ဝိညာဉ်လှေကြီး
Vol. 65 Ch. 895
ရှဲ့ဟေးရန်မှာ လျှို့ဝှက်ချက်များစွာကို သိရှိထားသည့်တိုင်အောင် သူ့အား အကောင်းဆုံး ကူညီပေးနိုင်မည့် လူအား လက်လွှတ်ဆုံးရှုံးလိုက်ရသည့် အချက်ကို သိရှိထားခြင်းမရှိပေ။ အကယ်၍ သူသာ ဝမ်ပေါင်လဲ့ မေးမြန်းခဲ့စဉ်တုန်းက ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့ပြီး သူ့ဆီမှ အကူအညီတောင်းရန် မည်သည့်အရာကိုမဆို ပေးဆပ်နိုင်သည် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့မည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ အပေးအယူလုပ်ရန် စိတ်ဝင်စားသွားခဲ့မည်သာ ဖြစ်သည်။ သူသည် ရှဲ့ဟေးရန်အား သူနှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ ကြားရှိ ဆက်ဆံရေးအကြောင်း အသိပေးရမည်ကို စိုးရိမ်နေခြင်း မရှိပေ။ ယခုတွင် ရှဲ့ဟေးရန်မှာ အကူအညီ လိုအပ်နေသည့်လူ ဖြစ်ပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ကြောက်ရွံ့နေရသည် မဟုတ်ပါလော။
ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ဆီမှ အကူအညီတောင်းရန် ငွေအများကြီး အကုန်ကျခံစရာ လိုမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်... ဝမ်ပေါင်လဲ့မှာ သလင်းကျောက်နီများနှင့် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် အတွေ့အကြုံ သိပ်မရှိသေးသောကြောင့်ပင်။ သို့ဖြစ်ရာ သူသည် အများဆုံး သလင်းကျောက်နီ အတုံးရေ နှစ်သန်း သုံးသန်း ဝန်းကျင်ခန့်သာ တောင်းဆိုနိုင်လောက်ပေသည်။
သို့သော်... ဝမ်ပေါင်လဲ့ ဈေးထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် အခြေအနေများမှာ မတူတော့ပေ။
သူသည် ယခင်တုန်းက ဤဈေးထဲသို့ ရောက်လာခဲ့ဖူးပါသော်လည်း ထိုစဉ်တုန်းက သလင်းကျောက်နီအကြောင်း သိရှိထားခြင်း မရှိသေးသောကြောင့် သလင်းကျောက်နီများဖြင့် ဈေးနှုန်းသတ်မှတ်ထားသည့် ပစ္စည်းများအား အထူးတလည် ဂရုစိုက်နေခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ တာဝန်အား ထမ်းဆောင်ခဲ့ပြီးနောက် ပြန်ရောက်လာခဲ့သည့် အချိန်တုန်းကလည်း သလင်းကျောက်နီများကို အသုံးပြုကာ ပစ္စည်းအချို့ ဝယ်ယူခဲ့သည့်တိုင်အောင် ထိုစဉ်တုန်းက သူသည် ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေခဲ့သေးသောကြောင့် အထူးဖောက်သည်များသာ ဝင်ရောက်ခွင့်ရှိသည့် နေရာများသို့ ဝင်ရောက်ခွင့် မရခဲ့ပေ။ ထို နေရာများတွင် ရောင်းချသည့် ပစ္စည်းများမှာ သာမန်ကျင့်ကြံသူများ လုံးဝမတတ်နိုင်မည့် ဈေးနှုန်းများတွင် ရှိကြပါသော်လည်း အမှန်တကယ် အစွမ်းထက်သည့် ကျင့်ကြံသူများမှာမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ထိုပစ္စည်းများကို ဝယ်ယူနိုင်ပေသည်။
သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီ မဟုတ်ပါလော။
ယခုတွင် သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ ယခင်တုန်းက ဝယ်ခဲ့သည့် ပစ္စည်းများအား ဂရုစိုက်နေခြင်းမရှိတော့ပေ။ သူသည် သူ့ကိုယ်သူ သူဌေးသူကြွယ်တစ်ယောက်ဟုပင် မှတ်ယူထားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နာမည်ကောင်းရထားပြီး ပစ္စည်းအမျိုးအစား အစုံအလင် ရောင်းချသည့် ဈေးဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်ပြလိုက်သည်နှင့် ထို ဈေးဆိုင်ပိုင်ရှင်မှာ သူ့အား ကြိုဆိုရန် အပြေးရောက်လာလိမ့်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။ ထို့နောက် ထိုဈေးဆိုင်ပိုင်ရှင်ကိုယ်တိုင် သူ့အား သာမန်ကျင့်ကြံသူများ ဝင်ရောက်ခွင့် မရှိသော နေရာဆီသို့ ခေါ်ဆောင်ပေးသွားမည် ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုဈေးဆိုင်ထဲရှိ သာမန်လူများ ဝင်ခွင့်မရှိသော အထူးဧည့်ခန်းထဲ၌ ဣန္ဒြေအပြည့်ရှိသည့် အမူအရာဖြင့် ရပ်နေ၏။ သို့သော် အမှန်တွင်မူ သူသည် ထိုဧည့်ခန်းထဲသို့ ဝင်ရောက်သွားခဲ့စဉ်ကတည်းက တစ်ကြိမ်ပြီးတစ်ကြိမ် အံ့ဩတုန်လှုပ်သွားခဲ့ရသည်သာ ဖြစ်သည်....
