ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 50 Ch. 688
မျက်လုံးသုံးလုံးမိစ္ဆာပဲ…
တိထျန်းက ဒေါသကို ကြည့်ရင်း တွေးလိုက်မိသည်။ တစ်ခါက သူသည်လည်း မျက်လုံးသုံးလုံးမိစ္ဆာဖြစ်ခဲ့သည့်အတွက် ထိုမျိုးစိတ်အကြောင်း ကောင်းကောင်း သိထားသည်။ သူတို့က မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ၏ အားအကောင်းဆုံး မျိုးစိတ်ခွဲတစ်ခု ဖြစ်ခဲ့ကာ သူတို့၏ ဝိညာဉ်နှင့် နားလည်နိုင်စွမ်း ပါရမီအတွက် လူသိများပြီး တတိယမျက်လုံး၏ ထူးကဲသည့် စွမ်းဆောင်ရည်ကြောင့်လည်း ကျော်ကြားသည်။
သို့သော်လည်း သူမက လူသားတစ်ယောက်နီးပါး ဖြစ်နေကြောင်း ပြောနိုင်သည်။
တိထျန်းက ကျန်နှစ်ဦးကိုလည်း သုံးသပ်ကြည့်လိုက်၏။ လောဘက မျက်လုံးအောက်တွင် မျက်တွင်းချိုင့်များရှိပြီး လူကောင်သေးသေးလေး ဖြစ်၏။ သူက သာမန်နှင့်တူပြီး လူအုပ်ကြားတွင် လွယ်လွယ်ကူကူ သတိပြုမိဖွယ် မရှိပေ။ သူ့ကို အနီးကပ်ကြည့်ပြီးသည့်နောက်တွင် သူ့မျက်နှာက မှတ်မိဖို့ ခက်ခဲကြောင်း တွေးလိုက်ရ၏။ သူက ပတ်ဝန်းကျင်တွင် ရောနှောနေသလိုမျိုး ဖြစ်နေသည်။
ခြုံထည်ဝတ် မိစ္ဆာ…
တိထျန်းက အနည်းငယ် အံ့အားသင့်သွားမိ၏။ ခြုံထည်ဝတ်မိစ္ဆာများသည် မိစ္ဆာမျိုးနွယ်ကြား အားအနည်းဆုံး မျိုးနွယ်တစ်ခု ဖြစ်၏။ သို့သော်လည်း သူတို့က ပတ်ဝန်းကျင်နှင့် ရောနှောနေရာတွင် ကျွမ်းကျင်လှသည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်သည် သူတို့အား တခြားကမ္ဘာအသိုက်အဝန်းများကို စေလွှတ်ကာ ကျူးကျော်မှုအတွက် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်ခိုင်းကြသည်။
မာနကမူ ဆံပင်တိုတိုနှင့် တစ်ကိုယ်လုံးအနက်ရောင် ဝတ်ဆင်ထားသည့် သာမန်လူငယ်လေးတစ်ဦး ဖြစ်၏။ တိထျန်းက သူ့သွေးမျိုးဆက်ဆီမှ သူသည် ဝေဒနာမိစ္ဆာမှန်း သိလိုက်သည်။ ထိုမျိုးစိတ်က ဝိညာဉ်ပျက်စီးခြင်းကို သဘောကျသည့် မျိုးစိတ်ခွဲ ဖြစ်ပြီး သူတို့က တခြားမျိုးနွယ်များကို ရူးသွပ်အောင် သို့မဟုတ် ရက်စက်အောင် ဖိအားပေးဖို့ နာကျင်မှုနှင့် ဝေဒနာများကို အသုံးပြုကြလိမ့်မည်။
တခြားကမ္ဘာများတွင် အကယ်၍ အမေက ကလေးကို ပြန်သတ်ခြင်း၊ ဖခင်ဖြစ်သူက သမီးကို စော်ကားခြင်း၊ သားဖြစ်သူက အမေကို ရောင်းချခြင်းအစရှိသည့် ရက်ရက်စက်စက် ကိစ္စများ ဖြစ်ပေါ်လာခဲ့လျှင် ဝေဒနာမိစ္ဆာ၏ ကမ္ဘာသာ ဖြစ်လိမ့်မည်။
