အရွယ်ရောက်လာခြင်း
Vol. 4 Ch. 53
အခန်း (၅၃) : အရွယ်ရောက်လာခြင်း
ပထမတိုက်ပွဲ ပြီးသွားသည့်အခါ ဝမ်ဝေ့၏ အင်္ကျီအဟောင်းက အသုံးပြုလို့ မရတော့သည့်အတွက် ဝတ်စုံအသစ် ရှာရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူက အမဲလိုက်ထားသော တိရစ္ဆာန်များ၏ အရေခွံဖြင့် ဝတ်စုံအသစ်တစ်ခု ပြုလုပ်ရတော့သည်။ သွေးပေနေသော အဝတ်များမှ သွေးညှီနံ့က တောအုပ်ထဲရှိ အန္တရာယ်ကြီးတိရစ္ဆာန်များအား ဖိတ်ခေါ်သလို ဖြစ်သွားနိုင်သည့်အတွက် မီးရှို့လိုက်ရသည်။
တစ်ရက်တာ အနားယူပြီးနောက် ဝမ်ဝေ့က မနက်စာအတွက် အမဲလိုက်ပြီး နောက်ထပ်ပစ်မှတ်ဆီ ဦးတည်သွားလိုက်သည်။ ယခင်ချမ်းသာသော မိန်းကလေးဆီမှ အနည်းငယ် ဝေးသော မြစ်ကမ်းဘေးတစ်နေရာတွင် လူသုံးယောက် တဲထိုးထားသည်ကို တစ်ချိန်တည်းမှာ တွေ့လိုက်ရသည်။
ထိုလူသုံးယောက်မှာ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ဝမ်ဝေ့က သူတို့၏ ချီနဂါးများကို ကြည့်ပြီး အဝေးတစ်နေရာမှ ချောင်းကြည့်နေသည်။
ဝမ်ဝေ့က သူ သတ်ဖြတ်ရမည့်ပုံစံနှင့် ပတ်သက်ပြီး အနည်းငယ် စဉ်းစားတွေးတောလိုက်သည်။ ထို့နောက် သူတို့အိပ်နေစဉ် တစ်ယောက်ချင်းစီ သုတ်သင်ရှင်းလင်းပစ်ရမည် ဆိုသော အကြံထွက်လာသည်။ သို့သော် ဤစစ်ဆေးမှုတွင် သူ့ရည်ရွယ်ချက်က တိုက်ခိုက်သည့် အတွေ့အကြုံ ရဖို့ဖြစ်ပြီး လူများကို တိတ်တဆိတ် သတ်ဖြတ်ကာ နံပါတ်တစ်နေရာသို့ ရောက်ရှိပြီး ဆုလက်ခံဖို့ မဟုတ်ကြောင်းကို သူ ပြန်လည် သတိရသွားသည့်အတွက် သူ့အစီအစဉ်ကို လက်လွှတ်လိုက်သည်။
ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းကသာ သူ တစ်စုံတစ်ခုကို သင်ယူနိုင်မည် ဖြစ်ပြီး တိုက်ခိုက်စွမ်းရည် တိုးတက်လာမည် ဖြစ်သည်။ သူ ဤနေရာသို့ ရောက်မလာခင် လီကျွင်းနှင့်အတူ အများကြီး လေ့ကျင့်ထားသော်လည်း သေရေး၊ ရှင်ရေး တိုက်ပွဲများတွင် ရင်ဆိုင်ရသည့် အတွေ့အကြုံအစစ်လောက်ထိ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
သို့သော် ပြဿနာတစ်ခု ရှိနေဆဲ ဖြစ်သည်။ ရန်သူက သုံးယောက်ရှိနေပြီး ဝမ်ဝေ့က တစ်ယောက်တည်း ဖြစ်နေသည်။ ဝမ်ဝေ့က တစ်ကြိမ်တိုက်ခိုက်လျှင် လူတစ်ယောက်ထပ်ပိုပြီး တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးသည့် သူ့အခြေအနေသူ သိသည်။
ထို့ကြောင့် သူတို့ထဲမှ တစ်ယောက် အဖွဲ့မှ ကွဲထွက်လာသည့်အချိန်ကို စောင့်စားနေသည်။ ထိုလူသုံးယောက်က ချမ်းသာသော မိန်းကလေးနှင့်မတူဘဲ အရမ်းသတိထားနေကြသည်။ သူတို့က အချိန်အများစုကို အုပ်စုလိုက်သာ ကုန်ဆုံးကြပြီး လိုအပ်လျှင်တိုက်ခိုက်နိုင်ရန် ကျန်နှစ်ယောက် သေချာအနားယူနေချိန်တွင် ကျန်တစ်ယောက်က ကင်းစောင့်ခြင်းကို အလှည့်ကျ ပြုလုပ်နေကြသည်။
