← Chapters

အစီအစဉ် စတင်ခြင်း

Vol. 4 Ch. 55

အစီအစဉ် စတင်ခြင်း

Vol. 4 Ch. 55

အခန်း (၅၅) : အစီအစဉ် စတင်ခြင်း

ဝမ်ဝေ့ နိုးထလာသည့်အချိန်တွင်လည်း  ခေါင်းကိုက်နေဆဲ ဖြစ်သည်။ တာအိုကျောင်းတော်ထဲရှိ ကြေးခေါင်းလောင်းများ ခေါင်းထဲတွင် မြည်နေသလိုမျိုး ခံစားနေရသည်။ သူ စိတ်ရှုပ်ထွေးလာပြီး များများစားစား မမှတ်မိပေ။ သူ့နာမည်ကိုသာ မှတ်မိတော့ပြီး ကျန်နေသည့် အရာအားလုံးကို ခဏတာ မေ့လျော့သွားသည်။ သူ အချိန်၊ သူ ရောက်ရှိနေသည့်နေရာနှင့် ဘာကြောင့် ဤနေရာတွင် ရောက်ရှိနေရလဲဆိုသည့် အကြောင်းများကို မေ့လျော့သွားသည်။

နောက်တစ်နေ့ ရောက်သွားမှသာ ဝမ်ဝေ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူ ဖြစ်သွားသော အခြေအနေနှင့် ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းကို စတင် စဉ်းစားနေသည်။ ဒီထက်ပိုပြီးအရေးကြီးသည်က သူ ဘယ်လိုလုပ် ပြန်ဝင်လာနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကို သေးငယ်အောင် လုပ်နိုင်လဲဆိုသည့် အကြောင်း ဖြစ်သည်။

ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် ထိုအရာက သူ၏ စွမ်းအားကြီးသော ဝိညာဉ် ရှိခြင်းကြောင့် ဖြစ်လာသည့်အရာဟူသော အဖြေထွက်လာသည်။ သူ အလုပ်တစ်ခုအပေါ် အာရုံစိုက်သည့်အခါ အရာအားလုံး နှေးကွေးသွားသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူ့တုံ့ပြန်ချိန်က မြန်ဆန်လာပြီး သူ့ ဦးနှောက်၏ တွက်ချက်နိုင်စွမ်းလည်း ပိုမိုမြန်ဆန်လာလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေမျိုးက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုတွင် တွေ့ကြုံရသည့် သာမန်တိုက်ခိုက်မှုများတွင် အကျိုးသက်ရောက်မှု များသော်လည်း ကျင့်ကြံသူများကြားရှိ တိုက်ပွဲတွင် အကျိုးသက်ရောက်မှု နည်းပါးလှသည်။ သို့သော် ထိုအခြေအနေက ယခု ဝမ်ဝေ့ အလိုအပ်ဆုံး ဖြစ်သည်။

ဝမ်ဝေ့က သေမျိုးတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့်ကို အမှန်တကယ် တိုက်ခိုက်နိုင်သည်အထိ ကိုယ့်ကိုယ်ကို လေ့ကျင့်ရန် ကြံရွယ်ထားသည်။ သေမျိုးများနှင့် ကျင့်ကြံသူများကြားရှိ ကြီးမားသော ကွာခြားမှုကြောင့် ထိုအရာက သူ့အတွက် ကြီးမားသော တာဝန်တစ်ခု ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် အဆင့် ၉ ဆင့်တွင် ပထမဆုံးနှစ်လွှာက သာမန်လူများဆီမှ လုံးဝ ကွဲထွက်နေသည်။ ဥပမာအားဖြင့် ယခု ဝမ်ဝေ့က နှစ်ပေါင်းများစွာ စိတ်ဝိညာဉ်ချီထဲတွင် သန့်စင်ခဲ့ပြီး နေ့တိုင်း အာဟာရရှိသော စားစရာကို စားသုံးကာ ၅၀၀ ကီလိုဂရမ် သို့မဟုတ် ကျင်းတစ်ထောင် အထိ မ နိုင်သည်ဆိုလျှင် ပထမမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိ လူတစ်ယောက်က အနည်းဆုံး ကျင်းနှစ်ထောင် သို့မဟုတ် ၁၀၀၀ ကီလိုဂရမ်ကို မ နိုင်သည့် ခွန်အားရှိသည်။