တိထျန်းက ထိုလူများကို တည်တည်ငြိမ်ငြိမ် အကဲခတ်နေ၏။ ဒေါသက တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားသည်။ ထူးဆန်းသည်က သူမသည် မိစ္ဆာဒဏ်ခတ်ရေးဓားကို အသုံးမပြုပေ။
ကောင်းကင်မုန်းတီးရေး ဓားချက်
တိထျန်းဆီ အနက်ရောင် အလင်းတန်းတစ်ခု ပြေးဝင်လာ၏။ ထိုအထဲတွင် နိမ့်ကျသည့် လူများ၏ စိတ်ကို ဖျက်ဆီးပစ်နိုင်သည့် အမုန်းတရားများ ပါဝင်နေသည်။ သို့သော်လည်း သူက နိမ့်ကျသည့်သူ မဟုတ်ပေ။
“ကောင်းကင်အပေါ် ငါ့ရဲ့ အမုန်းတရားက မင်းရဲ့တိုက်ကွက်ထက် ပိုတယ်”
တိုက်ကွက်က သူ့ရှေ့မှ ပျောက်ကွယ်သွားပြီး ဒေါသက တန်ပြန်သက်ရောက်မှုကြောင့် သွေးတစ်ပွက် အန်လိုက်ရသည်။ ပြောရလျှင် တိထျန်း၏ အမုန်းတရားက သူမ၏ ခံနိုင်ရည်ထက် ကျော်လွန်နေလေ၏။
“ဒေါသ” မာနက အော်ပြောလိုက်သည်။
“ငါ အဆင်ပြေတယ်”
မာနက လက်ဝှေ့လိုက်ပြီး သူမ ဒဏ်ရာများကို ကုစားပေးမည့် အဖြူရောင်အလင်းတန်းကို ထုတ်ဖော်လိုက်သည်။ သူက သူမကို ကုသနေစဉ် လောဘက သူတို့အတွက် အချိန်ဆွဲပေးထားဖို့ ကြိုးစားနေသည်။
အာဏာရှင်ဖိနှိပ်ရေး လက်သီးချက်
သူ့ခန္ဓာကိုယ်သေးသေးလေးက လက်သီးတစ်ချက်တည်းဖြင့် စွမ်းအင်အမြောက်အများ ထုတ်ပြလိုက်သည်။ တိထျန်းက လက်ကိုမြှောက်ကာ ထိုလက်သီးချက်ကို အသာအယာ တားဆီးလိုက်၏။
ထို့နောက် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ပြင်းထန်သည့် ဖိအားက သူ့အပေါ် ကျဆင်းလာသည်။ ထိုအရာက တွင်းနက်ကြီး၏ ဖိအားကိုပင် ကလေးကစားစရာလောက် လုပ်နိုင်သည့် ဖိအားမျိုး ဖြစ်သည်။
ဟမ် သူ့တာအိုက ဝမ်ချန်ရဲ့ နယ်ရှင်တာအိုကို အမှတ်ရစေတာပဲ…
သူ့အိပ်စက်သူများက ယခင်မျိုးဆက်မှ သတင်းအချက်အလက်များကို စုစည်းခဲ့ပြီး ဝမ်ဝေ့မိသားစုအကြောင်းကိုပါ ကောင်းကောင်း သိခဲ့ရသည်။
သူ့အင်အားက သူ့လိုမျိုး အားနည်းနေတာပဲ…
သူက မာနသည် ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ထိပ်သီးစွမ်းအားရှိထားကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူက ပွင့်ချပ်တစ်လွှာအဆင့်ပင် မနီးကပ်သေးပေ။
တိထျန်း၏ အာရုံက ရုတ်ချည်းဆိုသလို မာနဆီ ကျရောက်လာ၏။ ထိုသူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် လောဘနှင့် ဒေါသ၏ ခန္ဓာကိုယ်အတွင်း ကမ္ဘာငယ်နှစ်ခုကို ပို့ဆောင်လိုက်သည်။
ကောင်းကင်သုတ်သင်ရေး ဓားချက်
