အလွယ်တကူ ညှိနှိုင်းလို့ ရတယ်။ ဒါပေမဲ့ သူ့နောက်မှာ ကျီစုလိုမျိုး ဉာဏ်ကောင်းတဲ့ အစ်ကိုတစ်ယောက်ရှိနေရင် သူ့ချို့ယွင်းချက်တွေကို ပြင်နိုင်သွားလိမ့်မယ်။ အဲဒါဆိုရင် သူ့ရဲ့ ခြိမ်းခြောက်နိုင်တဲ့အဆင့်ကို များစွာ မြှင့်တင်ပေးလိမ့်မယ်”

အခန်းထဲရှိ လူအားလုံးက ဝမ်ဝေ့ ပြောသော စကားများကို စတင်စဉ်းစားနေကြသည်။ ကောင်းကင်ဆန္ဒတိုက်ပွဲအတွက် အင်အားက အမြဲတမ်း ဖြေရှင်းနည်း မဖြစ်နိုင်ပေ။ ဤကမ္ဘာတွင် “ ပြည့်စုံသော ခွန်အားရှေ့တွင် အစီအစဉ်အားလုံးက ဟာသပဲ”ဆိုသော သဘောထားအရ ထိုအရာ၏ အကြီးမားဆုံး လှောင်ပြောင်မှုတစ်ခု ဖြစ်နေသည်။

အသင်္ချေအင်ပါယာအလွှာ၏ သမိုင်းတစ်လျှောက်တွင် အစီအစဉ်ကျသော နည်းလမ်းများရှေ့မှာပင် ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည့် မရေတွက်နိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များစွာ ရှိသည်။

ဥပမာကောင်းတစ်ခုကို အလွယ်လေး ရှာတွေ့နိုင်သည်။ ထိုသူက ဂိုဏ်းချုပ်ဝမ်ထျန်း ဖြစ်သည်။ သူ့မျိုးဆက်တွင် သူက သူနှင့်ရွယ်တူ ရန်သူများအား ကြောက်လန့်မှု၊ ခြိမ်းခြောက်မှုကို ပေးနိုင်ခဲ့သည့် ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဖြစ်သည်။ သို့သော် ယခု ဦးနှောက်ကို ပိုမိုအသုံးပြုသည့် သူ့မိန်းမ၏ လက်ထဲတွင် မရေတွက်နိုင်သော ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

ဝမ်ဝေ့ သူ့အမေဆီမှ ကြားခဲ့သော သတင်းအရ သူမက သူ့ ကျင့်ကြံဆင့်ကို ပြန်လည်မြှင့်တင်ပေးရန်အတွက် အစားအစာ၊ ရေနှင့် စိတ်စွမ်းအင်မရှိသည့် မရဏပိုင်နက်သို့ ရောက်သွားအောင် တစ်ခါ လှည့်စားခဲ့ဖူးကြောင်း သိလိုက်ရသည်။ ထို့အပြင် သိုလှောင်လက်စွပ်ကိုလည်း မသုံးနိုင်သလို အပြင်လောကနှင့်လည်း ဆက်သွယ်လို့ မရခဲ့ပေ။ အဘိုးသာ သူ့ကို ခြေရာခံဖို့ တန်ရာတန်ကြေးမပေးခဲ့ပါက သူ ထိုနေရာမှာတင် သေသွားနိုင်သည်။

ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဉာဏ်ပညာက ကြီးမားသော အထောက်အကူတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က ကျီစုကို စောင့်ကြည့်နေခြင်း ဖြစ်ပြီး သူ၏ အတွင်းစည်းထဲကို ဝင်နိုင်အောင် ကြိုးစားနေခြင်းဖြစ်သည်။

“ သခင်လေး ဒီအဆောင်ကို ဖယ်ရှားချင်လား”

“ မလိုတော့ပါဘူး။ ဒီအတိုင်းထားလိုက်တာက ကျွန်တော်တို့အတွက် ပိုမိုလွယ်ကူလာစေလိမ့်မယ်။ ကျီစုန့်ကို ခြေရာခံဖို့ ကိုယ့်နည်းလမ်းကိုယ် အသုံးပြုဖို့ မလိုတော့ဘူး။ သူ့ဘာသာသူ ကျွန်တော်ဆီ ရောက်လာလိမ့်မယ်”

ခဏအကြာတွင် ဝမ်ဝေ့ ရုတ်တရက် မေးမြန်းလိုက်သည်

“ ဝမ်ကျူ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုမှာ ပါဝင်မဲ့ တခြားကုန်းမြေ ဧကရာဇ်အဆင့်ဂိုဏ်းတွေရဲ့ အချက်အလက်ကို ရထားသေးလား”