ဝမ်ဝေ့က စိတ်ရှည်စွာဖြင့် သူတို့သုံးယောက်ကို လေးရက်ကျော်အထိ လုံးဝ အနားယူခြင်း မရှိဘဲ စောင့်ကြည့်လေ့လာခဲ့သည်။ သာမန်လူများနှင့် မတူဘဲ ဝမ်ဝေ့၏ ခန္ဓာကိုယ်က လူသားမဆန်တော့ပေ။ အသက်ရှင်နိုင်ရန်အတွက် နေ့တိုင်း အစားစားဖို့ မလိုအပ်ပေ။
သူ အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံခဲ့သည့်အတွက် နေ့တိုင်း နေရောင်နည်းနည်း ခံလိုက်ရုံဖြင့် ၇ရက်လုံး ဘာပြဿနာမှ မရှိဘဲ ခန္ဓာကိုယ်က ပုံမှန်အတိုင်း ကောင်းကောင်း အလုပ်လုပ်နိုင်သည်။
မကြာခင်မှာပင် ဝမ်ဝေ့၏ စိတ်ရှည်သည်းခံမှုကြောင့် ပြန်လည်အကျိုးသက်ရောက်မှု ရှိလာသည်။ ထိုအဖွဲ့ထဲမှ အမျိုးသမီးက လေးရက်ဆက်တိုက် မြစ်မှ ငါးများကို စားရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သည့်အတွက် တခြားတိရစ္ဆာန်များကို အမဲလိုက်သွားချင်သည်ဟု ဆိုလာသည်။ ကျန်နှစ်ယောက်ကလည်း သူမ ပြောသည်ကို သဘောတူကြပြီး တစ်ယောက်က သူမနှင့်အတူ လိုက်သွားကာ ကျန်တစ်ယောက်က နွေးထွေးသော တဲအိမ်ကို စောင့်နေခဲ့သည်။
သူတို့ အဖွဲ့ကွဲသွားသည်နှင့်တစ်ပြိုင်နက် ဝမ်ဝေ့ ကျန်ရှိခဲ့သောသူအနားသို့ ချဉ်းကပ်လာသည်။ သို့သော် ယခုတစ်ခေါက်က ယခင်တစ်ခေါက်လောက် မလွယ်ကူပေ။ ထိုလူက အမြဲတမ်း သတိဖြင့် နေသည့်အတွက် တစ်စုံတစ်ယောက် သူ့အနား ချဉ်းကပ်လာသည်ကို ချက်ချင်း သတိထားမိသည်။
ပြိုင်ဘက်က သူ့ဓားနှင့် တူသော ဓားတစ်ချောင်း ထုတ်လိုက်သည်ကို ဝမ်ဝေ့ ကြည့်နေလိုက်သည်။ သူ့ရန်သူက သူ ချဉ်းကပ်လာသည်ကို သိသွားသည်နှင့် ပတ်သက်ပြီး ဝမ်ဝေ့ ပျာယာခတ်သွားခြင်းမျိုး မရှိပေ။ သူ့ရည်ရွယ်ချက်လည်း ယိမ်းယိုင်သွားခြင်းမရှိပေ။
ဝမ်ဝေ့က ထိုလူကို သေချာစိုက်ကြည့်နေသည်။ သူက သူ့ထက် အနည်းငယ် ပိုပုသော်လည်း ပိုပြီးတော့ ကြံ့ခိုင်ပုံပေါ်သည်။ သူ့လက်ပေါ်ရှိ အသားမာများက ကောင်းကောင်းလေ့ကျင့်ခံထားရခြင်း သို့မဟုတ် အသက်ရှင်ဖို့အတွက် ပင်ပန်းကြမ်းတမ်းသည့် အလုပ်ကို လုပ်ရခြင်းကို ပြသနေသည်။
သူတို့နှစ်ယောက်က စတင်တိုက်ခိုက်ရမည့် လမ်းကြောင်းကို ရှာရင်း အချင်းချင်း၏ စိတ်ရှည်မှုကို စမ်းသပ်နေကြသည်။ ပုံမှန်ဆိုလျှင် ဝမ်ဝေ့က တိုက်ခိုက်ဖို့အတွက် သင့်တော်သည့် အချိန်ကို စောင့်ရသည်ကို ပျော်ရွှင်သည်။ သို့သော် အချိန်က သူ့ဘက်မှာ မရှိပေ။