ထိုတိုက်ကွက်က ရိုးရှင်းသည့် ဓားချက် မဟုတ်ဘဲ လမ်းကြောင်းတွင် ရှိနေသမျှအရာအားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ပါဝင်နေသည့် ဓားစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်၏။
အာဏာရှင်၏ တိုင်းပြည်
လောဘ၏ ခေါင်းအထက် ကမ္ဘာတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုကမ္ဘာက လှပကာ ချမ်းသာကြွယ်ဝမှုနှင့် စည်ပင်ကြွယ်ဝမှုကို ဖော်ပြပေးနေသည့် ရွှေရောင်အဆောက်အဦးများ ရှိ၏။ ထိုတိုင်းပြည်ထဲတွင် လူသန်းချီနေထိုင်နေကြပြီး ကျော့ရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ သို့သော်လည်း မည်သူကမှ ပျော်ရွှင်နေဟန် မပေါ်ပေ။ သူတို့၏ မျက်ဝန်းထဲ အကြောက်တရားများ ကိန်းအောင်းနေပြီး အာဏာရှင်၏ တိုင်းသူပြည်သား ဖြစ်ရသည်မှာ ကျေနပ်ဖို့ မကောင်းကြောင်း ပြသနေလေသည်။
တိထျန်းက သူ့ခန္ဓာကိုယ်မှ စွမ်းအင်စက်ကွင်းကို ထုတ်ဖော်ကာ ထိုတိုက်ကွက်နှစ်ခုကို အလွယ်တကူ တားဆီးလိုက်၏။ သို့သော်လည်း ထိုစက်ကွင်းက ဓားမုန်တိုင်းအပြီးတွင် အနည်းငယ် တုန်ခါသွားသည်။
အဆင့်၁ တာအိုဘိုးဘေးနဲ့ ထိပ်သီး ပွင့်ချပ်တစ်လွှာအဆင့်ပဲ…
သူက မာနကို ကြည့်ပြီးသည့်နောက်တွင် သုံးသပ်လိုက်သည်။
“အရန်တာအိုလား။ မာနရဲ့သရုပ်ပြမှု ဖြစ်သင့်တဲ့သူတစ်ယောက်က အရန်တာအိုဖြစ်လာဖို့ သူ့ကိုယ်သူ နှိမ့်ချခံလိုက်တယ်လား။ ငါ နားလည်သွားပြီ။ မာနတာအိုက ယင်နဲ့ယန်ကို ပြောင်းလဲပစ်တယ်။ မင်းက ငါ ထင်ထားထက် ပိုပြီး အသုံးဝင်နေတာပဲ။ မင်း ဘာလုပ်နိုင်မလဲ ကြည့်ရအောင်”
သူက လောဘကို ကြည့်ကာ ရေရွတ်လိုက်၏။ “ဖိနှိပ်စမ်း”
ဘန်း
လောဘက ဒူးထောက်လိုက်ရပြီးသည့်နောက်တွင် အမည်မသိစွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်ထားလေသည်။ သူက နည်းနည်းလေးမှ မလှုပ်ရှားနိုင်ပေ။ တစ်စက္ကန့်စီကျော်လာတိုင်း ဖိအားက ပိုတိုးများလာကာ သူ့အရိုးနှင့် အတွင်းအင်္ဂါများကိုပင် ချေမွပစ်နေ၏။
“မာန” ဒေါသက အော်ပြောလိုက်သည့်အခါ ထိုလူက လှုပ်ရှားလိုက်သည်။
သက်လုံတိုးမြှင့်ခြင်း၊ ပြန်လည်ကောင်းမွန်နိုင် စွမ်းအား တိုးမြှင့်ခြင်း၊ အလားအလာ တိုးမြှင့်ခြင်း
လောဘ၏ စွမ်းအားက ရုတ်ချည်းဆိုသလို ပွင့်ချပ်သုံးလွှာအဆင့်သို့ ရောက်ရှိသွားသည်။ ထိုစဉ် ဒေါသက အစောပိုင်း အဆင့်နှစ် တာအိုဘိုးဘေးအဆင့်သို့ ရောက်ရှိလာသည်။
ကောင်းကင်၏ ဝိညာဉ်ကို ပျက်သုဉ်းစေခြင်း