“ သခင်လေး စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု တခြားဝင်ပေါက်မှာ ရှိတဲ့ သူလျိုတွေ ပြောကြားချက်အရတော့ စစ်ဆေးမှုမှာ ပါဝင်မဲ့ တခြားဧကရာဇ်မျိုးရိုးတွေ မရှိဘူးတဲ့။ သူတို့အားလုံး ဒီနှစ် စိတ်မဝင်စားကြတဲ့ပုံပဲ”

“ ကောင်းတာပေါ့။ ဒါဆိုရင် ငါတို့ရဲ့ အစီအစဉ်တွေ ပြောင်းလဲနိုင်ချေ လျော့နည်းသွားပြီ။ ကောင်းပြီလေ အခု ငါ အနားယူတော့မယ်”

စကားဆုံးသွားသည့်အခါ အားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေကြသည်။ ဝမ်ဝေ့က သူ အသစ်ရှာဖွေတွေ့ရှိထားသော လွတ်လပ်မှုကို ဆက်လက်ခံစားနေပြီး မြို့ထဲသို့ လှည့်ပတ်ကြည့်ရှုနေသည်။ သူက မကြာခင်မှာ ကျင်းပတော့မည့် သတ်ဖြတ်ပွဲတွင် မှန်ကန်သော စိတ်ဓာတ် ရှိနေဖို့ လိုအပ်သည်။

သို့သော် မမျှော်လင့်သည့်အရာတစ်ခု ဖြစ်ပွားခဲ့သည်။ သူ့ လည်ပတ်မှုထဲမှ တစ်ခုတွင် စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှု ကျင်းပမည့် လျှို့ဝှက်နယ်မြေ မဖွင့်ခင် ထူးဆန်းစွာ ပြုမူသော ချီနဂါးရှိသည့် ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။

သေချာစစ်ဆေးပြီးနောက် ထိုကောင်လေးတွင် သူ့အတွက် အရမ်းတန်ဖိုးရှိနိုင်သည့် ကံကောင်းမှု အတွေ့အကြုံတစ်ခု ရှိနိုင်ကြောင်း ဝမ်ဝေ့ ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် သူက မဟာကျိုးတော်ဝင်တိုင်းပြည်၏ တူညီသော နည်းလမ်းကို အသုံးပြုဖို့ မတွေဝေဘဲ သူ့ကို တိတ်တဆိတ် ခြေရာခံခဲ့သည်။

စစ်ဆေးမှုစတင်သည့်နေ့က မကြာခင်မှာပဲ ရောက်ရှိလာခဲ့သည်။ ယှဉ်ပြိုင်သူအားလုံး၏ ရှေ့တွင် ဧရာမအစီအရင်တစ်ခု ပေါ်ပေါက်လာကာ ဂိတ်တံခါးတစ်ခုကို ဖန်တီးနေသည်။

ဝမ်ဝေ့ ပထမဆုံး ဝင်သွားပြီးနောက် မဟာကျိုးတော်ဝင်တိုင်းပြည်မှ လူများ၊ နှလုံးသားစည်းချက်ဂိုဏ်းနှင့် ကျန် ပါဝင်ယှဉ်ပြိုင်သူများ ဝင်သွားကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဝမ်ဝေ့နှင့် ယှဉ်ပြိုင်သူများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းကိုယ်စားပြုအုပ်စု ထွက်သွားကာ လျှို့ဝှက်ကောင်းကင် မျှော်နန်းသို့ ဦးတည်လိုက်ကြသည်။

ကိုယ်စားလှယ်အဖွဲ့ထဲတွင် သူတော်စင် နယ်ပယ်အဆင့် အစစ်အမှန် ပုဂ္ဂိုလ် ၁၀ယောက်ကျော်၊ အထွတ်အထိပ် နယ်ပယ်အဆင့် အစစ်အမှန် အုပ်ချုပ်သူ ၃ယောက်နှင့် အဖွဲ့ထဲမှာ ရာထူးအမြင့်ဆုံးဖြစ်သည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်တို့ ပါဝင်သည်။ လူအားလုံးက စိတ်ရှည်စွာဖြင့် မတ်တပ်ရပ်ကာ မောက်မာမှု၊ စိတ်မရှည်မှုတို့ မရှိဘဲ စိတ်ရှည်နာခံစွာဖြင့် သူ့အမိန့်ကို စောင့်ဆိုင်းနေကြသည်။

ထိုသူ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာပေါ်ရှိ စွမ်းအားကြီးသည့်သူအားလုံးက တည်ရှိမှုတစ်ခုမှ ထူးခြားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းရှိနေသည့် နေရာကို စိုက်ကြည့်ကာ တူညီသော စကားကို ရေရွတ်မိလိုက်ကြသည်

“ ထာဝရအသျှင်”

All Chapters