ထို့ကြောင့် ဤလုပ်ရပ်က အရမ်းခက်ခဲခြင်း ဖြစ်သည်။

ဒါကို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဒါပေါ့ ကျီစုန့်နဲ့ တိုက်ခိုက်ဖို့ပဲလေ

တမူထူးရုပ်ခန္ဓာအများစုက ကျင့်ကြံခြင်းမရှိသည့် ပိုင်ရှင်များအား ပြန်လည်အကျိုးမပြုပေ။ မကျင့်ကြံပါက တမူထူးရုပ်ခန္ဓာရှိသူများက သူတို့၏ ထူးခြားချက်ကို ရှာမတွေ့နိုင်ဘဲ ဘဝတစ်လျှောက်လုံး သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်သွားရလေ့ရှိသည်။

သို့သော် ထိပ်သီးခန္ဓာ ၅ ခုအတွက်တော့ ခြွင်းချက်များစွာ ရှိသည်။

နံပါတ်တစ် ဟွင်သွမ်းရုပ်ခန္ဓာက အတော်လေး မောက်မာသည်။ အနည်းဆုံး သူတော်စင်တစ်ယောက်၏ ကျင့်ကြံဆင့် မရှိဘဲ ထိုခန္ဓာကို ဘယ်တော့မှ ကျင့်ကြံနိုင်မည် မဟုတ်ပေ။ သူတော်စင်အဆင့် မဟုတ်သည့် ကျင့်ကြံသော စွမ်းအင်ကို အသုံးပြုသူ၏ ခန္ဓာက ဝါးမျိုသွားလိမ့်မည်။ ဟွင်သွမ်းရုပ်ခန္ဓာ၏ စရိုက်လက္ခဏာများအကြောင်း သိသူက ကွဲပြားမှုကို သတိထားမိသွားလျှင် ထို ခန္ဓာပိုင်ရှင်အများစုက မကျင့်ကြံနိုင်သည့် အသုံးမကျသူများအဖြစ် ခေါင်းစဉ်တပ်ခံရလိမ့်မည်။

နံပါတ်သုံး ချီယွီလျို့ချင်ရုပ်ခန္ဓာက ပိုင်ရှင်ကို များပြားသော လှပမှုနှင့် ဆွဲဆောင်မှု ပမာဏကို ပေးလိမ့်မည် ဖြစ်သည်။ မကျင့်ကြံလျှင်ပင် သူတို့မှာ ဆွဲဆောင်စွမ်းရည် အနည်းငယ် ရှိနေပြီး အမျိုးသားရော အမျိုးသမီးပါ အင်မတန် လှပချောမောကြသည်။

နံပါတ်လေး ယင်ယန်မျက်လုံးက ပိုင်ရှင်အား သာမန်လူများ မမြင်နိုင်သည့် ဝိညာဉ်များ၊ သရဲများ၊ သတ်ဖြတ်လိုစိတ်၊ ကံကောင်းမှုနှင့် လေထဲရှိ စိတ်ဝိညာဉ်ချီကိုပင် မြင်နိုင်သည့် စွမ်းအား ပေးလိမ့်မည်။ ဝမ်ဝေ့၏ မျက်လုံးတွင် ယင်ယန်မျက်လုံးစွမ်းရည်၏ တစ်စိတ်တစ်ပိုင်းကိုသာ ပိုင်ဆိုင်ထားသည်။

နံပါတ်ငါး ဒြပ်ငါးပါးမျှခြေညီ ရုပ်ခန္ဓာက ပိုင်ရှင်အား သက်တမ်းရှည်တစ်ခု ပေးစွမ်းနိုင်သည်။ မကျင့်ကြံလျှင်ပင် ထိုခန္ဓာပိုင်ရှင်က ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သော နှစ်ပေါင်းနှစ်ရာကျော်အထိ အသက်ရှင် နေနိုင်လိမ့်မည် ဖြစ်သည်။

နံပါတ်နှစ် အကြမ်းခံပုဆိန်ခန္ဓာပိုင်ရှင် ကျီစုန့်တွင် အဆုံးမဲ့ခွန်အား သို့မဟုတ် မွေးရာပါ အံ့ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသည်။

အိမ်ရှေ့စံမင်းသား ကျီစုန့်က ယခု ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာခွန်အားကို ပိုင်ဆိုင်ထားသည့်အတွက် ဝမ်ဝေ့က သူ့ပြိုင်ဘက် မဖြစ်နိုင်သေးကြောင်း ကောင်းကောင်းသိသည်။