ထိုလူဘက်တွင် ပြန်လာမည့် တပ်ကူ နှစ်ယောက်ရှိကြောင်း သူ သိသည်။ ဝမ်ဝေ့ အချိန်ဆွဲလေလေ သူ့အတွက် အခြေအနေ မကောင်းနိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် သူ ထပ်ပြီး စောင့်မနေတော့ဘဲ ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။
တိုက်ခိုက်ရန် လမ်းကြောင်းမရှိသေးပါက သူ တစ်ခု ပြုလုပ်လိုက်မည်ဖြစ်သည်။
ဝမ်ဝေ့က ထိုလူကို ခုန်အုပ်ကာ ဓားဖြင့် ထိုးစိုက်ရန် ချိန်ရွယ်ထားသည်။ ယခုတစ်ခေါက်တွင် သူက အသက်ရှင်ရန် လိုအပ်သော အင်္ဂါဖြစ်သည့် အဆုတ်ကို တိုက်ရိုက် ချိန်ရွယ်ထားသည်။ တစ်ဖက်လူက ခန္ဓာကိုယ်အပေါ်ပိုင်းကို လိမ်ကာ ရှောင်လိုက်ပြီး ဝမ်ဝေ့၏ မျက်လုံးထဲသို့ ဓားဖြင့်ထိုးစိုက်ကာ တုံ့ပြန်လိုက်သည်။
ဝမ်ဝေ့က ရှောင်ရှားလိုက်ပြီး ပြိုင်ဘက်ကို မလှုပ်ရှားနိုင်စေရန် နောက်မှနေ၍ ဒူးကို ကန်လိုက်သည်။ တစ်ဖက်လူကလည်း ဝမ်ဝေ့ သူ့ဒူးကိုသာ ကန်မိသွားစေရန် ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
ဝမ်ဝေ့က ထိုပြောင်းလဲမှုကို သတိထားမိသွားသည့်အတွက် သူ့ ကန်ချက်ကို အောက်သို့ နည်းနည်းနှိမ့်လိုက်သည်။ ထိုလူ၏ ဒူးကိုသာ ကန်မိသွားပါက သူ့ခြေချောင်းရှိ အရိုးများ အက်သွားနိုင်သည်။
ထိုတိုက်ခိုက်မှု ကျရှုံးသွားပြီးနောက် ဝမ်ဝေ့ မရပ်တန့်ဘဲ သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော မျက်လုံး၊ နှလုံး၊ အဆုတ်နှင့် ဦးနှောက်ကို ထိုးစိုက်ရန် ကြံရွယ်ခဲ့သည်။
သို့သော် ထိုလူက တိုက်ခိုက်မှုများအားလုံးကို ရှောင်ရှားနိုင်ပြီး သူ့ကို ပြန်လည်တိုက်ခိုက်နေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်မှာ ငါးမိနစ်ကျော်လာပြီဖြစ်ပြီး ဘာစကားမှ မပြောဘဲ အချင်းချင်း ဓားဖြင့် ထိုးဖို့သာ ကြံရွယ်နေကြသည်။
အချိန်က အရမ်းအရေးပါကြောင်း ဝမ်ဝေ့ သိသည်။ သူ တိုက်ခိုက်တာ ကြာလေလေ အန္တရာယ်ပိုများသော အခြေအနေထဲသို့ ရောက်သွားလေလေဖြစ်သည်။
ဝမ်ဝေ့က မောပန်းလာပြီး ထွက်သွားဖို့ ကြံစည်နေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားသည်။
သူ့ပြိုင်ဘက်က တိုက်ခိုက်ပြီးသွားသော်လည်း လုံးဝ ပင်ပန်းခြင်း မရှိပေ။
သူ့လိုမျိုး မောပန်းခြင်းမျိုး မရှိဘဲ အသက်ရှူသံက ပုံမှန်ဖြစ်ပြီး ခြေထောက်ကိုလည်း မြေပြင်ပေါ်တွင် ခိုင်ခိုင် ရပ်ထားနိုင်သေးသည်။ ဝမ်ဝေ့ကို ပိုမိုထိတ်လန့်သွားစေသည့် အကြောင်းအရင်းက သူ့ပြိုင်ဘက်က တိုက်ခိုက်သည့်တစ်လျှောက်လုံး သူ့နေရာမှ လုံးဝ မရွေ့သည့် အချက်ပင် ဖြစ်သည်။