သူမ၏ ဓားတိုက်ကွက်က ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ ဝိညာဉ်နှင့် စိတ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ ထိုအရာ၏ ရည်ရွယ်ချက်က တစ်ဖက်လူ၏ မှတ်ဉာဏ်၊ စိတ်ဝိညာဉ်နှင့် အသိဉာဏ်တို့ကို အတင်းအကြပ် ဖယ်ရှားပစ်ပြီး ဗလာကျင်းသည့် အခြေအနေသို့ ရောက်ရှိသွားစေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုတိုက်ကွက်က တစ်ဖက်လူသည် သူတို့၏ တိုက်ပွဲအတွေ့အကြုံကို ဆုံးရှုံးသွားရလေ့ရှိသလို သို့မဟုတ် မှတ်ဉာဏ်လစ်ဟာမှုကြောင့် သူတို့၏ စွမ်းအားကို ကောင်းကောင်း အသုံးမပြုနိုင်တာမျိုးအထိ ဖြစ်နိုင်သည်။
ထိုတိုက်ကွက်၏ နောက်ထပ် အသုံးဝင်မှုက ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်၏။ မှတ်ဉာဏ် မရှိသည့်သူက ကမ္ဘာအပေါ် နားလည်နိုင်စွမ်း ရှိမည်မဟုတ်သလို သူ့အကျင့်စရိုက်လည်း မရှိတော့ပေ။ သူတို့က ဘာမဆိုပုံသွင်းလို့ရသည့် ဗလာအခြေအနေသို့ ရောက်ရှိနေလိမ့်မည်။
“ဝိညာဉ်ကနေတဆင့် ထိပ်တိုက်ရင်ဆိုင်တာ အသုံးမဝင်ဘူး။” တိထျန်းက ပြောလိုက်၏။ သူက ဝိညာဉ်ပိုင်းတွင် ဆရာတစ်ဆူဖြစ်ပြီး သူ့ဧကရာဇ်ဝိညာဉ်အသစ်ဖြင့် လူတချို့ကသာ သူ့စိတ်နှင့် ဝိညာဉ်အပေါ် သက်ရောက်နိုင်စွမ်းရှိသည်။
သူ ပြောသည်က မှန်ကန်နေ၏။ ဒေါသက သူမ၏ တိုက်ကွက်သည် ပင်လယ်ထဲ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုမျိုး ခံစားလိုက်ရသည်။ ပြောရလျှင် သူမက ရေလှိုင်းထအောင်ပင် မလုပ်နိုင်ခဲ့ပေ။
ကွာဟချက်က အဲ့လောက်တောင် ကြီးမားတာလား…
သူမက တွေးလိုက်မိသည်။ ထိုစဉ် တိထျန်းက စိတ်အခြေအနေကောင်းနေ၏။
မာနက တပ်ဖွဲ့တွေ၊ အင်အားစုတွေအတွက် သင့်တော်တယ်။ သူ့တာအိုက တိုက်ပွဲကြီးကြီးမားမားဆိုရင် အသုံးဝင်လာလိမ့်မယ်။ သူ လိုအပ်နေတာက စွမ်းအားပဲ…
ထိုသူ၏ စွမ်းအားက လောဘနှင့် တူညီလှသည်။
လောဘ၏ အာဏာရှင်တာအိုက ပြိုင်ဘက်ကင်းအဖွဲ့ကို ဦးဆောင်ဖို့ သင့်တော်တယ်။ ငါက မဟာချင်တိုင်းပြည်ကနေ အမွေအနှစ်တချို့ ရှိထားတယ်ဆိုတော့ သူသာ အဲ့ကနေ သင်ယူနိုင်တယ်ဆိုရင် တကယ်ကို ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်…
ချင်အမွေအနှစ်များက သမိုင်းကြောင်းတွင် အကောင်းဆုံး မဟုတ်လျှင်ပင် အကောင်းဆုံးအနက်တစ်ခု အပါအဝင် ဖြစ်၏။ ထိုအရာက ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် မိစ္ဆာမျိုးနွယ်အတွက် အိပ်မက်ဆိုးများ ဖြစ်ခဲ့ကြသည်။