သူ့မှာ အနိုင်ရနိုင်ချေရှိသည်ကိုလည်း ဝမ်ဝေ့ သိသည်။ ကျီစုန့်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သူတို့၏ လျင်မြန်နှုန်း၊ အကြောတုံ့ပြန်မှုနှင့် သွေးချီကို ဖြတ်သန်းကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်းများ မပိုင်ဆိုင်ထားပေ။ ဝမ်ဝေ့သာ မှန်ကန်သော နည်းလမ်းကို အသုံးပြုနိုင်ပါက သူ ဤတိုက်ပွဲကို အနိုင်ရနိုင်သေးသည်။

ဝမ်ဝေ့ သေချာနလန်ပြန်ထူရန် တစ်ပတ်ကျော် ကြာခဲ့သည်။ သုံးရက်ကြာပြီးနောက် ဒဏ်ရာများ သက်သာသွားသော်လည်း ကျန်ရှိသည့် လေးရက်ကို စိတ်ရှိတိုင်း ဆန်းကြယ်အခြေအနေသို့ ဝင်နိုင်၊ ထွက်နိုင်ရန် လေ့ကျင့်ပြီး ဘေးထွက်ဆိုးကျိုးကို လျှော့ချနိုင်ဖို့ နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ကုသပြီးနောက် နောက်ထပ် သားကောင်အသစ်ကို အမဲလိုက်ရန် ထွက်လာခဲ့သည်။

အချိန်တွေ ကုန်ဆုံးသွားပြီး စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု ကုန်ဆုံးဖို့ အချိန်ငါးလသာ ကျန်ရှိတော့သည်။ ဒုတိယအပိုင်းကိုရောက်ဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။

တောင်ကြားအနီးတစ်ခုတွင် တိရစ္ဆာန်သားရေဝတ်ထားသည့် ယောက်ျားတစ်ယောက်ကို လူအယောက်နှစ်ဆယ်ကျော်က ဝိုင်းထားသည်။ တခြားလူများက ဝိုင်းအုံကြည့်နေကြပြီး မှတ်ချက်ပေးနေကြသည်။

“ အဲဒီလူက ဘာလို့ အဝိုင်းခံထားရတာလဲ” ပိန်သွယ်သော ဆယ်ကျော်သက်လေးတစ်ယောက်က မေးမြန်လိုက်သည်။

“ အဲဒါက အမဲလိုက်မုဆိုးလေ” အကြည့်ထဲတွင် ကြောက်ရွံ့မှု၊ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသော နောက်ထပ် ကြွက်သားတောင့်တင်းသော ယောက်ျားတစ်ယောက်က ဖြေကြားပေးလိုက်သည်။ ထိုလူ၏ နောက်တွင် အမျိုးသမီး လေးသည်တော်တစ်ယောက်၊ ဓားသမားတစ်ယောက်နှင့် ဓားမြောင်ကိုင်ထားသူ တစ်ယောက်တို့ ပါဝင်သည်။

“ မုဆိုးက ဘယ်သူလဲ” ပိန်သွယ်သော သူက မေးမြန်းလိုက်သည်။ ကြံ့ခိုင်သောသူက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ပြောသည်

“ မင်းက ဒီအနီးအနား ပိုင်နက်က မဟုတ်ဘူးလား”

ပိန်သွယ်သည့်သူက ထိုစကားကို အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြလိုက်သည်။

“ မုဆိုးက အရှေ့မြောက်ပိုင်နက်ထဲမှာ ရှိတဲ့ နီးစပ်နယ်မြေက စွမ်းအားအကြီးဆုံး ကောင်းကင်ရွေးချယ်ခံတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ စွမ်းအားကြီး ယှဉ်ပြိုင်သူ တစ်ယောက်လေ။ လူအနည်းငယ်ပဲ သူ့လက်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်တာ” လေးယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကြံ့ခိုင်သည့် ယောက်ျားက ရှင်းပြလိုက်သည်။

ပိန်သွယ်သည့်သူက ရုတ်တရက် မေးလိုက်ပြန်သည်

“ အရှေ့မြောက်ပိုင်နက်ရဲ့ မုဆိုးနဲ့ တောင်ပိုင်းပိုင်နက်ရဲ့ အာဏာရှင်နှစ်ယောက်မှာ ဘယ်သူက ပိုပြီးတော့ စွမ်းအားကြီးလဲဆိုတာ သိချင်လိုက်တာ”