တွေဝေနေရင်း ဝမ်ဝေ့က တိုက်ခိုက်သည့် အချက်အလက် အသေးစိတ်ကို ပြန်လည်စဉ်းစားရန် သူ့ဝိညာဉ်မှ ယူဆောင်လာသော စွမ်းအားကြီးမှတ်ဉာဏ်ကို စတင် အသုံးပြုလိုက်သည်။
ထိုလူက ထိပ်တန်းရှောင်ရှားနည်းကို အသုံးပြုနေကြောင်း သတိထားမိသွားသည်။ ဝမ်ဝေ့ သူ့ကို တိုက်ခိုက်လိုက်တိုင်း ရှောင်ရှားရန် လှုပ်ရှားမှု အနည်းငယ်ကိုသာ အသုံးပြုသည်။ သူ့ လှုပ်ရှားမှုများက မြန်ဆန်ထိရောက်သည့်အတွက် မလိုအပ်ဘဲ စွမ်းအင် ဖြုန်းတီးတာမျိုး မဖြစ်တော့ပေ။
ထို့ကြောင့် တစ်ခါတိုက်ခိုက်ပြီးသွားသည့်အခါ ဝမ်ဝေ့က ပင်ပန်းနေပြီး ထိုလူက မပင်ပန်းသည့် အကြောင်းအရင်း ဖြစ်သည်။ ထိုလူ၏ လှုပ်ရှားမှုကို ထပ်ခါထပ်ခါ ပြန်လည်စဉ်းစားပြီးနောက် ဝမ်ဝေ့ အသက်ပြင်းပြင်းရှူကာ ထပ်မံ တိုက်ခိုက်လိုက်သည်။
ဝမ်ဝေ့က လျင်မြန်သော လှုပ်ရှားမှုဖြင့် အဆုတ်ကို ထပ်မံထိုးစိုက်ရန် ကြိုးစားလိုက်သည်။ တစ်ဖက်လူက တူညီသော ရှောင်ရှားနည်းဖြင့် ရှောင်ကာ ဝမ်ဝေ့၏ မျက်လုံးကို ပြန်ထိုးစိုက်ဖို့ ကြိုးစားသည်။ ဝမ်ဝေ့က ဓားကို ရှောင်ရှားရန် ခေါင်းအနည်းငယ် ငုံ့လိုက်ပြီးနောက် ဘယ်လက်ဖြင့် ထိုလူ၏ မေးစေ့နားကို ဖြတ်တောက်ဖို့ ကြိုးစားလိုက်သည်။
ထိုလူကလည်း ထိုဓားခုတ်ချက်ကို ထပ်မံရှောင်ရှားလိုက်ပြီး ညာဘက်ခြေထောက်ဖြင့် ဝမ်ဝေ့၏ ခါးကို ကန်လိုက်သည်။ သူ့ခြေထောက်နှင့် ထိမိတော့မည့်အချိန်တွင် ဝမ်ဝေ့က ဘယ်ဖက်ခြေထောက်ကို မြှောက်ကာ ဒူးနှင့် ရိုက်ခတ်စေသည်။
တစ်ဖက်လူက နာကျင်စွာဖြင့် ငြီးငြူလိုက်သည်။ အချိန်ကိုက်ဖြစ်သွားပြီး ကန်ချက်ကို ပြန်ဆုတ်ဖို့ အချိန်ပင် မရှိလိုက်ပေ။ ဝမ်ဝေ့က တစ်ဖက်လူ နာကျင်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ညာဘက်ခြေထောက်ကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
ထိုလူက ရှောင်ရှားဖို့ ကြိုးစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် နာကျင်မှုကြောင့် အကြောများ ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ ခြေထောက်ပေါ်တွင် ဓားဖြတ်ရာကြီးတစ်ခု ကျန်ရှိနေခဲ့သည်။
တိုက်ခိုက်နေစဉ်အတွင်း ဝမ်ဝေ့ ပထမဆုံးအကြိမ် တစ်ဖက်လူကို သွေးထွက်အောင် လုပ်လိုက်နိုင်သည်။ သို့သော် သူ သတိမလျော့ဘဲ ထိုလူကို အဆက်မပြတ် ဆက်လက်တိုက်ခိုက်တော့သည်။ တိုက်ခိုက်ခြင်းက နောက်ထပ် ငါးမိနစ်ကြာသွားပြန်သည်။ သူတို့က အနည်းဆုံးလှုပ်ရှားမှုကို အသုံးပြုကာ အချင်းချင်း တိုက်ခိုက် ရှောင်ရှားနေကြသည်။
ရုတ်တရက် ထိုလူက ပြောလိုက်သည်