နောက်ဆုံးတော့ ဒေါသပဲ။ သူမရဲ့ စွမ်းအားက ငါ ထင်ထားတာထက်တောင် ပိုနေတယ်။ သူမရဲ့ ပါရမီနဲ့ဆိုရင် ငါ့ရဲ့လေ့ကျင့်မှုအောက်မှာ ပိုပြီးတော့ တောက်ပလာလိမ့်မယ်…
သူ့အကြည့်များက တောက်ပလာ၏။
ငါ သူမအတွက် ကံကြမ္မာဆေးကြောပြီးတော့ တာအိုသက်သေပြအောင်လည်း လုပ်ပေးလို့ရတယ်။ တကယ်လို့ ဒီလိုဧကရာဇ်မျိုးက ငါ့လက်အောက်မှာ ရှိတယ်ဆိုရင် အကန့်အသတ်ချိုးဖောက်ရေး ကိရိယာကို ရှာဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်…
သူ စိုးရိမ်ရမည့် တစ်ခုတည်းသော ပြဿနာက မဟာဧကရာဇ်ကို ကျွန်ပြုရာတွင် အရှုပ်အထွေးများ ရှိနေခြင်း ဖြစ်၏။ သူတို့က တာအိုအရင်းအမြစ်၏ ဆေးကြောခြင်းကို ဖြတ်သန်းရမည်ဖြစ်ကာ သူတို့၏ ဧကရာဇ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ထုဆစ်ရမည်။ ထို့ကြောင့် သူတို့အပေါ် အတားအဆီးများက ပျောက်ကွယ်သွားလိမ့်မည်။
ငါ သူမနဲ့ ဆက်ဆံရေးတစ်ခု ဖြည်းဖြည်းချင်း တည်ဆောက်ရမလား။ မဟုတ်သေးဘူး သူမကို မယုံနိုင်ဘူး။ အကောင်းဆုံးက တခြားမိစ္ဆာတွေကို ထိန်းချုပ်ဖို့ပဲ။ သူမက သူတို့ကို အများကြီး ဂရုစိုက်တယ်ဆိုတော့ သူတို့ကနေတဆင့် သူမကို ထိန်းချုပ်နိုင်လိမ့်မယ်…
ဒေါသက ဆိုးရွားသည့် အနာဂတ်တစ်ခု သူမအား စောင့်ဆိုင်းနေသည်ကို ခံစားမိလိုက်၍ ခန္ဓာကိုယ် တုန်တုန်ယင်ယင်ဖြစ်သွားသည်။
“အခုလုပ်လိုက်” သူမက အမိန့်ပေးလိုက်၏။ ထိုသုံးယောက်၏ ခန္ဓာကိုယ်မှ သတ္တုပစ္စည်းသုံးခု ထွက်ပေါ်လာသည်။
ဟွင်သွမ်းရတနာလား။ ကြည့်ရတာ ထူးခြားတဲ့ ချိတ်ဆက်မှုရှိထားတဲ့ပုံပဲ…
ထိုဟွင်သွမ်းရတနာသုံးခုက ဒေါသ၏ ခေါင်းအထက် မြောလွင့်ကာ တြိဂံပုံသဏ္ဌာန် ဖွဲ့စည်းသွားသည်။ ထို့နောက် လောဘနှင့် မာနတို့၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွား၏။ သူတို့က မြေပေါ်လဲကျသွားသည့်အခါ ပင်ပန်းနွမ်းလျနေကြပြီး သူတို့၏ မျက်ဝန်းအထက် မျှော်လင့်ချက်ဟုသိသည့် စိတ်ခံစားချက်တချို့ ရှိနေသည်။
ဒေါသ၏ အရှိန်အဝါ သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အဆင့်တစ်ခု တိုးတက်သွားသည်။
အဆင့် ၄ တာအိုဘိုးဘေးလား…
မလုံလောက်သေးဘူး …
သူမက အံကြိတ်ကာ ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုစဉ် တိထျန်းက တိုက်ကွက်ကို တိုက်ရိုက် မတားဆီးဘဲ လွယ်လွယ်ကူကူ ရှောင်ရှားလိုက်၏။
အခု သူမရဲ့ တာအိုက ပိုပြီးတော့ အားကောင်းလာပြီ…