အမျိုးသမီး လေးသည်တော်က ရုတ်တရက် စိတ်ဝင်စားသွားပြီး ထိုပိန်သွယ်သည့် သူ၏ ပုခုံးကို အရိုးကျိုးမတတ် ပုတ်လိုက်ရင်း ပြောသည်

“ ကောင်လေး မင်းပြောနေတဲ့ အာဏာရှင်ဆိုတာ ဘယ်သူလဲ”

ပိန်သွယ်သည့်သူက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည့်အခါ အမျိုးသမီးက သူ့ပုခုံးပေါ်မှ လက်ကို ဖယ်ပေးလိုက်သည်

“အာဏာရှင်ဆိုတာ တောင်ပိုင်းနယ်မြေရဲ့ စွမ်းအားအကြီးဆုံး ကောင်းကင်ရွေးချယ်ခံပဲ။ သူက ကြမ်းတမ်းပြီးတော့ စွမ်းအားကြီးတယ်။ အဲဒီထက်ပိုပြီး အရေးကြီးတာက သူက အကြမ်းခံပုဆိန်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်”

“ နံပါတ် ၂ တမူထူးရုပ်ခန္ဓာပိုင်ရှင်လား” အမျိုးသမီးလေးသည်တော်က ရေရွတ်လိုက်ပြီး သူမ ထိုပိန်သွယ်သည့်သူကို ထိခိုက်သွားအောင် လုပ်မိသည့်အချက်ကို လျစ်လျူရှုထားကာ ဆက်ပြောလိုက်သည်

“ သူတို့နှစ်ယောက်ကြားက တိုက်ပွဲက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းမှာပဲ”

ထိုလူများ ပြောနေကြသည့် မုဆိုးဆိုသည့်သူက ဝမ်ဝေ့ကိုယ်တိုင်ပင် ဖြစ်သည်။ လွန်ခဲ့သော လများစွာတွင် သူက မတူညီသော ပါရမီရှင်များကို စိန်ခေါ်ရင်း အားကောင်းသည့် ဂုဏ်သတင်းကို စုဆောင်းနေခဲ့သည်။

ယခု သူက လူအယောက်နှစ်ဆယ်ကျော်၏ ဝန်းရံခြင်းကို ခံထားရသော်လည်း သူ့မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်သည်။ သူက ယခုထက် အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ပြီးပြီဖြစ်သည်။

ဝမ်ဝေ့က ချက်ချင်း ဆန်းကြယ်အခြေအနေသို့ ဝင်ရောက်သွားကာ သူ့ပြိုင်ဘက်များ၏ လှုပ်ရှားမှုများအားလုံးကို ကြိုတင်သိမြင်နိုင်သည်။

သူ၏ သံမဏိဓားကို ကိုင်ဆောင်ကာ သူနှင့် အနီးဆုံးတွင်ရှိသောသူအနားသို့ အမြန်သွားလိုက်သည်။ သူ့ကို လက်သီးဖြင့်ထိုးသည်ကို ရှောင်ရှားလိုက်ပြီး ရန်သူ၏ လက်မောင်းကို သုံးမရစေရန် ဓားဖြင့် လှီးဖြတ်ကာ လည်ပင်းကို ဓားဖြင့် ထိုးလိုက်သည်။

ဝမ်ဝေ့က အနောက်ဘက်မှ တိုက်ခိုက်မှုကို ရှောင်ရှားရန် ညာဘက်သို့ လှိမ့်လိုက်သည်။ သူ ခေါင်းနောက်တွင် မျက်လုံးရှိနေသည့်အတိုင်း နောက်ကို မကြည့်ပဲ ရှောင်ရှားလိုက်နိုင်သည်။

သူ ရပ်တန့်ခြင်းမရှိဘဲ နောက်ထပ်ရန်သူတစ်ယောက်ဆီ အမြန် ပြေးသွားသည်။ သူက ကောင်မလေး၏ လည်ပင်းကို တိုက်ရိုက်ချိန်ရွယ်ထားသည်။ သို့သော် သူမက ဓားဖြင့် ကာလိုက်သည်။ သို့သော် ဝမ်ဝေ့၏ တိုက်ခိုက်မှုက ပရိယာယ်သက်သက်သာ ဖြစ်သည်။