" မိုးကောင်းကင်လျှပ်စီးဝိညာဉ်ကိုးပါးရဲ့ ဈေးနှုန်းက.... သလင်းကျောက်နီ အတုံး တစ်သိန်းခွဲတောင်ပါလား "
" ကောင်းကင်ဘုံရေငွေ့က... သလင်းကျောက်နီ အတုံး နှစ်သိန်းခုနစ်သောင်းဆိုပဲဟ "
" တောင်မြောက်ဝိညာဉ်လှေက... သလင်းကျောက်နီ အတုံး သုံးသိန်းကိုးသောင်းတဲ့။ ဘုရား ဘုရား... "
ဝမ်ပေါင်လဲ့မှာ မှင်တက်နေရပြီဖြစ်သည်။ သူသည် ထိုဈေးနှုန်းများကို မျက်ဝါးထင်ထင် မမြင်ခဲ့ရပါက ယုံကြည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုတွင် သူသည် သူဌေးသူကြွယ်တစ်ယောက်ဟု မခံစားရတော့ဘဲ အလွန်အင်မတန်မှ ဆင်းရဲမွဲတေနေပြီဖြစ်ကြောင်း ခံစားနေရတော့သည်။
ကံကောင်းစွာဖြင့် သူသည် စိတ်ကို တည်ငြိမ်အောင်ထားနိုင်စွမ်း ရှိနေသောကြောင့် သူ၏ မျက်နှာအမူအရာမှာ တစ်ချက်ပျက်သွားခဲ့ခြင်း မရှိပေ။ ထို့အပြင် သူသည် ထို ပစ္စည်းများ၏ ဈေးနှုန်းများကို ဂရုစိုက်နေခြင်းမရှိဘဲ ၎င်းတို့၏ အရည်အသွေးများကို အားရကျေနပ်မှုမရှိသည့်ပုံစံ ဟန်ဆောင်နေလိုက်သေးသည်။ သူသည် ထိုသို့ ဟန်ဆောင်နေရင်း အခြားဈေးဆိုင်များ၏ အထူးဧည့်ခန်းများထဲသို့ ထပ်၍ သွားရောက်ကြည့်ရှုလိုက်၏။ နောက်ဆုံးတွင်မူ သူသည် လမ်းမကြီးပေါ်၌ မှိုင်တွေငေးငိုင်နေသည့် မျက်နှာအမူအရာဖြင့် ရပ်ကာ သက်ပြင်းများ ချနေမိတော့သည်။
" ငါ တော်တော် မွဲနေတာပါလား... " ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်အား ပုတ်ကာ ရေရွတ်မိလိုက်၏။ သူသည် လှေပျံတစ်စင်းအား မျက်စိကျနေခဲ့ပါသော်လည်း ၎င်း၏ဈေးနှုန်းမှာ သန်းဂဏန်းအထိ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဈေးနှုန်းအား မြင်ခဲ့ရပြီးနောက် တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။
ထိုအချိန်တွင် ယခင်တုန်းက သူ အထဲသို့ ချောင်းကြည့်ခဲ့သည့် ဂြိုဟ်အဆင့် သိုလှောင်လက်စွပ်ကြီးမှာ သူ၏ အတွေးထဲ၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။ သူသည် ထို လက်စွပ်ထဲတွင် မြင်ခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်ပုလင်းလေးနှင့် ထိုပုလင်းထဲရှိ စာရွက်တစ်ရွက်ပေါ်တွင် ရေးထားသည့် " သူဌေးတစ်ယောက် " ဆိုသော စကားလုံးများကို မှတ်မိသွားခြင်း ဖြစ်သည်။ ထိုအခါ သူ၏ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။