“ မင်းက ငါ့ရဲ့ ရှောင်ရှားနည်းးကို အတုခိုးခဲ့တာပဲ”
“ အဲတော့ ဘာဖြစ်လဲ” ဝမ်ဝေ့ တုံ့ပြန်လိုက်သည်။
“ ကိုယ့်ရန်သူဆီက မသင်ယူရဘူးဆိုတဲ့ စည်းမျဉ်းများ ရှိလို့လား”
ထို့နောက် ဝမ်ဝေ့ သူ့ကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ ယခုတစ်ခေါက်တော့ မျက်လုံးကို ချိန်ရွယ်ထားသည်။ ထိုလူက ခေါင်းကို ရှောင်လိုက်သော်လည်း ဝမ်ဝေ့၏ တိုက်ခိုက်မှုက ပရိယာယ် သက်သက်သာ ဖြစ်သည်။ သူ့ ခေါင်းရွေ့သွားသည့်အချိန်တွင် ထိုလူ၏ ပုခုံးကို ထိုးစိုက်လိုက်သည်။
ထိုလူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် သွေးထွက်နေသော ပုခုံးကို ဖိထားလိုက်သည်။ ဝမ်ဝေ့က ဤအခွင့်အရေးတွင် ထိုလူ၏ လက်ထဲမှ ဓားကို ယူပြီး နှလုံးသား တည့်တည့်သို့ ထိုးစိုက်လိုက်သည်။
ထို့နောက် ထိုလူက ဒူးထောက်ကျသွားကာ ပြောလိုက်သည်
“ ကမ္ဘာကြီးက တကယ်ကို မတရားဘူး။ ငါက ကြေးစားသတ်ဖြတ်သူအဖြစ် ၈ နှစ်ကျော်နေခဲ့ရပြီးတော့ ငါ့ရဲ့ လွတ်လပ်မှုကို ဝယ်ယူနိုင်ဖို့အတွက် နေ့တိုင်း သတ်ဖြတ်ဖို့ ဖိအားပေးခံခဲ့ရတာ။ ရှောင်ရှားနည်းကို သေချာ ကျွမ်းကျင်ဖို့အတွက် ရှည်လျားနာကျင်လွန်းတဲ့ အချိန် ၈ နှစ်တောင် ကြာခဲ့တာ။ ဒါပေမဲ့ မင်းက အချိန်ငါးမိနစ်အတွင်း သင်ယူလိုက်နိုင်တယ်ဆိုတာကို ငါ သဘောမတွေ့ဘူး”
သူ့ နောက်ဆုံးစကားကို ပြောပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ ကြမ်းပြင်နှင့် မထိခင်မှာပင် အသက်ထွက်သွားနှင့်ပြီ ဖြစ်သည်။
“ ဟုတ်တယ် မင်း ပြောတာမှန်တယ်။ ကံကြမ္မာက ငါ့တို့အားလုံးအတွက် ကြီးမားတဲ့ လှောင်ပြောင်မှု တစ်ခုပဲ” ဝမ်ဝေ့က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ထိုလူ၏ မျက်လုံးများကို မှိတ်ပေးကာ သူ၏ ကျင့်ကြံရေးလမ်းကြောင်းတွင် စစ်မှန်သော ပထမဆုံးပြိုင်ဘက်ကို ဂုဏ်ပြုသည့်အနေဖြင့် မြှုပ်နှံပေးလိုက်သည်။
ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် ဝမ်ဝေ့ စခန်းမှ ထွက်သွားသည်။ ကံမကောင်းစွာဖြင့် သူ ထွက်ထွက်သွားချင်း စောနက အမဲလိုက်သွားသည့် လူနှစ်ယောက်နှင့် သွားဆုံသည်။
ဝမ်ဝေ့လာသည့် ဦးတည်ရာကို သတိထားမိသည့်အတွက် သူတို့နှစ်ယောက်က တစ်စုံတစ်ခုမှားနေပြီဆိုတာကို သတိထားမိသွားကာ ဝမ်ဝေ့ ထွက်မပြေးနိုင်အောင် ချက်ချင်း ဝိုင်းထားလိုက်သည်။
ဝမ်ဝေ့က ယခုလေးတင် ခက်ခဲသော တိုက်ပွဲတစ်ခုကို ပြီးထားသည့်အတွက် ကိုယ်ရောစိတ်ပါ ပင်ပန်းနေသည်။ သူ ခက်ခဲသော တိုက်ပွဲတစ်ခုထဲ ရောက်ခဲ့ကြောင်း ကောင်းကောင်းသိသည်။