ထို့နောက် ချက်ချင်း သူ ကြမ်းပြင်ပေါ်သို့ ကုန်းကာ သူမ၏ ခြေထောက်များကို ၃၆၀ ဒီဂရီလည်ပတ်ကာ ဖြတ်တောက်လိုက်သည်။ သူမ မြေပြင်ပေါ် လဲမကျခင်မှာပင် ဓားဖြင့် လည်ပင်းကို ထိုးလိုက်သည်။

ဝမ်ဝေ့က ခန္ဓာကိုယ်ကို လှည့်ကာ နောက်ထပ်ပစ်မှတ်ဆီသို့ ပြေးသွားလိုက်သည်။ အန္တရာယ်တစ်ခု သူ့ဆီလာနေသည်ကို သူ သတိထားမိလိုက်သည်နှင့် ချက်ချင်း ခေါင်းကိုညိတ်ကာ တစ်စုံတစ်ခုကို ဘယ်ဖက်လက်ဖြင့် ဖမ်းလိုက်သည်။ ထိုအရာက မြားတစ်ချောင်း ဖြစ်သည်။

“ တူညီတဲ့အမှားမျိုး အမှားခံတော့မှာ မဟုတ်ဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထို့နောက် သူက မြားလာသည့် ဦးတည်ရာကို ကြည့်လိုက်သည့်အခါ အနည်းဆုံး လေးသည်တော် ငါးယောက် ရှိနေသည်။

ဝမ်ဝေ့က သူတို့ကို အန္တရာယ်အရှိဆုံးအုပ်စုဟု သတ်မှတ်ကာ သူတို့ရှိသော နေရာသို့ ပြေးသွားသည်။ သို့သော် တစ်စုံတစ်ယောက်က ရုတ်တရက် အကျယ်ကြီး အော်ဟစ်လိုက်သည်

“ လေးသည်တော်တွေကို ကာကွယ်ကြ”

ဝမ်ဝေ့က သူတို့ကို အုပ်စုပြန်ဖွဲ့ဖို့ အချိန်အလုံအလောက် မပေးသော်လည်း လေးသည်တော်များကို ကာကွယ်ရန် စုရုံးသွားသည့် လူအနည်းငယ်တော့ ရှိသည်။

သို့သော် အခြေအနေက ဝမ်ဝေ့ဘက်တွင် အလေးသာနေသည်။ အမြန်ဆုံးသော အလျင်ဖြင့် သူနှင့်အနီးဆုံးတွင်ရှိသော လူတစ်ယောက်၏ ဦးနှောက်ကို ဖောက်ကိုင်ကာ ထိုခန္ဓာကို ဒိုင်းကာအဖြစ် အသုံးပြုရင်း လေးသည်တော်များဆီသို့ ဆက်လက်ဦးတည်သွားသည်။

သူသတ်ဖြတ်ပြီး စက္ကန့်အနည်းငယ်အကြာတွင် မြားငါးစင်း သူ့ဆီသို့ ရောက်လာသည်။ ထိုမြားငါးစင်းက လူသေအလောင်းတွင် သွားစိုက်ပြီး ဝမ်ဝေ့ကို ကယ်တင်ပေးလိုက်သည်။ ထို့နောက် သူက ထိုခန္ဓာကိုယ်ကို လေးသည်တော်များအား ကာကွယ်ပေးနေသည့် အုပ်စုဆီ ပစ်ပေးလိုက်သည်။

သူတို့၏ မြားများကို ပြန်မချိန်နိုင်ခင် ဝမ်ဝေ့က ခါးကြားတွင် ရှိသော ဓားနှစ်ချောင်းဖြင့် ပစ်ပေါက်လိုက်သည်။ ဓားများက လေဟုန်ဆန်ကာ လေးသည်တော်နှစ်ယောက်၏ ပုခုံးကို သွားမှန်ကာ သူတို့ကို နောက်ထပ်မြားမပစ်နိုင်အောင် လုပ်လိုက်နိုင်သည်။ သို့သော် ကျန်သုံးယောက်တွင် မြားကို သေချာချိန်ပြီး ပစ်ဖို့ အချိန်ရှိနေသည်။

ဝမ်ဝေ့က သူ့ခေါင်းဆီ ဦးတည်လာနေသော ပထမဆုံး မြားတစ်ချောင်းကို ရှောင်လိုက်ပြီး သူ့နှလုံးသားကို ဦးတည်နေသည့် ဒုတိယမြားအား ဓားကို အသုံးပြုကာ လမ်းကြောင်း ပြောင်းပေးလိုက်သည်။ သို့သော် သူ့အဆုတ်ကို ဦးတည်နေသည့် မြားတစ်စင်းကိုတော့ ရှောင်ရှားဖို့ အချိန်မရှိလိုက်ပေ။ ထို့ကြောင့် မြားကို ဘယ်ဖက်လက်မောင်းဖြင့် ကာလိုက်သည့်အခါ သူ ဒဏ်ရာရသွားခဲ့သည်။