" အဲဒီ ပုလင်းလေးက လူတစ်ယောက်ကို ချမ်းသာလာအောင် လုပ်ပေးနိုင်စွမ်းရှိတာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိသွားသဖြင့် အံ့အားသင့်သွားရ၏။ သူသည် ထို သိုလှောင်လက်စွပ်ထဲသို့ နောက်ထပ်တစ်ကြိမ် ထပ်ကြည့်ချင်နေပါသော်လည်း လက်ရှိ သူ ရောက်နေသည့်နေရာမှာ သင်တော်မှုမရှိပေ။ ထို့အပြင် သူ ထို သိုလှောင်လက်စွပ်အား ဖွင့်လိုက်သည့် အချိန်တိုင်း သူ၏ တည်နေရာအား အသိပေးလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို သိုလှောင်လက်စွပ်ထဲရှိ အချုပ်အနှောင်အား ဖယ်ရှားနိုင်မှသာလျှင် ထို သိုလှောင်လက်စွပ်အား ဖွင့်မည့်အချိန်တွင် ပေါ်ထွက်လာနိုင်သည့် အန္တရာယ်များအားလုံးမှာ ပပျောက်သွားမည် ဖြစ်သည်။
သို့သော် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေးသည်ဖြစ်ရာ သူသည် ထိုအချုပ်အနှောင်အား ဖယ်ရှားနိုင်စွမ်း ရှိဦးမည်မဟုတ်ပေ။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သုန်မှုန်နေသည့် မျက်နှာအမူရာဖြင့် ဈေးထဲမှ ထွက်လာတော့သည်။ ထို့နောက် သူသည် ရှဲ့ဟေးရန် ထွက်ခွာသွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သံသယများဝင်လာရ၏။
" သူက ငါ သူ့ဆီကနေ ပိုက်ဆံချေးမှာကို စိုးရိမ်လို့ အကြောင်းပြချက်တွေ ပေးပြီးတော့ ထွက်ပြေးသွားတာများလား " ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်ပြီးနောက် ထို သံသယစိတ်များကို မေ့ပျောက်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ သလင်းကျောက်နီများဖြင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားဝယ်ယူလိုက်ပြီးနောက် ဈေးထဲမှ ထွက်ခွာလာပြီး နတ်မျက်လုံး လူမူအဖွဲ့အစည်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် အပြန်ခရီးတွင် သူ၏ ဓမ္မစစ်သင်္ဘောကြီးအား အသုံးပြုခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထို ဓမ္မစစ်သင်္ဘောကြီးမှာ သူ၏ အမြန်နှုန်းအား ယှဉ်နိုင်မည် မဟုတ်သောကြောင့်ပင်။ ထို့ကြောင့်လည်း သူသည် အပြန်လမ်းခရီးတွင် ကုန်ဆုံးသွားမည့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဝိညာဉ်ကျောက်တုံးများ ဝယ်ယူခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း အားအင်ပြန်လည်ပြည့်ဖြိုးလာရန် ဝိညာဉ်ကျောက်တုံးများ လိုအပ်ပေသည်။
သူသည် သလင်းကျောက်နီများကို အစားထိုးအသုံးပြု၍ ရပါသော်လည်း ၎င်းတို့မှာ အလွန်အင်မတန်မှ အားကောင်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ထို သလင်းကျောက်များ စွမ်းအားများအား အလွယ်တကူ စုပ်ယူနိုင်စေရန် သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ၎င်းတို့အား ထိန်းညှိပေးနေရမည် ဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စကြဝဠာကြီးထဲ၌ ပျံသန်းနေရင်း အချိန်များကုန်ဆုံးသွား၏....