တိထျန်းက ရှောင်ရှားနေရင်း သုံးသပ်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်ကာ ထိုးချလိုက်သည်။
မရဏပျက်သုဉ်းခြင်း
ဒေါသ၏ ခန္ဓာကိုယ်က မီတာရာချီ လွင့်စင်သွားသည်။ သူမ၏ ခေါင်းမှလွဲ၍ အောက်ပိုင်းက ပျက်စီးကာ သေဆုံးလာလေ၏။ သို့သော်လည်း သူမအတွက် အဆုံးသတ် မဟုတ်သေးပေ။ သူမ၏ ခေါင်းအထက် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသည်။
အခု သူမက သူတို့ရဲ့ တာအိုနှစ်ခုလုံးကို ရှိထားတာပဲ။ မဟုတ်သေးဘူး ကြည့်ရတာ မူလဒုစရိုက်ခုနစ်ပါး တာအိုက တစ်စုံတစ်ယောက်ပိုင်ပြီးတော့ အစိတ်စိတ်အပိုင်းပိုင်း ပြန်ခွဲထားခဲ့တာပဲ…
တိထျန်းက ထိုတာအိုမျိုးကို ကျင့်ကြံသည့် မိစ္ဆာမျိုးကို သိသလားဟု အမှတ်ရဖို့ ကြိုးစားလိုက်သည်။
တကယ်လို့ သူသာ အလိုရှိတယ်ဆိုရင် ငါ့ကို ဒီတိုက်ကွက်နဲ့ သတ်ပစ်လို့ရတယ်…
သူမက အဆင့်တစ်ခုကြားမှ ကွာဟချက်ကို သဘောပေါက်သွားသည်။ သူမ၏ နည်းဗျူဟာဖြင့်ပင် အင်အားက မလုံလောက်သေးပေ။ သို့သော် သူမက လက်မလျှော့နိုင်ပေ။
“မင်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ပြီးသွားပြီ။ မင်းတို့က ငါ့ရဲ့ လိုအပ်ချက်နဲ့ ပြည့်မီတယ်။ အခုကစားတာ တော်သင့်ပြီ” သူ့ခြေထောက်အောက်တွင် အနက်ရောင်နှင့် အဖြူရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ဒေါသဆီ ကျရောက်လာသည်။ သူမက ထိုနည်းစနစ်မှ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမ၏ အကြည့်များက ခိုင်မာနေဆဲ ဖြစ်သည်။
ဘန်း
လက်ကြီးတစ်ခု ထွက်ပေါ်လာကာ အသာအယာ ဝှေ့ယမ်းလိုက်ပြီး ထိုစက်ဝန်းကို ဖျက်ဆီးပစ်လိုက်သည်။
“ဝမ်ဝေ့” တိထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“သူမနဲ့ တခြားမိစ္ဆာတွေကို မင်း ယူလို့မရဘူး”
“မင်းက ဘယ်လိုလုပ် ဝင်စွက်ဖက်တဲ့သူ ဖြစ်သွားရတာလဲ”
“ဝင်စွက်ဖက်တဲ့သူတဲ့လား။ ငါ့ရဲ့ ပြိုင်ဘက် ကရိကထ ပိုဖြစ်လာတာကို ကာကွယ်လိုက်တာ အကြောင်းပြချက် လိုသေးလို့လား”
“မင်းနဲ့ အဲဒီမိစ္ဆာနဲ့က ဆက်ဆံရေးတစ်ခု ရှိတယ်ဆိုတာကို တွေးကြည့်ဖို့ ဦးနှောက်သုံးစရာတောင် မလိုဘူး” သူ ပေါ်ထွက်လာပြီးသည့်နောက် ဒေါသ၏ တုံ့ပြန်မှုအပေါ် မူတည်၍ တိထျန်းက များစွာ သုံးသပ်နိုင်သည်။
“အဲလိုစွပ်စွဲတာတွေကိုတော့ မကြိုက်ဘူး။ ငါက မင်းအတွက် အားကောင်းတဲ့ စစ်သူကြီး မရအောင် တားဆီးဖို့ ရောက်လာရုံပဲ”
***