ဒဏ်ရာရသွားသော်လည်း ဝမ်ဝေ့ ရှေ့ဆက်တိုးနေဆဲ ဖြစ်သည်။ ကျန်ရှိနေသော လေးသည်တော်များဆီရောက်ဖို့ စက္ကန့်အနည်းငယ်သာ ကြာလိုက်ပြီး မြားပစ်နိုင်သေးသည့် သုံးယောက်ကို ချက်ချင်းသတ်လိုက်ပြီးမှ အသုံးမဝင်တော့သည့်နှစ်ယောက်ကို လည်လှီးပြီး သတ်လိုက်သည်။

မြားက သူ့ကို သွေးထွက်မလွန်အောင် လုပ်ပေးထားသည့်အရာ ဖြစ်ကြောင်း သိသည့်အတွက် ဝမ်ဝေ့က မြားကို လက်မောင်းမှ ချက်ချင်းဆွဲထုတ်ခြင်းမျိုး မလုပ်လိုက်ပေ။ သူ့အမြင်ကို ကာနေသည့် မြားရိုးကိုသာ ချိုးလိုက်သည်။

ထို့နောက် သူ့ကို ဝိုင်းထားသည့် လူအယောက်နှစ်ဆယ်ကျော်လုံးကို တစ်ယောက်မှ အရှင်မထားဘဲ သတ်ဖြတ်လိုက်နိုင်သည်။ သို့သော် သူ့ကို ကြည့်ရှုနေသူများအား ရန်သူဟု မသတ်မှတ်သည့်အတွက် သူတို့ကို မတိုက်ခိုက်ပေ။

တိုက်ခိုက်မှု ပြီးသွားသည့်အခါ ဝမ်ဝေ့ လွန်ခဲ့သော ခုနစ်လကတည်းက သူ့အိမ်ဖြစ်ခဲ့သည့် စခန်းသို့ ပြန်ကာ အင်္ကျီကို ချွတ်လိုက်သည်။ သူ့ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေသည်။ ကလေးငယ်၏ တင်ပါးလေးလိုမျိုး ချောမွေ့ခဲ့သည့် သူ့အသားအရည်က ယခု ညိုမဲနေပြီဖြစ်သည်။ ယခု သူက တောင့်တင်းသော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည့် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ့ကြွက်သားများက အရမ်းမကြီးသလို အရမ်းလည်း မသေးဘဲ ဂရိနတ်ဘုရား၏ ခန္ဓာကိုယ်အချိုးအစားကဲ့သို့ ဖြစ်နေသည်။

ဝမ်ဝေ့က ကုသဆေးကို လိမ်းပြီးနောက် ဘယ်ဖက်လက်မောင်းကို ပတ်တီးစီးနေသည်။ ထို့နောက် သူ၏ ညာဘက်လက်ပေါ်သို့ ကြည့်လိုက်သည့်အခါ “၃၃၃”ဟူသော နံပါတ်ကို မဲနက်စွာ ထွင်းထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာက သူ့လက်ထဲတွင် ကျရှုံးသွားသည့် လူအရေအတွက်ကို ဖော်ပြခြင်း ဖြစ်သည်။

ရုတ်တရက် ဝမ်ဝေ့ ပုခုံးပေါ်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည့်အတွက် ကြည့်လိုက်သည့်အခါ ခြေရာခံအဆောင်က စတင်ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ ကျီစုန့်က လာနေပြီး မကြာခင်မှာ သူတို့ တိုက်ခိုက်ရတော့မည် ဖြစ်ကြောင်း သူ သိလိုက်သည်။

သူနိုင်သရွေ့ …  မဟုတ်သေးဘူး သူသာ ဒီပွဲကို နိုင်မယ်ဆိုရင် သူ့အစီအစဉ်အောင်မြင်ပြီးတော့ မဟာဧကရာဇ်ရဲ့ အထွတ်အထိပ်ထီးနန်းကို ရဖို့ အရေးပါတဲ့ နောက်ထပ် ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာပဲ

All Chapters