ဝမ်ပေါင်လဲ့တစ်ယောက် အရှိန်လျော့ကျသွားခြင်းမရှိဘဲ ပျံသန်းနေခဲ့သည်မှာ နှစ်ပတ်တိတိ ရှိသွားပြီ ဖြစ်သည်။ သူသည် လမ်းတစ်လျှောက်တွင် သူ၏ အာရုံအား ဖမ်းစားနိုင်ခဲ့သည့် လူမှုအဖွဲ့အစည်းများနှင့် ကြုံခဲ့ရပါသော်လည်း ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်ပျံသန်းလာခဲ့၏။ လက်ရှိတွင် သူ၏အာရုံထဲ၌ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုသာ ရှိနေကြောင်း သိသာထင်ရှားပေသည်။
" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနဲ့ နတ်မျက်လုံးတော်ဝင်မိသားစုက ငါ့ကို ထောင်ချောက်ဆင်ခဲ့တာပဲ။ ငါ့ကို ထောင်ချောက်ဆင်ခဲ့တဲ့ လူတွေထဲမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး မပါပေမဲ့ သူ့ကိုလည်း သတိကြီးကြီးထားဖို့လိုတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် ထပ်ခါတလဲလဲ ထောင်ချောက်ဆင်ခံခဲ့ရသောကြောင့် စိတ်ကသိကအောက် ဖြစ်နေရပြီဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် သတိကြီးကြီး ထားနေခြင်းဖြစ်သည်။
" အမှားတစ်ခုကို နှစ်ခါလုပ်မယ့် လူစားမျိုးထဲမှာ ငါ မပါဘူးဟေ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး မျက်လုံးများ မှေးသွား၏။ သူသည် လောဘစိတ်များကြောင့် ရန်သူများ၏ ထောင်ချောက်ထဲသို့ ဝင်သွားမိခဲ့ခြင်းဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သည်။ ယခင်တုန်းက သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား အမြတ်ထုတ်နိုင်ရန်နှင့် ထိုအခွင့်အရေးအား အခြားသူများ၏ လက်ထဲသို့ မရောက်သွားစေရန် အာရုံရောက်နေခဲ့ခြင်း ဖြစ်သည်။
ယခုတွင် သူ၏ စဉ်းစားတွေးခေါ်ပုံများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ အကယ်၍ သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ သယံဇာတများကို ပိုင်ဆိုင်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပါသော်လည်း ပိုင်ဆိုင်နိုင်ခွင့် မရှိလျှင်တောင် ရေးကြီးခွင်ကျယ် မဟုတ်ပေ။
" အဲတာမလို့ ငါ အဲဒီ လူမှုအဖွဲ့အစည်းထဲ ပြန်ပြီးတော့ ခိုးဝင်ဖို့လိုတယ်။ တခြားလူတွေ သတိမထားမိအောင် တိတ်တဆိတ် လှုပ်ရှားရမယ်။ အဲတာမှပဲ ငါ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်မှာ... " ဝမ်ပေါင်လဲ့မှာ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပတ်သတ်သည့် အချက်တစ်ချက်အား အမြဲတမ်း လျစ်လျူရှုထားမိခဲ့သည် ဖြစ်ကြောင်း ရိပ်မိသွား၏။ ထိုအချက်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဆက်နွှယ်နေရမည်ဟု သူက ခံစားနေရသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ အသေးစိတ်အချက်အလက်များကို သိရှိထားခြင်းမရှိပေ။ ထိုသို့ဖြင့် သူသည် ထိုအကြောင်းများ စဉ်းစားတွေတောကာ ရှေ့သို့ ဆက်လက်ပျံသန်းလာနေရင် အသေးစား လူမှုအဖွဲ့အစည်းလေးတစ်ခု၏ နယ်နိမိတ်အား ကျော်ဖြတ်သွား၏။
