လှေပေါ်တက်
Vol. 65 Ch. 896
ထို လူပုံစံစက္ကူရုပ်မှာ သူ၏ သိုလှောင်လက်စွပ်ထဲ၌ ရှိနေသော လူပုံစံစက္ကူရုပ် မဟုတ်ပါသော်လည်း ၎င်းတို့၏ အငွေ့အသက်များမှာ ဆင်တူနေ၏။ ထို့အပြင် ၎င်းမှာ သူ၏ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်နည်းတူ ကြောက်စရာကောင်းသည့်ပုံ ပေါက်နေဆဲပင်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ် နိုးထလာရခြင်း၏ အကြောင်းရင်းကို နားလည်သွားတော့သည်။ သူသည် ထိုသို့ နားလည်သွားလိုက်သည်နှင့် နှလုံးသားထဲ၌ သံသယစိတ်များ ကြီးထွားလာပြီးနောက် သူ့ဆီသို့ ဦးတည်လာနေသည့် ထိုလှေကြီးအား စိုက်ကြည့်နေလိုက်၏။
" ဒီလှေက ဘာကို ကိုယ်စားပြုတာလဲ "
ဝမ်ပေါင်လဲ့မှာ ထိုလှေကြီး ကိုယ်စားပြုနေသည့် အရာကို အတိအကျ မသိထားပါသော်လည်း ၎င်းမှာ သူ၏ သိုလှောင်လက်စွပ်ထဲရှိ လျှို့ဝှက်ဆန်းကြယ် လူပုံစံစက္ကူရုပ်နှင့် ဆက်နွှယ်နေရမည်ဖြစ်ကြောင်း သိထားသည်။ ထိုလှေပေါ်ရှိ လူပုံစံစက္ကူရုပ်နှင့် သူ၏ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်တို့၏ ကြားတွင် အချိတ်အဆက်တစ်ခုခု ရှိနေနိုင်ပေသည်။
" လူမှုအဖွဲ့အစည်းတစ်ခုခုက ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တွေးမိသွား၏။ အဆုံးမဲ့တာအိုနယ်မြေမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြောပြီး လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာနှင့် ပြည့်နှက်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုနယ်မြေထဲ၌ ထူးဆန်းထွေလာ မျိုးစိတ်များ ရှိနေခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ ဤ အရှုပ်ထုပ်ကြီးထဲ၌ ပါဝင်ပတ်သက်ရန် စိတ်ကူးမရှိပေ။ သူ၏ လက်မောင်းလေးများနှင့် ပေါင်တံလေးများမှာ ပိန်လှီနေပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်မှာလည်း အားအင်ချည့်နဲ့နေပြီ မဟုတ်ပါလော။ ထို့အပြင် သူသည် ယခင်တုန်းကထက် အများကြီးပို၍ ဝိတ်ကျသွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဒုက္ခဝေဒနာများကို ထပ်၍ တောင့်ခံနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ထို ထူးဆန်းအံ့ဖွယ် ဝိညာဉ်လှေကြီးနှင့် ခပ်ကင်းကင်းနေရန် ဆုံးဖြတ်လိုက်တော့သည်။
" လှေပေါ်က ကောင်လေးတွေနဲ့ ကောင်မလေးတွေရဲ့ ပုံစံကလည်း သာမန်လူတွေ မဖြစ်နိုင်ဘူး။ စပ်စုလွန်းရင် ဒုက္ခတွေ့လိမ့်မယ်။ သူတို့တွေ ဘာပဲလုပ်လုပ် ဘယ်ကိုပဲသွားသွား ငါ့ အရေးလားကွာ။ ငါနဲ့ ဘာမှမှ မဆိုင်ပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ မျက်စိပေကလပ်ပေကလပ်နှင့် နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်၏။