သူသည် အတွေးများထဲတွင် နစ်မျောကာ ထို လူမှုအဖွဲ့အစည်း၏ ဘေးမှ ဖြတ်ပျံသွားနေရင်း ရုတ်တရက်ဆိုသလို မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ သူ ထိုသို့ ဖြစ်သွားရခြင်းမှာ အချက်တစ်ချက်အား တွေးမိသွားသောကြောင့် မဟုတ်ဘဲ သူ၏ သိုလှောင်အိတ်ထဲမှ အားကောင်းသော တုန်ခါမှုကြီးတစ်ခု ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာသောကြောင့်သာ ဖြစ်ပေသည်။ ထိုတုန်ခါမှုကြောင့် သူ၏ ဝိညာဉ်ကြီးပင်လျှင် တဆတ်ဆတ် တုန်ရီသွားရ၏။
၎င်းမှာ သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အချုပ်အနှောင်ပေါင်း မြောက်မြားစွာ၏ အောက်တွင်ရှိနေပြီး သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားသည့် သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို သိုလှောင်လက်စွပ်မှာ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏လက်စွပ် ဖြစ်ပေသည်။
" ဘာတွေဖြစ်နေတာလဲဟ။ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးက ငါ့နောက်ကို လိုက်လာတာလား " ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ ထို လျှို့ဝှက်ဆန်းကြယ် သိုလှောင်လက်စွပ်အား အကဲခတ်ကြည့်ရှုလိုက်သည်။ ၎င်းမှာ အဆက်မပြတ် တုန်ရီနေပြီး ၎င်း၏ ပတ်ပတ်လည်ရှိ အချုပ်အနှောင်များမှာလည်း စက္ကူစများကဲ့သို့ အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားကြပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ထို သိုလှောင်လက်စွပ်ကြီးအား ချုပ်နှောင်ထားနိုင်စွမ်း မရှိကြတော့ပေ။ ထိုအချိန်တွင် ထို သိုလှောင်လက်စွပ်ထဲမှ စူးရှတောက်ပသော အလင်းရောင်တစ်မျိုး စတင်ထွက်ပေါ်လာတော့သည်။
ထိုမျှလောက်နှင့် ပြီးသွားသေးပေ။ ဝမ်ပေါင်လဲ့အား အမှန်တကယ် တုန်လှုပ်ချောက်ချားသွားစေသည့် မြင်ကွင်းမှာ ထို သိုလှောင်လက်စွပ်ကြီး အလိုလို ပွင့်လာခြင်းပင်။
ထိုအခါ ထို သိုလှောင်လက်စွပ်ထဲမှ စက္ကူရုပ် ဦးခေါင်းတစ်လုံး ထိုးထွက်လာသည်။ ၎င်း၏ မျက်ဝန်းများမှာ ကျောချမ်းဖွယ်ရာကောင်းလောက်အောင် တောက်ပနေ၏။ ထို ကျောချမ်းဖွယ်ရာ အငွေ့အသက်များမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားစိတ်ဆန္ဒနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သွားပြီးနောက် သူ၏ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့ တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် သူ၏ အသိစိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာ၏။
ထို ရယ်သံကြီးမှာ ဝိညာဉ်များကိုပင် အလွယ်တကူ တုန်ရီသွားစေနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် တုန်ရီလာရပြီး သူ၏ နတ်ဘုရားစိတ်ဆန္ဒမှာလည်း ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာရတော့သည်။ သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒ တစ်စစီ ဆုတ်ဖြဲခံနေရသည့်အလား ခံစားနေရ၏။ ကံကောင်းစွာဖြင့် ထို ဝေဒနာကြီးမှာ အချိန်အကြာကြီး မခံလိုက်ပေ။ စက္ကန့်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ထိုရယ်မောသံကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထို စက္ကန့်အနည်းငယ်ခန့်မှာ ဘဝတစ်ခုစာလောက် ကြာမြင့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး ဇောချွေးများပြန်လာရပြီ ဖြစ်သည်။ သူသည် ငရဲပြည်မှ ပြန်တက်လာပြီး သေမင်းခံတွင်းဝမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူသည် မျက်နှာတစ်လုံး ဖြူဖပ်ဖြူရော်ဖြစ်သွားရပြီး ထို အသေးစား လူမှုအဖွဲ့စည်းလေးအား ချက်ချင်း လှည့်ကြည့်မိလိုက်တော့သည်။ သို့သော် သူ ထို လူမှုအဖွဲ့အစည်းအား မည်မျှပင် အကဲခတ်ကြည့်ရှုနေစေကာမူ သူ၏ အမြင်တွင် မည်သည့်အရာကမှ ထူးဆန်းနေခြင်းမရှိပေ။
" လူပုံစံစက္ကူရုပ်လေးက... ဘာလို့ ရုတ်တရက်ကြီး အဲဒီလို လုပ်ခဲ့ရတာလဲဟ " ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်ကာ ထိတ်လန့်တုန်လှုပ်နေရပြီ ဖြစ်သည်။ အကယ်၍ ၎င်းသာ စက္ကန့် အနည်းငယ်ခန့် ထပ်၍ ထိုကဲ့သို့ ရယ်မောနေခဲ့မည်ဆိုပါက သူ၏ နတ်ဘုရားဝိညာဉ်မှာ ပျက်စီးသွားလောက်ပြီဟု သူက ယုံကြည်နေ၏။
ဝမ်ပေါင်လဲ့မှာ ထို ဖြစ်စဉ်ကြီးထဲမှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပြီးနောက် ထို သိုလှောင်လက်စွပ်နှင့်အတူ ပါလာမည့် ဘေးအန္တရာယ်များကို ဖယ်ရှားပစ်နိုင်ရန် အလို့ငှာ ၎င်းအား စွန့်ပစ်ရန် သင့်မသင့် စဉ်းစားတွေးတောနေရင်း ဝေခွဲမရဖြစ်လာရတော့သည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွားရ၏။
သူသည် လှေတစ်စင်းအား မြင်လိုက်ရခြင်းဖြစ်ပေသည်။
၎င်းမှာ အနက်ရောင် လှေတစ်စင်းဖြစ်ပြီး အရွယ်အစား သိပ်မကြီးပါသော်လည်း ခရီးသည်အယောက်တစ်ရာ ဝန်းကျင်ခန့် ဝင်ဆံ့ပေသည်။ ၎င်းမှာ ဝိညာဉ်လှေတစ်စင်းကဲ့သို့ စကြဝဠာကြီးအား ကျော်ဖြတ်လာပြီး သူ့ဆီသို့ ဖြည်းညင်းစွာ ဦးတည်လာနေ၏။
ထို လှေကြီးမှာ ပျက်စီးယိုယွင်းကာ အလွန်အင်မတန်မှ ဟောင်းနွမ်းနေပြီး သက်တမ်းရင့်နေသည့်ပုံ ပေါက်နေသည်။ ၎င်းနှင့် အဝေးကြီးတွင် ရှိနေလျှင်တောင် ၎င်းဆီမှ ထွက်ပေါ်နေသည့် ရှေးဆန်သော အငွေ့အသက်များကို အာရုံခံမိနိုင်ပေသည်။
ထို လှေပေါ်တွင် လူအယောက် သုံးဆယ်ကျော် လိုက်ပါစီးနင်းလာကြပြီး သူတို့ထဲမှ အချို့မှာ အမျိုးသားများဖြစ်ကာ အချို့မှာ အမျိုးသမီးများ ဖြစ်ကြပေသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ငယ်ရွယ်သည့်ပုံ ပေါက်နေ၏။ သူတို့မှာ မျက်လုံးများ မှိတ်ထားကြသည့်တိုင်အောင် သူတို့ဆီမှ မောက်မာဝင့်ကြွားမှု အငွေ့အသက်များ ထွက်ပေါ်လာနေကြဆဲပင်။ သူတို့၏ အဝတ်အစားများမှာလည်း ဝင်းလက်တောက်ပြောင်နေကြသည်ဖြစ်ရာ သူတို့မှာ တမူထူးခြားသည့် ရာထူးအဆင့်အတန်းများကို ပိုင်ဆိုင်ထားရပေမည်။
ဝမ်ပေါင်လဲ့မှာ သူတို့ကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရခြင်း မဟုတ်ပေ။ သူ့အား မျက်လုံးများ ပြူးသွားစေပြီး နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးသွားစေသည့် အရာမှာ... ထိုလှေကြီး၏ ရှေ့ဆုံးတွင်ရပ်ကာ စက္ကူလှော်တက်တစ်ချောင်းကို ကိုင်၍ ထိုလှေအား လှော်ခတ်နေသည့် လူပုံစံစက္ကူရုပ်ကြီး ဖြစ်ပေသည်။