သူသည် ထို လှေပေါ်ရှိ ခရီးသည်များမှာ သာမန်ကျင့်ကြံသူများ မဖြစ်နိုင်ကြောင်း ခန့်မှန်းမိထားပြီးသား ဖြစ်သည်။ သူတို့မှာ မောက်မာဝင့်ကြွားသည့်ပုံ ပေါက်နေကြပြီး အဖွဲ့အစည်း မတူကြသည့်အလား တစ်ယောက်နှင့်ယောက် ခပ်ခွာခွာ ထိုင်နေကြ၏။ ထို့အပြင် သူတို့မှာ လှေအပြင်ဘက်ရှိ ဝမ်ပေါင်လဲ့၏ အငွေ့အသက်အား အာရုံမခံမိနိုင်စရာအကြောင်း လုံးဝမရှိပေ။ သို့သော် သူတို့မှာ ထိုကဲ့သို့ အာရုံခံမိနေကြသည့်တိုင်အောင် မျက်လုံးများ မှိတ်ထားကြဆဲပင်။ အကယ်၍ သူတို့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့်သာ မဟုတ်ပါက သူတို့မှာ လူသေများနှင့်ပင် တူနေမည် ဖြစ်သည်။
သူတို့မှာ ဝမ်ပေါင်လဲ့အား အရေးမလုပ်ကြသလို သူ့အား လုံးဝ စိတ်မဝင်စားကြသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ထိုကျင့်ကြံသူများမှာ မတူညီသော ကမ္ဘာနှစ်ခုထဲ၌ ရောက်နေသကဲ့သို့ပင်။ သို့ဖြစ်ရာ ဆင်ကြီးတစ်ကောင်က သူ့အတွက် လမ်းဖယ်ပေးသည် ပုရွက်ဆိတ်တစ်ကောင်အား အာရုံမစိုက်သကဲ့သို့ ဖြစ်နေ၏။ ထို ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ကသိကအောက် ဖြစ်သွားရသည်။
သို့သော် သူသည် လက်ရှိအခြေအနေအား နားလည်ထားခြင်း မရှိသည့်အပြင် ထိုလှေကြီးမှာ အမှန်တကယ်ပင် သံသဖြစ်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ပြဿနာများနှင့် ထပ်၍ ကြုံတွေ့ရမည်ကိုမလိုလားပေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီးနောက် ဝိညာဉ်လှေကြီး၏ အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားလိုက်တော့သည်။
သို့သော်... တစ်ခါတစ်ရံတွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်ပေ။ ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်မြှင့်တင်ကာ နောက်သို့ဆုတ်ခွာသွားနိုင်ရန် ကြိုးစားနေပါသော်လည်း ထိုဝိညာဉ်လှေကြီးမှာ သူ့ဆီသို့ ဆက်လက် ဦးတည်လာနေဆဲဖြစ်သောကြောင့် သူတို့မှာ ဝေးကွာသွားခြင်းမရှိသည့်အပြင် ပို၍ပင် နီးကပ်လာရသည်သာ ဖြစ်သည်။ လူပုံစံစက္ကူရုပ် ၎င်း၏ လှော်တက်အား လှုပ်ယမ်းလိုက်သည့် အချိန်တိုင်း လှေကြီး၏ ကိုယ်ထည်မှာ မှုန်ဝါးဝါးဖြစ်သွားရပြီး ၎င်းမှာ သူ၏အနီးသို့ ရောက်ရှိလာတော့သည်။
ထိုမြင်ကွင်းကြီးမှာ အမှန်တကယ်ပင် ကျောချမ်းစရာကောင်းသောကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထလာရ၏။ သူသည် အမှောင်ပညာရပ်အား အသုံးပြုလိုက်ပါသော်လည်း ၎င်းမှာ သိပ်၍ အသုံးဝင်သည့်ပုံ မပေါ်ပေ။ လှေကြီး၏ ကိုယ်ထည်မှာ အနည်းငယ်လေးပင် ရပ်တန့်သွားခြင်းမရှိဘဲ ထပ်ခါတလဲလဲ မှုန်ဝါးဝါးဖြစ်သွားပြီး သူ၏အနီးသို့ တဖြည်းဖြည်းနှင့် ချဥ်းကပ်လာသည်သာ ဖြစ်သည်။
" ဘာကြီးလဲဟ " ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဥ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ အဝေးဆုံးသို့ ထွက်ပြေးသွားရန် ပြင်လိုက်တော့သည်။
သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ဝိညာဉ်လှေကြီး၏ ကိုယ်ထည်မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ မှုန်ဝါးဝါး ဖြစ်သွား၏။ ၎င်း ပြန်လည်ရုပ်လုံးပေါ်လာသည့်အချိန်တွင် ၎င်းမှာ စကြဝဠာကြီးအား ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့၏ ရှေ့တည့်တည့်၌ ပေါ်ပေါက်လာပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နဖူးပေါ်မှ ဇောချွေးများ စီးကျလာရတော့သည်။ ဝိညာဉ်လှေကြီးနှင့်အတူ ၎င်း၏ ရှေးဆန်သော အငွေ့အသက်များမှာလည်း ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာ၏။ ထို့ကြောင့် သူသည် မျက်လုံးများ ပြူးသွားရပြီး ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။ ထိုအချိန်တွင် လှေကြီး၏ ရှေ့ဆုံးတွင် ရပ်ကာ လှော်ခတ်နေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် ၎င်းမှာ ၎င်း၏ လှော်တက်အား ဝှေ့ယမ်းနေခြင်း မရှိတော့ဘဲ ခေါင်းမော့လာပြီး အသက်မပါသည့် အေးစက်စက် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။
ထို လူပုံစံစက္ကူရုပ်ကြီး၏ အကြည့်ကြောင့် ဝမ်ပေါင်လဲ့မှာ လှုပ်ရှား၍ မရနိုင်တော့ဘဲ ရပ်တန့်သွားရ၏။ သူသည် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း စတင်တုန်ရီလာပြီး သူ၏ နတ်ဘုရားအာရုံမှာလည်း မတည်မငြိမ်ဖြစ်လာရပြီ ဖြစ်သည်။ သူသည် ကြောက်စိတ်များကြောင့် တစ်ကိုယ်လုံး အေးစက်ကာ ကြက်သီးမွေးညင်းများ ထနေပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရတော့မည့်အလား ခံစားနေရသဖြင့် တစ်ခေါင်းလုံး ထူပူနေရတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအများအားလုံးကို ထုတ်လွှတ်လိုက်ရုံသာမက မကြာသေးမီကမှ အားပြန်ပြည့်လာခဲ့သည့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများကိုပါ ထုတ်သုံးလိုက်ပြီးနောက် အရှိန်မြှင့်တင်လိုက်၏။
သို့သော်လည်း... အချည်းနှီးပင်။
ထို လှေကြီးမှာ မလှုပ်မယှက် ရပ်တန့်နေသည့်ပုံ ပေါက်နေဆဲပင်။ အမှန်တွင် ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်ထုတ်လွှတ်ကာ ထွက်ပြေးခဲ့ပြီးသွားပြီ ဖြစ်သည်။ သို့သော် သူ မည်မျှပင် လျင်မြန်စွာ ထွက်ပြေးစေကာမူ သူနှင့် ဝိညာဉ်လှေကြီး၏ ကြားရှိ အကွာအဝေးမှာ ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ ထို လှေကြီးမှာ သူ၏ရှေ့တည့်တည့်၌ ရှိနေဆဲပင်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်စလုံးမှာ လုံးဝ ရွေ့လျားသွားခဲ့ခြင်း မရှိသည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံးတုန်ရီသွားရပြီး အဝေးသို့ ဆုတ်ခွာသွားနိုင်ရန် ထပ်၍ ကြိုးစားကြည့်လိုက်ပြန်သည်။ သို့သော် သူ နေရာအသစ်၌ ပြန်လည်ပေါ်ပေါက်လာသည်နှင့်... သူ၏ရှေ့တွင် ဝိညာဉ်လှေကြီးအား မြင်လိုက်ရသည်သာ ဖြစ်သည်။ သူတို့၏ ကြားမှ အကွာအဝေးမှာလည်း အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။ လူပုံစံစက္ကူရုပ်ကြီး၏ အကြည့်ပင်လျှင် ယခင်တုန်းကအတိုင်း ရှိနေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူပုံစံစက္ကူရုပ်ကြီးမှာ ၎င်း၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ဟန်ခြေဟန် ပြလိုက်၏။ ၎င်းမှာ သူ့အား လှေပေါ်သို့တက်လာရန် ခေါ်နေသည့်ပုံပင်။
ထိုအခါမှသာ လှေပေါ်တွင် ထိုင်နေကြသည့် လူငယ်လေးများထဲမှ အချို့မှာ မျက်လုံးများ ပွင့်လာကြပြီး ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် စိုက်ကြည့်နေလိုက်ကြ၏။ လူပုံစံစက္ကူရုပ်ကြီး ဝမ်ပေါင်လဲ့အား လှေပေါ်သို့တက်ရန် ခေါ်လိုက်ချိန်တွင် ထိုခရီးသည်များထဲမှ တစ်ဝက်မှာ မျက်လုံးများ ပွင့်လာကြပြီး အံ့အားသင့်နေကြသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား အကဲခတ်နေလိုက်ကြတော့သည်။
ထို ခရီးသည်များမှာ အံ့အားသင့်နေကြရုံသာမက နှလုံးသားထဲ၌ ခံစားချက်အမျိုးမျိုး ပေါ်ပေါက်လာကြ၏။ အချို့မှာ စိတ်မဝင်စားသည့်ပုံ ပေါက်ကာ အချို့မှာ မျက်လုံးများ မှေးသွားကြ၏။ အချို့မှာမူ ဇဝေဇဝါဖြစ်ကာ သံသယဝင်သွားကြသည့်ပုံ ပေါက်နေကြပြီး အချို့မှာမူ ရန်လိုနေသည့်ပုံ ပေါက်နေကြသည်။ ထို့အပြင် လှောင်ပြုံးပြုံးနေကြသည့် လူများလည်း ရှိနေသေးသည်။
" သူတို့က အစတုန်းက ငါ့ကို ဂရုမစိုက်ခဲ့ဘဲ ဝိညာဉ်လှေကြီးပေါ်မှာပဲ တိတ်တိတ်ကလေး ထိုင်နေခဲ့ကြတာလေ။ ဒါပေမဲ့ လူပုံစံစက္ကူရုပ်ကြီးလည်း ငါ့ကို ခေါ်လိုက်ရော သူတို့က ငါ့ကို အာရုံစိုက်လာကြတာပဲ။ ပြီးရင် သူတို့က လူပုံစံစက္ကူရုပ်ကြီးရဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်သွားတဲ့ပုံလည်း ပေါက်နေသေးတယ်.... အဲတာဆို စစချင်းတုန်းက သူတို့က ငါ ဒီ ဝိညာဉ်လှေကြီးပေါ်ကို တက်ခွင့်မရှိလောက်ဘူးလို့ တွေးနေခဲ့ကြတာများလား " ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားအောင် အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောနေလိုက်တော့သည်။ သူသည် လှေပေါ်မှ ခရီးသည်များကို အကဲခတ်လိုက်ပြီးနောက် သူ့အား လက်ဟန်ခြေဟန် ပြနေဆဲဖြစ်သည့် လူပုံစံ စက္ကူရုပ်အား စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထို လူပုံစံ စက္ကူရုပ်အား ဦးညွှတ်အရိုအသေ ပေးလိုက်တော့သည်။
" ကျွန်တော့်ကို အခုလို တကူးတက ဖိတ်ကြားခဲ့တဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ မလိုက်တော့ပါဘူး။ လူကြီးမင်းတို့ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် အဝေးသို့ ချက်ချင်း ထွက်ခွာသွားလိုက်ပြန်သည်။
သူ၏ ဆင်ခြေ အလုပ်ဖြစ်သွားသောကြောင့်လား သို့မဟုတ် သူ သတိမထားမိသော အခြား အကြောင်းပြချက်များကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့ အဝေးသို့ ထွက်ခွာသွားပြီး ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲ ပြန်ရောက်သွားချိန်တွင် ထိုဝိညာဉ်လှေကြီးမှာ သူ၏ ရှေ့၌ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။ ၎င်းမှာ အစအန ရှာမရအောင် လုံးဝပျောက်ကွယ်သွားသည့်အလားပင်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ သို့သော် ခဏအကြာတွင် သူ၏နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ သူသည် အထူးအခွင့်အရေးကြီးတစ်ခုအား လက်လွှတ်ဆုံးရှုံးခံလိုက်သလို ဖြစ်သွားခဲ့သည်လောဟု တွေးနေမိခြင်း ဖြစ်ပေသည်။
" အဲဒီ ဝိညာဉ်လှေကြီးက အထူးအခွင့်အရေးတစ်ခုခုဆီ ဦးတည်သွားနေတာ ဖြစ်နိုင်တယ်... လှေပေါ်မှာ လိုက်လာကြတဲ့ တမူထူးခြားတဲ့ ကျင့်ကြံသူတွေကိုပဲ ကြည့်လေ။ သူတို့က ငါ လှေပေါ်ကို ခေါ်ခံလိုက်ရတုန်းက အံ့ဩတုန်လှုပ်သွားခဲ့ကြတာ " ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား ပိုတွေးမိလေလေ နောင်တများ ပိုရလာလေလေ ဖြစ်နေတော့သည်။ သို့သော် သူသည် တစ်ခဏမျှ စဥ်းစားတွေးတောလိုက်ပြီးနောက် ထိုလှေကြီးမှာ ထူးဆန်းနေဆဲဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
သူသည် ထို ဝိညာဉ်လှေကြီးအား လှော်ခတ်နေသည့် လူပုံစံစက္ကူရုပ်နှင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်တို့၏ ကြားမှ ဆက်နွှယ်မှုကြီးကြောင့် အထူးတဆန်း ဖြစ်နေရ၏။ ထို့အပြင် သူ၏ အမြင်တွင် ဝိညာဉ်လှေကြီး ကိုယ်တိုင်မှာလည်း ထူးဆန်းနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်လှေကြီးသည် အထူးအခွင့်အရေးတစ်ခု ဖြစ်နေနိုင်သလို သူ့အား သေမင်းခံတွင်းဝဆီသို့ ခေါ်ဆောင်သွားနိုင်ခြေ ရှိသည်ဟုလည်း မှတ်ယူလိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်စွပ်အား ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာရတော့သည်။ ထို့ကြောင့် သူသည် ၎င်းအား ချက်ချင်း ပြန်၍ ချုပ်နှောင်လိုက်၏။ ၎င်းပေါ်တွင် ရှိနေခဲ့သည့် အချုပ်အနှောင်များမှာ ပျက်စီးသွားခဲ့သောကြောင့် သူ၏ တည်နေရာမှာ ပေါ်သွားခဲ့ပါသော်လည်း သူသည် ထိုလက်စွပ်အား စွန့်ပစ်ရမည့် အခြေအနေအထိ မရောက်သေးကြောင်း ယုံကြည်နေသည်။ သို့သော်ငြားလည်း သူသည် ဂြိုဟ်အဆင့်သို့ မရောက်မချင်း ထို သိုလှောင်လက်စွပ်အား ထပ်မထိတော့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ဆက်လက် ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်များမှာ မှန်ကန်ပေသည်။ လူပုံစံစက္ကူရုပ် သူ၏ အချုပ်အနှောင်များထဲမှ ဖောက်ထွက်လာခဲ့စဉ်တုန်းက သူ၏ တည်နေရာမှာလဲ ပေါ်သွားခဲ့၏။ သူရောက်နေသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော အာကာသာကြီးထဲတွင် ရွှေရောင် နွားချေးပိုးကြီးတစ်ကောင်မှာ ထို အချုပ်အနှောင်များ ပျက်စီးသွားချိန်၌ တစ်ကိုယ်လုံး တုန်ရီသွားခဲ့၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် နောက်သို့ ချာခနဲ လှည့်သွားပြီး ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပျံသန်းသွားတော့သည်။
ထို နွားချေးပိုးကြီးထဲ၌ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ရှန်လင်းကျစ် ထိုင်နေ၏။ သူသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ရပြီးနောက် ယခုတွင် ထာဝရဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ဘေးတွင်မူ အပေါ်ယံတွင် သူ့အား ကူညီပေးနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ နှလုံးသားထဲ၌ လောဘစိတ်များဖြင့်သာ ပြည့်နှက်နေသည့် တန်ကျိုးကျစ် ရှိနေသည်။ သူသည် အားကောင်းသော အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
" တာအိုရောင်းရင်း တန်ကျိုးကျစ်။ ကျွန်တော် ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ် တည်နေရာကို ရှာတွေ့ပြီ။ အဲဒီ မျိုးမစစ်ကောင်လေးက သိုလှောင်လက်စွပ်ကို ဖွင့်ဖို့ ကြိုးစားခဲ့တာပဲဖြစ်မှာ။ သူက အဲဒီလက်စွပ်ကို ချက်ချင်း ပြန်သိမ်းလိုက်ပေမဲ့ ကျွန်တော် သူ့ရဲ့ တည်နေရာကို အာရုံခံမိခဲ့တယ်။ အခု ကျွန်တော်တို့တွေ လမ်းကြောင်းအမှန်ပေါ် ရောက်နေပြီ " ရှန်လင်းကျစ်မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူ၏ မိတ်ဆွေအား သူ အာရုံခံမိခဲ့သည့် တည်နေရာအကြောင်း ပြောပြလိုက်၏။
" သိပ်မဝေးတော့ဘူးပဲကွ " ထိုအခါ သူ၏ ဘေးတွင် ရှိနေသည့် တန်ကျိုးကျစ်မှာ ခပ်သဲ့သဲ့ ပြုံးလိုက်၏။ သူသည် သူ၏ မျက်ဝန်းများထဲရှိ လောဘစိတ်များကိုပင် ချုပ်တည်းနေခြင်းမရှိဘဲ ရွှေရောင်နွားချေးပိုးကြီးအား ထိန်းချုပ်ကာ အာကာသကြီးအား ထိုးခွင်းသွားလိုက်တော့သည်။ သို့သော် ရှန်လင်းကျစ် ပြောပြခဲ့သည့် နယ်မြေကြီးမှာ ကြီးမားလွန်းနေ၏။ သို့ဖြစ်ရာ သူတို့၏ ပစ်မှတ်၏ တည်နေရာအတိအကျအား ရှာတွေ့နိုင်ရန်မှာ ခဲယဉ်းပေလိမ့်မည်။ အကယ်၍ သူတို့မှာ ယခုလို ဆက်လက် ရှာဖွေနေမည်ဆိုပါက ရှန်လင်းကျစ် အာရုံခံမိခဲ့သည့် နေရာသို့ ရောက်သွားလျှင်တောင် သူတို့၏ ပစ်မှတ်အား ရှာတွေ့နိုင်ရန် အချိန်အများကြီး ပေးနေရဦးမည် ဖြစ်သည်။ သို့သော် ကံကြမ္မာမှာ သူတို့နှစ်ယောက်အား မျက်နှာသာပေးခဲ့သည့်ပုံပင်။ သူတို့နှစ်ယောက် အာကာသကြီးထဲ၌ ရက်ပေါင်းများစွာ ပျံသန်းနေရင်း ရှဲ့လင်းကျစ်မှာ ရုတ်တရက်ဆိုသလို မျက်ဝန်းများ ဝင်းလက်တောက်ပသွားရတော့သည်။ သူသည် သူ၏ သိုလှောင်လက်စွပ်၏ အငွေ့အသက်အား နောက်ထပ်တစ်ကြိမ် ထပ်၍ အာရုံခံမိလိုက်ခြင်း ဖြစ်ပေသည်။